ရှေးပျက်သုန်းနယ်မြေ တိုက်ပွဲစတင်ခြင်း
Vol. 88 Ch. 922
“တိုက်ခိုက်ချင်တယ်လို့ ဖေဖေ မပြောပါဘူး၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က စွမ်းအားကြီးတာ အမှန်ပဲ၊ ဖေဖေ သူနဲ့ မတိုက်ခင် နည်းနည်းလောက် ကျင့်ကြံအားထုတ်ရဦးမယ်”
ဟန်ကျွယ်ဟာ ခေါင်းခါပြီး တစ်ခဏ တွေးတောကာ ဟန်ဟွမ်ကို ညွှန်ကြားချက် ထုတ်လိုက်ပါတယ် “သား ဒီကိစ္စကို ဘယ်သူမှ လျှောက်မပြောနဲ့၊ ရန်သူက ဖေဖေကို ခြိမ်းခြောက်လာပြီ၊ တကယ်တော့ ဖေဖေက အချိန်ဆွဲနေတာ၊ သားက ဖေဖေရဲ့ ရည်ရွယ်ချက်အမှန်ကို လျှောက်မပြောနဲ့၊ မဟုတ်လို့ ရန်သူ ရောက်လာရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး၊ ဖေဖေပြောတာ နားလည်လား”
“ဟန်ဟွမ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “သားက ငတုံး မဟုတ်ပါဘူး၊ ဘာကို ပြောရမယ် ဘာကို မပြောရဘူးဆိုတာကို သား သိပါတယ်” လှုပ်ရှားမှာလား
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
ဟန်ဟွမ်က ထပ်မေးပါတယ် “ဖေဖေ... ဒီတစ်ခါလည်း ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ်တွေ မတားနိုင်လို့ ရန်သူက ကောင်းကင်တာအိုဆီ ရောက်လာမှ ဖေဖေ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့ သား အဲဒီလို ပြောရတာလဲ”
“အဲဒီမဟာတာအိုပညာရှိတွေက ဖေဖေ ကောင်းကင်တာအိုကနေ မထွက်ဘူးလို့ ပြောတယ်၊ ဖေဖေက ရွေးချယ်စရာမရှိအောင် စောင့်ပြီးမှ တိုက်ခိုက်မှာတဲ့”
ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ မျက်မှောင် ပိုကြုတ်သွားပါတယ် ‘ထောင်ချောက် အငွေ့အသက်လိုပဲ’
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ တကယ်ကိုပဲ သက်ရှိတစ်စုက ပြဿနာရှာနေတာကို တွေ့သွားပါတယ်။ သူတို့တွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဟာ တိုက်ခိုက်ခံရမှ ပြန်တိုက်တာလို့ သတင်းလွှင့်နေကြပါတယ်။
ဒီသက်ရှိတွေ အကုန်လုံးက ရှေးပျက်သုန်းနယ်မြေကို ရောက်ဖူးသူတွေမလို့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ထိန်းချုပ်မှုကို ခံထားရဖို့ အရမ်းများပါတယ်။
‘ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ငါ့ကို စောစောစီးစီး တိုက်ခိုက်အောင် ရန်စချင်လား... ဒါ အဖြစ်နိုင်ဆုံးပဲ.. ကြည့်ရတာ ဒီရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ငတုံး မဟုတ်ဘူးဘဲ’
ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းကို ထောက်လှမ်းလို့ မရတဲ့အတွက် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဒီအကွက်ကို ထုတ်သုံးတာ ဖြစ်နိုင်ပါတယ်။
“တခြားလူတွေ ပြောတာကို ဂရုမစိုက်နဲ့၊ ဖေဖေ ဒီနေ့ သားကို တစ်ခု သင်ပေးမယ်၊ သား ကြားတာတွေက ရန်သူ တမင် ဖြန့်ထားတဲ့ သတင်းတွေဆိုရင် ဘယ်လိုဖြစ်လာမယ်လို့ ထင်လဲ” ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ မေးလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ဟန်ဟွမ်ဟာ ချက်ချင်း မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ဟွမ်ဟာ ကြိုးစားပြီး စဉ်းစားပါတယ်။
ဟန်ဟွမ်သာ ဟန်ကျွယ်နေရာမှာသာဆိုရင် ဒီသတင်းကြားတာနဲ့ သည်းမခံနိုင်ဘဲ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ချက်ချင်း ကလဲ့စား သွားချေမှာပါ။ ရန်သူကို ဒီလို အကောက်ကြံတဲ့ နည်းလမ်းက ဟန်ဟွမ်ကို မျက်စိပွင့်သွားစေပါတယ်။ ဟန်ဟွမ်ဟာ ရန်သူက တခြားလူတွေကို အသုံးချပြီး ထောင်ချောက်ဆင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမဲ့ ထောင်ချောက်ဆင်တယ်ဆိုတာက စွမ်းအား လုံလုံလောက်လောက် မရှိဘူးဆိုတာကိုလည်း ပြနေပါတယ်။
ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ ခိုင်မာ ပြတ်သားသွားပါတယ်။
ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ဖေဖေ... သား အထွတ်အထိပ် အဆင့်ကို ရောက်တဲ့အခါကျရင် စွမ်းအားကြီး ရန်သူအကုန်လုံးကို ဖေဖေအတွက် ချေမှုန်းပေးမယ်၊ လက်မခံဘူးလို့ ပြောရဲတဲ့သူမှန်သမျှ သေစေရမယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေက သားရဲ့ အစွမ်းကို ယုံပါတယ်၊ ဖေဖေ ဒီနေ့ သားကို ခေါ်လိုက်တာက သားရဲ့ တစ်သန်းပြည့်မွေးနေ့အကြောင်း ပြောမလို့ပဲ၊ သား ဘာလိုချင်လဲ၊ သားငယ်ငယ်လေးကတည်းက ဖေဖေ သားကို မွေးနေ့လက်ဆောင် မပေးရသေးဘူး”
ဟန်ကျွယ်ရဲ့ စကားကြောင့် ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ ဝင်းလက် တောက်ပသွားပါတယ် “ချင်းအာအတွက်ရော...”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။
“ဖေဖေ သားကိုပဲ မွေးနေ့လက်ဆောင်ပေးရင် ချင်းအာက ပိုပြီးတော့ မပျော် ဖြစ်လိမ့်မယ်၊ သားရဲ့ အရည်အချင်းက ညီမလေးကို ဖိအားတော်တော်လေး ပေးနေပြီ၊ ဖေဖေကလည်း သားကို မျက်နှာသာပေးမယ်ဆိုရင် ညီမလေးက ပိုပြီးတော့ မပျော် ဖြစ်လိမ့်မယ်၊ ဖေဖေ ဘာလို့ ညီမလေးရဲ့ ဆန္ဒကို မဖြည့်ပေးတာလဲ၊ တစ်သန်းပြည့် မွေးနေ့အကြောင်း မပြောဘဲ ဒီအတိုင်း ဆန္ဒဖြည့်ပေးလိုက်၊ ပြီးတော့မှ သားက အသက် တစ်သန်းပြည့်သွားပြီဆိုတာကို ရုတ်တရက် သတိရသွားတဲ့ပုံစံမျိုး လုပ်မယ်”
ဟန်ဟွမ်ရဲ့ စကားကို ဟန်ကျွယ်ရဲ့ စိတ်နှလုံးကို ရွှင်ပြုံးသွားစေပါတယ်။ ဟန်ဟွမ်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး သူ့ညီမ ချင်းအာကို ဂရုစိုက်တယ် မဟုတ်ပါလား။ မောင်နှမနှစ်ယောက် ဒီလို ရင်းနှီးတာကို ဟန်ကျွယ်က ဝမ်းသာတာပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကောင်းပြီ... ချင်းအာကို အထဲခေါ်လိုက်”
“ဟုတ်ကဲ့...”
ဟန်ဟွမ်ဟာ ချက်ချင်း တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ သူ့သမီးကို လျစ်လျူရှုထားမိခဲ့တယ်ဆိုတာ သတိရသွားပါတယ်။ ချင်းအာ မွေးဖွားတုန်းက ဟန်ကျွယ်ဟာ ချင်းအာကို ရတနာတစ်ပါးလို ဖူးဖူးမှုတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ဟွမ် မွေးလာပြီးနောက်ပိုင်း ဟန်ကျွယ်ဟာ ဟန်ချင်းအာကို ဂရုမစိုက်အားတော့ပါဘူး။
‘ငါက အဖေကောင်း မဟုတ်ဘူးဘဲ... မဟုတ်ဘူး... ငါ... သမီးလေး ကြီးပြင်းလာတာကို နှစ် ၂၀ စောင့်ကြည့်ခဲ့တာပဲ၊ ဘယ်မိဘက ကြီးလာတဲ့ သမီးကို ငယ်ငယ်တုန်းကလိုမျိုး ဂရုစိုက်နိုင်မှာလဲ’
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဖြေသိမ့်လိုက်ပါတယ်။ သူက အကောင်းဆုံး အဖေ မဟုတ်ဆိုရင်တောင် အဖေဆိုးတစ်ယောက်တော့ လုံးဝ မဟုတ်ပါဘူး။ သူက ဟန်ချင်းအာကို သာမန်သက်ရှိအားလုံးထက် ကျော်လွန်တဲ့ ဂရုစိုက်မှုကို ပေးခဲ့ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးရင်း ဟန်ချင်းအာနဲ့ ဟန်ဟွမ်ကို စောင့်ပါတယ်။ မကြာခင်မှာပဲ ဟန်ချင်းအာနဲ့ ဟန်ဟွမ်တို့ ရောက်လာပါတယ်။
“ဖေဖေ...”
ဟန်ချင်းအာနဲ့ ဟန်ဟွမ်က အတူတူ ဦးညွှတ်လိုက်ကြပါတယ်။ ဟန်ချင်းအာက စိတ်လှုပ်ရှားနေပြီး မျှော်တလင့်လင့် ရှိနေပါတယ် ‘ဖေဖေက ငါ့ကို ခေါ်ခဲတယ်၊ ကောင်းတဲ့ကိစ္စ တစ်ခုခု ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေရဲ့ ကျင့်ကြံမှုက အများကြီး တိုးသွားတော့ ဖေဖေ စိတ်ကောင်းဝင်နေတယ်၊ အဲဒီတော့ သားနဲ့သမီးကို ဆုတစ်ဆုဆီပေးမယ်၊ ဘာလိုချင်လဲ ပြော...”
ဟန်ချင်းအာဟာ ကျေနပ်အံ့အားသင့်သွားပြီး သူ့အစ်ကိုကို ကြည့်လိုက်ပါတယ်။
ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ချင်းအာ... အစ်ကိုကိုပြော... အစ်ကိုရဲ့ဆုကို ညီမလေးစီ ပေးမယ်”
“အဲဒါဆို နောက်မှ နောင်တမရနဲ့” ဟန်ချင်းအာဟာ တစ်စက်လေးတောင် ဟန်မလုပ်ပါဘူး။
ဟန်ဟွမ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ချင်းအာဟာ ဟန်ကျွယ်ဘက်လှည့်ပြီး လိုချင်တာကို တောင်းပါတယ် “ဖေဖေ... သမီး ပဋိပက္ခမှာ လျှောက်သွားချင်တယ်၊ ဖေဖေလည်း လိုက်ခဲ့ပါလား”
“သားလည်း ချင်းအာနဲ့ အတူသွားမယ်”
မောင်နှမနှစ်ယောက်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ဟန်ချင်းအာနဲ့ ဟန်ဟွမ်ကို အပြင်ထွက်ခွင့် ပြုလိုက်ရင် တာအိုဖန်တီးရှင် ဖမ်းဆီးတာကို ခံရနိုင်လား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အဖမ်းမခံရပါ။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ တာအိုဖန်တီးရှင်က ဟန်ဟွမ်တို့ မောင်နှမနှစ်ယောက်ကို ပစ်မှတ်မထားရင် အရာအားလုံး အဆင်ပြေပါတယ်။
‘ကျွတ်..ကျွတ်... ဟန်ဟွမ်ရဲ့ အရည်အချင်းနဲ့တောင် တာအိုဖန်တီးရှင်ကို မဆွဲဆောင်နိုင်ဘူးလား... တာအိုဖန်တီးရှင်က ဘယ်လိုတည်ရှိမှုမျိုးလဲ၊ သူ့မှာ ဘယ်လိုမျိုး အမြင်ရှိတာလဲ”
ဟန်ကျွယ်က မတိုးမကျယ် ပြောလိုက်ပါတယ် “ဒီအတောအတွင်း ရှေးပျက်သုန်းနယ်မြေနဲ့ ကောင်းကင်တာအိုက ပြဿနာတက်နေတယ်၊ သားနဲ့သမီး ထွက်သွားရင်တောင် ရှေးပျက်သုန်းနယ်မြေဆီ မသွားကြနဲ့၊ ဖေဖေအတွက် ပြဿနာမရှာနဲ့၊ တကယ်လို့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က သားနဲ့သမီးကို ဖမ်းပြီး ခြိမ်းခြောက်ရင် ဖေဖေက သားနဲ့သမီးကို ကယ်မှာ မဟုတ်ဘူး၊ နောက်သားတစ်ယောက် သမီးတစ်ယောက်ပဲ ထပ်ယူမှာ”
ဟန်ချင်းအာဟာ ရှေးပျက်သုန်းနယ်မြေ အကြာင်းကို ဟန်ဟွမ်ဆီက ကြားထားတဲ့အတွက် ချက်ချင်း ကတိပေးပါတယ် “သမီးတို့တွေ အဲဒီကို မသွားပါဘူး၊ သမီးက ပဋိပက္ခကို ကြည့်ချင်ရုံပါ၊ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်လည်း သမီးတို့ကို တာအိုစက်ကွင်း အပြင်တော့ လွှတ်ပါ၊ သမီးတို့တွေ ကြယ်စကြဝဠာထဲမှာပဲ နေမယ်လေ... ရတယ်မလား...”
“ရတယ်လေ” ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ကြည့်လိုက်ပါတယ် “သား ကျန်းကျွယ်ရှီနောက်ကို တကောက်ကောက် လိုက်မနေနဲ့၊ သား ကျင့်ကြံမှုက သူ့ကို ကျော်သွားလို့ အနိုင်လည်း မကျင့်နဲ့”
“သား နားလည်ပါတယ်၊ သားက ဘယ်လိုလူစားမျိုးလဲဆိုတာ ဖေဖေ သိပါတယ်” ဟန်ဟွမ်က ခပ်သွက်သွက်ပဲ ခွန်းတုံ့ပြန်ပါတယ် ‘ဖေဖေက ငါ့ကို စိတ်ထင်တိုင်း လုပ်တတ်တဲ့လူလို့ ထင်နေတာပဲ’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းကာ ဟန်ဟွမ်နဲ့ ဟန်ချင်းအာကို အပြင်ဘက် ပို့လိုက်ပါတယ်။
ဟန်ဟွမ်တို့နှစ်ယောက် ထွက်သွားတဲ့အခါ သူတို့နှစ်ယောက်ကို စောင့်ကြည့်ဖို့ စိတ်ဆန္ဒတစ်စွန်းတစ်စ ထားခဲ့ပြီး ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ကျင့်ကြံဖို့က ဟန်ကျွယ်အတွက် အရေးအကြီးဆုံးပါ။
.....
မှောင်မိုက်လိုဏ်ဂူတစ်ဂူအတွင်း။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စွမ်းအားကို လှည့်ပတ်ပြီး ဒဏ်ရာတွေ ကုသနေပါတယ်။ စစ်ဗုဒ္ဓကတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရှေ့မှာ စောင့်နေပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က မျက်လုံးမဖွင့်ဘဲ ပြောလိုက်ပါတယ် “အရင်ဆုံး နားကြရအောင်... ဘိုးဘေးထျန်ရွှီက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကလည်း ငါခေါ်လာတဲ့ အကူအညီနဲ့ မအားတော့ဘူး၊ အဲဒါကြောင့် ငါတို့ရဲ့ ဓမ္မစွမ်းအားတွေကို မြန်မြန်ပြန်ဖြည့်ဖို့ လိုတယ်”
စစ်ဗုဒ္ဓဟာ တင်ပျဉ်ခွေထိုင်ပြီး စွမ်းအားကို လှည့်ပတ်ကာ သူ့ဒဏ်ရာတွေကို ကုသရင်း မေးလိုက်ပါတယ် “အရှင်မင်းကြီး... ခုနက ဘယ်သူ တိုက်ခိုက်တာလဲ၊ မဟာတာအိုပညာရှိလား... တစ်ပါးမကဘူး ထင်တယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “မဟာတာအိုပညာရှိနဲ့ မဟာတာအိုပညာရှိကို ကျော်လွန်တဲ့ တည်ရှိမှုတစ်ခု၊ မဟုတ်ရင် ငါ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ပါရမီရှင်တွေကို ရှေးပျက်သုန်းနယ်မြေဆီ ဦးဆောင်လာရဲမှာလဲ၊ ဒီပါရမီရှင်တွေက ငါးစာပဲ၊ ဘိုးဘေးထျန်ရွှီနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ပစ်မှတ်ပဲ၊ သူတို့ကို သတ်လိုက်ရင် အဲဒီပိတ်မိနေတဲ့ ပါရမီရှင်တွေ အကုန်လုံး အဆင်ပြေသွားလိမ့်မယ်”
စစ်ဗုဒ္ဓဟာ အခြေအနေကို သဘောပေါက်သွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က မျက်လုံးဖွင့်လိုက်ပါတယ် “ရှေးပျက်သုန်းနယ်မြေမှာ ဧရာမ အခွင့်အရေးကြီးတစ်ခု ရှိရမယ်၊ မဟုတ်ရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဒီလောက်များတဲ့ တာအိုမိစ္ဆာတွေကို ကောင်းကင်စစ်သားတွေလိုမျိုး လွယ်လင့်တကူ ဖန်တီးနိုင်မှာ မဟုတ်ဘူး” မိစ္ဆာ ကောင်းကင်ဧကရာဇ် ပြောဆိုရင်း စိတ်လှုပ်ရှားလာပါတယ်။
စစ်ဗုဒ္ဓရဲ့ မျက်လုံးတွေလည်း အရောင်တောက်သွားပါတယ် ‘ဒါဆို အရှင်မင်းကြီးက တာအိုမိစ္ဆာတွေကို ပစ်မှတ်ထားနေတာပဲ’
“အဲဒီ တာအိုမိစ္ဆာတွေက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်... ဟင်း...” စစ်ဗုဒ္ဓဟာ သက်ပြင်းချလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးပြန်မှိတ်ပြီး ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “သေချာ ပြင်ဆင်ထားချည်၊ မကြာခင်မှာ ရှေးပျက်သုန်းနယ်မြေ ကွဲကြေလိမ့်မယ်၊ အမျိုးအမည်မသိ တည်ရှိမှုတွေလည်း တိုက်ခိုက်ကြလိမ့်မယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် တောင့်ခံနိုင်လား မခံနိုင်ဘူးလား ဆိုတဲ့အပေါ်ပဲ မူတည်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။