← Chapters

ဟန်ကျွယ်ရဲ့ အရှိန်

Vol. 88 Ch. 923

ဟန်ကျွယ်ရဲ့ အရှိန်

Vol. 88 Ch. 923

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

နှစ်တစ်သိန်းကြာတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

ဟန်ဟွမ်နဲ့ ဟန်ချင်းအာဟာ ကြယ်စကြဝဠာမှာ နှစ်အနည်းငယ် ကစားပြီးတာနဲ့ ပြန်လာကြပါတယ်။ သူတို့မောင်နှမနှစ်ယောက်ဟာ ဒီအတောအတွင်း ကျန်းကျွယ်ရှီ၊ လျူပေ့တို့နဲ့ အကျွမ်းဝင်ခဲ့ပါတယ်။ ကြယ်စကြဝဠာမှာ ပထမဆုံး ရှန်တျန်သက်ရှိတွေကို မွေးဖွားလာပြီဖြစ်တဲ့အတွက် ကြယ်စကြဝဠာဟာ မျက်စိပသာဒ ဖြစ်နေပါတယ်။

ဟန်ကျွယ်ဟာ ကြယ်စကြဝဠာထဲက သက်ရှိတွေကို ဂရုမစိုက်ပါဘူး။ အကုန်လုံးကို လျူပေ့လက်ထဲ အပ်ထားပါတယ်။

အရင်တုန်းက ဟန်ကျွယ်ဟာ ကြယ်စကြဝဠာကို ဦးစီးဖို့ ချင်းလွမ်အာကို တာဝန်ပေးချင်ခဲ့ပါတယ်။ ဒါပေမဲ့ ချင်းလွမ်အာက ဒီကိစ္စကို စိတ်မဝင်စားပါဘူး။ ချင်းလွမ်အာက ပျင်းရိလေးတွဲ့ပြီး ဘယ်ဝန်ထုပ်ဝန်ပိုးကိုမှ မထမ်းချင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ကြယ်စကြဝဠာကို လျူပေ့လက်ထဲပဲ အပ်လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ခုန်တက်ကာ စကြဝဠာခန်းမထဲ ဝင်လိုက်ပါတယ်။

ဟန်ကျွယ် ရောက်လာတာကို တွေ့တာနဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ တခြားတာအိုပညာရှိ‌တွေကို အသံလွှင့်ပြီး ခေါ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တု ဘေးမှာ ထိုင်ပြီး နှစ်ယောက်သား စကားစပြောပါတယ်။

မကြာခင်မှာ တာအိုပညာရှိတွေ ရောက်လာကြပါတယ်။ တာအိုပညာရှိ တချို့ မလာကြဘူးဆိုပေမဲ့ လာတဲ့အရေအတွက်က လေးဆယ်ကျော်ပါတယ်။ ဒီအရေအတွက်က နည်းတာ မဟုတ်ပါဘူး။

ကောင်းကင်အရှင်ရွှမ်တုက စကားစပြောပါတယ် “ရှေးပျက်သုန်းနယ်မြေက ဒီအတောအတွင်း ဝရုန်းသုန်းကား ဖြစ်နေတယ်၊ စွမ်းအားကြီးပုဂ္ဂိုလ် တချို့က သူတို့ရဲ့ တပည့်တွေအတွက် ရှေးပျက်သုန်းနယ်မြေကို သတ်ဖြတ်ပြီး ဝင်ရောက်ကြတယ်၊ တချို့ အင်အားကြီးမားတဲ့ အင်အားစုတွေကလည်း စစ်တပ်တွေ စေလွှတ်ကြတယ်၊ ဒီလိုစေလွှတ်တဲ့အထဲမှာ ကောင်းကင်ရုံးတော်နဲ့ ရှုံဟွာလည်း ပါတယ်၊ ရှေးပျက်သုန်းနယ်မြေကို စုံစမ်းထောက်လှမ်းနေတဲ့ တာအိုပညာရှိတွေရဲ့ သတင်းပို့ချက်အရ လွန်ခဲ့တဲ့ နှစ်သုံးထောင်က လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရောက်လာပြီး ရှေးပျက်သုန်းနယ်မြေကို လက်ဝါးတစ်ချက်တည်းနဲ့ နှစ်ခြမ်းခြမ်းပစ်လိုက်တယ်တဲ့”

ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံဟာ ခန်းမထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ အကုန်လုံး နှလုံးလှုပ်သွားကြပါတယ်။

ဟန်ကျွယ်လည်း ချက်ချင်း လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ်။ ရှေးပျက်သုန်းနယ်မြေက နှစ်ပိုင်းဖြတ်ခံလိုက်ရတာ အမှန်ပါ။ ဒါပေမဲ့ ဒီလိုပိုင်းဖြတ်ခံရလို့ ရှေးပျက်သုန်းနယ်မြေက များများစားစား မထိခိုက်သွားပါဘူး။ ရှေးပျက်သုန်းနယ်မြေကို လွှမ်းခြုံထားတဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားက အခုထိ ရှိနေပါသေးတယ်။

ဒီအတိုင်းဆို ရှေးပျက်သုန်းနယ်မြေ ဒုက္ခခံရတော့မှာပါ။ အခုအချိန်မှာ ပဋိပက္ခက ငြိမ်းချမ်းနေပြီး အန္တိမဒဏ်ခတ်နတ်မင်းကလည်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဘက်မှာ မရပ်တဲ့အတွက် ပဋိပက္ခရဲ့ ဒေါသက ရှေးပျက်သုန်းနယ်မြေဆီ စုပြုံကျရောက်လာပါတယ်။

ကြည့်ရတာ ပဋိပက္ခက ဟန်ကျွယ်အတွက် အချိန်ဆွဲပေးနိုင်မဲ့ပုံပါပဲ။ ကောင်းကင်အရှင်ရွှမ်တုရဲ့ လေသံက နိုင်တော့မဲ့အတိုင်းပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဒီလောက်လွယ်လွယ် ပြိုလဲမှာ မဟုတ်ဘူးလို့ ခံစားလိုက်ရပါတယ်။ ကောင်းကင်တာအိုက မကြာခင်မှာ ရှေးပျက်သုန်းနယ်မြေကို ရင်ဆိုင်ရမှာပါ။

ကောင်းကင်အရှင်ရွှမ်တု စကားပြောလို့ ပြီးသွားတဲ့အခါ ပန်ရှင်းက ပထမဆုံး ကြိမ်းမောင်းပါတယ် “အဲဒီ ရှေးပျက်သုန်းနယ်မြေက တကယ် သေသင့်တယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် ကလဲ့စား ပြန်မချေနိုင်ခင် ပဋိပက္ခရဲ့ အင်အားစုအသီးသီးက ရှေးပျက်သုန်းနယ်မြေကို အမှုန့်ချေပစ်နိုင်ပါစေ”

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အစောကြီး ရှုံးနိမ့်သွားရင် အဖမ်းခံထားရတဲ့ ကောင်းကင်တာအိုပညာရှိတွေကို ဘယ်လို ကယ်မှာလဲ”

တာအိုပညာရှိတွေဟာ တွေးတွေးဆဆ ဖြစ်သွားပြီး ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။ ကောင်းကင်တာအိုထဲမှာ အစွမ်းအထက်ဆုံးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပါ။ ဒါကြောင့် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအနေနဲ့ ဒီလိုအချိန်မှာ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။ ဒီအကြောင်းကြောင့်လည်း ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ် ရောက်လာတကို စောင့်ပြီး စကားပြောတာပါ။

ဓားရူးတာအိုပညာရှိက ပြောလိုက်ပါတယ် “ငါ သွားမယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

ဓားရူးတာအိုပညာရှိရဲ့ အကြည့်ဟာ ဟန်ကျွယ်ဆီ ရောက်သွားပါတယ်။

ဓားရူးတာအိုပညာရှိဟာ ကောင်းကင်တာအိုထဲမှာ အခြေကျပြီမလို့ အစွမ်းပြသင့်ပြီလို့ ခံစားနေရပါတယ်။ ဒါ့အပြင် ဒီအတောအတွင်း ကျင့်ကြံမှုကို ကျွမ်းကျင်ခဲ့လို့ ဟန်ကျွယ်ကို စိန်မခေါ်ခင် သူ့ဓားကို စမ်းသပ်ဖို့ လူရှာနေတာပါ။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ သေမှာကို စိုးရိမ်တာကြောင့် မျက်မှောင် ကြုတ်သွားပါတယ်။

ဓားရူးတာအိုပညာရှိဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... မစိုးရိမ်ပါနဲ့၊ ငါ့ကိုယ်ငါ ယုံကြည်ချက် ရှိပါတယ်”

ဟုန်စဲ့မင်ယွင်ဟာ ပါးစပ်ကို လက်နဲ့ကာပြီး ရယ်လိုက်ပါတယ် “ခစ်... ဓားရူးတာအိုပညာရှိက ယုံကြည်ချက်ရှိမှတော့ သွားခွင့်ပေးလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် အခုအချိန် ရှေးပျက်သုန်းနယ်မြေမှာ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ရှိနေတာပဲ၊ သူ စောစောသွားရင် ပူးပေါင်းပြီး တိုက်ခိုက်လို့ရတာပေါ့”

ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာ‌ ခေါင်းညိတ်လိုက်ပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပူးပေါင်းပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ အစီအစဉ်ကို ဖျက်ဆီးနိုင်ရင်လည်း ကောင်းတာပါပဲ။ ဟန်ကျွယ်အတွက် အကျိုးမယုတ်ပါဘူး။ အကုန်လုံးကို ကိုယ်တိုင် လျှောက်လုပ်နေရတာက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။

ဓားရူးတာအိုပညာရှိဟာ ချက်ချင်း မတ်တတ်ရပ်ပြီး နေရာကနေ ကွယ်ပျောက်သွားပါတယ်။

တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ဓားရူးတာအိုပညာရှိက အခုလိုမျိုး ထွက်သွားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် ငါတို့တွေ ရှေးပျက်သုန်းနယ်မြေကို အချိန်မရွေး ရင်ဆိုင်နိုင်ဖို့ တပ်တွေကို နေရာချထားရဦးမှာပဲ၊ နောက်ကိစ္စက ပဋိပက္ခ ကောင်းကင်လမ်းပဲ၊ အခုလောလောဆယ် အရပ်ဆယ်ဘက်ပေါင်းစုံဆီ ဦးတည်တဲ့ ပဋိပက္ခ ကောင်းကင်လမ်း ၃၇ လမ်း ရှိတယ်၊ ကောင်းကင်တာအိုက ဒီပဋိပက္ခနယ်မြေရဲ့ ဗဟိုချက်မလည်း ဖြစ်လာပြီ၊ အဲဒါကြောင့် ငါ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို အသုံးပြုပြီး ငါတို့ရဲ့ ကျင့်ကြံမှုကို တိုးမြှင့်ဖို့ ဆုံးဖြတ်ထားတယ်၊ ဒီလိုဆို အင်မော်တယ်ကမ္ဘာရဲ့ ကြမ်းခင်းသတ်မှတ်ချက်က တိုးသွားပြီး တာအိုပညာရှိတွေလည်း လျှောက်သွားနိုင်လိမ့်မယ်”

တာအိုပညာရှိအကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။ တာအိုပညာရှိတွေဟာ ကောင်းကင်တာအိုပညာရှိ ဖြစ်လာပြီးနောက်ပိုင်း ကျင့်ကြံမှုတိုးတက်ဖို့က တော်တော် ခက်ပါတယ်။ ကောင်းကင်တာအိုပညာရှိတွေက အဆင့်တက်ချင်ရင် ကြီးမားတဲ့ကုသိုလ်ကံကို လိုအပ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ကောင်းကင်တာအိုက ငြိမ်းချမ်းနေတဲ့အတွက် ပဋိပက္ခ ကောင်းကင်လမ်းကလွဲရင် ကျန်တာတွေက ကောင်းကင်တာအို ကုသိုလ်ကံ ဘယ်လောက်မှ မရပါဘူး။

ချုံရှီလိုင်က မေးလိုက်ပါတယ် “ဒီလိုလုပ်ရင် ကောင်းကင်တာအိုရဲ့ စွမ်းအားကို လျော့နည်းစေပြီး ပဋိပက္ခကောင်းကင်လမ်းရဲ့ ကာကွယ်နိုင်စွမ်းကိုလည်း လျော့ကျစေမယ်မလား”

ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “ဟုတ်တယ်၊ ဒါပေမဲ့ အချိန်အတိုင်းအတာ တစ်ခုအထိပဲ၊ ဒီအတောအတွင်း မင်းတို့တွေ အကုန်လုံး ကိုယ့်ပဋိပက္ခ ကောင်းကင်လမ်းကို ကိုယ့်ဘာသာ စောင့်ကြပ်ရလိမ့်မယ်၊ ငါ ငါတို့ရဲ့ ကျင့်ကြံမှုကို တိုးမြှင့်ချင်တာက ငါတို့အတွက်တင်ပဲ မဟုတ်ဘူး၊ ကောင်းကင်တာအိုအတွက်လည်း ပါတယ်၊ ကောင်းကင်တာအိုက အရမ်းအမြန်ကြီး တိုးတက်လာခဲ့တော့ ကောင်းကင်တာအိုပညာရှိတွေရဲ့ စွမ်းအားက နည်းနည်း အားနည်းနေသေးတယ်”

“ငါတို့တွေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ မဟာတာအိုပညာရှိသုံးပါးကို အမြဲတမ်း မှီခိုနေလို့မရဘူး၊ ဒါကို မင်းတို့လည်း နားလည်မှာပဲ၊ သူတို့လည်း ကျင့်ကြံမှုတိုးတက်ဖို့ ကျင့်ကြံအားထုတ်ကြမှာပဲ၊ ကောင်းကင်တာအိုက သင်္ဘောတစ်စင်း... ငါတို့တွေ ဒီကနေ အကျိုးအမြတ်ရချင်ရင် ငါတို့ကလည်း အကျိုးပြုဖို့ လိုတယ်”

တာအိုပညာရှိတွေဟာ ခေါင်းညိတ် ထောက်ခံကြပါတယ်။ အရူးပဲ ဒီစကားကို ကန့်ကွက်ပါလိမ့်မယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တု စကားက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ အမြင်မှာလည်း ကောင်းကင်တာအိုပညာရှိတွေက တကယ် အားနည်းတာပါ။ အခုအချိန်မှာ ပဋိပက္ခရဲ့ အာရုံက ရှေးပျက်သုန်းနယ်မြေဆီ ရောက်နေတာပါ။ ရှေးပျက်သုန်းနယ်မြေကလည်း မအားလပ်ပါဘူး။ ဒါက ရှားရှားပါးပါး အခွင့်ကောင်းပါ။

ဟန်ကျွယ်ဟာ‌ ခေါင်းညိတ်လိုက်ပါတယ် “ဒီကိစ္စကို တာအိုရောင်းရင်းရွှမ်တု ကိုယ်တိုင်ပဲ စီစဉ်ဆောင်ရွက်လိုက်ပါ”

တကယ်လို့ ဒီအတောအတွင်း တစ်ခုခု ဖြစ်ခဲ့ရင်လည်း ကိစ္စမရှိပါဘူး။ ဟန်ကျွယ် ကာကွယ်နိုင်ပါတယ်။ ဟန်ကျွယ်ထက် စွမ်းအားကြီးတဲ့ တည်ရှိမှုကတော့ ကောင်းကင်တာအိုကို တစ်ခါတည်း ချိုးဖျက်နိုင်စွမ်း ရှိတဲ့အတွက် ကောင်းကင်တာအိုကို ဒုက္ခပေးချင်တယ်ဆိုရင် ကောင်းကင်တာအို အားနည်းတဲ့အချိန်ကို စောင့်နေမှာ မဟုတ်ပါဘူး။

ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ် ငြင်းဆိုမှာကို ကြောက်နေခဲ့တာပါ။ ဒီလိုဆိုရင် တာအိုပညာရှိတွေရဲ့ အလယ်မှာ သူအရှက်ကွဲမှာပါ။

ဒီအကွက်က နည်းနည်းတော့ စွန့်စားရပါတယ်။ ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအို ကပ်ဘေးတွေ့တိုင်း ထိုင်ကြည့်နေရတဲ့ ကြယ်လှလှလေး မဖြစ်ချင်ပါဘူး။ တကယ်လို့ ဒီအတိုင်းဆက်သွားရင် ဒီလိုအခြေအနေကို ကြုံတွေ့တိုင်း တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို မှီခိုလာပါလိမ့်မယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ တာအိုပညာရှိတွေက ဟန်ကျွယ်နဲ့ မဟာတာအိုပညာရှိ သုံးပါးရဲ့ လက်ပါးစေ အစေခံတွေ ဖြစ်သွားပါလိမ့်မယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ညွှန်ကြားစရာရှိတာတွေကို ဆက်ပြီးတော့ ညွှန်ကြားပါတယ်။ စီစဉ်စရာရှိတာ စီစဉ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ စကြဝဠာခန်းမထဲကနေ ထွက်သွားပါတယ်။

ဟန်ကျွယ် ထွက်သွားတဲ့အခါ တာအိုပညာရှိတွေဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက စွမ်းအားပိုကြီးလာတာကို ခံစားမိလား...”

“ဟုတ်တယ်၊ သူ စကားမပြောရင်တောင် ငါ ဖိအားကို ခံစားရတုန်းပဲ”

“ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မယှဉ်နိုင်လောက်ဘူး”

“နောက်ကျရင် မယှဉ်နိုင်မှာတော့ ကျိန်းသေတယ်၊ လောလောဆယ်မှာတော့ ပြောဖို့ခက်တယ်၊ မဟုတ်ရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကျင့်ကြံအားထုတ်ရင်း အလုပ်များနေမှာ မဟုတ်ဘူး”

“ကျွတ်..ကျွတ်... ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တိုက်ပွဲက မြေကြီးလက်ခတ်မလွဲ ခမ်းနားထည်ဝါတဲ့ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာလိမ့်မယ်”

…..

ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး လောကဦးကမ္ဘာထဲက ပဋိပက္ခ နတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။ မုရုံချီဟာ တာအိုဘုံကျောင်းထဲက ထွက်မသွားခင် ကောင်းကင်နက္ခ နတ်ဘီလူးက မဟာတာအို ရယူဖို့ ပြင်ဆင်နေတယ်လို့ ပြောသွားပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်၊ လီယောင်တို့နဲ့ လေးငါးနာရီကြာအောင် စကားပြောပြီးမှ တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။

ဟန်ကျွယ်ဟာ ပထမဆုံး ကောင်းကင်နက္ခ နတ်ဘီလူး အဆင့်ထိုးဖောက်မဲ့အချိန်ကို တွက်ချက်လိုက်ပါတယ်။ အဲဒီနောက် ဟန်ဟွမ်ကို အသံလွှင့်ပြီး ကောင်းကင်နက္ခ နတ်ဘီလူးကို ကြိုဆိုခိုင်းပါတယ်။ တခြားလူတွေက ကောင်းကင်နက္ခ နတ်ဘီလူးကို ဖိနှိပ်ပြီး အဆင့်ထိုးဖောက်တာကို တားဆီးမှာစိုးတာကြောင့်ပါ။

ဟန်ဟွမ်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ကောင်းကင်နက္ခ နတ်ဘီလူးကို စွဲစွဲမြဲမြဲ မှတ်မိပါတယ်။ ဟန်ဟွမ်ဟာ ကောင်းကင်နက္ခ နတ်ဘီလူးက အဆင့်ထိုးဖောက်တော့မယ်လို့ ကြားလိုက်ရတဲ့အခါ သူကိုယ်တိုင် အဆင့်ထိုးဖောက်ရတော့မလို့ စိတ်လှုပ်ရှားသွားပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

နှစ် ၃၄,၀၀၀ ကြာပြီးနောက်၊ မဟာတာအို တံခါးရှေ့။

ကောင်းကင်နက္ခ နတ်ဘီလူးဟာ တစ်လှမးချင်း လျှောက်လာပါတယ်။ ရှေ့မှာရှိတဲ့ မဟာတာအိုတံခါးကို ကြည့်ရင်း ကောင်းကင်နက္ခနတ်ဘီလူးဟာ စိတ်လှုပ်ရှားသွားပါတယ်။

မဟာတာအို။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters