← Chapters

အကန့်အသတ်မဲ့ အန္တိမမူလစွမ်းအား

Vol. 88 Ch. 925

အကန့်အသတ်မဲ့ အန္တိမမူလစွမ်းအား

Vol. 88 Ch. 925

ကျန်းကျွယ်ရှီရဲ့ တန်ခိုးကြီးမား မဟာလက်ဝါးကို ရင်ဆိုင်ရတဲ့အခါ နတ်ဒေါင်းအရှင်ဟာ ငါးရောင်ခြည် အလင်းတန်းနဲ့ ပြန်တိုက်ပါတယ်။ ပြိုင်ဘက်ကင်း ဆန်းကြယ်စွမ်းအား နှစ်မျိုးဟာ အပြင်းအထန် တိုက်မိပြီး ငါးရောင်ခြည် အလင်းတန်းဟာ တစ်ခါတည်း ဖျက်ဆီးခံလိုက်ရပါတယ်။

ဒါကို မြင်လိုက်ရတဲ့ နတ်‌ဒေါင်းအရှင်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ချက်ချင်း ရှောင်တိမ်းလိုက်ပါတယ်။ တန်ခိုးကြီးမား မဟာလက်ဝါးရဲ့ တိုက်ခိုက်မှုအောက်မှာ အာကာသပြိုလဲပြီး ကမ္ဘာပျက်သလိုမျိုး ပဋိပက္ခချီတွေ ဂယက်ထသွားပါတယ်။ ကျန်းကျွယ်ရှီနဲ့ နတ်ဒေါင်းအရှင်ရဲ့ ဓမ္မစွမ်းအားတွေဟာ ရောင်စုံ အာကာသဝဲကို ဖြတ်ရင်း ထပ်တိုက်မိတာကြောင့် အာကာသကို ထပ်ပြိုလဲစေပြီး ပိုနက်ရှိုင်းတဲ့ အာကာသတစ်မျိုး ပေါ်လာစေပါတယ်။

ကမ္ဘာပျက်မတတ် တိုက်ပွဲကြောင့် တတိယ တာအိုစက်ကွင်းက လူတိုင်း လန့််သွားကြပါတယ်။ ဟန်ဟွမ်ဟာ ဟန်ချင်းအာ‌ဘေးကို လျှောက်သွားပြီး တိုက်ပွဲကို မော့ကြည့်လိုက်ပါတယ်။

“အဲဒီလူက မဟာတာအိုပညာရှိပဲလား... တော်တော် စွမ်းအားကြီးတယ်” ဟန်ချင်းအာက ရင်တထိတ်ထိတ်နဲ့ ပြောလိုက်ပါတယ်။ အရင်တုန်းက ကြယ်စကြဝဠာမှာ ‌လျှောက်ဆော့ခဲ့တဲ့အတွက် ဟန်ချင်းအာဟာ ကျန်းကျွယ်ရှီနဲ့ တရင်းတနှီး ရှိပါတယ်။ ဟန်ချင်းအာနဲ့ ဟန်ဟွမ် နှစ်ယောက်စလုံးက ကျန်းကျွယ်ရှီကို သူတို့ရဲ့ အကြီးတစ်ယောက်လို သဘောထားကြတာမလို့ ကျန်းကျွယ်ရှီ ရှုံးတာကို မမြင်ချင်သလို ကျန်းကျွယ်ရှီ တစ်ခုခုဖြစ်မှာကိုလည်း ပိုပြီးတော့ မလိုလားကြပါဘူး။

ဟန်ဟွမ်က အလေးအနက် ပြောလိုက်ပါတယ် “ဟုတ်တယ်... တစ်ဖက်လူရဲ့ ကျင့်ကြံမှုက ဂိုဏ်းတူအစ်ကိုကျန်းထက် ပိုမြင့်တယ်၊ သူ့ဆန်းကြယ်စွမ်းအားကလည်း အထင်ကြီးဖို့ တော်တော် ကောင်းတယ်၊ ဂိုဏ်းတူအစ်ကိုမှာ တန်ခိုးကြီးမား မဟာလက်ဝါးရှိနေလို့ မဟုတ်ရင် ခုခံဖို့တောင် လွယ်မှာ မဟုတ်ဘူး”

“အဲဒီလောက်တောင် စွမ်းအားကြီးတာလား... ဒီလိုဆို ဂိုဏ်းတူအစ်ကိုကျန်းက သေချာပေါက် ရှုံးနိမ့်တော့မှာလား”

ဒီတစ်ကြိမ် ဟန်ဟွမ်ဟာ ဟန်ချင်းအာကို ချက်ချင်း ပြန်မဖြေဘဲ တိုက်ပွဲကိုသာ စိုက်ကြည့်နေပါတယ်။ ငါးမိနစ်ကြာမှပဲ ပြန်ဖြေပါတယ် “ဂိုဏ်းတူအစ်ကို မရှုံးဘူး၊ နိုင်မှာလည်း မဟုတ်ဘူး၊ ပြောရရင် ဂိုဏ်းတူအစ်ကိုရဲ့ ပြန်လည်မွေးဖွားခြင်း မဟာတာအိုဖန်တီးမှု ပညာရပ်က တကယ်ကို အထင်ကြီးဖို့ ကောင်းတယ်၊ တိုက်ပွဲထဲမှာ ဘာမဆို အသွင်ပြောင်းလို့ရတယ်၊ ဒါပေမဲ့ တစ်ဖက်လူကလည်း မခေဘူး၊ အခုထိ တန်ခိုးကြီးမား မဟာလက်ဝါးက သူ့ကို လုံးလုံး မထိသေးဘူး၊ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်နောက်ကို လိုက်ပြီး ဆန်းကြယ်စွမ်းအားအသစ်တောင် ဖန်တီးနိုင်တယ်”

ဟန်ချင်းအာဟာ တိုက်ပွဲထဲမှာ ဆန်းကြယ်စွမ်းအား ဖန်တီးနိုင်တယ်ဆိုတဲ့အတွက် ကျန်းကျွယ်ရှီကို တော်‌တော်လေး အထင်ကြီးသွားပါတယ် ‘ဂိုဏ်းတူအစ်ကိုက ဘယ်လောက်တောင် အရည်အချင်း ရှိနေတာလဲ’

လေးငါးဆယ်ရက် ကြာတဲ့အခါမှာတော့ ကျန်းကျွယ်ရှီနဲ့ နတ်ဒေါင်းအရှင်ဟာ တိုက်ခိုက်နေတာ ရပ်လိုက်ပါတယ်။ နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာမရပေမဲ့ ကျန်းကျွယ်ရှီရဲ့ မျက်နှာကတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါတယ်။

‘ဒီလူက စွမ်းလှချည်လား...’ ကျန်းကျွယ်ရှီဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

နတ်‌ဒေါင်းအရှင်ကလည်း ကျန်းကျွယ်ရှီလို တွေးနေတာပါ။ နတ်ဒေါင်းအရှင်ဟာ ကျန်းကျွယ်ရှီထက် ပိုပြီးတော့တောင် ဖိအားများပါတယ် ‘ငါ ဆက်တိုက်လို့ ရှုံးရင် အမှောင်သခင်ကြီးဆီက အကူအညီ ထပ်တောင်းရလိမ့်မယ်’

ဒီအတွေးကြောင့် နတ်‌ဒေါင်းအရှင်ဟာ မျက်လုံးကျဉ်းပြီး ဟားတိုက်ရယ်မောလိုက်ပါတယ် “ဟားဟား... ကောင်လေး... မင်းရဲ့ အရည်အချင်းက တကယ်ကို မဆိုးဘူး၊ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းက ငါနဲ့မှ လာတွေ့ရတယ်၊ ငါနဲ့ယှဉ်ရင် မင်းရဲ့အရည်အချင်းက တစ်ဆင့်နိမ့်နေသေးတယ်၊ ဒီစကြဝဠာထဲမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ကြောင့်သာ မဟုတ်ရင် မင်း သေတာ ကြာပြီ”

စကားဆုံးတာနဲ့ နတ်ဒေါင်းအရှင်ဟာ ချက်ချင်း ထွက်ပြေးတဲ့အတွက် မျက်တောင်တစ်ခတ်အတွင်း မျက်စိမြင်ကွင်းထဲကနေ ပျောက်ကွယ်သွားပါတယ်။

ကျန်းကျွယ်ရှီဟာ နှလုံးလှုပ်သွားပြီး မျက်နှာ မှောင်မည်းသွားပါတယ် ‘ဒီလူက ငါ့ဆရာသခင်ရဲ့ တည်ရှိမှုကို မြင်နိုင်တယ်ဆိုတော့ ငါ့ထက် စွမ်းအားကြီးတာ သေချာတယ်’

ကျန်းကျွယ်ရှီ မသိတာက နတ်ဒေါင်းအရှင်ဟာ ထွက်ပြေးဖို့အတွက် တမင် အကြောင်းပြချက် ပေးသွားတာပါ။

နတ်‌‌ဒေါင်းအရှင် ပြန်မလာတာကို အတည်ပြုပြီးမှ ကျန်းကျွယ်ရှီဟာ ကြယ်စကြဝဠာထဲ ပြန်ဝင်ပြီး သူ့ကျင့်ကြံတဲ့နေရာဆီ ပြန်ပါတယ်။

လျူပေ့ဟာ ကျန်းကျွယ်ရှီ မျက်နှာက မည်းမှောင်နေတာကို တွေ့ပေမဲ့ မနှစ်သိမ့်ပါဘူး။ ဒီအချိန်မှာပဲ ဘယ်လိုစကားမျိုးကမှ အသုံးမဝင်ပါဘူး။ ကျန်းကျွယ်ရှီက သူ့တာအိုနှလုံးသားကို သူ့ဘာသာ ငြိမ်သက်အောင် လုပ်နိုင်လိမ့်မယ်လို့ လျူပေ့က ယုံကြည်ထားပါတယ်။

တာအိုဘုံကျောင်းထဲမှာရှိတဲ့ ဟန်ကျွယ်ကလည်း မလှုပ်ရှားပါဘူး။ ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို စောင့်ပဲကြည့်တာပါ။ ဘာပဲဖြစ်ဖြစ် ဒီရလဒ်က အကောင်းဆုံးရလဒ်ပါ။

ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အပြစ်မတင်ပါဘူး။ ပဋိပက္ခက ကျယ်ပြောတယ်ဆိုပေမဲ့ ကျင့်ကြံဖို့ သင့်တော်တဲ့နေရာကို ရှာတွေ့ဖို့က မလွယ်လှပါဘူး။ အထူးသဖြင့် ပဋိပက္ခရဲ့ နံပါတ်တစ် ပါရမီရှင် နတ်ဒေါင်းအရှင်လိုမျိုး ပုဂ္ဂိုလ်အတွက် ရန်သူအများကြီး ရှိနေတဲ့အပြင် သူ့နောက်ခံကလည်း အမှောင်သခင်ကြီး ဖြစ်နေပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ဘယ်သွားသွား ပြဿနာတက်မှာပါ။

မှောင်မိုက်တဲ့ ပဋိပက္ခ။

ရှေးပျက်သုန်းနယ်မြေဟာ တိုက်နှစ်တိုက်အဖြစ် ထက်ခြမ်း ပိုင်းခံထားရပါတယ်။ ဒီအချိန်မှာပဲ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ ရှေးပျက်သုန်းနယ်မြေနားမှာ စုဝေးနေကြပါတယ်။ သူတို့တွေဟာ အင်းအားစုအသီးသီးကို ကိုယ်စားပြုတဲ့ အလံမျိုးစုံကို ကိုင်စွဲထားကြပါတယ်။ မဟာတာအိုနတ်စိတ်ဝိညာဉ်တွေတောင် ဒီအထဲမှာ ပါဝင်ပါတယ်။ အင်အားစုချည်းပဲ ရေတွက်ရင်တောင် တစ်ထောင်ကျော်တဲ့အတွက် ကျင့်ကြံသူဆိုရင်တော့ ပြောမနေပါနဲ့။ ကြောက်ခမန်းလိလိ အရေအတွက်ကို ရောက်နေပါပြီ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခမ်းနားထည်ဝါတဲ့ ငွေရောင်နန်းတော်ထိပ်မှာ ရပ်ပြီး ရှေးပျက်သုန်းနယ်မြေကို လှမ်းကြည့်နေပါတယ်။ စစ်ဗုဒ္ဓနဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်မှာ ရုတ်တရက် ပေါ်လာပါတယ်။

“အရှင်မင်းကြီး... ကျွန်တော် မျှော်စင်သခင်ကျိုးကို ရှာတွေ့ထားတယ်၊ ဒါပေမဲ့ သူနဲ့ ပါရမီရှင်ရာချီက ရှေးပျက်သုန်းနယ်မြေကို ကင်းလှည့်နေတယ်၊ သူတို့အကုန်လုံးက လွတ်လပ် တာအိုပညာရှိတွေဆိုတော့ ကျွန်တော် သူတို့နားကို မချဉ်းကပ်ရဲဘူး” ဟိန်တျန် ကောင်းကင်စစ်သူကြီးက မတိုးမကျယ် ပြောလိုက်ပါတယ်။

စစ်ဗုဒ္ဓကလည်း ထပ်ပေါင်း ပြောလိုက်ပါတယ် “ကျွန်တော် အဲဒီ မဟာတာအို နတ်စိတ်ဝိညာဉ်ရဲ့ နောက်လိုက်တွေနဲ့ စကားပြောကြည့်ပြီးပြီ၊ သူတို့တွေက လောလောဆယ် မတိုက်ခိုက်သေးဘူးတဲ့၊ ကြည့်ရတာ သူက ကြားထဲကနေ အမြတ်ထုတ်ချင်ပုံပဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘာမှပြန်မပြောဘဲ ရှေးပျက်သုန်းနယ်မြေကိုသာ ဆက်ကြည့်နေပါတယ်။ စစ်ဗုဒ္ဓနဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးကလည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ထပ်ပြီးတော့ အနှောင့်အယှက်မပေးဘဲ စိတ်ရှည်လက်ရှည် စောင့်ပါတယ်။

အချိန်အတော် ကြာသွားတဲ့အခါမှာတော့...

မိစ္ဆာ ကောင်းကင်ဧကရာဇ်က တစ်လုံးချင်း ပြောလိုက်ပါတယ် “ရှေးပျက်သုန်းနယ်မြေက သိမ်းပိုက်ဖို့ခက်တယ်၊ အခြေအနေတွေက အပြောင်းလဲကြီး ပြောင်းလဲတော့မယ်လို့ ငါ ခံစားနေရတယ်”

စစ်ဗုဒ္ဓက မေးလိုက်ပါတယ် “ကျွန်တော်တို့တွေ မျှော်စင်သခင်ကျိုးကို ကယ်မှာ မဟုတ်ဘူးလား၊ ကောင်းကင်တာအိုနောက်လိုက်တဲ့ ပါရမီရှင်တွေလည်း ရှိသေးတယ်”

“ကယ်မှာပေါ့၊ ဒါပေမဲ့ အတင်းလုပ်လို့ မရဘူး၊ ငါ တစ်ယောက်ယောက် ရောက်လာတာကို စောင့်နေတာ”

“အရှင်မင်းကြီးက ဘယ်သူကို စောင့်နေတာလဲ”

စစ်ဗုဒ္ဓနဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ သိချင်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အဆက်အသွယ်တွေက တကယ်ကို များပြားတာပါ။ ရှေးပျက်သုန်းနယ်မြေကို နှစ်ခြမ်းခွဲခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်ကိုလည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဖိတ်ခေါ်ခဲ့တာပါ။ ကံဆိုးချင်တဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်က တစ်ချက်ပဲ တိုက်ခိုက်ခဲ့ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးကျဉ်းပြီး ညင်သာစွာ အဖြေပေးလိုက်ပါတယ် “လောင်ဇီ”

စစ်ဗုဒ္ဓနဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ နှလုံးလှုပ်သွားပါတယ်။

နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်တိုးသွားပေမဲ့ အဆင့်တက်နိုင်တဲ့ အရိပ်အယောင်တော့ မရှိသေးပါဘူး။ အန္တိမမူလ နတ်ဘီလူးတောင် မဟာတာအို အထွတ်အထိပ်အဆင့်မှာ ထိပ်ဆုံးအဆင့်ရောက်အောင် နှစ်သိန်းချီအတွင်း မကျင့်ကြံနိုင်ပါဘူး။ ပဋိပက္ခနတ်ဘီလူးဆိုရင် မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်ဖို့က မကျိန်းသေပါဘူး။

ဂူအောင်းကျင့်ကြံတာကို အဆုံးသတ်ပြီးနောက် ဟန်ကျွယ်ဟာ ပထမဆုံး အသက်နတ်ဘီလူးကို လေ့လာစောင့်ကြည့်ပါတယ်။ အသက်နတ်ဘီလူးဟာ လောကဦးကမ္ဘာကို စပြီးတော့ စူးစမ်းရှာဖွေလာပါတယ်။

အသက်နတ်ဘီလူးအတွက် လောကဦးကမ္ဘာက အဆုံးမဲ့လုနီးပါးပါပဲ။ အသက်နတ်ဘီလူးဟာ တခြားသက်ရှိတွေကို ရှာမတွေ့တဲ့အတွက် လျှောက်သွားနေတာရပ်ပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားပါတယ်။ အဲဒါက အသက်နတ်ဘီလူးကို လောကဦးကမ္ဘာရဲ့ နတ်မင်းအဖြစ် ပြုစုပျိုးထောင်ပြီး အနာဂတ်ကောင်း ဖန်တီးပေးဖို့ပါ။ အဲဒါကြောင့် ဟန်ကျွယ်ဟာ အသက်နတ်ဘီလူးကို တာအိုပညာရပ် အသိအမြင်တချို့ ပေးအပ်လိုက်ပါတယ်။ အသက်နတ်ဘီလူး သူ့ဘာသာ ရလာတယ်လို့ထင်အောင် တိတ်တိတ်လေး ပေးလိုက်တာပါ။

အသက်နတ်ဘီလူးကလည်း ဒီအသိအမြင်တွေကို လောကဦးကမ္ဘာအနှံ့ လျှောက်သွားပြီး သုံးသပ်နားလည်ရာကနေ ရလာတာလို့ ထင်နေပါတယ်။

ဟန်ကျွယ်ဟာ အသက်နတ်ဘီလူးက သူ့ကို ကျော်တက်သွားမှာ မစိုးရိမ်ပါဘူး။ လောကဦးကမ္ဘာက ဟန်ကျွယ် အပိုင်ပါ။ အသက်နတ်ဘီလူးက လောကဦးကမ္ဘာနဲ့ ပေါင်းစပ်သွားပြီမလို့ လောကဦးကမ္ဘာထက် စွမ်းအားကြီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ကို ကျော်တက်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ်။ ဟန်ကျွယ်ဟာ လောကဦးကမ္ဘာရဲ့ စွမ်းအားကို အသုံးပြုပြီး အသက်နတ်ဘီလူးကို အမှုန့်ကြိတ်ပစ်လို့ ရပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏ အကဲခတ်ပြီးတာနဲ့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဟန်ကျွယ်ရင်ထဲမှာ စိုက်ဝင်နေတဲ့ ဆူးတစ်ချောင်း ဖြစ်နေတုန်းပါ။ ဟန်ကျွယ်ဟာ တတ်နိုင်သလောက်မြန်မြန် အဆင့်တက်ပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်နိုင်မှ စိတ်အေးနိုင်မှာပါ။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။

နတ်ဒေါင်းအရှင် ထွက်ပြေးသွားတဲ့အချိန်ကစပြီး ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မှ ကြယ်စကြဝဠာကို မတိုက်ခိုက်ကြပါဘူး။ မကြာမကြာဆိုသလို ကြယ်စကြဝဠာနားကနေ ကျင့်ကြံသူတွေ ဖြတ်သွားကြပေမဲ့ ကျန်းကျွယ်ရှီတဲ့ အားကောင်းတဲ့ ရောင်ဝါကို အာရုံခံမိတဲ့အခါ ခပ်သုတ်သုတ် ထွက်ပြေးကြတာချည်းပါပဲ။

မျက်တောင်တစ်ခတ်အတွင်း... နှစ်လေးသိန်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ အများကြီး တိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ အဆင့်မတက်နိုင်သေးဘူးဆိုပေမဲ့ သူ့စွမ်းအားက နှစ်ဆတိုးသွားတယ်လို့ ခံစားလိုက်ရပါတယ်။ အန္တိမမူလစွမ်းအားကို စုဆောင်းသိမ်းဆည်းတာက အရည်အသွေး ပြောင်းလဲမှု ဖြစ်စေပါတယ်။ ဟန်ကျွယ်ရဲ့ အန္တိမမူလစွမ်းအားဟာ နှစ်လေးသိန်းအတွင်း နှစ်ဆတိုးသွားပါတယ်။

အန္တိမမူလစွမ်းအားက အကန့်အသတ်မရှိတဲ့ ပုံပါပဲ။

သာမန် အထွတ်အထိပ်စွမ်းအားက ဟန်ကျွယ်ရဲ့ လက်ရှိ အန္တိမမူလစွမ်းအားနဲ့ တိုက်မိရင် တစ်ခါတည်း လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ နားလည်လွယ်အောင် ပြောရရင် အခုအချိန်မှာ မဟာတာအိုပညာရှိချုပ် တစ်ပါးက ဟန်ကျွယ်ကို ယားယံအောင်ပဲ လုပ်နိုင်တော့မှာပါ။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တစ်ချက်တည်း သတ်နိုင်လား”

[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသတ်နိုင်ပါ။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“ဒါဆို ငါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို အနိုင်ရနိုင်ခြေ ဘယ်လောက်ရှိလဲ”

[အနိုင်ရနိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိသည်။]

ဟန်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters