ဖမ်းလို့မရ ခန့်မှန်းလို့မရ
Vol. 88 Ch. 927
“ရောင်းရင်း... ဘာလို့ ဒီလိုပြောရတာလဲ၊ ငါတို့တွေ နှစ်တစ်သန်းကြာအောင် အတူတူ ဒုက္ခခံခဲ့ကြတာ တစ်ယောက်အသက်ကို တစ်ယောက်လက်ထဲ အပ်ထားတာလို့ ပြောလို့ရတယ်၊ ရောင်းရင်းက ကောင်းကင်တာအိုကို ကူညီချင်တယ်ဆိုရင် ငါတို့ကလည်း ကောင်းကင်တာအိုကို ကူညီမယ်”
ဒဏ်ခတ်သမားတစ်ဦးရဲ့ အဆိုကို ကျန်နှစ်ဦးကလည်း ထောက်ခံကြပါတယ်။
ဒဏ်ခတ်သမားငါးဖော်ထဲမှာ ဟန်ထော်နဲ့ ယီတျန်က အကျော်ကြားဆုံးပါ။ ဒါပေမဲ့ တခြားဒဏ်ခတ်သမား သုံးဖော်က ဟန်ထော်နဲ့ ယီတျန်ကို မနာလို မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ သေခြင်းရှင်ခြင်း အခြေအနေကို ကြုံတွေ့ရရင် ဟန်ထော်နဲ့ ယီတျန်က သူတို့ကို ကယ်တင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့လို့ပါပဲ။ ဒါကြောင့် သူတို့ရဲ့ ရင်းနှီးမှုက တစ်အူထုံ့ဆင်း ညီအစ်ကိုရင်းတွေလို ဖြစ်နေပါပြီ။
ယီတျန်က ကျယ်ကျယ်လောင်လောင် ပြောလိုက်ပါတယ် “မင်းတို့တွေ ဘာစောင့်နေတာလဲ၊ ငါတို့ငါးယောက်လုံးက ညီအစ်ကိုတွေပဲ၊ ဘာလို့ ဒီလိုအကွက်တွေ ရွှေ့နေသေးတာလဲ၊ မင်းတို့သုံးယောက် နားထောင်ကြ၊ ငါနဲ့အတူ ကောင်းကင်တာအိုကို စောင့်ကြပ်ပြီး တာအိုမိစ္ဆာတွေကို တိုက်ခိုက်ကြမယ်၊ ဘာဘိုးဘေးထျန်ရွှီလဲ၊ ဘာရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်လဲ၊ ငါတို့တွေ အဲဒီနှစ်ကောင်ကို သတ်လိုက်ရင် ငါတို့ဂုဏ်သတင်းက ပိုကြီးသွားလိမ့်မယ်”
ဒဏ်ခတ်သမားသုံးဖော်ဟာ ပြုံးလိုက်ကြပါတယ်။ သူတို့တွေဟာ ဘာကိုမှ မကြောက်ပါဘူး။ တုံးတိုက်တိုက် ကျားကိုက်ကိုက်ပါပဲ။
ဟန်ထော်ဟာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပေမဲ့ ရင်ထဲမှာတော့ နွေးထွေးသွားပါတယ် ‘ဒီလိုညီအစ်ကိုတွေ ရှိနေမှတော့ ငါ့ဘဝမှာ ဘာများ ထပ်လိုဦးမှာလဲ’
“ကောင်းပြီ... ဒါဆို ငါတို့တွေ အတူတူသွားကြမယ်... ဟားဟား...” ဟန်ထော်ဟာ အန္တိမဒဏ်ခတ်နတ်မင်း ကြားသွားမှာကို မကြောက်ပါဘူး။ နှစ်ဖက်က တိုက်ရိုက်ဘာမှ မပြောပေမဲ့ သူတို့ဆက်ဆံရေးက ကျိုးပြတ်သွားခဲ့ပါပြီ။
ဒဏ်ခတ်သမားငါးဖော် ထွက်ခွာခါနီးမှာပဲ ရှန်ပေါင် တာအိုကျင့်ကြံသူ မီလာပါတယ်။
“ဒဏ်ခတ်သမားငါးဖော်... မလောပါနဲ့... ဘာြဖစ်လို့ ငါရဲ့ တာအိုစက်ကွင်းမှာ လာမစောင့်တာလဲ” ရှန်ပေါင် တာအိုကျင့်ကြံသူဟာ လက်သီးဆုပ်ပြီး ပျူငှာစွာ ပြုံးလိုက်ပါတယ်။
ဒဏ်ခတ်သမားငါးဖော်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
ယီတျန်ဟာ မျက်လုံးပင့်တင်ပြီး ပြုံးလိုက်ပါတယ် “ဒါဆိုလည်း သွားကြမယ်၊ အဲဒီရောက်မှာ ပြောစရာရှိတာ ပြောကြတာပေါ့”
“ဟုတ်တယ်... ဟုတ်တယ်” ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ပြုံးပြီး ယီတျန်ကို တလေးတစား ကြည့်လိုက်ပါတယ်။
ဟန်ထော်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ ခေါင်းညိတ်လိုက်ပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အမိန့်က ပဋိပက္ခမှာ မပျံ့နှံ့ပါဘူး။ ဒါပေမဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဘက်ရွေးလိုက်တာကို သိသွားတာနဲ့အမျှ ရှေးပျက်သုန်းနယ်မြေဆီ ဦးတည်တဲ့ အင်အားစုတွေလည်း လျော့ကျလာပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေ တန်ခိုးစွမ်းအားကြီးမားပြီး တစ်ပါးစီက အဓိက အင်အားစုကြီးတစ်စုစီကို ထိန်းချုပ်ကြပါတယ်။ ဒီအဓိက အင်အားစုကြီးအောက်မှာ အဆက်အသွယ်တွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ သူတို့တွေက အင်အားစုတွေရဲ့ ခေါင်းဆောင်တွေကို သတင်းပေးလိုက်တာနဲ့ ပဋိပက္ခကို အများကြီး လွှမ်းမိုးနိုင်ပါတယ်။ ပဋိပက္ခမှာ အခြေခိုင်တဲ့ ဘယ်အင်အားစုမဆို သူတို့ရဲ့ အကြီးမားဆုံး နောက်ခံက မဟာတာအို နတ်စိတ်ဝိညာဉ်ပါ။
တဖြည်းဖြည်း ရှေးပျက်သုန်းနယ်မြေက ငြိမ်ကျသွားပါတယ်။
ကောင်းကင်တာအိုကလည်း တစ်ခုခုက မှားနေတာကို အာရုံခံမိသွားပါတယ်။
စကြဝဠာခန်းမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။
ကောင်းကင်အရှင်ဝူဖာဟာ မျက်မှောင်ကြုတ်ပြီး “ဒီအတောအတွင်း အင်အားစုအသီးသီးက ရှေးပျက်သုန်းနယ်မြေကို ပစ်မှတ်မထားတော့ဘူး၊ ဒီပဋိပက္ခနယ်မြေထဲမှာရှိနေတဲ့ အင်အားစုတွေပဲ ရှေးပျက်သုန်းနယ်မြေကို ဆက်ပြီးတော့ ပစ်မှတ်ထားနေတာ”
ရှန်ဝေဗုဒ္ဓက မေးလိုက်ပါတယ် “ရှေးပျက်သုန်းနယ်မြေက အင်အားကြီးလွန်းလို့လား”
“တစ်ခုခုမှားနေပြီ၊ ကင်းထောက် အရေအတွက်တောင် ထက်ဝက်ကျော် လျော့ကျသွားတယ်”
ပန်ရှင်းဟာ ခေါင်းခါလိုက်ပါတယ်။ ရှေးပျက်သုန်းနယ်မြေအကြောင်းကို ပြောတဲ့အခါ ပန်ရှင်းရဲ့ မျက်လုံးထဲမှာ ကြောက်လန့်မှု အရိပ်အယောင်တွေ ပေါ်လာပါတယ်။ ပန်ရှင်းဟာ တစ်ခါတုန်းက ရှေးပျက်သုန်းနယ်မြေကို ဝင်ရောက်ဖို့ ကြိုးစာဖူးပါတယ်။ ဒါပေမဲ့ ရှုံးနိမ့်ပြီး ပြန်လာရတဲ့အပြင် လက်ထဲမှာ သတ်ဖြတ်ခြင်းတာအို တံဆိပ် ရှိနေတာတောင် သေလုနီးပါး ဖြစ်ခဲ့ရပါတယ်။
တာအိုပညာရှိတွေရဲ့ မျက်နှာတွေဟာ လေးနက် တည်ကြည်သွားကြပါတယ်။
အတိတ်မှာတုန်းကနဲ့ မတူတာက ရန်သူက ကောင်းကင်တာအိုကို စစ်ကြော်ငြာပြီး မတိုက်ခိုက်သေးတာပါ။ ကောင်းကင်တာအိုကလည်း ရန်သူ ဘယ်မှာရှိတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဘာမှမလုပ်နိုင်ပါဘူး။
ရှေးပျက်သုန်းနယ်မြေကို သွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများဟာ အကြီးအကျယ် ရှုံးနိမ့်ပြီး ပြန်လာကြရပါတယ်။ ဒါကြောင့် ကောင်းကင်တာအို ရင်ဆိုင်ရတဲ့ ဖိအားကလည်း အချိန်ကြာလာတာနဲ့အမျှ ပိုကြီးမားလာပါတယ်။
ချုံရှီလိုင်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ် “တစ်ယောက်ယောက်က ဒီကိစ္စကို နောက်ကွယ်ကနေ တွန်းနေတယ်လို့ ငါ ခံစားရတယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က တခြားအင်အားစုတွေနဲ့ ညှိုနှိုင်းလိုက်တာများလား၊ သူ့ရဲ့ လက်ရှိပစ်မှတ်က ကောင်းကင်တာအို တစ်ခုတည်း ဆိုပြီးတော့လေ...”
ချုံရှီလိုင်ရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ အထိတ်တလန့် ဖြစ်သွားကြပါတယ်။ ချုံရှီလိုင်ရဲ့ စကားက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ပဋိပက္ခကို တော်လှန်ချင်တယ်လို့မှ မပြောထားတာ။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ကောင်းကင်တာအိုကို တိုက်ခိုက်ချင်တာဆိုရင် အတိတ်မှာတုန်းကလိုမျိုး ကောင်းကင်တာအိုရဲ့ ရန်သူက ဘယ်လောက် စွမ်းအားကြီးကြီး ဘယ်သူမှ ကောင်းကင်တာအိုကို ကူညီမှာ မဟုတ်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဘာမှမဖြစ်ဘူး... တခြားရှုထောင့်ကနေ ကြည့်ရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ ပဋိပက္ခကို ကြောက်ပြီး ရွေးချယ်စရာမရှိဘဲ ညှိုနှိုင်းလိုက်တာ ဖြစ်နိုင်တယ်၊ အင်အားစု အသီးသီးကလည်း ယာယီနောက်ဆုတ်သွားတာ ဖြစ်နိုင်တယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ကောင်းကင်တာအိုကို မုန်းတီးနေတုန်းဆိုပေမဲ့ ကောင်းကင်တာအိုလည်း အင်အားကြီးလာဖို့ အခွင့်အရေး ရသွားတာပဲ၊ ဒီအတောအတွင်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အားမွေးပြီး ကောင်းကင်တာအိုကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်၊ ဒီတော့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်တင် အချိန်ရတာ မဟုတ်ဘူး၊ ကောင်းကင်တာအိုလည်း အချိန်ရတာပဲ”
ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားက ကျိုးကြောင်း ဆီလျော်တာကြောင့် တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။
ရွှီတုတောက်က ပြုံးလိုက်ပါတယ် “လွန်ခဲ့တဲ့ နှစ်သိန်းချီမှာ ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုတွေ တစ်ယောက်ပြီး တစ်ယောက် တိုးလာတာပဲ၊ ကောင်းကင်တာအို ကံတရား အထောက်အပံ့က တကယ်ကို အသုံးဝင်တယ်၊ ကျွန်တော် လွတ်လပ်အဆင့်ကို ရောက်ခါနီးနေပြီ”
ကျင့်ကြံမှုအကြောင်း ပြောတဲ့အခါ တာအိုပညာရှိတွေဟာ ပြုံးသွားကြပါတယ်။ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ယဇ်ပူဇော်လိုက်တာက တာအိုပညာရှိအားလုံးရဲ့ ကျင့်ကြံမှုတွေကို တိုးတက်သွားစေပါတယ်။ ဒီယဇ်ပွဲကြောင့် လွတ်လပ် တာအိုပညာရှိဆယ်ပါး မွေးဖွားလာပြီး တခြားလူတွေလည်း လွတ်လပ်အဆင့်ရောက်ဖို့ သိပ်မဝေးတော့ပါဘူး။
ဒီနေရာမှာ လွတ်လပ် တာအိုပညာရှိဆိုတာက ကျင့်ကြံမှုအဆင့်ကိုပဲ ရည်ညွှန်းတာပါ။ ကောင်းကင်တာအို ပညာရှိတွေက လွတ်လပ် တာအိုပညာရှိတွေလောက် လွတ်လွတ်လပ်လပ် မရှိဘဲ ကောင်းကင်တာအိုရဲ့ နှောင်ဖွဲ့မှုကို ထာဝရခံရမှာပါ။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ပြုံးလိုက်ပါတယ် “ငါတို့တွေ ကံတရား အထောက်အပံ့ကို သုံးပြီး မဟာတာအိုပညာရှိ ဖြစ်လာနိုင်မလားဆိုတာ ငါ သိချင်သေးတယ်”
လူတိုင်းရဲ့ အကြည့်ဟာ ကောင်းကင်အရှင်ဝူဖာ၊ ကောင်းကင်အရှင်ရွှမ်တုနဲ့ တခြားတာအိုပညာရှိ တစ်ပါးဆီ ရောက်သွားပါတယ်။ သူတို့တွေက မဟာတာအိုပညာရှိ ဖြစ်လာဖို့ အခွင့်အရေး အများဆုံးပါ။
ဗုဒ္ဓကမ္ဘာရဲ့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓက လွတ်လပ် တာအိုပညာရှိ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီဆိုပေမဲ့ အပြင်လူ ဖြစ်နေတုန်းပါ။ ဒါကြောင့် ကောင်းကင်တာအို ကံတရား အထောက်အပံ့ကိုသုံးပြီး အဆင့်မထိုးဖောက်နိုင်ပါဘူး။ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓရဲ့အဆင့် ရှေ့ဆက်မတက်တာ အတော်ကြာသွားပါပြီ။ ဧရာမအခွင့်အရေးကြီးကိုသာ မရဘူးဆိုရင် ရှန်ရှောင့်ကျန်းဝူဗုဒ္ဓအနေနဲ့ မဟာတာအို ရရှိဖို့က အတော်ကို ခက်ခဲမှာပါ။
တာအိုပညာရှိတွေရဲ့ မျက်လုံးထဲမှာတော့ ကောင်းကင်အရှင်ရွှမ်တုတို့ တာအိုပညာရှိတို့ သုံးပါးဟာ အတော်ကို ယုံကြည်ချက် ရှိနေကြပါတယ်။ တကယ်လည်း ကောင်းကင်အရှင်ရွှမ်တုတို့ သုံးပါးဟာ မဟာတာအိုအဆင့် ရောက်အောင် ကျင့်ကြံအားထုတ်ဖို့ စိတ်ပိုင်း ဖြတ်ပြီးပါပြီ။
အထူးသဖြင့် ကောင်းကင်အရှင်ရွှမ်တုပါ။ ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုရဲ့ ဒုတိယပလ္လင်မှာ ဆက်ပြီးတော့ ထိုင်ချင်တယ်ဆိုရင် မဟာတာအိုအဆင့်ကို ရောက်ရှိဖို့ လိုပါတယ်။ မဟုတ်ရင် တာအိုပညာရှိတွေ သူ့ကို လက်ခံဖို့က အတော်လေး ခက်ခဲသွားမှာပါ။
“ရှေးပျက်သုန်းနယ်မြေကိုတော့ ဆက်ပြီးတော့ စောင့်ကြည့်ထားမယ်၊ တစ်ချိန်တည်းမှာလည်း ကောင်းကင်တာအိုရဲ့ တိုးတက်မှုကို နှေးကွေးစေလို့ မဖြစ်ဘူး၊ ငါတို့တွေ ဆက်ပြီးတော့ ပဋိပက္ခ ကောင်းကင်လမ်းတွေကို ဖွင့်လှစ်ရမယ်၊ ပဋိပက္ခမြို့တွေကလည်း မလောက်ဘူး၊ ငါတို့တွေ တင်းကျပ်တဲ့ ခံစစ်တန်းကို တည်ဆောက်ဖို့ လိုတယ်၊ ငါတို့တွေ တာအိုမိစ္ဆာတွေကို ကောင်းကင်တာအိုထဲ ခိုးဝင်ဖို့ အခွင့်အရေး နည်းနည်းလေးတောင် ပေးလို့မဖြစ်ဘူး”
ကောင်းကင်အရှင်ရွှမ်တုရဲ့ ညွှန်ကြားချက်ကို တာအိုပညာရှိအားလုံးက ခေါင်းညိတ် လက်ခံကြပါတယ်။ အဲဒီနောက် တာအိုပညာရှိတွေဟာ လူစုခွဲလိုက်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တု တစ်ယောက်တည်း ကျန်တဲ့အခါ မျက်နှာမှာ စိုးရိမ်သောကတွေ အထင်းသား ပေါ်လာပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ စွမ်းအားက ကောင်းကင်အရှင်ရွှမ်တု ခန့်မှန်းထားတာထက် ပိုပါတယ်။
‘ဆရာတောင် သူ့ကို မယှဉ်နိုင်ဘူးဆိုတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို သတ်နိုင်ပါ့မလား’ ကောင်းကင်အရှင်ရွှမ်တုဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ အတိတ်တုန်းက ကပ်ဘေးတွေ ပြန်တွေးမိလိုက်ပါတယ်။ ကပ်ဘေးတိုင်းမှာ ဟန်ကျွယ်က ရန်သူတိုင်းကို တစ်ချက်တည်း အပြတ်ရှင်းပစ်ခဲ့တာချည်းပါပဲ။ ဒါကြောင့်လည်း ကောင်းကင်အရှင်ရွှမ်တုဟာ ရှေးပျက်သုန်းနယ်မြေကို ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိနေတာပါ။
ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုကို တုံံ့ဆိုင်းခြင်းမရှိ ပြန်လာရဲမှာ မဟုတ်ပါဘူး။
‘ဒီလိုဆိုမှတော့... ငါ သူ့ကို နောက်ဆုံးထိ ယုံကြည်လိုက်မယ်’ ကောင်းကင်အရှင်ရွှမ်တုဟာ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ သူ့လုပ်နိုင်စွမ်းကို သူသိပါတယ်။ သူ့ရဲ့ စီမံနိုင်စွမ်းက ဘယ်လောက်ပဲ ကောင်းကောင်း ကောင်းကင်တာအိုကို ကာကွယ်တဲ့လူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဖြစ်နေတုန်းပါ။
ယုတ္တိကျကျ ပြောရရင် အခုအချိန်မှာ ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကို မှီခိုရမှာပါ။ အခုအချိန် သူ လောင်ဇီဆီ ပြန်သွားရင်တောင် ဝိုင်းကြဉ်ခံရမှာပါ။ လမ်းကြောင်းကို အဆုံးထိလျှောက်တာက မှန်ကန်တဲ့လမ်းစဉ်ပါ။
.....
တာအိုဘုံကျောင်းအတွင်း။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းအတွင်း ဟန်ကျွယ် ခန္ဓာကိုယ်ထဲက အန္တိမမူလ စွမ်းအားဟာ ထပ်ပြီးတော့ အသွင်ပြောင်းလဲသွားပါတယ်။ ဒီစွမ်းအားက အတော်လေးကို ကြီးမားလှပါတယ်။
ဟန်ကျွယ်ရဲ့လက်ရှိ စွမ်းအားက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့အဆင့်ကို ရောက်နေပါပြီ။ တစ်ချက်ကြည့်ရုံနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ပျောက်ကွယ်သွားအောင် လုပ်နိုင်ပါတယ်။ ဒီလောက်ထိကို စွမ်းအားကြီးလာတာပါ။
အန္တိမမူလစွမ်းအားက ရန်သူရဲ့ ပင်မခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ ရန်သူနဲ့ တိုက်ရိုက်ထိတွေ့စရာ မလိုပါဘူး။ စိတ်ကူးလို့မရတဲ့ အခြေအနေနဲ့ ရန်သူကို တိုက်ခိုက်နိုင်ပါတယ်။ ဖမ်းဆီးလို့မရ မျှော်မှန်းလို့မရ ခန့်မှန်းလို့မရပေမဲ့ ထိရှလွန်းပြီး အရမ်းဖျက်ဆီးနိုင်တဲ့ စွမ်းအားပါ။
ဒါကြောင့် ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိချုပ်လို့ ပြောလို့မရတော့ပါဘူး။ မဟာတာအိုပညာရှိချုပ်ထက် စွမ်းအားကြီးတဲ့အဆင့်ကို ရောက်ရှိသွားပြီး တာအိုဖန်တီးရှင်ထက်ပဲ နိမ့်ကျတော့တာပါ။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ လောကဦးကမ္ဘာဆီ ကျရောက်သွားပါတယ်။ အသက်နတ်ဘီလူးဟာ ကြယ်တစ်စင်းမှာ ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ဒီအတောအတွင်း နတ်ဘီလူးချီအလုံး သုံးလုံးဟာ ပဋိပက္ခ နတ်ဘီလူးအဖြစ် အသွင်ပြောင်းလဲသွားကြပြီး မတူညီတဲ့နေရာတွေမှာ နေထိုင်ကြပါတယ်။
ဒီနှုန်းအတိုင်းသာဆိုရင် နောက်နှစ်တစ်သန်းမှာ ပဋိပက္ခ နတ်ဘီလူး တော်တော်များများကို အောင်မြင်စွာ မွေးထုတ်နိုင်မှာပါ။ အဲဒီအချိန်ကျရင် လောကဦးကမ္ဘာက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဟန်ကျွယ်ဟာ မျှော်တလင့်လင့် ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။