ရှေးပျက်သုန်းနယ်မြေသို့ စစ်ချီခြင်း
Vol. 88 Ch. 930
ဟန်ကျွယ်နဲ့ ဟန်ဟွမ်ဟာ အတန်ကြာတဲ့အထိ စကားပြောကြပါတယ်။ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ဆန်းကြယ်စွမ်းအားတွေ ထပ်မသင်ပေးပါဘူး။ လက်ရှိ ဟန်ဟွမ်က သူ့ကိုယ်ပိုင် ဆန်းကြယ်စွမ်းအားကို သူ့ဘာသာ ဖန်တီးနိုင်ပြီး သူလိုချင်တဲ့လမ်းကို လျှောက်လှမ်းနိုင်နေပါပြီ။ ဟန်ကျွယ်ကလည်း ဟန်ဟွမ်ကို မတားပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ချင်းအာဆီ သွားပါတယ်။ ဟန်ကျွယ်ဟာ ဟန်ချင်းအာနဲ့ အချိန်အကြာကြီး စကားပြောပါတယ်။ အဓိက အကြောင်းရင်းကတော့ ဟန်ချင်းအာ စကားလက်စ မပြတ်တာပါ။
ဟန်ကျွယ်ဟာ စကားတွေ ပြောနေတဲ့ ဟန်ချင်းအာကို ကြည့်ရင်း သက်ပြင်းချမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့သမီးနဲ့ ပိုနီးကပ်သွားတယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ချင်းအာက အရင်အတိုင်း ရှိနေပါသေးတယ်။ ဟန်ဟွမ်ကတော့ ငယ်ငယ်တုန်းကလို ချစ်စရာ မကောင်းတော့တဲ့အတွက် ဟန်ကျွယ်ဟာ ဟန်ဟွမ်နဲ့ စကားအများကြီး မပြောဖြစ်တော့ပါဘူး။
နောက်တစ်နေ့။
ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး စကြဝဠာခန်းမထဲကို ခုန်ဝင်လိုက်ပါတယ်။ စကြဝဠာခန်းမထဲမှာ ကောင်းကင်အရှင်ရွှမ်တုပဲ ရှိပြီး တရားထိုင်နေပါတယ်။
ဟန်ကျွယ် ခေါ်လိုက်မှာပဲ ကောင်းကင်အရှင်ရွှမ်တုဟာ ကျင့်ကြံရာက နိုးလာပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ထိုင်ပါ... စကားပြောကြရအောင်...”
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းညိတ်ပြီး မေးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလာတာ ဘာကိစ္စရှိလို့ပါလဲ”
“ကောင်းကင်တာအိုနဲ့ ရှေးပျက်သုန်းနယ်မြေ အကြောင်း မေးချင်လို့”
ကောင်းကင်အရှင်ရွှမ်တုဟာ စပြီးတော့ အစီရင်ခံပါတယ်။
ကောင်းကင်တာအိုက လျင်မြန်တဲ့အရှိန်နဲ့ ဆက်ပြီးတော့ တိုးတက်နေတုန်းပါ။ လက်ရှိမှာ ပဋိပက္ခ ကောင်းကင်လမ်း တစ်ရာကျော်သွားပြီး အရပ်ဘက်ပေါင်းစုံမှာလည်း ပဋိပက္ခမြို့ပေါင်းများစွာကို တည်ထောင်ထားပါတယ်။ အစီအရင် မျိုးစုံကိုလည်း စီရင်ပြီးပါပြီ။ အခုအချိန်မှာ စန့်ချွမ်အဂ္ဂကမ္ဘာနဲ့ ရှေးပျက်သုန်းနယ်မြေ လာတိုက်ရင်တောင် ကောင်းကင်တာအိုက အထိတ်တလန့်ဖြစ်မှာ မဟုတ်ပါဘူး။
ရှေးပျက်သုန်းနယ်မြေကတော့ အခုထိ ဘာလှုပ်ရှားမှုမှ မရှိသေးပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဒီလောက် ကြာတာတောင် မတိုက်သေးဘူးဆိုတော့ ဒဏ်ရာကုရင်ကု မဟုတ်ရင်လည်း အင်အား စုဆောင်းနေတာ ဖြစ်ရမယ်၊ ဒါကြောင့် လောလောဆယ်မှာ ကောင်းကင်တာအိုက ပြင်ဆင်ဖို့ အချိန်ရှိသေးတယ်၊ ကျွန်တော်တို့လည်း ကျင့်ကြံအားထုတ်ဖို့ အချိန်ရသေးတယ်”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကောင်းကင်တာအိုရဲ့ ပါရမီရှင် ဘယ်လောက်ကို ရှေးပျက်သုန်းနယ်မြေက ဖမ်းထားလဲ”
ကောင်းကင်အရှင်ရွှမ်တုက မတိုးမကျယ် ပြန်ဖြေပါတယ် “ငါးရာကျော်... တာအိုပညာရှိတွေလည်း ပါတယ်”
“မင်း အစီအစဉ်အတိုင်း ဆက်လုပ်”
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ် နောက်ကျောကို ကြည့်ရင်း ချီတုံချတုံ ဖြစ်သွားပါတယ်။ ဟန်ကျွယ် ပျောက်သွားတော့မှပဲ ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းချလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ အခြေနေကို ရှင်းရှင်းလင်းလင်း မြင်လာပါပြီ။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က တစ်ယောက်တည်း မဟုတ်သလို ကူကယ်ရာမဲ့နေတာလည်း မဟုတ်ပါဘူး။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ထောက်ပံ့မှုကိုတောင် ရသွားပါပြီ။ တကယ် ကူကယ်ရာမဲ့နေတာက ကောင်းကင်တာအိုပါ။
ကောင်းကင်တာအို ကူကယ်ရာမဲ့တာက ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါ အခြေအနေက အရင်တုန်းက အခြေအနေတွေထက် အများကြီး ပိုဆိုးပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်က ဖိအားကြီးအောက် ရောက်နေတာကို ပြောနိုင်ပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ ဘယ်တုန်းကမှ ရန်သူရဲ့ အခြေအနေကို လာမမေးခဲ့ပါဘူး။ နောက်ပြီး ဘာညွှန်ကြားမှုမှလည်း မပေးခဲ့ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ဟန်ကျွယ်က ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ရင်ဆိုင်ဖို့ ယုံကြည်ချက် မရှိဘူးဆိုတာ သိနိုင်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံပါတယ်။
ရှေးပျက်သုန်းနတ်စိတ်ဝိညာဉ်ကို ရင်ဆိုင်ဖို့က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မှီခိုရဦးမှာပါ။ ကောင်းကင်အရှင်ရွှမ်တု အနေနဲ့ ကောင်းကင်တာအိုကို ကာကွယ်ဖို့ပဲ လိုပါတယ်။
ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိရဲ့ တာအိုစက်ကွင်းဆီ သွားပါတယ်။ ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် တအံ့တဩ ဖြစ်သွားပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ စပြီးတော့ စကားပြောကြပါတယ်။
ဓားရူးတာအိုပညာရှိဟာ ရှေးပျက်သုန်းနယ်မြေကို သွားပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရလာတာ လေးငါးခါ ရှိသွားပါပြီ။ ဒါပေမဲ့ ဓားရူးတာအိုပညာရှိဟာ အကြိမ်တိုင်း လွတ်မြောက်နိုင်ခဲ့ပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် မပြောနဲ့ ဓားရူးတာအိုပညာရှိက ဟန်ကျွယ်လက်ထဲကနေတောင် ထွက်ပြေးနိုင်တဲ့လူ မဟုတ်ပါလား။
“ဓားရူး... နောက်ကျရင် ရှေးပျက်သုန်းနယ်မြေကို မသွားတော့နဲ့၊ ကောင်းကင်တာအိုကိုပဲ စောင့်ကြပ်ချည်”
ဓားရူးတာအိုပညာရှိဟာ အမြီးတက်နင်းခံရတဲ့ ကြောင်လို ဖြစ်သွားပါတယ် “ဘိုးဘေးထျန်ရွှီက အထင်ကြီးဖို့ကောင်းတာ မှန်တယ်၊ ဒါပေမဲ့ ငါ့ကို အချိန်သာပေး၊ အဲဒီကောင်ကို ငါ မကြာခင်မှာ သတ်နိုင်တယ်” ဓားရူးတာအိုပညာရှိက ဒေါသတကြီး ပြောလိုက်ပါတယ်။
ဓားရူးတာအိုပညာရှိဟာ သူ့စွမ်းအားကို ဟန်ကျွယ်ရှေ့မှာ သက်သေပြချင်နေတာပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ ရန်သူက သူ့ထက် စွမ်းအားပိုကြီးနေပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဓားရူး... မင်း ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာကို ငါ အသိဆုံးပါ၊ ဘာလို့ အလျင်လိုနေတာလဲ၊ ဘိုးဘေးထျန်ရွှီက မကြာခင် သေမှာပဲဟာကို... လူသေတစ်ယောက်အတွက် ဒေါသထွက်စရာ လိုလို့လား”
ဟန်ကျွယ်ရဲ့ စကားက ဓားရူးတာအိုပညာရှိကို အတော်လေး သက်သောင့်သက်သာ ရှိသွားစေပါတယ်။
‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက စကားပြော တော်တော်ချိုတုန်းပါပဲလား...’
ဓားရူးတာအိုပညာရှိ ဟန်ကျွယ်ကို လေးစားရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီအကြောင်းလည်း ပါပါတယ်။ ဟန်ကျွယ်ဟာ သူ့စွမ်းအားကို သက်သေပြပြီးတာတောင် သူ့ထက် အားနည်းတဲ့လူကိုတွေ့ရင် ချီးကျူးဖို့ ဝန်မလေးပါဘူး။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ဘိုးဘေးထျန်ရွှီက သေတော့မယ်လို့ ပြောလိုက်တာလား...” ဓားရူးတာအိုပညာရှိက ပြန်ထိုင်ပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
“ဟုတ်တယ်... ငါ ရှေးပျက်သုန်းနယ်မြေကို သွားဖို့ ပြင်ဆင်နေတာ”
ဓားရူးတာအိုပညာရှိဟာ မှင်တက်သွားပြီး သူ့နားကြားမှားတယ်လို့တောင် ထင်မိလိုက်ပါတယ်။
‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုကိုပဲ စောင့်ကြပ်ပြီး အဝေးက ရန်သူတွေကို မတိုက်ခိုက်တာ မဟုတ်ဘူးလား...’
ဓားရူးတာအိုပညာရှိဟာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားပါတယ် “ငါ သွားမယ်... ငါ ဘိုးဘေးထျန်ရွှီ ချမ်းသာပေးဖို့ တောင်းပန်တာကို ကြည့်ချင်တယ်”
ဓားရူးတာအိုပညာရှိဟာ ဘိုးဘေးထျန်ရွှီရဲ့ မောက်မာမှုကို တွေးမိပြီး ဒေါသထွက်သွားပါတယ်။
“မရဘူး... ကောင်းကင်တာအိုကို တစ်ယောက်ယောက် စောင့်ကြပ်ဖို့လိုတယ်၊ မဟုတ်ရင် ငါမရှိတာကို သူတို့တွေ အခွင့်ကောင်း ယူနိုင်တယ်”
ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ရဲ့ သတိပေးစကားက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပါတယ်။
အဲဒီနောက် သူတို့နှစ်ယောက်ဟာ စကားနည်းနည်းပါးပါး ထပ်ပြောကြပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။
ဟန်ကျွယ်ဟာ အပြင်မှာသေပြီး ပြန်မရှင်သန်နိုင်မှာစိုးတဲ့အတွက် စိတ်ဆန္ဒ တစ်စွန်းတစ်စကို တာအိုဘုံကျောင်းထဲမှာ ချန်ထားလိုက်ပါတယ်။ ဟန်ကျွယ် ထွက်သွားခါနီးဆဲဆဲမှာ ရုတ်တရက်ကြီး ဟန်ဟွမ် ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ ဟန်ဟွမ်ကို အထဲဝင်ခွင့် ပြုလိုက်ပါတယ်။
“ဖေဖေ... ကျွန်တော် စဉ်းစားကြည့်တော့ တစ်ခုခုမှားနေတယ်၊ ဖေဖေက ရှေးပျက်သုန်းနယ်မြေကို သွားဖို့ ပြင်ဆင်နေတာလား၊ အဲဒါကြောင့် သားကို နောက်ကျရင် အပြင်ထွက်လို့ ရတယ်လို့ ပြောတာလား” ဟန်ဟွမ်က တောက်လောင်တဲ့အကြည့်နဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ဟွမ်ဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး ပြောလိုက်ပါတယ် “ဖေဖေ... သားကိုလည်း ခေါ်သွားပါ၊ သား ဖေဖေ့ရဲ့ ဂုဏ်ကျက်သရေကို မြင်ချင်တယ်၊ သား ဖေဖေကို မကူညီနိုင်ဘူးဆိုရင်တောင် သားကိုယ်သား ကာကွယ်နိုင်တယ်မလား၊ သား အဖေ သင်ပေးထားတဲ့ ဆန်းကြယ်စွမ်းအားအတိုင်း သားဝိညာဉ်ရဲ့ တစ်စွန်းတစ်စကို တာအိုဘုံကျောင်းထဲမှာ ချန်ထားခဲ့ပြီးပြီ၊ အပြင်မှာ သေသွားရင်တောင် သား ပြန်ရှင်နိုင်တယ်”
ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို စိုက်ကြည့်လိုက်ပါတယ်။
ဟန်ဟွမ်ကလည်း ဟန်ကျွယ်ကို မကြောက်မလန့် ပြန်ကြည့်လိုက်ပါတယ်။
အတန်ကြာသွားတဲ့အခါမှာတော့...
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒါဆို အတူသွားကြမယ်”
ဒီလိုနဲ့ သားအဖနှစ်ယောက်ဟာ တာအိုဘုံကျောင်းထဲက ကွယ်ပျောက်ပြီး ပဋိပက္ခထဲ ရောက်သွားပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခြေထောက်အောက်မှာ အနီရောင်အလင်းတန်း ပေါ်လာပြီး ရှေ့ကို သယ်ဆောင်သွားပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အာကာသဂယက်ဟာ လျင်မြန်စွာ နောက်ဆုတ်သွားပါတယ်။
“ဖေဖေ... သားတို့ အပြင်ရောက်သွားပြီလား...”
“ဒါ ဘယ်လို အာကာသလဲ၊ သား မမြင်နိုင်ဘူး”
“ဖေဖေ... ဖေဖေရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ”
ဟန်ကျွယ်ဟာ ပြုံးပဲ ပြုံးလိုက်ပါတယ်။
အန္တိမမူလစွမ်းအားက ဒီအာကာသဥမင်ကို ဖြစ်ပေါ်စေတာပါ။ ဒီအာကာသဥမင်က ပဋိပက္ခကနေ လွတ်လပ်စွာ တည်ရှိပြီး ဘယ်နေရာကိုမဆို ထောက်လှမ်းမခံရဘဲ သွားလာနိုင်ပါတယ်။ အန္တိမမူလ နတ်ဘီလူးကလွဲရင် ဘယ်သူမှ ဒီအာကာသဥမင်ထဲကို အတင်းတိုးမဝင်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုအတွင်း ဆန်းကြယ်စွမ်းအားတွေ ဖန်တီးခဲ့ပါတယ်။ ဒီအာကာသဥမင်ကို ဖြစ်ပေါ်စေတဲ့ ဆန်းကြယ်စွမ်းအားကလည်း အဲဒီထဲက တစ်ခုပါ။ ဒါပေမဲ့ ဒီဆန်းကြယ်စွမ်းအားက အန္တိမမူလ နတ်ဘီလူးတွေပဲ တတ်မြောက်နိုင်ပါတယ်။
ဟန်ကျွယ်က ပြန်မဖြေတဲ့အတွက် ဟန်ဟွမ်ဟာ မေးခွန်း ပြောင်းလိုက်ပါတယ် “ဖေဖေ... သားတို့တွေ ရှေးပျက်သုန်းနယ်မြေကို ရောက်ရင် ဘာလုပ်မှာလဲ”
“ဖိနှိပ်မယ်”
“အားသုံး တိုက်ခိုက်မှာလား... အစီအစဉ် မရှိဘူးလား... ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ထွက်ပြေးရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဖေဖေနဲ့ ဘယ်လို ယှဉ်ပြိုင်မှာလဲ”
ဟန်ကျွယ် စကားက မမှားပါဘူး။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ကောင်းကင်တာအိုကို ချေမှုန်းမယ်လို့ ကြော်ငြာထားတာပါ။ ဒါကြောင့် ဟန်ကျွယ်နဲ့ တွေ့လို့ ထွက်ပြေးရင် ဝိုင်းဟားခံရမှာပါ။
ဟန်ဟွမ်ဟာ သွေးတွေ ဆူပွက်လာတာကြောင် လက်သီးကို တင်းတင်းဆုပ်လိုက်ပါတယ်။ ဒါက ဟန်ဟွမ် ပထမဆုံးအကြိမ် သူ့အဖေနဲ့အတူ ရန်သူကို ရင်ဆိုင်တာပါ။
ဟန်ဟွမ်ဟာ နှစ်နှစ်သန်းကြာအောင် နေထိုင်ခဲ့ပေမဲ့ အခုအချိန်အထိ ရန်သူတစ်ယောက်ကိုမှ မသတ်ဖူးသေးပါဘူး။ အများဆုံး အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်တာပဲ ရှိပါတယ်။ ဟန်ဟွမ်ဟာ အသွင်တူ လက်ရည်စမ်းပွဲက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတာ အတော်ကြာသွားခဲ့ပါပြီ။ ဟန်ဟွမ်ဟာ တကယ့်တိုက်ပွဲကို လိုချင်နေတာပါ။
ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို တစ်ချက် ကြည့်လိုက်ပါတယ်။ အကောင်းစားရတနာတွေက ဖြည်းဖြည်းချင်း အလင်းရောင် ထုတ်လွှတ်နေပြီး ဟန်ကျွယ်ရဲ့ ရောင်ဝါက ဆက်တိုက် အားကောင်းလာပါတယ်။ ဒါက ဟန်ဟွမ်ကို နှလုံးတုန်သွားစေပါတယ် ‘ဖေဖေက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ’
ဟန်ဟွမ်ဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်နေပါတယ်။ သူ့အဖေရဲ့ ဂုဏ်ကျက်သရေကို လာမဲ့တိုက်ပွဲမှာ မြင်ရတော့မယ် မဟုတ်ပါလား။ သူ့အဖေက အမြဲလိုလို သိမ်မွေ့ညင်သာပြီး အဲဒီမဟာတာအိုပညာရှိတွေလောက် မကြမ်းတမ်းဘူးဆိုပေမဲ့ တိုက်ပွဲထဲဝင်တာနဲ့ ပုံစံတစ်မျိုး ဖြစ်သွားမယ်ဆိုတာကို ဟန်ဟွမ် သေချာပေါက် သိနေပါတယ်။
ဟန်ဟွမ်ဟာ ရှေးပျက်သုန်းနယ်မြေကို အခုချက်ချင်း ရောက်ချင်သွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ အလင်းဝိုင်းတစ်ဝိုင်း ပေါ်လာပါတယ်။ ဟန်ကျွယ်ရဲ့ အသံလည်း ထွက်ပေါ်လာပါတယ် “ဖေဖေတို့ ရောက်ပြီ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။