← Chapters

ပဋိပက္ခအထက်က စွမ်းအား

Vol. 89 Ch. 932

ပဋိပက္ခအထက်က စွမ်းအား

Vol. 89 Ch. 932

“ဝုန်း...”

ပဋိပက္ခ အာအာသဟာ ပြင်းထန်စွာ ရှံ့တွသွားပါတယ်။ ရှေးပျက်သုန်း နယ်မြေအထက် တာအိုမိစ္ဆာ ဘီလီယံချီရဲ့ ခေါင်းထက်မှာ လျှပ်စီးအကျဉ်းထောင် ဆင်းသက်လာသလိုမျိုး ခရမ်းရောင် လျှပ်စီးတွေ ရောယှက်ထွေးလာပါတယ်။

စစ်ဗုဒ္ဓဟာ ရှေ့မှာရှိတဲ့ တာအိုမိစ္ဆာ ဘီလီယံချီနဲ့ ရှေးပျက်သုန်းနယ်မြေနက်ထဲက ကြောက်မက်ဖွယ် ရောင်ဝါကို ကြည့်ပြီး နှလုံးက အရူးအမူး ခုန်လာပါတယ်။

“အရှင်မင်းကြီး... ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ စွမ်းအားက ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုစွမ်းတယ်၊ ကျွန်တော်တို့တွေ နောက်မဆုတ်တော့ဘူးလား၊ အရှင်မင်းကြီးက သူ့ကို ရတဲ့နည်းနဲ့ ကယ်ချင်လို့လား” ဟိန်တျန် ကောင်းကင်စစ်သူကြီးက ဂရုတစိုက် မေးလိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ် “မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ၊ တိုက်ပွဲအခြေအနေကို ခန့်မှန်းရအောင် မင်းက ဘာမလို့လဲ၊ စောင့်ကြည့်စမ်းပါ... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အပြင်ထွက်လာရဲရင် စိတ်ကူးယဉ်လို့မရအောင် ကြောက်ဖို့ကောင်းတယ်၊ တကယ်တမ်း တုန်လှုပ်ချောက်ချားရမှာက ရှေးပျက်သုန်းနယ်မြေပဲ”

မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာမှာ တခြားလူတွေ နားလည်နိုင်စွမ်းမရှိတဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်။

စစ်ဗုဒ္ဓနဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ မှင်တက်သွားပါတယ် ‘အရှင်မင်းကြီးက ဘာဖြစ်လို့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဒီလောက်ထိ ယုံကြည်တာလဲ’

တစ်ချိန်တည်းမှာပဲ...

ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ကြောက်မက်ဖွယ်ရောင်ဝါကို ရင်ဆိုင်ရပေမဲ့ မျက်နှာတစ်ချက် ပျက်မသွားပါဘူး။

ဟန်ကျွယ်ရဲ့ ဝတ်ရုံဟာ နတ်အလင်းရောင်တွေကြား လူးလွန့်နေပါတယ်။ ဟန်ကျွယ်ဟာ ရှေးဒဏ္ဍာရီလာ နတ်စိတ်ဝိညာဉ် အရှင်သခင်လို လုံးဝ ထိပ်ဆုံးမှာ ရပ်နေသလိုပါပဲ။ ဘယ်မုန်တိုင်းကမှ သူ့ကို လှုပ်ခါနိုင်စွမ်း မရှိပါဘူး။

“ဖေဖေ...”

ဟန်ဟွမ်ဟာ လက်မြှောက်ပြီး စိုးရိမ်တဲ့ မျက်နှာနဲ့ ခေါ်လိုက်ပါတယ်။

“သေချာကြည့်ထား... ဖေဖေက ဒီနေ့ သားကို သင်ခန်းစာတစ်ခု သင်ပေးမယ်” ဟန်ကျွယ်ရဲ့ အသံဟာ ဟန်ဟွမ်ရဲ့ နားထဲကို ဝင်သွားပါတယ်။ ဒီအသံကို ဟန်ဟွမ်တစ်ယောက်ပဲ ကြားနိုင်ပါတယ်။

“ဖေဖေ သူ့ကို သတ်နိုင်တယ်၊ ဖေဖေ ဒီအချိန်အထိ စောင့်နေတာက သူ့ကို လူမြင်ကွင်းထဲမှာ အနိုင်ယူပြီး ပဋိပက္ခထဲက အင်အားစုအကုန်လုံးကို ခြိမ်းခြောက်ချင်လို့ပဲ၊ ရန်သူကို သူ့အစွမ်း အရင်ဆုံး ပြစေရမယ်၊ ဒါမှ ကိုယ်က ဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာကို တခြားလူတွေ သိနိုင်မှာ”

“ဒါတွေ အကုန်လုံးအတွက် လွန်ခဲ့တဲ့ နှစ်တစ်သန်းမှာ ဖေဖေ တစ်ချိန်လုံး ဂူအောင်း ကျင့်ကြံနေခဲ့တာပဲ”

“ကျင့်ကြံတယ်ဆိုတာက အမြဲတမ်း ရန်သူထက် တစ်ပန်းသာနေဖို့ပဲ”

ဟန်ကျွယ်ရဲ့ အသံဟာ ဟန်ဟွမ်ရဲ့ နားထဲမှာ မိုးခြိမ်းသံလို ပဲ့တင်ထပ်သွားပြီး ဟန်ဟွမ်ကို တုန်လှုပ်အံ့ဩ သွားစေပါတယ်။

အထူးသဖြင့် နောက်ဆုံး စာကြောင်းပါ။

ရန်သူထက် အမြဲတမ်း တစ်ပန်းသာနေရမယ်”

ရှေးပျက်သုန်းနယ်မြေနက်ထဲ တာအိုမိစ္ဆာ ဘီလီယံချီဟာ အဆုံးမဲ့ မိစ္ဆာရောင်ဝါတွေ ထုတ်လွှတ်နေတဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို လမ်းဖယ်ပေးလိုက်ပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက တယ်လောတာပဲ၊ ငါ ကောင်းကင်တာအိုဆီတောင် မသွားရသေးဘူး၊ မင်းက ရောက်လာပြီ၊ မင်း အရင်တုန်းကနဲ့ မတူတော့ဘူးပဲ” ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ အသံဟာ အေးစက်ပြီး ခြောက်ကပ်လှပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘယ်သူက မင်းကို လေလုံးထွားခိုင်းလို့လဲ၊ နှစ်တစ်သန်းကျော်တာတောင် မင်းက မလာမှတော့ ငါကိုယ်တိုင် လာရတာပေါ့”

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ရင်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကြည့်ကာ‌ ပြောလိုက်ပါတယ် “မင်းက မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်လွန်သွားပြီ၊ တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ တိုက်တော့...”

“ဟားဟား... တိုက်ရမယ်... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက မင်းကိုယ်မင်း အမြင့်ကြီး တွေးထားတာပဲ၊ တာအိုမိစ္ဆာ ၈ ကွာဒလီယံရဲ့ စွမ်းအားကိုပဲ အရင်ဆုံး ခံစားပါဦး”

“ဝုန်း...”

တာအိုမိစ္ဆာ အကုန်လုံးဟာ ဟန်ကျွယ်ဆီကို တစ်ဟုန်ထိုး ပြေးလာကြပါတယ်။ ဒီမြင်ကွင်းက တကယ်ကို ကြည့်ကောင်းလှပါတယ်။

ဟန်ဟွမ်ဟာ ရင်တထိတ်ထိတ်နဲ့ တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ အနီရောင်အလင်းတွေ တလက်လက် တောက်ပလာပါတယ်။ ရုတ်ခြည်းဆိုသလို တာအိုမိစ္ဆာ ၈ ကွာဒလီယံဟာ နေရာကနေ ပျောက်ကွယ်သွားပြီး ချက်ချင်းဆိုသလို အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲမှာ ပြန်ပေါ်လာပါတယ်။ တာအိုမိစ္ဆာ ၈ ကွာဒလီယံဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲကနေ လွတ်မြောက်ဖို့ အရူးအမူး ကြိုးစားပါတယ်။

သိပ်သည်းလွန်းတဲ့ တာအိုမိစ္ဆာတွေ အကုန်လုံးဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲ ပိတ်မိသွားပါတယ်။ သူတို့တွေဟာ ပုရွက်ဆိတ်တွေ ပြည့်နှက်နေတဲ့ သစ်သားပြားလိုမျိုး အရူးအမူး ကြိုးစား ရုန်းကန်ကြပါတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး ဘယ်သူမဆို ခေါင်းကျိန်းသွားမှာပါ။

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ နှလုံးလှုပ်သွားပါတယ်။

ဟန်ဟွမ်လည်း မှင်တက်သွားပါတယ်။ ဟန်ဟွမ်ဟာ တာအိုမိစ္ဆာ ၈ ကွာဒလီယံကို သူ့အဖေက ဒီလိုမျိုး တစ်ချက်တည်း ဖိနှိပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။ ဟန်ဟွမ်တင် မဟုတ်ပါဘူး။ အဝေးကနေ ကြည့်နေတဲ့လူ အကုန်လုံး တုန်လှုပ်အံ့ဩ သွားကြပါတယ်။

‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်လောက်ထိတောင် စွမ်းအားကြီးနေပြီလဲ’

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်‌တော်ထဲက တာအိုမိစ္ဆာ ၈ ကွာဒလီယံဟာ ရုတ်ခြည်း အနီရောင်မီးခိုးဖြစ်သွားပြီး တံဆိပ်ထဲ စုပ်ယူခံလိုက်ရပါတယ်။ သူတို့တွေအကုန်လုံး အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ ပေါင်းစပ်သွားပြီး သေမင်းတံခါးဝမှာ ရုန်းကန်နေတဲ့ ဘိုးဘေးထျန်ရွှီသာ ကျန်ရှိပါတော့တယ်။

ဘိုးဘေးထျန်ရွှီ အသက်ရှင်နိုင်တာက ဟန်ကျွယ် မသတ်လို့ပါ။ ဘိုးဘေးထျန်ရွှီက စွမ်းအားကြီးနေလို့ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “မင်း အခု တိုက်လို့ရပြီ”

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ တိတ်ဆိတ်သွားပါတယ်။

ပဋိပက္ခတစ်ခုလုံးလည်း တိတ်ဆိတ်သွားပါတယ်။

တာအိုမိစ္ဆာတွေ ပျောက်ကွယ်သွားတာနဲ့ လူတိုင်းကို ချောက်ချားစေတဲ့ ဖိအားလည်း ကွယ်ပျောက်သွားပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က တာအိုမိစ္ဆာတွေက ဒီလောက်လွယ်လွယ် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။

‘ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဘာဆက်လုပ်မှာလဲ’

“ကောင်းတယ်... ဒါပေမဲ့ ငါ မင်းကို အမြင့်ကြီး မတွေးဘူး၊ တာအိုမိစ္ဆာတွေက မင်းအတွက် ပြင်ဆင်ထားတာ မဟုတ်ဘူး၊ ‌ကောင်းကင်တာအိုအတွက် ပြင်ဆင်ထားတာ၊ ပဋိပက္ခအထက်က စွမ်းအားက ဘာလဲဆိုတာကို ငါ မင်းကို ပြပေးမယ်”

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ကြောက်မက်ဖွယ်ရောင်ဝါဟာ ဆက်တိုးလာပါတယ်။ အာကာအလွှာတွေလည်း ကွဲကြေပြီး နက်ရှိုင်းတဲ့ အာကာသ ပေါ်လာပါတယ်။ တိုက်ပွဲကို ကြည့်နေတဲ့ သက်ရှိတွေဟာ လန့်ဖျပ်သွားပြီး သူတို့ရဲ့ ဓမ္မစွမ်းအားတွေကို ထုတ်ကာ အာကာသစွမ်းအားရဲ့ ဖျက်ဆီးမှုရန်ကနေ ကာကွယ်ကြပါတယ်။

ဟန်ဟွမ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကြည့်ပြီး စိတ်ထဲမှာ တုန်လှုပ်သွားပါတယ် ‘ပဋိပက္ခကို ဖိနှိပ်တဲ့ စွမ်းအား... ဒီလောက်တောင် စွမ်းအားကြီးတာလား...’

ဒါက ဟန်ဟွမ် ခံစားဖူးသမျှ ရောင်ဝါတွေထဲမှာ အားအကောင်းဆုံး ရောင်ဝါပါ။ ဟန်ဟွမ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရှေ့မှာ သေမျိုးတစ်ယောက်လိုမျိုး အားနည်းတယ်လို့ ခံစားလိုက်ရပါတယ်။ နည်းနည်းလေးတောင် မခုခံနိုင်လောက်အောင်ကို အားမရှိတာပါ။

ဟန်ဟွမ် အတတ်နိုင်ဆုံး တိုက်ခိုက်ချင်စိတ် ပေါ်လာအောင် ကြိုးစားပေမဲ့ လှုပ်ရှားလို့မရတဲ့အထိ ဖိနှိပ်ခံထားရတုန်းပါ။ ကျင့်ကြံမှုချင်းက ကွာခြားလွန်းလှပါတယ်။ အရည်အချင်းတောင် ဖိနှိပ်ခံလိုက်ရပါတယ်။

ဒီနေရာမှာ ရှိနေတဲ့ သက်ရှိတွေတင် မဟုတ်ပါဘူး။ ပဋိပက္ခမှာရှိနေတဲ့ သက်ရှိအားလုံး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ကြောက်မက်ဖွယ်ရောင်ဝါကို အာရုံခံနိုင်ကြပါတယ်။

ကောင်းကင်တာအို။

တာအိုပညာရှိတွေဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် တိုက်ခိုက်တယ်ထင်ပြီး စကြဝဠာခန်းမမှာ စုဝေးကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တု လက်ဝှေ့ယမ်းလိုက်တဲ့အခါ ခန်းမထဲမှာ သလင်းကျောက်ဆောင်ခဲ တစ်ခဲ ပေါ်လာပါတယ်။ အဲဒီနောက် သလင်းကျောက်ဆောင်ခဲဟာ ကျယ်ပြန့်သွားပြီး ပန်ရှင်းရှေ့က မြင်ကွင်း ပေါ်လာပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ သွားတိုက်တာလား”

“ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ငါတို့ကို ဘာလို့ ကြိုမပြောတာလဲ”

“အဲဒါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ‌ရော ဟုတ်ရဲ့လား... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုထဲမှာ အမြဲတမ်း နေနေတာ မဟုတ်ဘူးလား”

“ဟုတ်တယ်... အရင်တုန်းက မဟောရှေးဟောင်းနယ်မြေကို သွားတာတောင် ကိုယ်ပွားပဲ လွှတ်လိုက်တာ၊ ဘာဖြစ်လို့ ဒီတစ်ခါကျမှ...”

တာအိုပညာရှိတွေဟာ အချင်းချင်း ဆွေးနွေးကြပါတယ်။ သူတို့အားလုံး ဟန်ကျွယ်အတွက် စိုးရိမ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က စွမ်းအားကြီးလွန်းလို့ပါ။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ရောင်ဝါက တာအိုပညာရှိတွေကို အရမ်းသေးငယ်တယ်လို့ ခံစားရစေပြီး လွတ်လပ် တာအိုပညာရှိတွေကို တုန်လှုပ်ချောက်ချားစေပါတယ်။

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ကို အထင်သေးစွာ ငုံ့ကြည့်လိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... နတ်အခွင့်အာဏာ စွမ်းအားကို အရင်ဆုံး မြည်းကြည့်ပါဦး”

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တဲ့အါ ပဋိပက္ခအထက်မှာရှိတဲ့ အထွတ်အထိပ်နိယာမ ခုနစ်ပါးထဲက တစ်ပါးဟာ အလင်းစွမ်းအား ထုတ်လွှတ်ပြီး အောက်ကို ထိုးကျလာပါတယ်။

မျက်တောင်တစ်ခတ်အတွင်း ရှေးပျက်သုန်းနယ်မြေရဲ့ စုတ်ပြဲနေတဲ့ အာကာသမှာ ဧရာမတွင်းကြီး ပေါ်လာပါတယ်။ အဲဒီနောက် မြင့်မြတ် ခမ်းနားထည်ဝါလှတဲ့ အလင်းတိုင်ဟာ ဟန်ကျွယ်ကို ပစ်မှတ်ထားပြီး ဆင်းသက်လာပါတယ်။

ဟန်ကျွယ်ဟာ လက်မြှောက်ပြီး လက်ဝါးနဲ့ ပြန်ရိုက်ထုတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ လက်ဝါးက ဘာအလင်းရောင်မှ ပေါ်မလာပေမဲ့ တစ်ခါတည်း အလင်းတိုင်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။

တန်ခိုးကြီးမား မဟာလက်ဝါး။

ဘယ်သူမှ ဟန်ကျွယ်ရဲ့ အန္တိမမူလစွမ်းအားကို မမြင်နိုင်ကြပါဘူး။ ဒါပေမဲ့ အလင်းတိုင် လွင့်ပါး ပျောက်ကွယ်သွားတာကို ကြည့်ရုံနဲ့ ဟန်ကျွယ်ရဲ့ စွမ်းအား ဘယ်လောက်ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။ ဘယ်စွမ်းအားမဆို သူ့ရှေ့မှာ ပျောက်ကွယ်ရုံကလွဲပြီး ဘာမှမလုပ်နိုင်သလိုပါပဲ။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဆီ ရောက်သွားပါတယ် “အာညောင်းတယ်... မင်းနဲ့ စကားအပို ပြောမနေတော့ဘူး၊ မင်းအသက် ငါ့ကို ပေးတော့...”

ဟန်ကျွယ်ရဲ့အသံက ညင်သာလှပေမဲ့ သတ်ဖြတ်ငွေ့တွေ ပြည့်နေပါတယ်။ ကြားရတဲ့လူ ဘယ်သူကိုမဆို ရေခဲတောင်ထဲ ရောက်သွားသလို ခံစားရစေပါတယ်။

ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ရုတ်ခြည်း ပျောက်ကွယ်ပြီး အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲ ‌ရောက်သွားပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ လန့်ဖျပ်ပြီး ချက်ချင်း ရုန်းကန်ပါတယ်။

“ဒါ ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ”

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ အံဩတကြီး ဖြစ်သွားပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဆန်းကြယ်စွမ်းအားတွေ ဆက်တိုက် ထုတ်သုံးပြီး ခုန်ထွက်ဖို့ ကြိုးစားပေမဲ့ မမြင်နိုင်တဲ့ အင်အားတစ်ခုက သူ့ရုပ်နာမ်နှစ်ပါးကို အသေဆွဲယူထားပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းအသာစောင်းပြီး အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲမှာ ပိတ်မိနေတဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တစ်ချက် လှမ်းကြည့်လိုက်ပါတယ်။

“ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်... ငါ မင်းနဲ့ ရန်သူ မဖြစ်ချင်ဘူး၊ ဒါပေမဲ့ မင်းက ငါ့ကောင်းကင်တာအိုကို ဖျက်ဆီးချင်တယ်၊ မတရားမှုတိုင်းမှာ မတရားလုပ်တဲ့လူ ရှိတာ သဘာဝပဲ၊ မင်းက တာအိုဘိုးဘေးကိုကျတော့ ကလဲ့စားသွားမချေဘဲနဲ့ ဘာဖြစ်လို့ မဆိုင်တဲ့လူကို ဒုက္ခပေးချင်ရတာလဲ၊ မင်းက ကောင်းကင်တာအိုကို ကလဲ့စားချေချင်လို့ အကြောင်းပြပြီး ပဋိပက္ခကို စိုးမိုးဖို့ ကြိုးစားနေတာပဲ”

“မင်းက ခေတ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ပြီးမှ ဒီကျင့်ကြံမှုအဆင့်ကို ရောက်လာနိုင်ခဲ့တာ၊ ဘာဖြစ်လို့ ငါ့ကို တွန်းအားပေးရတာလဲ”

“ငါ မင်းရဲ့ မုန်းတီးမှုကို ခံစားမိတယ်၊ အဲဒီတော့ မင်းသေဖို့ အချိန်ကျပြီ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters