အန္တိမမူလ နဲ့ အထွတ်အထိပ် စွမ်းအား
Vol. 89 Ch. 934
ဟန်ကျွယ်နဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် အထွတ်အထိပ်နိယာမအောက် ရောက်ရှိသွားတဲ့အခါ တိုက်ပွဲကို ကြည့်နေတဲ့ သက်ရှိတွေဟာ ဟန်ကျွယ်နဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ရောင်ဝါကို မဖမ်းမိတော့ပါဘူး။ ဒါကြောင့် သူတို့တွေဟာ စောင့်ရုံပဲ တတ်နိုင်ပါတော့တယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အပေါ်ကို မျက်လုံးကျဉ်းပြီး ကြည့်လိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ် ဘာတွေးနေတယ်ဆိုတာကို မိစ္ဆာ ကောင်းကင်ဧကရာဇ် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ဟန်ဟွမ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီ ပျံသန်းသွားပြီး အလောသုံးဆယ် မေးလိုက်ပါတယ် “အရှင်မင်းကြီး... ကျွန်တော် အဖေ ဘယ်ရောက်သွားတာလဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာဟာ ချက်ချင်း ညင်သာသွားပါတယ် “မင်းရဲ့ ကျင့်ကြံမှုက ငါ့ထက် ကျော်နေပြီ၊ မင်းတောင် မမြင်နိုင်တာ ငါက ဘယ်လိုလုပ်ပြီး မြင်နိုင်မှာလဲ၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ မင်းအဖေက ထွက်လာရဲမှတော့ ယုံကြည်ချက်အပြည့်ရှိလို့ပဲ”
ဟန်ဟွမ်ဟာ မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ အပြုံးကို ကြည့်ပြီး စိတ်သက်သာရာ ရသွားပါတယ်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်တာအို စကြဝဠာခန်းမထဲက တာအိုပညာရှိတွေဟာ စိုးရိမ်သွားကြပါတယ်။ သူတို့တွေတင် မဟုတ်ပါဘူး။ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ တာအိုစက်ကွင်းထဲက ဒီတိုက်ပွဲကို ကြည့်နေတဲ့ ဒဏ်ခတ်သမားငါးဖော်လည်း ပါပါတယ်။
“ငါ့မွေးစားအဖေ ပျောက်သွားပြီ” ယီတျန်က အံဩတကြီး ပြောလိုက်ပါတယ်။ ယီတျန်ဟာ တာအိုပညာရှိအာရုံနဲ့ ပဋိပက္ခကို လှန်လှောရှာဖွေပေမဲ့ ဟန်ကျွယ်ရဲ့ ရောင်ဝါကို လုံးဝ အာရုံမခံမိပါဘူး။
ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်စိတ် ဝင်သွားပါတယ်။
ဟန်ကျွယ်နဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ တိုက်ပွဲဟာ ပဋိပက္ခထဲမှာရှိတဲ့ ကျင့်ကြံသူပေါင်းများစွာရဲ့ နှလုံးသားကို တိုက်ရိုက် သက်ရောက်ပါတယ်။ ဒီတိုက်ပွဲက အတော်လေး အရေးကြီးပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနိုင်ရင် ပဋိပက္ခရဲ့ အခြေအနေက ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် နိုင်သွားရင်တော့ အနာဂတ်မှာ ခန့်မှန်းမရအောင် ဒုက္ခခံရမှာပါ။
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို သတ်ပြီးနောက် ပဋိပက္ခမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူက ပဋိပက္ခကို မစုစည်းခဲ့ပါဘူး။ ဒါပေမဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကိုတော့ မတူပါဘူး။ သက်ရှိတွေက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်မှာ ဘယ်လိုစိတ်ထားရှိလဲ မသိပေမဲ့ ရှေးပျက်သုန်းနယ်မြေက နေရာကောင်းတစ်ခု မဟုတ်ဘူးဆိုတာကိုတော့ သိထားကြပါတယ်။
အထွတ်အထိပ် နိယာမခုနစ်ပါးဟာ အမျက်ချောင်းချောင်းထွက်နေတဲ့ နဂါးခုနစ်ကောင်လို လူးလွန့်တဲ့အတွက် မဟာတာအိုသုံးထောင်ကို ဂယက်ထသွားစေပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ အထွတ်အထိပ် နိယာမတွေကို မော့ကြည့်လိုက်ပါတယ်။ ရောင်ခြည်ခုနစ်ပါး အလင်းရောင်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ မျက်နှာကို လာဟပ်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို လှည့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ မျက်နှာက အတော်လေး တည်ငြိမ်နေတာကို တွေ့လိုက်ရတဲ့အတွက် မနေနိုင်ဘဲ မေးလိုက်ပါတယ် “မင်း ဘာလို့ မတိုက်ခိုက်တာလဲ”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အထွတ်အထိပ် နိယာမ ပါဝင်နေတော့ ငါ အလျင်စလို မလှုပ်ရှားရဲဘူး”
‘တစ်ခုခုဖြစ်ရင် မင်းတို့နှစ်ယောက် ဝင်ခံရလိမ့်မယ်’
အန္တိမဒဏ်ခတ်နတ်မင်းက ဆက်မေးပါတယ် “မင်း ဘာလို့ ထွက်မပြေးတာလဲ၊ အထွတ်အထိပ် နိယာမ ဆုပ်ကိုင်နိုင်သွားတဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို မင်းက အနိုင်ယူမယ်လို့ ထင်နေတာလား”
“ငါက ဘယ်ကို ထွက်ပြေးရမှာလဲ၊ မင်းတို့တွေက ကောင်းကင်တာအိုကို မကြာခင်လာမှာပဲဟာကို... ငါ အခုထိမှ မရှုံးသေးတာ၊ ငါ ဆက်ပြီးတော့ တိုက်ခိုက်နိုင်သေးတယ်”
ဟန်ကျွယ်ဟာ အပျင်းပြေ လေ့ကျင့်နေသလိုမျိုး သာမန်ကာလျှံကာ ပြန်ပြောလိုက်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ဟန်ကျွယ်နောက်မှာ ပေါလောမျောပြီး လိုက်ပါနေတုန်းပါ။ ဟန်ကျွယ်ဟာ ပါရမီရှင်တစ်သန်းကျော်ရဲ့ ဝိညာဉ်တွေကိုလည်း ထိန်းချုပ် သိမ်းဆည်းပြီးပါပြီ။ တိုက်ပွဲပြီးရင် ဟန်ကျွယ်ဟာ ပါရမီရှင်တစ်သန်းကျော်ကို ပြန်လွှတ်ပေးမှာပါ။
အန္တိမဒဏ်ခတ်နတ်မင်းဟာ တိတ်ဆိတ်သွားပါတယ်။ ဘာပြောရမှန်းလည်း မသိတော့ပါဘူး။ အန္တိမဒဏ်ခတ်နတ်မင်းဟာ တော်တော်လေး ရှက်သွားပြီး ဟန်ကျွယ်အပေါ် အပြစ်နည်းနည်း ရှိသလို ခံစားနေရပါတယ်။ ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းဟာ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ဖြစ်တာ အချိန်တစ်ခု ရှိသွားပြီ ဖြစ်တဲ့အတွက် မြင့်မားတဲ့ တည်ရှိမှုတွေကို ခံစားမိလာပါတယ်။ အဲဒီတည်ရှိမှုတွေက ပဋိပက္ခနိယာမတွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေပြီး သူက ရုပ်သေးရုပ်ဆိုတာကို အန္တိမဒဏ်ခတ်နတ်မင်း သိရှိလာခဲ့ပါတယ်။ ဒါကြောင့် အန္တိမဒဏ်ခတ်နတ်မင်းဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို မှီခိုပြီး နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်စစ်စစ် ဖြစ်ကာ စည်းမျဉ်းတွေကို ချမှတ်ချင်ပါတယ်။
“တောင်းပန်ပါတယ်... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... တစ်နေ့ကျရင် ငါ့ရဲ့ အခက်အခဲကို မင်း နားလည်လာမှာပါ၊ မဟုတ်ဘူး.. မင်းမှာ အဲဒီနေ့ ရှိလာမှာ မဟုတ်ဘူး... ဟင်း...” အန္တိမဒဏ်ခတ်နတ်မင်းဟာ သက်ပြင်းချလိုက်ပါတယ်။
ဒီအချိန်မှာပဲ....
အထွတ်အထိပ်နိယာမ ခုနစ်ပါးထဲက တစ်ပါးဟာ ရုတ်တရက်ဆိုသလို လူသားအသွင် ဖြစ်တည်လာပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဖြည်းညင်းစွာ ဆင်းသက်ပြီး တခြားအထွတ်အထိပ် နိယာမ ခြောက်ပါးနားကနေ ခွာလိုက်ပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အဖြူရောင်အလင်း ဖြစ်နေပြီး အေးစက်တဲ့ မျက်လုံးတစ်စုံနဲ့ ဟန်ကျွယ်ကို ငုံ့ကြည့်လိုက်ပါတယ်။
“နတ်အခွင့်အာဏာရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ပေတော့”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ အလွန်လျင်မြန်တဲ့အရှိန်နဲ့ အောက်ကို ပြုတ်ကျလာပါတယ်။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်က ဟန်ကျွယ်ကို ကာကွယ်ထားတုန်းပါ။ ဒါပေမဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ဝင်တိုက်မှုကြောင့် လွင့်စဉ်ပြီး မျက်တောင်တစ်ခတ်အတွင်း ရှေးပျက်သုန်းနယ်မြေဆီ ပြန်ရောက်သွားပါတယ်။
သူတို့တွေရဲ့ ကြောက်မက်ဖွယ်ရောင်ဝါဟာ ပဋိပက္ခဆီ ပြန်ဆင်းသက်လာတဲ့အတွက် သက်ရှိအားလုံးကို တုန်လှုပ် ချောက်ချားသွားစေပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဒီလောက်ထိ စွမ်းအားကြီးလာလိမ့်မယ်လို့ ထင်မထားခဲ့လို့ပါပဲ။
မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ ခြေထောက်ဟာ မြေတစ်ခုဆီ ရောက်သွားပါတယ်။ ဒီမြေက အလွန်တရာမှ မာကျောပါတယ်။ ဒီနေရာက တခြားမဟုတ်ပါဘူး။ ပဋိပက္ခရဲ့ အောက်ခြေပါ။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်က ကွဲကြေသွားတဲ့အတွက် ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ ရှောင်တိမ်းလိုက်ရပါတယ်။
“ဟားဟား... မင်းရဲ့ ဆန်းကြယ်စွမ်းအားက ဘာမှလည်း မဟုတ်ပါလား” ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ လေထဲမှာရပ်ပြီး အရူးအမူး ရယ်မောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အဝေးတစ်နေရာက တောင်ပေါ်ကျသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ အရိပ်တွေ လျင်မြန်စွာ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားပါတယ်။
ဓမ္မရုပ်တုပေါင်းစပ် ပညာရပ်။
ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “မင်းက စွမ်းအားကြီးတာ အမှန်ပဲ၊ ဒါပေမဲ့ မင်း တန်ပြန်ထိမှာကို မကြောက်ဘူးလား၊ အထွတ်အထိပ် နိယာမကို အသုံးပြုတာက ပဋိပက္ခကို နှောင့်ယှက်ပြီး စိတ်ကူးယဉ်လို့တောင် မရတဲ့ ကံဝန်ကို ထမ်းဆောင်ရလိမ့်မယ်၊ မင်း ငါ့ကို အနိုင်ယူနိုင်ရင်တောင် ပဋိပက္ခကို ဘယ်လိုထိန်းချုပ်မလဲ”
ဟန်ကျွယ်ဟာ အချိန်ဆွဲနေတာပါ။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဘဝင်မြင့်လာပြီး ဟန်ကျွယ်ကို အလေးမထားတော့ပါဘူး။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ လက်မြှောက်ပြီး အားပါးတရ ရယ်မောလိုက်ပါတယ် “ဟားဟား... ငါက ပြိုင်ဘက်ကင်းနေပြီ၊ မင်းမှ ငါ့စွမ်းအားအမှန်ကို မခံစားနိုင်တာ၊ ဒီလောက် စွမ်းအားရှိနေမှတော့ ဘာဖြစ်လို့ ကံရေစက်ကို ကြောက်နေရဦးမှာလဲ၊ ငါက ပဋိပက္ခကို မွေးဖွားစေချင်ရင် ပဋိပက္ခက မွေးဖွားလာလိမ့်မယ်၊ ငါက ပဋိပက္ခကို ပျက်စီးစေချင်ရင် ပဋိပက္ခကို သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မင်းက တော်တော်လေး စွမ်းအားကြီးပါတယ်၊ ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်၊ ဒူးထောက်ပြီး ငါ့ဆီမှာ အညံ့ခံစမ်းပါ”
“အဲဒီအချိန်ကျရင် မင်းက ငါနဲ့ အန္တိမဒဏ်ခတ်နတ်မင်းကလွဲရင် အစွမ်းအထက်ဆုံး နတ်မင်းတစ်ပါး ဖြစ်လာလိမ့်မယ်”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ကို ကစားတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ဘဝင်မြင့်မှုက နည်းနည်းနောနော မဟုတ်ပါဘူး။ ကျိုးကြောင်း တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးတဲ့အထိကို ဘဝင်မြင့်သွားတာပါ။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဒီအချိန်တိုလေးအတွင်းမှာ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်ရဲ့ စွမ်းအားကို ပေါင်းစပ်ပြီးပါပြီ။ ဟန်ကျွယ်ခန္ဓာကိုယ်ထဲမှာ အလွန်တရာ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတစ်ခုကို စုဆောင်းမိပြီးပါပြီ။ ဒါပေမဲ့ အန္တိမမူလ စွမ်းအားရဲ့ တားဆီး နှောင့်ယှက်မှုကြောင့် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဒီစွမ်းအားကို အာရုံမခံမိပါဘူး။
“တောင်းပန်ပါတယ်... ဓမ္မနဲ့ အဓမ္မက အတူမရှိနိုင်ဘူး...၊ မင်းက သက်ရှိအားလုံးအပေါ်မှာ ကရုဏာတရား မရှိမှတော့ ငါ မင်းကို မယုံနိုင်ဘူး၊ သေရမယ်ဆိုရင်တောင် မင်းနဲ့ တိုက်ခိုက်ပြီး ပဋိပက္ခကို ကာကွယ်မယ်”
ဟန်ကျွယ်ဟာ ဓမ္မဘက်က ရပ်တည်ပြီး ငြင်းဆန်လိုက်ပါတယ်။ အဲဒီနောက် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဆီကို တစ်ဟုန်ထိုး ပျံသန်းသွားပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ် “ငါက မဟာတာအို အထွတ်အထိပ် အဆင့်ကို ကျော်လွန်သွားပြီ၊ မင်းက ငါ့ကို ဘာမဟုတ်တာနဲ့ ငြင်းဆန်ရဲတယ်၊ မင်းက ငါရဲ့ စိတ်ရင်းကို စော်ကားတာပဲ၊ ဒီလိုဆိုမှတော့ မင်း သေပေတော့...”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ညာလက်ဝါးကို မြှောက်ပြီး ရိုက်ထုတ်လိုက်ပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဒီလက်ဝါးရိုက်ချက်ထဲ အထွတ်အထိပ် နတ်အခွင့်အာဏာကိုပါ ထည့်လိုက်တာ ဖြစ်တဲ့အတွက် နိယာမ နတ်အလင်းရောင်ဟာ ပဋိပက္ခအောက်ခြေကို နေ့အလား လင်းထိန်သွားစေပါတယ်။ ပဋိပက္ခရဲ့ နေရာတိုင်းက ကောင်းကင်ပြင်ဟာ အထွတ်အထိပ် နိယာမ နတ်အလင်းရောင်တွေနဲ့ လင်းထိန်သွားပါတယ်။
ဟန်ကျွယ်ကလည်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် တိုက်ခိုက်လိုက်တာနဲ့ တစ်ပြိုင်နက်တည်းမှာ သူ့လက်ဝါးကို ဝှေ့ယမ်းလိုက်ပါတယ်။
လောကဦး နတ်ဒေါသ။
တန်ခိုးကြီးမား မဟာလက်ဝါး။
မဟာတာအိုသုံးထောင်ရဲ့ စွမ်းအားဟာ အန္တိမမူလ စွမ်းအားနဲ့ ပေါင်းစပ်ပြီး ဘယ်တုန်းကမှ မရှိခဲ့တဲ့ အဆုံးစွန်စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ ချက်ချင်းဆိုသလို ပဋိပက္ခအထက်မှာ ပြင်းထန်စွာ လှုပ်ခါနေတဲ့ အထွတ်အထိပ် နိယာမ ခြောက်ပါးဟာ ငြိမ်ကျသွားပါတယ်။
ဟန်ကျွယ်ရဲ့ အန္တိမမူလစွမ်းအားဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ အထွတ်အထိပ် စွမ်းအားနဲ့ တိုက်မိပါတယ်။ ပဋိပက္ခအောက်ခြေက မြေပြင်ဟာ ရုတ်ခြည်း ပြိုလဲသွားပါတယ်။ ဒီနေရာမှာရှိတဲ့ တည်ရှိမှုအကုန်လုံး ပြာအတိဖြစ်ကုန်ပြီး ပဋိပက္ခတစ်ခုလုံး တုန်လှုပ်သွားပါတယ်။
တောက်ပတဲ့အလင်းရောင်လည်း ဖြာထွက်လာပါတယ်။ ဒီအချိန်လေးက တဒင်္ဂပဲဆိုပေမဲ့ ပဋိပက္ခဟာ အရောင်မဲ့သွားပါတယ်။
ဟန်ကျွယ်နဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ပျက်စီးယိုယွင်းနေတဲ့ ဟင်းလင်းပြင်မှာ တစ်ယောက်ကို တစ်ယောက် ကျောပြုထားကြပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ခန္ဓာကိုယ်ပေါ်က နတ်အလင်းရောင်တွေဟာ ပြာမှုန့်တွေလို လွင့်ပါး ပျောက်ကွယ်သွားပြီး ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ပင်မခန္ဓာကိုယ်နဲ့ ဝိညာဉ် ပေါ်လာပါတယ်။ သူ့မျက်နှာမှာ မယုံကြည်မှုတွေ ပြည့်နှက်နေပါတယ်။
“မဖြစ်နိုင်ဘူ... မဖြစ်နိုင်ဘူး...” ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ တုန်တုန်ယင်ယင် ရေရွတ်ပြီး ဟန်ကျွယ်ကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရှေ့မှာ ပေါ်လာပြီး အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ပစ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ မရုန်းကန်တော့ပါဘူး။ ရုန်းကန်နိုင်တဲ့ အင်အားလည်း မရှိတော့ပါဘူး။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ကို ကြောက်ရွံ့စွာ စိုက်ကြည့်ပါတယ်။
ဟုတ်ပါတယ်။ ကြောက်ရွံ့မှုပါ။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းနေပြီလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဟန်ကျွယ်ဆီက တိုက်ချက်တစ်ချက်ကိုတောင် မခံနိုင်ခဲ့ပါဘူး။
“မင်း ဘယ်သူလဲ...” ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ တုန်တုန်ယင်ယင် မေးလိုက်ပါတယ်။ တကယ်တော့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ် ဘယ်သူလဲဆိုတာကို အဖြေရှိနေပါပြီ။
‘ငါ ကြောက်ခဲ့ရတဲ့ သာလွန်တည်ရှိမှုတွေက ပဋိပက္ခထဲမှာ ရှိနေတာကိုး... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူတို့ထဲက တစ်ယောက် ဖြစ်ရမယ်’
ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါက ကောင်းကင်တာအိုမှာ ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်နေတဲ့ ပဋိပက္ခ နတ်ဘီလူးတစ်ပါးပဲ၊ မင်းသာ ကောင်းကင်တာအိုကို ချေမှုန်းဖို့သာ မကြိုးစားခဲ့ရင် ငါ လှုပ်ရှားမှာ မဟုတ်ဘူး၊ ကျင့်ကြံတဲ့နေရာမှာ ဘာအရှုပ်အရှင်းတွေ ရှိနေလို့လဲ၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်... မင်းမှာ ပြန်စဖို့ အခွင့်အရေး မရှိတော့ဘူး...”
စကားအဆုံးမှာပဲ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို ဖိခြေပစ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။