သောကမဲ့ အင်မော်တယ်
Vol. 89 Ch. 936
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ၊ ဧရာမအခွင့်အရေးကြီး မရဘူးဆိုရင် သူ့ကို ကျော်လွန်ဖို့က မဖြစ်နိုင်ဘူး”
လျှို့ဝှက်ဆန်းကြယ်အသံဟာ ဝေ့လန်ရှန်မိ နားထဲကို ထပ်ဝင်လာပါတယ်။
ဝေ့လန်ရှန်မိဟာ တစ်စုံတစ်ခုကို အာရုံခံမိတာကြောင့် ရုတ်တရက် လှည့်ကြည့်လိုက်တဲ့အခါ မိုးကုပ်စက်ဝိုင်းကနေ ရုပ်သွင်တစ်သွင် လျှောက်လှမ်းလာတာကို တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင် လမ်းလျှောက်တိုင်း ခြေထောက်အောက်မှာ ကြာပန်းတွေ ဖူးပွင့်လာပြီး ခြေလှမ်းတိုင်းက အေးလူလှပါတယ်။
ဒီရုပ်သွင်က မထင်မရှားအသွင်ရှိပြီး ပုံစံအစစ်အမှန်ကို တွေ့မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် လျှို့ဝှက်ဆန်းကြယ်ကာ သိမ်မွေ့နက်နဲတဲ့ ခံစားချက်ကိုလည်း ပေးနေပါတယ်။
“ခင်ဗျားက ဘယ်သူလဲ၊ ခင်ဗျားရဲ့ နာမည်ကို ပြောပါ” ဝေ့လန်ရှန်မိက မတိုးမကျယ် အော်မေးလိုက်ပါတယ်။ ဝေ့လန်ရှန်မိရဲ့ ရင်ထဲမှာတော့ ဒေါသတွေ လောင်ကျွမ်းလာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရုပ်သွင်က သူနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မတည့်အောင် သွေးခွဲစကားတွေ ပြောလာလို့ပါပဲ။
ဝေ့လန်ရှန်မိဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ပဲ ယှဉ်ပြိုင်ချင်တာပါ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မမုန်းပါဘူး။ ဝေ့လန်ရှန်မိဟာ ကောင်းကင်တာအိုပညာရှိ တစ်ပါး ဖြစ်တဲ့အတွက် ကောင်းကင်တာအိုက လူအချင်းချင်း ပြန်မသတ်ချင်ပါဘူး။
“ငါက ပဋိပက္ခမှာ ခရီးနှင်ပြီး မဟာဖန်တီးမှုကို ရှာဖွေနေတဲ့ သောကမဲ့အင်မော်တယ်ပဲ၊ မင်းအရည်အချင်းက ပဋိပက္ခမှာ ထိပ်တန်းပဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအို ပညာရှိထက်တောင် အရည်အချင်း ပိုရှိတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ ပဋိပက္ခမှာ မဟာဖန်တီးမှုက ၇ မျိုးပဲ ရှိတယ်၊ မင်းတစ်ခုမှ မရရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိထက် ကျော်လွန်နိုင်မှာ မဟုတ်ဘူး”
သောကမဲ့အင်မော်တယ်ရဲ့ မျက်နှာဟာ ပြုံးပျော်နေပြီး လေသံကလည်း အနှိုင်းမဲ့ကာ နက်နဲလွန်းလှပါတယ်။
ဝေ့လန်ရှန်မိဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာခုနစ်မျိုး...”
‘သောကမဲ့ အင်မော်တယ်... ငါ တစ်ခါမှလည်း မကြားမိပါဘူး’
ဝေ့လန်ရှန်မိဟာ သောကမဲ့အင်မော်တယ်ကို စိတ်မဝင်စားပေမဲ့ သောကမဲ့အင်မော်တယ်ရဲ့ စကားကိုတော့ စိတ်ဝင်စားသွားပါတယ်။
“မဟာတာအိုသုံးထောင်ရဲ့ အထက်မှာ အထွတ်အထိပ် နိယာမ ခုနစ်ပါး ရှိတယ်၊ ပြီးခဲ့တဲ့ နတ်အာဏာရှင် စစ်သူကြီးတွေက အထွတ်အထိပ် နိယာမခုနစ်ပါးထဲက တစ်ပါးပဲ၊ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာလို့ ခေါ်တယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အထွတ်အထိပ် နိယာမတစ်ပါးကို အတင်းဝါးမျိုပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ တိုက်ခိုက်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်အတတ်ကိုယ်စူးပြီး ထာဝရ ဖျက်ဆီးခံလိုက်ရတယ်”
သောကအင်မော်တယ်ရဲ့ စကားတွေက ဝေ့လန်ရှန်မိကို အထင်ကြီးသွားစေပါတယ် ‘ဒီလူက မရိုးရှင်းဘူးပဲ... သေချာပေါက် ငါ့ထက် စွမ်းအားကြီးရမယ်... ထွက်ပြေးဖို့ မလွယ်မှတော့ သူ့ဆီက ပဋိပက္ခအကြောင်းတွေကို ဆက်ပြီးတော့ နားထောင်ရမယ်’
ဝေ့လန်ရှန်မိဟာ စိတ်ထဲမှာ ဆုံးဖြတ်လိုက်ပြီးနောက် သောကမဲ့အင်မော်တယ်ကို မေးခွန်းတွေ ဆက်မေးပါတယ်။
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ တိုက်ပွဲက ပဋိပက္ခထဲမှာ ရှည်ကြာတဲ့ ဆွေးနွေးပွဲတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နှစ်တစ်သိန်းကြာတာတောင် သက်ရှိတွေက ဒီတိုက်ပွဲအကြောင်းကို ဆွေးနွေးနေတုန်းပါ။ ဒါပေမဲ့ ဒီတိုက်ပွဲက ဒဏ္ဍာရီတစ်ခု ဖြစ်သွားပါပြီ။ ကျင့်ကြံမှုလမ်းစဉ်ကို စလျှောက်တဲ့ ငယ်လူတိုင်း ဒီလိုဒဏ္ဍာရီတွေကို စကြားကြရပါတယ်။
.....
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းကို အခုထိ ကျွန်ပြုလို့ မပြီးသေးပါဘူး။ ဟန်ကျွယ်လည်း ရွေးချယ်စရာ မရှိတာကြောင့် ပါရမီရှင်တစ်သန်းကျော်ကို ကြိုလွှတ်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက် လွှင့်ပစ်လိုက်ပါတယ်။
ပါရမီရှင်တွေ ပေါ်လာတာက အကြီးအကျယ် အုတ်အော်သောင်းနင်း ဖြစ်သွားစေပါတယ်။ ဒီပါရမီရှင်တွေထဲမှာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ ဟန်ယွီ၊ ချင်လင်းနဲ့ ကောင်းကင်တာအိုက တခြားပါရမီရှင်တွေလည်း ပါဝင်ပါတယ်။
ပါရမီရှင်တွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့ရဲ့ စိတ်ဆန္ဒတွေဟာ ဖရိုဖရဲ ဖြစ်နေခဲ့တဲ့အတွက် ဒီနှစ်တွေ ဘာဖြစ်ခဲ့တယ်ဆိုတာကို သေချာမသိကြဘဲ အိပ်မက်တစ်ခု မက်ခဲ့သလိုမျိုး ခံစားနေကြရပါတယ်။
ဒီအချိန်မှာပဲ စွမ်းအားကြီးရောင်ဝါ များစွာဟာ ကောင်းကင်တာအို ပတ်လည်က ပဋိပက္ခမြို့တွေဆီကနေ ပျံသန်းလာပါတယ်။
“တကယ်ပဲ ပါရမီရှင်တွေပါလား... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ငါတို့ကို မညာဘူးပဲ”
“ဒီနှစ်တွေမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပါရမီရှင်တွေရဲ့ ဒဏ်ရာဝှက်တွေကို ရှင်းလင်းနေတာ ဖြစ်ရမယ်”
“ဟုတ်တယ်၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အရမ်းကို ရက်စက်ယုတ်မာတာဆိုတော့ သူ့အတွက် အရံအစီအစဉ်တစ်ခု ချန်ထားခဲ့မှာ ကျိန်းသေတယ်”
“ငါတို့တွေ ဒီကိစ္စကို နောက်မှ မေးတာ ပိုကောင်းမယ် ထင်တယ်”
“ငါ့သား... မင်း အသက်ရှင်နေသေးတာပဲ”
ဟင်းလင်းပြင်ဟာ အချိန်တစ်ခုအတွင်း စည်စည်ကားကား ဖြစ်သွားပါတယ်။
ကောင်းကင်တာအိုပညာရှိတွေလည်း အပြေးရောက်လာပြီး ဟန်ယွီနဲ့ တခြားလူတွေကို ကြိုဆိုကြပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် သေသွားပြီဆိုတာကို သိလိုက်ရတဲ့အတွက် တာအိုအရှင်သခင်နဲ့ တခြားလူတွေဟာ အလွန်တရာမှ စိတ်လှုပ်ရှားသွားကြပါတယ်။
“ဟားဟား... ငါ့ဆရာသခင်လို့ မပြောရဘူး” ကျောက်ရွှမ်ယွမ်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်တဲ့အတွက် ဘေးနားဝန်းကျင်က လေးစားတဲ့ အကြည့်တွေကို ဆွဲဆောင်မိသွားပါတယ်။
‘ဒါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တပည့်လား...’
ဘာပဲဖြစ်ဖြစ် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပါရမီရှင်တစ်သန်းကျော်ရဲ့ ကယ်တင်ရှင်ပါ။ သူ့ဩဇာက ပဋိပက္ခမှာ ပြိုင်ဘက်ကင်းနေပါပြီ။
ဘာမှ ထည့်မပြောရင်တောင် ကောင်းကင်တာအိုက ဒီနှစ်တစ်သိန်းကျော်အတွင်းမှာ ကမ္ဘာပေါင်းများစွာရဲ့ လေးစားမှုကို လက်ခံရရှိခဲ့ပါတယ်။ အခုဆိုရင် ကောင်းကင်တာအို လက်အောက်မှာ ကမ္ဘာပေါင်းတစ်ထောင်ကျော် ရှိသွားပြီး စန့်ချွမ်အဂ္ဂကမ္ဘာကို တစ်ခါတည်း ကျော်တက်သွားပါတယ်။
ပဋိပက္ခထဲက အင်အားစုတွေဟာ တစ်စုပြီးတစ်စု ကောင်းကင်တာအိုကို မျက်နှာသာပေးလာကြပါတယ်။ အနည်းဆုံး ဘယ်အင်အားစုမဆို စိတ်ရင်းကောင်း ပြသတာချည်းပါပဲ။ အဲဒါကြောင့် စန့်ချွမ်အဂ္ဂကမ္ဘာဟာ သီးခြားဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို အပြင်ဘက်က အခြေအနေကို တစ်ချက်ပဲ ကြည့်လိုက်ပါတယ်။ ဓားရူးတာအိုပညာရှိ ရှိနေတာကြောင့် အခြေအနေတွေက ဇောက်ထိုးမှောက်ခုံ ဖြစ်မသွားနိုင်ပါဘူး။ လက်ရှိ ပဋိပက္ခထဲမှာလည်း ကောင်းကင်တာအိုကို ရန်စရဲတဲ့လူ မရှိပါဘူး။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ထက် စွမ်းအားကြီးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတဲ့ လူတွေက လွဲရင်ပေါ့။
ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံရင်း အန္တိမဒဏ်ခတ်နတ်မင်း ကျွန်ပြုပြီးတဲ့အချိန်ကို စောင့်ဆိုင်းပါတယ်။
နှစ်သုံးသိန်း ကြာပြီးနောက်...
[လောကဦး ကောင်းကင်ထောင်သည် အကျဉ်းသားကို အောင်မြင်စွာ ကျွန်ပြုပြီးပါပြီ။]
[အန္တိမဒဏ်ခတ်နတ်မင်းသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ဘေးနားက အန္တိမဒဏ်ခတ်နတ်မင်းကို ကြည့်လိုက်ပါတယ်။ ကျွန်ပြုတာ အောင်မြင်ပြီးတဲ့နောက် အန္တိမဒဏ်ခတ်နတ်မင်းဟာ သတိပြန်ရသွားပါတယ်။ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်လို့ မပြောရပါဘူး။ ကျွန်ပြုဖို့ နှစ်လေးသိန်းကျော် ကြာပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ မတ်တတ်ရပ်ပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ် “သခင်ကို ဂါရဝ ပြုပါတယ်”
နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က ဟန်ကျွယ်ရှေ့မှာ လေးနက်တဲ့ မျက်နှာထားနဲ့ ဒူးထောက်နေတာပါ။ သူ့လေသံကလည်း တလေးတစား ရှိလှပါတယ်။
“ဒီနေ့ကစပြီး မင်း နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင် ဆက်လုပ်ချည်၊ ပြီးရင် မင်းရဲ့ အရင် အစီအစဉ် အတိုင်းပဲ ဆက်လုပ်၊ ငါတို့ကြားက ဆက်ဆံရေးကို ဘယ်သူမှ မသိစေနဲ့၊ ငါပြောတာ နားလည်လား” ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ရိုသေလေးစားလွန်းတဲ့ မျက်နှာကို ကြည့်ပြီး နည်းနည်း ပျင်းသွားပါတယ်။ ပြိုင်ဘက်ကင်းခြင်းရဲ့ အထီးကျန်မှုကိုလည်း ခံစားလိုက်ရပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ရဲ့ အမိန့်ကို ချက်ချင်း လက်ခံပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး လက်ဝှေ့ယမ်းကာ အပြင်ဘက် ပို့လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက တော်တော်လေး သဟဇာတ ဖြစ်နေပါတယ်။ ကြီးကြီးမားမား တိုက်ခိုက်မှုတွေလည်း မရှိပါဘူး။ ဒါကို ကြည့်ပြီး ဟန်ကျွယ်ဟာ ဝမ်းသာသွားပါတယ်။
စာစောင်တွေကို ဖတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ သွားပြီး ဟန်ချင်းအာနဲ့ ဟန်ဟွမ်ကို ခေါ်လိုက်ပါတယ်။
တာအိုဘုံကျောင်းထဲ ဝင်လာပြီးနောက် ဟန်ဟွမ်နဲ့ ဟန်ချင်းအာဟာ ဟန်ကျွယ်ရှေ့မှာ စိတ်လှုပ်တရှား ဒူးထောက်လိုက်ပါတယ်။
ဟန်ကျွယ်က ပြုံးလိုက်ပါတယ် “သားနဲ့ သမီးလည်း အရွယ်ရောက်လာပြီ၊ နောက်ကျလို့ အပြင်ထွက်ချင်တယ်ဆိုရင် ဖေဖေ မတားတော့ဘူး”
အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ဂရုစိုက်မှု ရှိနေမှတော့ ဟန်ကျွယ်ဟာ ဟန်ဟွမ်နဲ့ ဟန်ချင်းအားကို စိတ်မပူတော့ပါဘူး။
“တကယ်လား”
“ဖေဖေ အသိဉာဏ် လင်းလက်သွားတာလား”
ဟန်ဟွမ်နဲ့ ဟန်ချင်းအာဟာ တစ်ပြိုင်နက်တည်း မေးလိုက်ပါတယ်။ ဟန်ချင်းအာရဲ့ အသိဉာဏ် လင်းလက်သွားတာလားဆိုတဲ့ မေးခွန်းကြောင့် ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ်။
‘ဒီကောင်မလေး ဘာပြောပြန်ပြီလဲ’
ဟန်ချင်းအာဟာ သူစကားမှားသွားမှန်း သိလိုက်တဲ့အတွက် ချက်ချင်း ပြန်ပြင်လိုက်ပါတယ် “သမီးဆိုလိုချင်တာက ဖေဖေ ဘာဖြစ်လို့ သမီးတို့ကို အပြင်ထွက်ခွင့်ပေးရတာလဲလို့ မေးချင်တာပါ”
“ဟီးဟီး... လက်ရှိ ပဋိပက္ခထဲမှာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကလွဲရင် ဘယ်သူက ငါတို့အဖေကို ယှဉ်နိုင်မှာလဲ”
ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပါတယ် “မင်း ပဋိပက္ခမှာ လျှောက်သွားရင် မောက်မာပြီး ဘယ်သူ့ကိုမှ အထင်မသေးနဲ့၊ ဖေဖေ ပြောတာ နားလည်လား”
“သား နားလည်ပါတယ်”
“သမီး နားလည်ပါတယ်”
ဟန်ဟွမ်နဲ့ ဟန်ချင်းအာဟာ တညီတညွတ်တည်း ပြန်ဖြေပါတယ်။ အဲဒီနေ့မှာပဲ ဟန်ဟွမ်နဲ့ ဟန်ချင်းအာဟာ သူတို့အမေတွေကို နှုတ်ဆက်ပြီး တာအိုစက်ကွင်းအပြင်ကို ထွက်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ ပထမဆုံး ကျန်းကျွယ်ရှီနဲ့ လျူပေ့ကို သွားရှာပါတယ်။
ကျန်းကျွယ်ရှီဟာ သူ့ရဲ့ ဆရာတူမောင်နှမနှစ်ယောက်ကို ကြည့်ပြီး ကြင်ကြင်နာနာ ပြုံးလိုက်ပါတယ် “မင်းတို့တွေ ဘယ်သွားချင်လဲ၊ တကယ်တော့ ပဋိပက္ခက အဲဒီလောက်ကြီး ပျော်စရာကောင်းတာ မဟုတ်ဘူး”
ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ကျွန်တော် မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို သွားရှာမယ်၊ ကျွန်တော် အပြင်ထွက်ရင် သူ့ဆီ အရင်ဆုံး လာခဲ့မယ်လို့ ကတိပေးထားတယ်”
ဟန်ချင်းအာဟာ ပခုံးတွန့်ပြီး လက်ဖြန့်လိုက်ပါတယ် “ကျွန်မကတော့ အစ်ကိုနှစ်နောက် လိုက်မှာ၊ မဟုတ်ရင် သူများ အနိုင်ကျင့်တာကို ခံရလိမ့်မယ်”
ဟန်ဟွမ်ရဲ့ ကျင့်ကြံမှုနဲ့ မဟာတာအိုပညာရှိချုပ်ကို မထိဘူးဆိုရင် ဒဏ်ရာရဖို့တောင် မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ပဋိပက္ခမှာက မဟာတာအိုပညာရှိ အများစုတောင် မဟာတာအိုပညာရှိချုပ် ရှိနေတာကို မသိကြပါဘူး။ သူတို့က သူတို့ထက် စွမ်းအားကြီးတဲ့လူတွေ ရှိနေမှန်းပဲ သိကြတာပါ။
“အစ်ကိုကျန်း... အတူသွားကြရအောင်”
“အစ်ကိုကျန်းရဲ့ အရည်အချင်းကလည်း တော်တော်လေး ထက်မြက်တာပဲ၊ ကျွန်တော် မဟာတာအိုပညာရှိ အများကြီးနဲ့ ဒဏ်ခတ်သမားငါးဖော်ကို မြင်ဖူးတယ်၊ သူတို့က အစ်ကိုကျန်းကို မမီဘူး၊ ဒီလောက် အရည်အချင်း ထက်မြက်နေတာကို ဘာဖြစ်လို့ ဒီနေရာမှာ ဂူအောင်းကျင့်ကြံနေရတာလဲ၊ ကျွန်တော်တို့တွေ အတူပူးပေါင်းရင် ပဋိပက္ခကို အုပ်စိုးနိုင်မှာ ကျိန်းသေတယ်၊ ဖေဖေကလွဲရင် ကျွန်တော်တို့ကို ဘယ်သူက ယှဉ်နိုင်မှာလဲ၊ ဖေဖေ ပြောတာတော့ ပဋိပက္ခအစည်းအဝေးက ကျင်းပဦးမှာတဲ့၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့တွေ ပဋိပက္ခအစည်းအဝေးမှာ တွေ့ကြမယ်”
“အနှိုင်းမဲ့ပါရမီရှင်နေရာက ကျွန်တော်နဲ့ အစ်ကိုကျန်းထဲက တစ်ယောက်ပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။