အစည်းအဝေး
Vol. 90 Ch. 944
“ဂိုဏ်းချုပ်... ကျွန်တော် နောက်ကျရင် ကောင်းကင်တာအိုထဲမှာ နေဖို့ စီစဉ်ထားတယ်၊ ပဋိပက္ခက စိတ်လှုပ်ရှားဖို့ ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ ကျွန်တော် ဧရာမအခွင့်အရေးကြီး ရထားပြီးပြီဆိုတော ထပ်ပြီးတော့ မစွန့်စားချင်တော့ဘူး” ဝေ့လန်ရှန်မိက ယုံကြည်ချက်အပြည့်နဲ့ ပြုံးလိုက်ပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ် “မင်း ပြန်လာတာ ကောင်းတယ်၊ ပဋိပက္ခအစည်းအဝေး ကျင်းပဖို့ကလည်း နှစ်ငါးသန်းကျော် လိုသေးတာဆိုတော့ ဒီအတောအတွင်း ကျင့်ကြံအားထုတ်လို့ရတယ်၊ ကောင်းကင်တာအိုအတွက်ရော မင်းအတွက်ရော အနှိုင်းမဲ့ပါရမီရှင်နေရာကို မင်း အရယူရလိမ့်မယ်”
ဝေ့လန်ရှန်မိက ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “ဟုတ်ကဲ့ပါ”
တာအိုပညာရှိနှစ်ပါးဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ရယ်မောလိုက်ကြပါတယ်။ အဲဒီနောက် ဝေ့လန်ရှန်မိက သိချင်တာကို မေးမြန်းပါတယ် “ကောင်းကင်တာအိုမှာ ဒီအတောအတွင်း တစ်ခုခုဖြစ်သေးလား၊ ကောင်းကင်တာအို ကံတရား အထောက်အပံ့ မရှိတဲ့ လွတ်လပ်တာအိုပညာရှိတွေကို ကျွန်တော် အာရုံခံမိတယ်”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းမှာ အစည်းအဝေးရှိလို့ တပည့်တွေ ပြန်လာကြတာ၊ တိတ်ဆိတ်ဂိုဏ်းက ပဋိပက္ခအနှံ့ ပျံ့နှံ့နေတာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့၊ ဒုတိယနဲ့ တတိယမျိုးဆက် တပည့်တွေ မပြောနဲ့ စတုတ္ထ၊ ပဥ္စမနဲ့ ဆဋ္ဌမမျိုးဆက် တပည့်တွေတောင် ပဋိပက္ခထဲမှာ အကျိုးဆောင်နေကြပြီ၊ ဒီလိုဆိုမှတော့ ဒီအစည်းအဝေးက ဘယ်လိုလုပ်ပြီး မကြီးကျယ်ဘဲနေမလဲ”
ဝေ့လန်ရှန်မိဟာ စိတ်ဝင်စားသွားပါတယ် “ကျွန်တော် တက်လို့ရမလား၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း တိတ်ဆိတ်ဂိုဏ်းကို အတော်လေး စိတ်ဝင်စားတယ်”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ကောင်းကင်တာအို ဒီအတောအတွင်း စည်ကားမှာ ကျိန်းသေတယ်၊ မင်း ဆန္ဒရှိရင် တိတ်ဆိတ်ဂိုဏ်းတပည့်တွေနဲ့ သွားတွေ့လို့ရတယ်၊ ဒါပေမဲ့ မင်းက တိတ်ဆိတ်ဂိုဏ်းသား မဟုတ်တော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ဝင်လို့ရမှာ မဟုတ်ဘူး”
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဘယ်သူမှ အလေးမထားဘဲ မနေရဲပါဘူး။ အထူးသဖြင့် ကောင်းကင်တာအိုပညာရှိ အသိုင်းအဝိုင်းထဲမှာပေါ့။
တာအိုပညာရှိတွေဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ စုဝေးမှုနဲ့ ပတ်သက်ပြီး သိချင်စိတ်ပဲ ရှိပါတယ်။ ထိတ်လန့်မှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိသာ အာဏာသိမ်းချင်တယ်ဆိုရင် ဒီလောက်ထိ ဒုက္ခခံစရာ မလိုဘဲ စကားတစ်လုံးတည်းနဲ့ သိမ်းလို့ရလို့ပါပဲ။
ကောင်းကင်တာအိုထဲမှာ ပဋိပက္ခအင်အားစုများစွာ ရှိနေပါသေးတယ်။ အင်အားစုအများစုက ကောင်းကင်တာအိုနဲ့ အတူပူးပေါင်းဖို့ ဆွေးနွေးနေကြတာပါ။ ဒါကြောင့် ကောင်းကင်တာအို ပညာရှိတွေဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားနဲ့ ဝိလုပ်ဖို့ စီစဉ်ထားပါတယ်။
အချိန်တစ်ခုအတွင်း တိတ်ဆိတ်ဂိုဏ်းက အလုပ်များသလို ကောင်းကင်တာအို ပညာရှိတွေလည်း အလုပ်များသွားကြပါတယ်။
နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အကြောဆန့်လိုက်ပါတယ်။ နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါပြီ။ ဂူအောင်းကျင့်ကြံရတာက ဟန်ကျွယ်အတွက် သက်သောင့်သက်သာ ဖြစ်လွန်းလှပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ ဒီနှစ်တစ်သိန်းအတွင်း ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက အတော်လေး တည်ငြိမ်နေပါတယ်။ အရင်ကထက်ကို တည်ငြိမ်နေတာပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ရင်း လောကဦးကမ္ဘာကို အကဲခတ်လိုက်ပါတယ်။
လေးငါးဆယ်နာရီ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ချင်းလွမ်အာ၊ ရှင်းဟုန်ရွှမ်တို့နဲ့အတူ ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ မြင်ကွင်းပြောင်းလဲတာကို တွေ့လိုက်ရတာကြောင့် မှင်တက်သွားပါတယ်။
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းရဲ့ အစည်းအဝေးက စတော့မယ်၊ ငါမင်းတို့ကို အပျင်းပြေကြည့်ရအောင် ခေါ်လာတာ၊ အပြင်ထွက်ပြီး လျှောက်ကြည့်လို့ရတယ်”
ရှင်းဟုန်ရွှမ်တို့နှစ်ယောက်ဟာ ချက်ချင်း ပြုံးလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကျင့်ကြံအားထုတ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီမလို့ တစ်ခဏ အပန်းဖြေဖို့ အချိန်ကျပါပြီ။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်တို့ ထွက်သွားတဲ့အခါ လီရွှမ်အောက်ကို ဆင့်ခေါ်လိုက်ပါတယ်။ ဒီအတောအတွင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ချူရှီရန်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်တို့လို တပည့်ရင်းတွေ တော်တော်များများ ပြန်ရောက်နေကြပါပြီ။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားက ပင်မတာအိုစက်ကွင်းထဲမှာ ရှိနေတာမလို့ လီရွှမ်အောက်ဟာ ပြန်လာတဲ့ တပည့်တွေကို ချက်ချင်း အထဲဝင်ခွင့် ပြုနိုင်ပါတယ်။
လီရွှမ်အောက်ဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီး စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ပါတယ်။ ဒီတစ်ခေါက် တိတ်ဆိတ်ဂိုဏ်း အစည်းအဝေးက ကြီးမားတဲ့ သက်ရောက်မှုရှိတဲ့အတွက် လီရွှမ်အောက်ဟာ အလေးစားခံရဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပါတယ်။ သူက ဒီအစည်းအဝေးကို ဦးစီးသူ မဟုတ်ပါလား။
တပည့်တွေ အကုန်လုံးက လီရွှမ်အောက်ကို မျက်နှာသာပေးတဲ့အပြင် ကောင်းကင်တာအို ပညာရှိတွေနဲ့ ပဋိပက္ခထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေပါ သူ့ကို အပြုံးနဲ့ ကြိုဆိုလာကြပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘယ်အချိန်စလို့ရလဲ”
“ကျွန်တော်က ဂိုဏ်းချုပ်ရဲ့ အမိန့်ကို စောင့်နေတာပါ၊ လေးငါးရက်လောက် ကြိုပြီးသတင်းပေးလိုက်ရုံနဲ့ အစည်းအဝေးကို စလို့ရပါပြီ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကောင်းပြီ... စတင်ဖို့ ပြင်ဆင်တော့၊ ငါ ဒီအတောအတွင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ နေမယ်”
လီရွှမ်အောက်ဟာ ခေါင်းညိတ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး နတ်ဘီလူးတွေ အကုန်လုံးကို သွေးစည်း ထုတ်မပြဖို့ တင်းတင်းကျပ်ကျပ် သတိပေးတားမြစ်ကာ သူတို့အကုန်လုံးကို ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်း ပို့ဆောင်လိုက်ပါတယ်။
ပဋိပက္ခနတ်ဘီလူး ၅၃ ပါး ထပ်ရောက်လာတာနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ချက်ချင်း ဆူပူသွားပါတယ်။ အထူးသဖြင့် ငရဲကြက်နက်နဲ့ ပဋိပက္ခ ကောင်းကင်ခွေးပါ။ သခင်တွေ နယ်မြေကို လှည့်လည်သလိုမျိုး နေရာတကာ လျှောက်သွားပြီး အော်ဟစ်ပါတယ်။
ဟန်ကျွယ်ဟာ တပည့်ရင်းတွေကို တစ်ယောက်ပြီး တစ်ယောက် တွေ့ဆုံကာ သင်စရာရှိတာ သင်ကြားပေးပါတယ်။ ဟန်ကျွယ်ဟာ တပည့်တစ်ယောက်ချင်းစီနဲ့ တွေ့ဆုံပြီး အချိန်တစ်ခုအထိ စကားပြောဆိုပါတယ်။
ဟန်ကျွယ် တပည့်အကုန်လုံးကို တစ်ခါတည်း မတွေ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့တပည့်တွေရဲ့ ဇာတ်လမ်းတွေကို နားထောင်ချင်တာကြောင့်ပါ။ ဒီဇာတ်လမ်းတွေက စာစောင်တွေ ဖတ်ရတာထက် ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သုံးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဒုတိယမျိုးဆက် တပည့်အကုန်လုံးနဲ့ တွေ့ဆုံပါတယ်။ တတိယမျိုးဆက် တပည့်တွေကိုတော့ ဟန်ကျွယ်က မတွေ့ပါဘူး။ သူတို့ဆရာသခင်တွေနဲ့ တွေ့ဆုံတာနဲ့တင် လုံလောက်ပါတယ်။
လူတိုင်းရဲ့ မျှော်လင့်တောင့်တမှုအောက်မှာ တိတ်ဆိတ်ဂိုဏ်း အစည်းအဝေးက စတင်ပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ကြိတ်ကြိတ်တိုး စည်ကားနေပေမဲ့ အပြင်လောကကတော့ အထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို မထောက်လှမ်းနိုင်ရှာပါဘူး။
ဒုတိယမျိုးဆက် တပည့်တွေက တစ်ယောက်ပြီး တစ်ယောက် စကား ထပြောတဲ့အတွက် စားသောက်ပွဲကို ပိုပြီးတော့ စည်ကား သိုက်မြိုက်သွားစေပါတယ်။ အပြင်စည်းတပည့်တွေက အရက်နဲ့ စိတ်ဝိညာဉ်သစ်သီးတွေကို တစ်ခရားပြီးတစ်ခရား တစ်ပန်းကန်ပြီး တစ်ပန်းကန် လဲလှယ်ပေးကြပါတယ်။ ဒီပျော်ရွှင်ပွဲက လေးငါးဆယ်ရက် ကြာပြီး မျိုးဆက်အသီးသီးက တပည့်တွေဟာ အချင်းချင်း ရင်းနှီးသွားကြပါတယ်။
စုချီရဲ့ တစ်ဦးတည်းသောတပည့် ကျောက်ရွှမ်ချွမ်ကလည်း တခြားပညာသင်ညီအစ်ကိုတွေရဲ့ အာရုံကို ဆွဲဆောင်ပါတယ်။ သူ့အရည်အချင်းက အထင်ကြီးဖို့ကောင်းတယ် မဟုတ်ပါလား။
ကျောက်မျိုးရိုးနာမည်ချင်း တူတာမလို့ ကျောက်ရွှမ်ယွမ်နဲ့ ကျောက်ရွှမ်ချွမ်နဲ့ ရင်းနှီးသွားပြီး ပဋိပက္ခမှာ အတူ လျှောက်သွားဖို့တောင် သဘောတူလိုက်ကြပါတယ်။
နောက်ဆုံးနေ့မှာတော့ ဟန်ကျွယ် ပေါ်လာပြီး တပည့်အကုန်လုံးကို သူ့ရုပ်သွင်မှန် ပြလိုက်ပါတယ်။ မိတ်ဆက်စကား ပြောပြီးတာနဲ့ ဟန်ကျွယ်ဟာ တပည့်အကုန်လုံးကို တာအို စတင် ဟောကြားပါတယ်။ ဒီတာအိုဟောကြားမှုက ဆယ်နှစ် ကြာပါတယ်။
ဒီတစ်ခါ တိတ်ဆိတ်ဂိုဏ်း အစည်းအဝေးက အောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ ပြောလို့ရပါတယ်။ တစ်ယောက်ယောက်က ပြဿနာရှာတဲ့ အဖြစ်မျိုး လုံးဝ မရှိပါဘူး။ တပည့်အကုန်လုံးကလည်း ဟန်ကျွယ်ရှေ့မှာ မရမ်းကားရဲတာကြောင့် စည်းကမ်းတွေ လိုက်နာကြပါတယ်။
အစည်းအဝေး ပြီးသွားတာတောင် တိတ်ဆိတ်ဂိုဏ်းတပည့်တွေရဲ့ စိတ်အားထက်သန်မှုက ပျောက်မသွားတဲ့အတွက် ကောင်းကင်တာအိုတောင် စည်စည်ကားကား ဖြစ်လာပါတယ်။
ဟန်ကျွယ်ဟာ ကျောက်ရွှမ်ချွမ်ကို ဂရုစိုက်ပေမဲ့ ပေါ်အောင်တော့ မပြပါဘူး။ အဋ္ဌမပဋိပက္ခ ဝင်စားတဲ့ ကျောက်ရွှမ်ချွမ်က တကယ်ကို အထင်ကြီးဖို့ ကောင်းတာပါ။ တိတ်ဆိတ်ဂိုဏ်းထဲမှာ အကောင်းဆုံးအဆင့်ကို မရောက်သေးပေမဲ့ ထိပ်တန်းစာရင်းတော့ ဝင်နေပါပြီ။ ဒီတပည့်ကြောင့်ပဲ စုချီဟာ တခြားတပည့်ရင်းတွေရဲ့ သဝန်တိုတာကို ခံလိုက်ရပါတယ်။ စုချီဟာ မျက်နှာတည်ကြီးနဲ့ နေပေမဲ့ ရင်ထဲမှာ ဝမ်းသာနေမယ်ဆိုတာ ဘယ်သူ့မေးမေး သိပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်း အစည်းအဝေး ပြီးသွားပေမဲ့ တတိယ တာအိုစက်ကွင်းဆီ ချက်ချင်း ပြန်မသွားဘဲ သေမျိုးအသွင် ပြောင်းလဲကာ သေမျိုးကမ္ဘာကို ခရီးထွက်ပါတယ်။
နှစ်သုံးလေးဆယ် ကြာတဲ့အခါမှာတော့ ကောင်းကင်တာအို အပြင်ဘက်က လုံဟောင်ရဲ့ တာအိုစက်ကွင်းမှာ တာအိုအရှင်သခင် ဦးဆောင်ပြီး ကောင်းကင်တာအိုရဲ့ ပထမဆုံး ပါရမီရှင် အစည်းအဝေးကို ကျင်းပပါတယ်။ ဒီအစည်းအဝေးက လက်ရည်စမ်းပွဲ မဟုတ်ပါဘူး။ ကောင်းကင်တာအိုနဲ့ ပဋိပက္ခရဲ့ အခြေအနေတွေအကြောင်း ဆွေးနွေးဖို့ပါ။
ဝေ့လန်ရှန်မိလည်း လာပါတယ်။ ဝေ့လန်ရှန်မိဟာ တာအိုအရှင်သခင်တို့ သုံးယောက်ကို သိပ်တော့ မကြည်ပါဘူး။ ဝေ့လန်ရှန်မိဟာ တာအိုအရှင်သခင်တို့ သုံးယောက်က ဘဝင်မြင့်လွန်းတယ်လို့ ထင်နေပါတယ်။ ဒါပေမဲ့ တာအိုအရှင်သခင်တို့ သုံးယောက်ရဲ့ စွမ်းအားကိုတော့ ဝေ့လန်ရှန်မိက မေးခွန်းမထုတ်ပါဘူး။ တာအိုအရှင်သခင်တို့ သုံးယောက်က မဟာတာအိုပညာရှိတွေ မဟုတ်ပါလား။
ပါရမီရှင် အစည်းအဝေး ပြီးတဲ့အခါ ပါရမီရှင်တချို့က လက်ရည်စမ်းဖို့ အဆိုပြုကြပါတယ်။ အကုန်လုံးက ပါရမီရှင်တွေ ဖြစ်တဲ့အတွက် မာနကြီးပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားကြပါတယ်။ တစ်ဦးထက် တစ်ဦး ညံ့တယ်ဆိုတာကို လက်မခံလိုကြပါဘူး။
ကျောက်ရွှမ်ချွမ်ဟာ တစ်ပွဲတည်းနဲ့ အဆင့်တူ ပါရမီရှင် လေးငါးဆယ်ယောက်ကျော်ကို အနိုင်တိုက်ပြီး နာမည်ကြီးသွားပါတယ်။ ဝေ့လန်ရှန်မိကလည်း အစည်းအဝေးပြီးတာနဲ့ မပြန်ဘဲ တခြားလူတွေ ပြန်သွားတဲ့အခါ တာအိုအရှင်သခင်တို့သုံးယောက်ကို စိန်ခေါ်ပါတယ်။
ဒီတိုက်ပွဲအကြောင်းကိုတော့ လက်တစ်ဆုပ်စာ လူတစ်စုပဲ သိရှိကြပါတယ်။
.....
ခရမ်းရောင် ကောင်းကင်ပြင်ဟာ ကြက်သွေးရောင် တိမ်တိုက်တွေနဲ့ ပြည့်နှက်နေပြီး ဒီတိမ်တိုက်တွေရဲ့ အောက်မှာတော့ မျက်စိတစ်ဆုံး အဆုံးမရှိတဲ့ တောအုပ်ကြီး ရှိနေပါတယ်။ ဒီတောအုပ်ထဲက သစ်ပင်တွေဟာ ပေတစ်သောင်းကျော် ရှည်လျားပြီး တောင်တွေလို ထိုးထွက်နေပါတယ်။ သစ်ခေါက်တွေကလည်း နှစ်ချို့သံလိုပါပဲ။
ဟန်ဟွမ်၊ ဟန်ချင်းအာနဲ့ ကျန်းကျွယ်ရှီတို့ဟာ သစ်တစ်ပင်အောက် ပုန်းနေပါတယ်။
“သေစမ်း... ငါ ဒီမှာ ပိတ်မိနေလို့ တိတ်ဆိတ်ဂိုဏ်း အစည်းအဝေးကို မသွားနိုင်တော့ဘူး” ဟန်ဟွမ်ဟာ ဒေါသတကြီး ကျိန်ဆဲလိုက်ပါတယ်။
ကျန်းကျွယ်ရှီရဲ့ မျက်နှာကလည်း လေးနက်နေပါတယ် “တစ်ခုခုတော့ မှားနေတယ်၊ ဒီလူက ငါတို့ကို မသတ်ဘဲ ဒီနေရာမှာ အတင်းအကျပ် နေခိုင်းတာ အစီအစဉ် တစ်ခုခု ရှိလို့ ဖြစ်ရမယ်”
ဟန်ဟွမ်က ကြိမ်းမောင်းလိုက်ပါတယ် “အဲဒီရတနာကြောင့်သာ မဟုတ်ရင် အဲဒီကောင် အမှုန့်ဖြစ်နေလောက်ပြီ”
ဟန်ချင်းအာဟာ သက်ပြင်းချလိုက်ပါတယ် “ဟုတ်တယ်... သူ့မှာ အဲဒီလောက် စွမ်းအားကြီးတဲ့ ဓမ္မရတနာ ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး၊ တကယ်ကို အထင်ကြီးဖို့ကောင်းတယ်”
ဒီအချိန်မှာ ဟန်ဟွမ်ဟာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ကောက်ကာငင်ကာ မော့ကြည့်လိုက်တဲ့အခါ ပေတစ်သောင်းကျော် အဝေးက သစ်ကိုင်းတစ်ကိုင်းပေါ်မှာ ရပ်နေတဲ့ ရုပ်သွင်တစ်သွင်ကို တွေ့လိုက်ရပါတယ်။
ဝေ့လန်ရှန်မိသာ ဒီရုပ်သွင်ကို မြင်ရင် ဒီရုပ်သွင်က ဘယ်သူလဲဆိုတာ ကျိန်းသေပေါက် သိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရုပ်သွင်က သောကမဲ့ အင်မော်တယ် ဖြစ်နေလို့ပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။