← Chapters

ခေတ်သစ်၊ သောကမဲ့ အင်မော်တယ်ရဲ့ ရည်ရွယ်ချက်

Vol. 90 Ch. 947

ခေတ်သစ်၊ သောကမဲ့ အင်မော်တယ်ရဲ့ ရည်ရွယ်ချက်

Vol. 90 Ch. 947

“ကျွန်တော်ကိုယ် ကျွန်တော် ပဋိပက္ခ အစည်းအဝေးမှာ သက်သေပြပြမယ်” ကျောက်ရွှမ်ချွမ်ရဲ့ အကြည့်ဟာ ဝေ့လန်ရှန်မိဆီ ရောက်သွားပြီး တိုက်ခိုက်လိုစိတ်တွေ တဖွားဖွား ပေါ်ပေါက်လာပါတယ်။

ဝေ့လန်ရှန်မိဟာ တာအိုအရှင်သခင်တို့သုံးယောက်ကို တစ်ယောက် တစ်လှည့် စိန်ခေါ်ပါတယ်။ သုံးပွဲစလုံး ဝေ့လန်ရှန်မိ မနိုင်ပါဘူး။ တတိယတိုက်ပွဲက ပွဲကြမ်းတဲ့အတွက် ပါရမီရှင်အများကြီး လှမ်းကြည့်ကြပါတယ်။

ကျောက်ရွှမ်ချွမ်ဟာ ဝေ့လန်ရှန်မိ တိုက်ခိုက်တာကို တစ်ကြိမ်ပဲ မြင်ဖူးပေမဲ့ သူ့အရည်အချင်းက ဝေ့လန်ရှန်မိထက် သာတာကို ခံစားနိုင်ပါတယ်။

ကိုယ့်ပြိုင်ဘက်ကိုမှ မဖိနှိပ်နိုင်ရင် ဘယ်လိုလုပ်ပြီး နံပါတ်တစ် ပါရမီရှင်လို့ ခေါ်နိုင်မှာလဲ။

လောင်တန်ဟာ ကျောက်ရွှမ်ချွမ်ကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး ဝေ့လန်ရှန်မိကို ပြန်ကြည့်လိုက်ပါတယ်။ လောင်တန်ဟာ ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိကို ခေါက်တုံ့ခေါက်ပြန်ကြည့်ရင်း တစ်စုံတစ်ခုကို တွေးနေပါတယ်။

.....

ကောင်းကင်တာအိုနန်းတော်မှာ ကျိုးဖန်၊ ဖန်းလျန်၊ လုံဟောင်၊ စုချီ၊ လီရွှမ်အောက်နဲ့ တခြားတပည့်ရင်းတွေ စုဝေးနေကြပါတယ်။ သူတို့တွေလည်း ကျန်းယီနဲ့ ဝေ့လန်ရှန်မိရဲ့ တိုက်ပွဲကို ကြည့်နေတာပါ။

ဖန်းလျန်ဟာ သက်ပြင်းချလိုက်ပါတယ် “အချိန်ကုန်တာ အရမ်းမြန်တယ်၊ အငယ်လူတွေက အမီလိုက်လာပြီ”

ကျိုးဖန်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်... အရင်တုန်းက ငါတို့ကိုယ်ငါတို့ ပါရမီရှင်လို့ ခံယူခဲ့ကြတယ်၊ ဒါပေမဲ့ ဒီပါရမီရှင်တွေနဲ့ယှဉ်ရင် ငါတို့က ဘာမှမဟုတ်ခဲ့ဘူး၊ သူတို့အကုန်လုံးက ပညာသင်ယူမှု မပြီးဆုံးသေးတာတောင် တာအိုပညာရှိအဆင့်ကို ရောက်နေကြပြီ၊ ငါတို့တုန်းက အင်မော်တယ်ဧကရာဇ်အဆင့်ဆို တော်တော် အထင်ကြီးဖို့ ကောင်းနေပြီ”

“ဟားဟား... အရင် ကောင်းကင်တာအိုနဲ့ လက်ရှိကောင်းကင်တာအိုရဲ့ ကွာခြားချက်ကို မင်းမသိတာ ကျနေတာပဲ” လီရွှမ်အောက်ဟာ မုတ်ဆိတ်မွေးသပ်ရင်း ရယ်ကာမောကာ ပြောလိုက်ပါတယ်။

စုချီဟာ မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “ငါ့တပည့်ရဲ့ အရည်အချင်းက အထင်ကြီးဖို့ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ သူက မောက်မာလွန်းတယ်၊ ဝေ့လန်ရှန်မိက ကောင်းကင်တာအိုရဲ့ နံပါတ်တစ်ပါရမီရှင်လို့ ကျော်ကြားနေတာဆိုတော့ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့မှာပဲ၊ သူတို့ရဲ့ ဆရာသခင်တွေအနေနဲ့ ငါတို့တွေ ဒီကိစ္စကို အတင်းတားယူလို့ မရဘူး”

ကျိုးဖန်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ငါတို့တွေ သူတို့ကို အတင်းတားယူလို့ မရဘူး၊ အကြီးတွေက အငယ်တွေရဲ့ ကိစ္စကို ဘာလို့ဝင်ပါရမှာလဲ၊ ဒီကိစ္စက သွေးကြွေးလည်း မဟုတ်ဘူး”

သူတို့တွေဟာ အတိတ်ကို ပြန်ပြောင်းတွေးမိလိုက်ပါတယ်။ အဲဒီနောက် စကားလမ်းကြောင်းဟာ တဖြည်းဖြည်းနဲ့ ပဋိပက္ခအစည်းအဝေးဆီ ပြန်ရောက်သွားပါတယ်။

လုံဟောင်က ခေါင်းမော့ပြီး “ကောင်းကင်တာအိုမှာ ဒီလောက် ပါရမီရှင်တွေ များနေတာ အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးနေရာ ကောင်းကင်တာအိုက သိမ်းပိုင်နိုင်လောက်လား...”

ကျိုးဖန်ဟာ‌‌ ခေါင်းခါလိုက်ပါတယ် “မင်း ပဋိပက္ခကို လျှော့တွက်လို့ မရဘူး၊ ပဋိပက္ခထဲမှာ ထက်မြက်တဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်၊ ငါတို့ပါရမီရှင်တွေ အကုန်လုံးက ဟန်ဟွမ်လိုဆိုရင်တော့ တစ်မျိုးပေါ့”

ဟန်ဟွမ်အကြောင်း ပြောမိတဲ့အခါ အကုန်လုံး သက်ပြင်းချလိုက်ကြပါတယ်။ လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာတာက လာနှိုင်းယှဉ်တဲ့ ဘယ်ပါရမီရှင်ကိုမဆို မှေးမှိန်သွားစေဖို့ လုံလောက်ပါတယ်။

ကံကောင်းထောက်မစွာပဲ ဟန်ဟွမ်ဟာ တိတ်ဆိတ်ဂိုဏ်း အစည်းအဝေးကို ရောက်မလာခဲ့ပါဘူး။ မဟုတ်ရင် ဒီပါရမီရှင်တွေ အကုန်လုံး သေချာပေါက် စိတ်ဓာတ်ကျကုန်မှာပါ။ ဒီလိုလည်း တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး။

“တိတ်ဆိတ်ဂိုဏ်း အစည်းအဝေးက ကောင်းတဲ့ကိစ္စပဲ၊ တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို သူတို့ဂိုဏ်းက ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ နားလည်သွားစေတယ်၊ အမှန်အတိုင်းပြောရရင် ငါ လန့်သွားတာ အမှန်ပဲ၊ အထူးသဖြင့် ငရဲကြက်နက်နဲ့ တခြားလူတွေရဲ့ ကျင့်ကြံမှုက နိမ့်တာ မဟုတ်ဘူး၊ ပြီးတော့ တစ်ယောက်တည်းလည်း မဟုတ်ဘူး၊ ငါးဆယ်ကျော်တောင်...”

ကျိုးဖန်ရဲ့ စကားကို တခြားလူတွေလည်း ခေါင်းညိတ် ထောက်ခံကြပါတယ်။

လီရွှမ်အောက်က အပြုံးနဲ့ “ဂိုဏ်းချုပ်က သူတို့ကို တိတ်တဆိတ် ပြုစုပျိုးထောင်ထားတယ်ဆိုတာ အသိသာကြီး၊ မင်းတို့တွေ နောက်ကျကျန်မနေခဲ့အောင် ဂရုစိုက်ကြဦး”

လုံဟောင်ဟာ လက်နှစ်ဖက် ဖြန့်လိုက်ပါတယ် “ငါက နောက်ကျကျန်နေခဲ့ပြီ၊ အရင်တုန်းက ငါ့ကိုယ်ငါ တော်တော်လေး စွမ်းအားကြီးတယ်လို့ ထင်ခဲ့တာ၊ အခုကျမှ ငါ့အရည်အချင်းက ဘာမှမဟုတ်မှန်း သ‌ဘောပေါက်တော့တယ်”

အရင်တုန်းက လုံဟောင်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ သားတော်တွေထဲမှာ အရည်အချင်း အရှိဆုံးပါ။ ဒါပေမဲ့ အချိန်နဲ့အမျှ လောကကြီး ပြောင်းလဲသွားတော့ လုံဟောင်ရဲ့ လွှမ်းမိုးမှုလည်း မှေးမှိန်သွားခဲ့ပါတယ်။

ကျိုးဖန်ဟာ ပြုံးလိုက်ပါတယ် “မင်းအဖေကို ရှာချင်တာလား၊ အရှင်မင်းကြီးက ပဋိပက္ခမှာ တော်တော်လေး ဂုဏ်ရှိန်တောက်နေပြီ၊ သူ့မှာ မဟာတာအိုပညာရှိတွေကို မဟာစစ်သူကြီးအဖြစ် ပိုင်ဆိုင်ထားတယ်၊ ပဋိပက္ခထဲမှာ မဟာတာအိုပညာရှိက လက်တစ်ဆုပ်စာပဲရှိတာ မင်းလည်း အသိ၊ မင်း တစ်ယောက်ကို ရရင်တောင် အရှင်သခင်လုပ်လို့ ရနေပြီ”

လုံဟောင်ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော်တို့နှစ်ယောက်ကြားက သားအဖ ဆက်ဆံရေး ပြတ်တောက်သွားတာ ကြာပြီ၊ အဲဒါကလည်း ကျွန်တော်အမှားပါ၊ အခု အဲဒီအကြောင်းတွေ ပြန်မပြောချင်တော့ဘူး”

ကောင်းကင်တာအို ပြန်မစခင်ကအကြောင်း ပြန်ပြောကြတဲ့အခါ စုချီဟာ မျက်နှာ နည်းနည်း ပျက်သွားပါတယ်။ သက်ရှိအားလုံးကို သတ်ပစ်ခဲ့တာက စုချီ ဘယ်တော့မှ မေ့လို့မရတဲ့ အပြစ်တစ်ခုပါ။

သူတို့တွေတင် စကားပြေနေကြတာ မဟုတ်ပါဘူး။ တခြားတာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းတွေလည်း စည်ကားသိုက်မြိုက်နေပါတယ်။

တိတ်ဆိတ်ဂိုဏ်း အစည်းအဝေးကြောင့် ပါရမီရှင် အများကြီး ပြန်လာတာက ကောင်းကင်တာအိုရဲ့ ပါရမီရှင်တွေကို လှုံ့ဆော်သလို ဖြစ်သွားပါတယ်။ ဒါက ကောင်းကင်တာအိုအတွက်တော့ ကောင်းတဲ့ကိစ္စပါ။

တာအိုပညာရှိ အကုန်လုံးဟာ ရွှေခေတ်နဲ့ ခိုက်ရန်ဖြစ်မဲ့ခေတ်ကို ရောက်လာပြီလို့ ခံစားလိုက်ရပါတယ်။ အရင်တုန်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ခေတ်ပါ။ အခု ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ထိပ်ဆုံးကို ရောက်သွားပြီဆိုတော့ ခေတ်သစ်က ခပ်ကြမ်းကြမ်းနဲ့ လာနေပါပြီ။ ဒီခေတ်သစ်က တားဆီးလို့ မရပါဘူး။

.....

ဟန်ဟွမ်ရဲ့သိစိတ်ဟာ ဖြည်းဖြည်းချင်း နိုးထလာပါတယ်။ မှတ်ဉာဏ်တွေက ဒီရေလို တိုးဝင်လာတဲ့အတွက် ဟန်ဟွမ်ဟာ ခေါင်းကိုက်သွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဖြူဖွေးမှုကလွဲလို့ ဘာမှ မတွေ့ရပါဘူး။

ဟန်ဟွမ်ဟာ ဘေးနားဝန်းကျင်ကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်တဲ့အခါ ဟန်ချင်းအာနဲ့ ကျန်းကျွယ်ရှီက ဘေးနားမှာ ပေါလောမျောနေတာကို တွေ့လိုက်ရပါတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာတော့ သောကမဲ့ အင်မော်တယ်ဟာ တရားထိုင်နေပြီး သူ့ခန္ဓာကိုယ်ကို ခရမ်းရောင်ချီတွေက ဝန်းရံထားပါတယ်။

‘ဘာတွေ ဖြစ်ကုန်တာလဲ...’ ဟန်ဟွမ်ဟာ မျက်နှာပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဓမ္မစွမ်းအားတွေ ပျောက်ဆုံးသွားပြီး မဟာတာအိုအသီး နှုတ်ယူခံရတာကို တွေ့လိုက်ရလို့ပါ။ အခုအချိန်မှာ ဟန်ဟွမ်က သေမျိုးတစ်ယောက်လိုပါပဲ။

ဟန်ဟွမ်ဟာ သောကမဲ့အင်မော်တယ်ကို ဝါးစားမတတ် စိုက်ကြည့်လိုက်ပါတယ် “ခွေးကောင်... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”

‌သောကမဲ့ အင်မော်တယ်ဟာ မျက်လုံးပွင့်လာပြီး စသလိုလို နောက်သလိုလို ပြုံးလိုက်ပါတယ် “မင်းရဲ့ အရည်အချင်းက တကယ်ကို ထက်မြက်တယ်၊ ပဋိပက္ခနတ်ဘီလူးတွေထက်တောင် သာတယ်၊ မင်းရဲ့ ကူညီမှုအတွက် ကျေးဇူးပဲ၊ ငါ မင်းရဲ့ အရည်အချင်းကို ဒီထက်မြင့်မားအောင် လုပ်ပေးမယ်”

“ပဋိပက္ခနတ်ဘီလူးထက် သာတဲ့ ရုပ်ခန္ဓာကိုယ်ကို ဘယ်လိုခေါ်သင့်လဲ၊ အို...ဟုတ်ပြီ... ဒဏ္ဍာရီအရ ပဋိပက္ခနတ်ဘီလူးတွေ အထက်မှာ လောကဦး နတ်ဘီလူးရှိတယ်၊ ပဋိပက္ခမှာလည်း လောကဦး နတ်ဘီလူး မရှိဘူးဆိုတော့ ငါ လောကဦး နတ်ဘီလူး လုပ်မယ်၊ ဘယ်လိုသဘောရလဲ... ဟားဟား...”

သောကမဲ့ အင်မော်တယ်ဟာ အရူးပမာ ရယ်မောလိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ မျက်လုံးတွေကတော့ နီရဲသွားပါတယ်။ ဒီအချိန်မှာ ကျန်းကျွယ်ရှီလည်း နိုးလာပါတယ်။

ကျန်းကျွယ်ရှီဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး သောကမဲ့ အင်မော်တယ်ကို စိုက်ကြည့်ကာ မတိုးမကျယ် မေးလိုက်ပါတယ် “မင်း ငါတို့ကို ဘာလုပ်လိုက်တာလဲ”

သောကမဲ့ အင်မော်တယ်ဟာ ပြုံးလိုက်ပါတယ် “မင်းမှာ မွေးရာပါ မဟာဖန်တီးမှု ရှိတယ်၊ မင်းရဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်ကို ငါ ပိုင်ဆိုင်သွားပြီ၊ မင်းတို့နှစ်ယောက်ရဲ့ အရည်အချင်းနဲ့ ဖန်တီးမှု ပေါင်းလိုက်ရင် ငါက ကျိန်းသေပေါက် ပြိုင်ဘက်ကင်းမှာပဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ငါ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်တော့မှာလဲ၊ နောက်ပြီး ငါက မဟာတာအိုပညာရှိချုပ်... မင်းတို့ရဲ့ အရည်အချင်းတွေ အကုန်လုံးကိုသာ ပေါင်းစပ်လိုက်ရင် ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သေချာပေါက် သတ်နိုင်မှာ”

ကျန်းကျွယ်ရှီရဲ့ မျက်နှာဟာ မှောင်မဲသွားပေမဲ့ ဟန်ဟွမ်လိုတော့ မကျိန်ဆဲပါဘူး။ ကျိန်ဆဲတာက ဒီလိုအချိန်မှာ အသုံးမဝင်ပါဘူး။

သောကမဲ့ အင်မော်တယ်ဟာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ လက်မြှောက်ပြီး ပြုံးလိုက်ပါတယ် “မကြောက်ပါနဲ့၊ ငါ မင်းတို့ကို မသတ်ပါဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပြိုင်ဘက်ကင်းလမ်းကြောင်းကို ဖြတ်တောက်လိုက်တော့ တော်တော်များများကို သွားထိခိုက်တယ်၊ သူက ပဋိပက္ခရဲ့ ကံတရားနဲ့ ကံကြမ္မာကို ဝင်နှောင့်ယှက်တဲ့ မူမှားပဲ၊ သူက ရှိကို မရှိသင့်တော့ဘူး၊ ငါ သူ့ကို သတ်ပြီးရင် မင်းတို့ရဲ့ အရည်အချင်းနဲ့ ဖန်တီးမှုကို ပြန်ပေးမယ်”

ဟန်ဟွမ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။ အကြည့်နဲ့ သတ်နိုင်ရင် သောကမဲ့ အင်မော်တယ်ရဲ့ ရုပ်နာမ်နှစ်ပါးစလုံး အကြိမ်ထောင်သောင်းမက ပျက်စီးသွားပါပြီ။

ကျန်းကျွယ်ရှီက မေးလိုက်ပါတယ် “ငါတို့ကို ပြန်ပေးမယ်၊ ဒါဆို ခင်ဗျားရည်ရွယ်ချက်က ဘာလဲ၊ ဆရာသခင်ကို လက်စားချေချင်ရုံလား...”

သောကမဲ့ အင်မော်တယ်ဟာ ခေါင်းခါလိုက်ပါတယ် “ကလဲ့စား... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါနဲ့ သူက ရန်ငြိုးမရှိပါဘူး၊ ငါက ပဋိပက္ခကို ကာကွယ်ချင်တာကို ပြောပြီးပြီလေ၊ ပဋိပက္ခက ငါ့ကို သောကမဲ့ ဖန်တီးမှု ပေးထားတယ်၊ ငါက ပဋိပက္ခ ဖန်တီးမှုပြီးကတည်းက တည်ရှိခဲ့တာ၊ ဒီမရေမတွက်နိုင်တဲ့ နှစ်တွေမှာ ငါ အထွတ်အထိပ် တည်ရှိမှုတွေနဲ့ နတ်စိတ်ဝိညာဉ်တွေကို မြင်တွေ့ရပေါင်းများပြီ၊ ခေတ်တိုင်းမှာ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တွေက အရင်လူတွေရဲ့ အရိုးကို တက်နင်းပြီး တာအိုရယူခဲ့ကြတာချည်းပဲ၊ ဒါပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဒီလို မဟုတ်ဘူး၊ သူ့မှာ ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့ မရှိဘူး၊ သူ့ကံကြမ္မာက ပဋိပက္ခထဲမှာလည်း မဟုတ်ဘူး၊ သူ ပြိုင်ဘက်ကင်းဖြစ်လာဖို့ လူဘယ်နှယောက်ကို သတ်ခဲ့လဲ၊ အဲဒီ တိုက်ပွဲ အောင်မြင်မှုတွေက အကျိုးအကြောင်း မညီညွတ်ဘူး”

“သူက မူမှားပဲ၊ ငါတို့တွေ သူ့ကို မရှင်းပစ်ရင် ပဋိပက္ခက သေချာပေါက် ပြိုလဲလိမ့်မယ်”

ဟန်ဟွမ်က ဆဲဆိုလိုက်ပါတယ် “ငါ့အဖေကြောင့်သာ မဟုတ်ရင် ပဋိပက္ခက ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းနေမှာလဲ၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ပေါင်းကြံတာ အဖေကသာ သူတို့ကို မတားဘူးဆိုရင် ပဋိပက္ခ ဘယ်လိုဖြစ်မယ်လို့ ထင်လဲ”

သောကမဲ့ အင်မော်တယ်က ပြန်မေးပါတယ် “ကောင်းကင်တာအိုက ပဋိပက္ခထက် စွမ်းအားကြီးလာရင်ရော ဘာဖြစ်လာမလဲ”

ဟန်ဟွမ်ဟာ မှင်တက်သွားပါတယ်။

သောကမဲ့ အင်မော်တယ်ရဲ့ အကြည့်က အေးစက်သွားပါတယ် “ကောင်းကင်တာအိုက သာမန်ကမ္ဘာတစ်ခု မဟုတ်ဘူး၊ ကောင်းကင်တာအိုရဲ့ အနှစ်သာရ ပဋိပက္ခနဲ့ အတူတူပဲ၊ ကံတရား အထောက်အပံ့နှစ်ခုက တစ်ခုနဲ့တစ်ခု သီးခြားတည်ရှိနေတာ၊ ငါတို့တွေ ကောင်းကင်တာအိုကို ဆက်ပြီးတော့ အင်အားကြီးလာခွင့် ပေးထားရင် ကောင်းကင်တာအိုက မကြာခင်မှာ ပဋိပက္ခနေရာကို အစားဝင်ယူသွားလိမ့်မယ်၊ အဲဒီရှေးဟောင်း သက်ရှိတွေနဲ့ ပဋိပက္ခရဲ့ ရှန်တျန်သက်ရှိတွေက ကောင်းကင်တာအိုနဲ့ မပေါင်းစပ်နိုင်လို့ သေချာပေါက် ပျက်သုန်းကုန်လိမ့်မယ်၊ ဒီလိုဖြစ်ရတာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကြောင့်ပဲ”

“သူ သေကို သေရမယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters