← Chapters

ဝတ်ရုံနက်များ၏ တိုက်ခိုက်မှု

Vol. 49 Ch. 676

ဝတ်ရုံနက်များ၏ တိုက်ခိုက်မှု

Vol. 49 Ch. 676

ယဲ့ချန်နှင့် ထန်တိုက်လင်သည် ရှင်းဟိုင်သိုင်းဒေသကြီးအတွင်း လမ်းလျှောက်ရင်း လေ့ကျင့်ရေးကွင်းအနားသို့ ရောက်ရှိလာကြသည်။ ထိုအချိန်၌ ကောင်းရန်နှင့် အခြားကျင့်ကြံသူများသည် လေ့ကျင့်ရေးကွင်းအတွင်း ကျင့်ကြံနေကြပြီး ထန်တိုက်လင် ရောက်ရှိလာသည်ကို မြင်သောအခါ လျင်မြန်စွာ ကြိုဆိုလိုက်ကြသည်။

"မင်္ဂလာနံနက်ခင်းပါ ထန်တိုက်လင်"

ရှင်းဟိုင်ဒေသ၏ ပါရမီရှင်များက လက်များဝှေ့ယမ်းပြနေကြသော်လည်း သူမက တည်ငြိမ်စွာဖြင့် လမ်းလျှောက်နေပြီး တစ်ချက်ပင်မကြည့်ခဲ့ပေ။ သူတို့က သူမ၏အကျင့်စရိုက်ကို သိထားသောကြောင့် ဗွေမယူဘဲ ရှိနေကြသည်။ သူမက ကိုယ်ဝန်လွယ်ထားရသော်လည်း တစ်ရက်တွင် ယဲ့ချန်နှင့် ကွဲသွားလျှင် စိတ်​ပြောင်းသွားနိုင်သည်ဟူသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြသည်။

"မင်္ဂလာပါကွာ"

ယဲ့ချန်က ကောင်းရန်တို့လူစုထံ ပြန်လည်၍ နှုတ်ဆက်လိုက်သောအခါ မျက်နှာများ မည်းနက်သွားကြပြီး မကြားချင်ယောင်ဆောင်လိုက်ကြသည်။ ယဲ့ချန်က သူတို့၏ရင်ထဲမှ အလှနတ်ဘုရားမလေးကို လုယူသွားသည့်အပြင် မြောက်ကြွကြွဖြစ်နေသောကြောင့် ကျိန်စာတိုက်တိုင်းသာ အမှန်ဖြစ်လျှင် သူက အကြိမ်တစ်သောင်းထက်မနည်း သေဆုံးရပေလိမ့်မည်။

"မင်းရဲ့ ရှင်းဟိုင်ဒေသက ပါရမီရှင်တွေက အတော်ဖော်ရွေတာပဲ"

ယဲ့ချန်သည် ထိုလူစု၏အမူအရာများကို မြင်သောအခါ တစ်ချက်ပြုံး၍ ဤစကားပြောလိုက်သောကြောင့် ထန်တိုက်လင်ပင် ဆွံ့အသွားရသည်။ သူတို့က ရန်လိုနေကြောင်း သိသာလွန်းပြီး ဖော်ရွေမှုတစ်စုံတစ်ရာပင် မရှိချေ။

"လင်အာ မင်းက များများပြုံးပေးသင့်တယ်။ ဒါဆိုရင် မွေးလာမယ့် သားလေးက ပိုပြီးကျန်းမာလိမ့်မယ်။ မဟုတ်သေးဘူး၊ ဒီနေရာက ကျင့်ကြံခြင်းလောကဆိုတော့ ကျန်းမာရေးက ပါရမီနဲ့ သက်ဆိုင်လောက်တယ်။ သားလေးက ပါရမီရှင်ဆိုရင် အသက်ရှည်ရှည်နေနိုင်မှာပဲ"

ယဲ့ချန်သည် ထန်တိုက်လင် ပြုံးနေသည်ကို မြင်သောအခါ ယခင်လောကမှ အကြောင်းများကို တွေးမိလိုက်သဖြင့် ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိသည်။

"ဟမ် နင်က ဘာပြောချင်တာလဲ"

"ဘာမှမဟုတ်တော့ပါဘူး။ ငါက အရမ်းပျော်နေတယ်"

သူက ထန်တိုက်လင် စိတ်ရှုပ်ထွေးသွားပုံပေါ်သောကြောင့် တစ်ချက်ပြုံးကာ ခေါင်းယမ်းပြလိုက်သည်။ သူက တစ်နေ့တွင် လှပသော ဇနီးသည်တစ်ယောက်ကို ပိုင်ဆိုင်ပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ရမည်ဟု မျှော်လင့်မထားသောကြောင့် အလွန်ဝမ်းသာနေခဲ့ပြီး ပုံမှန်ထက် စကားများနေမိခြင်းဖြစ်သည်။ ရှင်းဟိုင်သိုင်းဒေသတွင် ထန်တိုက်လင်ကို အဖော်ပြုပေး​နေရသောအချိန်တွင် လမ်းဘေး၌ အလေ့ကျပေါက်နေသော မြက်ပင်တစ်ပင်သည်ပင် သူ့အတွက် အလွန်လှပနေခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်၌ တိမ်မည်းများ ထွက်ပေါ်စုဝေးလာသောကြောင့် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။ သူက ချက်ချင်းစိတ်လေးသွားပြီး ထန်တိုက်လင်သည်လည်း မျက်မှောင်ကြုတ်၍ ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။ အခြေအနေက ထူးဆန်းနေပြီး ရှင်းဟိုင်ဒေသ၏ရာသီဥတုကို စစ်ဧကရာဇ်များက လျှို့ဝှက်ကျင့်စဥ်ဖြင့် ပြုပြင်ထားသောကြောင့် တစ်နှစ်ပတ်လုံး သာယာပြီး တိမ်မည်းများ ထွက်ပေါ်လာစရာ အကြောင်းမရှိပေ။ ရှင်းဟိုင်ဒေသ၏ ပါရမီရှင်များလည်း အံ့သြနေကြပြီး ဧကရာဇ်ချန်၊ ဧကရာဇ်ရော့စသော စစ်ဧကရာဇ်များနှင့် တာအိုနတ်အဆင့် ကျင့်ကြံသူများလည်း ရောက်ရှိလာကြသဖြင့် လေထဲတွင် လူရိပ်များစွာ ဖြစ်ပေါ်လာသည်။

ဧကရာဇ်ရော့က လင်းယုန်ကြီးတစ်ကောင်အဖြစ် ​ပြောင်းလဲကာ တောင်ပံများခတ်၍ လေပြင်းများ ထုတ်ဖော်လိုက်သော်လည်း တိမ်မည်းများက လွင့်ပြယ်သွားရမည့်အစား ပို၍သိပ်သည်းလာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ရှင်းဟိုင်သိုင်းဒေသ၏ အဖွဲ့ဝင်များက အံ့သြနေစ ဥ်ယဲ့ချန်က စိတ်ခံစားချက်မကောင်းသောကြောင့် ထန်တိုက်လင်၏လက်ကို ဆွဲကိုင်လိုက်သည်။

"လင်အာ ဒီနေရာက သွားကြစို့"

"ကောင်းပြီ"

သူမကလည်း ခေါင်းညိတ်ပြလိုက်ပြီး ယဲ့ချန်နှင့်အတူ အဝေးသို့ပျံသန်း ထွက်ခွာသွားသည်။ ထိုအချိန်၌ သိုင်းဒေသကြီးတစ်ခုလုံးပေါ်သို့ အလင်းခုံးကြီးတစ်ခု ကျဆင်းလာကာ ကြမ်းတမ်းသော ဖိအားတစ်ရပ် ဖြစ်ပေါ်လာသည်။ မြေငလျင်လှုပ်သွားသကဲ့သို့ ဘုန်းခနဲ မြည်သံကြီးများလည်း ထွက်ပေါ်လာသည်။

"ဘာကြီးလဲ"

"တစ်ယောက်ယောက်က ငါတို့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလား။ အသင့်ပြင်ထားကြ"

ကောင်းကင်မူလတိုက်ကြီးကို ကြယ်သခင်များက အစီအရင်ဖြင့် ကာကွယ်ထားသောကြောင့် ကောင်းကင်နတ်ဆိုးများ ကျူးကျော်လာရန် မ​ဖြစ်နိုင်ပေ။ နဂါးဘုရင်နှင့် နတ်အစေခံများက မျက်စိဒေါက်ထောက် စောင့်ကြည့်နေသောကြောင့် နတ်ဆိုးများ ရောက်ရှိလာလျှင် ချက်ချင်းတားမြစ်နိုင်ပေလိမ့်မည်။ သို့သော်လည်း လက်ရှိတွင် ရှင်းဟိုင်သိုင်းဒေသကို ထူးဆန်းသော ကန့်သတ်အစီအရင်တစ်ခုဖြင့် ဖုံးကွယ်ထားခြင်းခံလိုက်ရသည်။ ယဲ့ချန်သည် ထန်တိုက်လင်နှင့်အတူ အစီအရင်၏အစွန်းသို့ ရောက်ရှိလာပြီး လက်ဝါးဖြင့် ထပ်ကာထပ်ကာရိုက်ချလိုက်သော်လည်း ၎င်းက အစွမ်းထက်လွန်းနေကာ လှိုင်းတွန့်တစ်ခုပင် ဖြစ်မလာချေ။ သူတို့နှစ်ယောက်နှင့် ရှင်းဟိုင်ဒေသ၏ ရာထောင်ချီသော ကျင့်ကြံသူများမှာ အစီအရင်အတွင်း ထောင်ချောက်မိနေပြီဖြစ်သည်။

"ယောကျ်ား ငါ ဗိုက်နာလာပြီ"

ထန်တိုက်လင်က သူမ၏ဝမ်းဗိုက်ကို လက်ဖြင့်ကိုင်ကာ ရုတ်တရက် ညည်းတွားလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်က ရင်ထိတ်သွားရပြီး ရှင်းဟိုင်သိုင်းဒေသ တိုက်ခိုက်ခံနေရချိန်တွင် သူမ အမှန်တကယ်မီးဖွားမည်ဆိုလျှင် အရာရာအခက်တွေ့နိုင်သည်။ သူက ကောင်းကင်မီးလက်မောင်းကာနှင့် ဆည်းဆာနတ်ဓားကိုသာ ယူဆောင်လာခဲ့မိပြီး ခြင်္သေ့ကြီးက အတူလိုက်ပါမလာခဲ့ချေ။ အကယ်၍ သူသာ ခြင်္သေ့ကြီးနှင့် ပူးပေါင်းလိုက်လျှင် အဆင့်ကိုး စစ်ဧကရာဇ်တစ်ယောက်ကိုပင် ကြောက်စရာမလိုသော်လည်း လက်ရှိ၌ အင်အားနည်းပါးနေသည်။

"လင်အာ ခဏတောင့်ထားဦး။ ငါ အစီအရင်ကိုထိုးဖောက်ဖို့ ကြိုးစားကြည့်မယ်"

ယဲ့ချန်က သူမကိုနှစ်သိမ့်၍ ကောင်းကင်ဓားပျံတစ်လက်ဖန်တီးကာ အစီအရင်ထံ ပစ်ခတ်လိုက်သည်။ သို့သော် အစီအရင်က ရေပြင်ကဲ့သို့ လှိုင်းထသွားပြီး ဓားပျံက ၎င်းကို ဖြတ်သန်းသွားသော်လည်း အချိန်ခဏအတွင်း အကောင်းပကတိဖြစ်သွားကာ အပေါက်တစ်ခုပင် ဖြစ်ပေါ်လာမခဲ့ပေ။ ရန်သူများက ဤအစီအရင်ကို ကောင်းစွာပြင်ဆင်လာပုံပေါ်သည်။

"လင်အာ ငါနဲ့ လိုက်ခဲ့"

ယဲ့ချန်က လက်ရှိအချိန်၌ ကြောက်ရွံ့နေရမည်မဟုတ်သောကြောင့် ထန်တိုက်လင်ကိုပွေ့ချီကာ လုံခြုံသော နေရာတစ်ခုရှာဖွေရန် ကြိုးစားလိုက်သည်။ လက်ရှိတွင် သူမနှင့် ရင်သွေးလေးသာ တစ်ခုခုဖြစ်သွားမည်ဆိုလျှင် သူက တစ်သက်လုံး ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။

"ငါ အဆင်ပြေပါတယ်။ အရမ်းမစိုးရိမ်ပါနဲ့"

ထန်တိုက်လင်သည် ဝမ်းဗိုက်မှ နာကျင်မှုကို ခံစားနေရသော်လည်း အနားတွင် ယဲ့ချန်ရှိနေသဖြင့် တည်ငြိမ်နေပြီး လှပစွာ ပြုံးနေခဲ့သည်။ သူတို့က ရှင်းဟိုင်ဒေသ၏ အဓိကခန်းမအတွင်းရှိ အခန်းတစ်ခုထံ သွားရောက်၍ အကာအကွယ်ယူလိုက်သည်။ ယဲ့ချန်က အပြင်ဘက်သို့ ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်ပြီး ရှင်းဟိုင်ဒေသ၏ ကျင့်ကြံသူများလည်း မည်သည့်အရာများဖြစ်ပျက်နေကြောင်း နားလည်ပုံမရချေ။ လေထဲတွင် ပုံရိပ်များပြည့်နှက်နေပြီး ကောင်းကင်ထက်ရှိ တိမ်မည်းများကို သတိကြီးကြီးဖြင့် စောင့်ကြည့်ရင်း ဆွေးနွေးနေကြသည်။ နှစ်ထောင်ပေါင်းများစွာအတွင်း ဤမျှထူးဆန်းသော ဖြစ်ရပ်မျိုးကို မည်သူမှ မကြားဖူးကြပေ။

စစ်ဧကရာဇ်များက တိမ်မည်းများထံမှ ကြောက်မက်ဖွယ်အန္တရာယ်ကို အာရုံခံမိသောကြောင့် ကြယ်သလင်းကျောက်များကို ချက်ချင်းထုတ်ယူလိုက်သည်။ သူတို့က နတ်အစေခံများကို ဆက်သွယ်ချင်သော်လည်း ကြယ်သလင်းကျောက်များ အလုပ်မလုပ်တော့ကြောင်း နားလည်လိုက်ကြသည်။ ၎င်းတို့က လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြင့် ပိတ်ဆို့ခံထားရပုံပေါ်ပြီး ပြင်ပသို့ ဆက်သွယ်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် အခြေအနေက မည်မျှလေးနက်သည်ကို စစ်ဧကရာဇ်များက ချက်ချင်းသဘောပေါက် နားလည်သွားကြသည်။

"လူတိုင်း နားထောင်ကြစမ်း။ ကာကွယ်ရေးဖွဲ့စည်းပုံ အသက်သွင်းကြ"

ဧကရာဇ်ရော့က အော်ဟစ်အမိန့်ပေးလိုက်သောအခါ တပည့်များက ခဏတာ မင်သက်သွားကြသည်။ ရှင်းဟိုင်ဒေသတွင် တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သောကြောင့် သူတို့က အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သို့သော်လည်း အများစုက ဧကရာဇ်ရော့၏အမိန့်ကို ကြားသောအခါ ကိုယ့်ကိုကိုယ်ကာကွယ်ရန်အတွက် သိုလှောင်အိတ်အတွင်းမှ လက်နက်များ ဆွဲထုတ်လိုက်ကြသည်။ သူတို့က ခံစစ်မပြင်နိုင်ခင် ကောင်းကင်ထက်ရှိအစီအရင်တွင် အပေါက်တစ်ခုဖြစ်ပေါ်လာကာ ဝတ်ရုံနက်များက မိုးစက်များသဖွယ် တဖွဲဖွဲ ခုန်ချလာကြသည်။ ထိုလူများက လေထဲတွင် ဓားကိုယ်စီဆွဲထုတ်လိုက်ကြပြီး ရှင်းဟိုင်ဒေသ၏ ကျင့်ကြံသူများကို ချက်ချင်းတိုက်ခိုက်လိုက်ကြသည်။

"ရွှစ် ရွှစ် ရွှစ်"

ကျင့်ကြံသူများမှာ သတိလက်လွတ်ဖြစ်သွားကြပြီး ချက်ချင်းအသတ်ခံလိုက်ရသဖြင့် သွေးချင်းချင်းနီသွားခဲ့သည်။ နောက်ခံမသိရသော ဝတ်ရုံနက်များက ရှင်းဟိုင်ဒေသကို ပေါ်တင်ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကြေငြာလိုက်သည်။

"တိုက်ခိုက်ကြ"

သို့သော်လည်း တပည့်များမှာ နတ်တိုင်းပြည်အသီးသီးမှ ရွေးချယ်ထားသော ပါရမီရှင်များဖြစ်သောကြောင့် သတိဝင်လာချိန်တွင် လက်နက်ကိုယ်စီဖြင့် ဝတ်ရုံနက်များကို ပြန်လည်တိုက်ခိုက်နိုင်ခဲ့ကြသည်။ ကျီးကန်းအုပ်များကဲ့သို့ ပျံသန်းနေသော ဝတ်ရုံနက်များကြားတွင် အနိမ့်ဆုံးက တာအိုနတ်အဆင့်ဖြစ်ပြီး စစ်ဧကရာဇ်အဆင့်များလည်း ပါဝင်နေသည်။

"ဘယ်ခွေးကောင်တွေက ရှင်းဟိုင်သိုင်းဒေသကို တိုက်ခိုက်ချင်နေတာလဲ။ သေကြစမ်း"

ဧကရာဇ်ရော့က တောင်ပံများကိုခတ်၍ လက်သည်းကြီးများဖြင့် ရန်သူများကို တိုက်ခိုက်လိုက်သောအခါ ကျန်စစ်ဧကရာဇ်များလည်း အော်ဟစ်ကြုံးဝါးကာ တိုက်ပွဲအတွင်း ခုန်ဝင်လာကြသည်။ တိုက်ပွဲတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာပြီး ရှင်းဟိုင်ဒေသ၏ကျင့်ကြံသူများ အသတ်ခံရချိန်တွင် အလောင်းများ ပုံထပ်သွားသော်လည်း ဝတ်ရုံနက်များ သေဆုံးသွားသောအခါ အလောင်းများက လေထဲတွင် ဘာမှမကျန်အောင် ပျောက်ကွယ်သွားကြသည်။ ထို့ကြောင့် နေရာတိုင်းတွင် ရှင်းဟိုင်ဒေသတပည့်များ၏ အလောင်းများသာ ရှိနေသဖြင့် သူတို့က တိုက်ခိုက်နေရင်း​ ကြောက်လန့်လာကြသည်။ နှစ်ဖက်လုံးမှ စစ်ဧကရာဇ်များကလည်း တိုက်ပွဲစတင်နေကြပြီး ဝတ်ရုံနက်များဘက်မှ အရေအတွက်မနည်းသောကြောင့် ဧကရာဇ်ရော့တို့က အသာစီးမရခဲ့ပေ။

"လူတိုင်း တောင့်ခံထားကြ။ နတ်အစေခံတွေ သိသွားရင် ငါတို့ကို ချက်ချင်းလာကူညီပေးလိမ့်မယ်"

ဧကရာဇ်ရော့က ကျယ်လောင်စွာအော်ဟစ်၍ အားပေးလိုက်သည်။ အနိုင်ရရန် မျှော်လင့်ချက်က ဝေဝါးနေပြီး နတ်အစေခံများ အချိန်မီလာရောက် ကယ်ဆင်နိုင်ရန် မျှော်လင့်နေရုံသာ တတ်နိုင်သည်။

​အပြင်ဘက်ရှိ အခြေအနေကို ဆက်တိုက်ထောက်လှမ်းနေသော ယဲ့ချန်သည် ဤဝတ်ရုံနက်များက လူသားနတ်ဘုရားနယ်မြေတွင် သူတိုက်ခိုက်ခဲ့ရသော ဝတ်ရုံနက်နှစ်ယောက်နှင့် အလွန်ဆင်တူကြောင်း တွေ့ခဲ့ရသည်။ ထို့ကြောင့် သူတို့က ကပ်ပါးအဆင့် ကောင်းကင်နတ်ဆိုးများဖြစ်နိုင်ပြီး ရှင်းဟိုင်သိုင်းဒေသသို့ အရေအတွက်များစွာဖြင့် လာရောက်တိုက်ခိုက်သော အကြောင်းအရင်းက ထူးဆန်းနေသည်။

"ဒီဝတ်ရုံနက်တွေက ဘာလိုချင်တာလဲ။ ရှင်းဟိုင်သိုင်းဒေသကို ဖျက်ဆီးချင်ရုံသက်သက်လား။ ဒါမှမဟုတ် ကျန်တဲ့နေရာတွေကရော တိုက်ခိုက်ခံနေရပြီလား"

ယဲ့ချန်၏စိတ်ထဲတွင် သံသယအတွေးများစွာ ဖြစ်ပေါ်လာခဲ့လေသည်။

All Chapters