← Chapters

ပြင်းထန်သော တိုက်ပွဲ

Vol. 49 Ch. 677

ပြင်းထန်သော တိုက်ပွဲ

Vol. 49 Ch. 677

အကယ်၍ ကောင်းကင်မူလတိုက်ကြီးရှိ အခြားနေရာများပါ တိုက်ခိုက်ခံနေရလျှင် နတ်အစေခံများက ရှင်းဟိုင်ဒေသသို့ အချိန်မီလာရောက် ကယ်တင်နိုင်မည် မဟုတ်ပေ။ ဤနေရာတစ်ခုတည်းသာ တိုက်ခိုက်ခံရလျှင် နတ်အစေခံများက သတိထားမိသွားပါက အန္တရာယ်ကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ယဲ့ချန်သည် ထန်တိုက်လင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဇနီးနှင့် ရင်သွေးကို မည်သည့်အန္တရာယ်မှ မဖြစ်စေရဟု သံဓိဋ္ဌာန်ချလိုက်သည်။

"လင်အာ အခန်းထဲမှာ နေရမယ်နော်။ အရာရာကို ငါ ကာကွယ်ပေးမယ်"

သူက လေးနက်စွာ ပြောလိုက်သည်။ လက်ရှိတွင် ထန်တိုက်လင်က အဓိကခန်းမအတွင်းရှိ လုံခြုံသော အခန်းတစ်ခုအတွင်း ရောက်ရှိနေပြီး ဝင်ပေါက်ထွက်ပေါက် တစ်ခုတည်းရှိသည့်အပြင် အခန်းတစ်ခုလုံးကို အဖိုးတန်သတ္တုများဖြင့် တည်ဆောက်ထားသည်။

"ငါ အဆင်ပြေပါတယ်"

ထန်တိုက်လင်က ဤသို့ပြောလိုက်သော်လည်း ဝမ်းဗိုက်အတွင်းမှ လှုပ်ရှားလာသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏မျက်နှာထားကို အကဲခတ်နေသော ယဲ့ချန်သည် စိုးရိမ်စိတ်နှင့် ပျော်ရွှင်မှုကို တပြိုင်နက် ခံစားလိုက်ရသည်။ သူမ၏ဝမ်းကြာတိုက်အတွင်းရှိ ရင်သွေး၏အသက်အားက မြင့်တက်လာပြီး မီးဖွားရန် အချိန်နီးကပ်လာခဲ့သည်။ သို့သော် လက်ရှိတွင် ရှင်းဟိုင်သိုင်းဒေသက တိုက်ခိုက်ခံနေရသောကြောင့် အစိုးရိမ်ကြီးနေခဲ့သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ပြင်ပသို့ ထောက်လှမ်းလိုက်သောအခါ ဝတ်ရုံနက်များသည် ဧကရာဇ်ရော့တို့လူစုကို ဝိုင်းထားသော်လည်း သတ်ဖြတ်ရန် တိုက်ခိုက်နေခြင်းမရှိဘဲ ပိတ်ဆို့ထားရုံသာဖြစ်သည်။ ကျန်ဝတ်ရုံနက်များက တစ်ခုခုကို လိုက်လံရှာဖွေနေဟန်ဖြင့် ဆက်တိုက်လှုပ်ရှားနေကြသည်။ ရန်သူ၏ရည်ရွယ်ချက်က ရှင်းဟိုင်ကို ဖျက်ဆီးရန် မဟုတ်သောကြောင့် သူက မျက်မှောင်ကြုတ်လိုက်ပြီး ထန်တိုက်လင်ထံ တစ်ချက်လှမ်းကြည့်မိလိုက်သည်။

ထန်တိုက်လင်က ရန်သူများ၏ပစ်မှတ် ဖြစ်နိုင်သော်လည်း ယဲ့ချန်က အလေးအနက် စဥ်းစားလိုက်သောအခါ သူမ မီးဖွားခါနီးတွင် ရန်သူများက တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာကြသည်။

"မင်းတို့ခွေးကောင်တွေက ငါ့ကလေးကို ထိချင်တာလား။ အကုန်သေရမယ်"

ရန်သူများ၏ပစ်မှတ်က သူ အထိအခိုက်မခံနိုင်သော ရင်သွေးလေး ဖြစ်နေသောကြောင့် ယမ်းပုံမီးကျ ဒေါသထွက်သွားခဲ့သည်။ သူက ပထမဆုံးကလေးအပေါ် ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာဖြင့် မျှော်လင့်တကြီး စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထန်တိုက်လင်က လက်ရှိတွင် မသက်မသာဖြစ်နေပြီး အခန်းတွင်းရှိ နူးညံ့သောအိပ်ရာပေါ်တွင် ရှိနေခဲ့သည်။ သူမ၏ခန္ဓာကိုယ်က တောက်ပလာပြီး ကိုးရောင်ခြယ်ချီများက ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည့်အပြင် အချိန်လေဟာနယ်ချီများလည်း ဖြစ်ပေါ်လာသည်။ သို့သော် ဤဖြစ်ရပ်က သူမနှင့် သက်ဆိုင်ခြင်းမရှိဘဲ မီးဖွားလာမည့်ကလေးနှင့်သာ သက်ဆိုင်နေပုံရသောကြောင့် ယဲ့ချန်သည် သူ၏ရင်သွေးက အနာဂတ်တွင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်ကြောင်းကို ကောင်းကင်နတ်ဆိုးများမှ အာရုံခံမိခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်သည်။ ထို့ကြောင့် သူက ဆည်းဆာနတ်ဓားကို ဆွဲထုတ်၍ ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ်ထောက်လှမ်းကာ အခန်းအတွင်း တစ်ဦးတစ်လေပင် မကျူးကျော်နိုင်စေရန် ကာကွယ်ပေးနေခဲ့သည်။ အခန်းအနီးသို့ ချဥ်းကပ်လာသူတိုင်းက ဆည်းဆာနတ်ဓားထက်တွင် သေရမည်ဟု ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးတွင် ဝတ်ရုံနက်များက ယဲ့ချန်နှင့် ထန်တိုက်လင်ရှိနေသော ခန်းမထံ ဦးတည်ချဥ်းကပ်လာနေပြီဖြစ်သည်။ သူက ဓားလက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သတ်ဖြတ်လိုစိတ်များက မျက်ဝန်း၌ ထင်ဟပ်နေသည်။ ဝတ်ရုံနက်များက ခန်းမကို ဆက်တိုက်ဖျက်ဆီးရင်း ထန်တိုက်လင်ကို လိုက်လံရှာဖွေနေစဥ် သူက ဆည်းဆာနတ်ဓားဖြင့် တိုက်ခိုက်လိုက်သောအခါ မီတာရာချီရှည်လျားသော အနက်ရောင်ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဘုန်း"

ခန်းမတစ်ဝက်ခန့်က ဓားအလင်းကြောင့် ပြိုကျသွားပြီး ဝတ်ရုံနက်များမှာ အဆုံးမဲ့ချောက်နက်အတွင်း ဝါးမျိုခံလိုက်ရသကဲ့သို့ နာကျင်စွာအော်ဟစ်ရင်း ပျောက်ကွယ်သွားကြသည်။ သူက ဓားတစ်ချက်ယမ်းလိုက်ရုံဖြင့် ဝတ်ရုံနက်ရာချီသေဆုံးသွားပြီး စစ်ဧကရာဇ်တစ်ယောက်ပင် ပါဝင်နေသည်။ သူ၏လှုပ်ရှားမှုက အလွန်လျင်​မြန်သောကြောင့် သတိလက်လွတ်ဖြစ်နေသည့် ဝတ်ရုံနက်စစ်ဧကရာဇ်မှာ နှစ်ပိုင်းပြတ်ထွက်သွားခြင်း ဖြစ်သည်။ ရှင်းဟိုင်ဒေသ၏ စစ်ဧကရာဇ်များသည် ဝတ်ရုံနက်များက တစ်ခုခုကိုရှာဖွေနေကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ရှင်းဟိုင်ဒေသသို့ ကောင်းကင်နတ်ဆိုးက နောက်လိုက်များစွာစေလွှတ်၍ တိုက်ခိုက်ရလောက်သော အကြောင်းမရှိသဖြင့် ပစ်မှတ်က ယဲ့ချန် သို့မဟုတ် ထန်တိုက်လင် ဖြစ်နိုင်ကြောင်း နားလည်သွားကြသည်။ လက်ရှိတွင် ကောင်းကင်မူလကြယ်၌ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း အမြင့်ဆုံးပိုင်ရှင်မှာ ထန်တိုက်လင်ဖြစ်နေပြီး ကြယ်သခင်အလောင်းအလျာတစ်ယောက် ဖြစ်နိုင်ချေရှိသည်။

ဤအချက်ကို သတိထားမိသောအခါ စစ်ဧကရာဇ်များက သူတို့ကိုဝိုင်းထားသော ဝတ်ရုံနက်များထံမှ ဖောက်ထွက်ရန် အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။ ရန်သူများတွင် စစ်ဧကရာဇ်အရေအတွက်က နှစ်ဆယ်ကျော်ဖြစ်ပြီး သူတို့ကိုဝိုင်းထားသော စစ်ဧကရာဇ်များမှအပ ကျန်ရန်သူများက ထန်တိုက်လင်ကို ရှာဖွေနေကြသည်။ ထို့ကြောင့် သူတို့က သွားရောက်ကူညီရန်အတွက် ရန်သူများကြားမှ ဖောက်ထွက်ချင်နေကြသည်။ ဧကရာဇ်ရော့ကမူ ထူးဆန်းစွာဖြင့် တည်ငြိမ်နေပြီး ကိုယ့်ကိုကိုယ်ကာကွယ်ရုံသာ တိုက်ခိုက်နေခြင်းကို မည်သူမှ သတိမပြုမိခဲ့ပေ။

ရှင်းဟိုင်ဒေသရှိ တပည့်များသည် ဝတ်ရုံနက်ပေါင်းထောင်ချီနှင့် စစ်ဧကရာဇ်ဆယ်ယောက်ကျော်က ထန်တိုက်လင်ရှိနေသော ခန်းမထံ သွားနေသဖြင့် အန္တရာယ်ရှိကြောင်း နားလည်လိုက်သည်။ သူတို့က ထန်တိုက်လင်အတွက် စိုးရိမ်နေကြသော်လည်း ကိုယ့်အသက်ကိုစွန့်လွှတ်၍ ကာကွယ်ဝံ့သော သတ္တိမရှိချေ။ ဝတ်ရုံနက်စစ်ဧကရာဇ်များက နောက်လိုက်များနှင့်အတူ ခန်းမထံ ချီတက်သွားသောကြောင့် ထန်တိုက်လင်သေပြီဟု သူတို့က ထင်ထားသော်လည်း အနက်ရောင်ဓားအလင်းတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။ ဘုန်းခနဲမြည်သံနှင့်အတူ ခန်းမကြီးက ပြိုကျသွားကာ ရာချီသော ဝတ်ရုံနက်များ သုတ်သင်ခံလိုက်ရသည်။

"အစွမ်းထက်လိုက်တဲ့ ဓားအလင်း။ ယဲ့ချန်ကိုင်ထားတဲ့ဓားက ဘယ်လိုလက်နက်မျိုးမို့ ဒီလောက်ကြောက်စရာကောင်းနေရတာလဲ"

လူတိုင်းက အထိတ်တလန့်ဖြင့် လှမ်းကြည့်လိုက်သောအခါ အခန်းတစ်ခုရှေ့တွင် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများနှင့် ယဲ့ချန်သည် ဧရာမဓားကြီးတစ်လက်ကိုကိုင်၍ မားမားမတ်မတ်ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူက မြေပြင်တွင် ရပ်နေခြင်းဖြစ်သော်လည်း လူတိုင်း၏အထက်မှ ငုံ့ကြည့်နေသကဲ့သို့ ထင်မှတ်မှားသွားကြသည်။ သူ၏လက်ထဲရှိ ဓားကြီးထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် ကမ္ဘာကြီးက အမှောင်ဖုံးသွားကာ ဆည်းဆာနေဝင်ချိန် ရောက်လာသကဲ့သို့ ခံစားနေကြရသည်။ ဝတ်ရုံနက်များသည်လည်း ယဲ့ချန်၏ဓားက အလွန်အစွမ်းထက်နေသောကြောင့် နေရာတွင် မင်သက်ကာ ရပ်တန့်သွားကြသည်။

"သတ်စမ်း"

စစ်ဧကရာဇ်များက ခဏတာ တုံ့ဆိုင်းသွားသော်လည်း အရှိန်အဝါကိုယ်စီထုတ်ဖော်၍ ငယ်သားများကို အမိန့်ပေးလိုက်ကြသည်။ ထိုအုပ်စုတွင် အနိမ့်ဆုံးစစ်ဧကရာဇ်က အဆင့်သုံးဖြစ်၍ အမြင့်ဆုံးက အဆင့်ခြောက်ဖြစ်သည်။ ယဲ့ချန်သည် ရန်သူစစ်ဧကရာဇ်တစ်ယောက်ကို သတ်ဖြတ်နိုင်ခြင်းမှာ တစ်ဖက်လူက သတိလွတ်နေသောကြောင့်ဟု နားလည်ထားသည်။ သူ၏အစစ်အမှန်ခွန်အားဖြင့် စစ်ဧကရာဇ်ဆယ်ယောက်ကျော်ကို တပြိုင်နက် ရင်မဆိုင်နိုင်သော်လည်း သေရမည်ဆိုလျှင်ပင် ခြေတစ်လှမ်းမ​ဆုတ်ဟု ဆုံးဖြတ်ထားသည်။ သူက ဇနီးသည်နှင့် ရင်သွေးအတွက် အသက်ကိုစွန့်လွှတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

"သေစမ်း"

ယဲ့ချန်က အော်ဟစ်ကြုံးဝါး၍ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်ကာ ဆည်းဆာနတ်ဓားဖြင့် ခုတ်ချလိုက်သကဲ့သို့ ကောင်းကင်ဓားပျံများလည်း ဖန်တီးပစ်ခတ်လိုက်သည်။ ဧရာမဓားအလင်းက နောက်တစ်ကြိမ်ထွက်ပေါ်လာပြီး ကောင်းကင်ဓားပျံများကလည်း ဝတ်ရုံနက်များကို တစ်ယောက်ပြီးတစ်ယောက် ထိုးဖောက်သွားခဲ့သည်။ ဓားပျံဖြင့် ထိမှန်ခံလိုက်ရသူတိုင်းက ကောင်းကင်တွင် ပျောက်ကွယ်သွားကြသည်။ သူ၏မျက်ဝန်း၌ ကြယ်ကိုးလုံးလည်ပတ်နေပြီး သေရေးရှင်ရေးဖြစ်နေသောကြောင့် ပုံမှန်ထက်သာလွန်သော အင်အားမျိုးကို ထုတ်ဖော်နိုင်စွမ်းရှိသည်။

"ဘန်း ဘန်း ဘန်း"

နောက်ဆုံးတွင် ကောင်းကင်ဓားပျံများက ပေါက်ကွဲသွားပြီး ဝတ်ရုံနက်ရာချီကို သေရွာပို့လိုက်သကဲ့သို့ ဓားအလင်းက စစ်ဧကရာဇ်များထံ တိုးဝင်သွားသည်။ သူတို့က ဆည်းဆာနတ်ဓားကို တိုက်ရိုက်ရင်မဆိုင်ရဲသောကြောင့် ဘက်ပေါင်းစုံသို့ လျင်မြန်စွာ ထွက်ပြေးလိုက်ကြသည်။ ထိုအချိန်တွင် ယဲ့ချန်ထံမှ အလွန်ထက်ရှသော ကောင်းကင်ဓားပျံများ ထပ်မံထွက်ပေါ်လာသောကြောင့် အလွန်ကြောက်လန့်ကာ နောက်ဆုတ်သွားကြသည်။ စစ်ဧကရာဇ်ဆယ်ယောက်ကျော်က သူ့ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး အရှိန်အဝါဖြင့် ဖိအားပေးကာ အားနည်းချက်တစ်စုံတရာ ရှာတွေ့လျှင် ချက်ချင်းတိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။

ယဲ့ချန်သည် ကြောက်စိတ်ကင်းမဲ့နေသော်လည်း စစ်ဧကရာဇ်အဆင့် အရှိန်အဝါဆယ်ခုကျော်ကို တပြိုင်နက် ရင်ဆိုင်နေရသောကြောင့် ဖိအား အလွန်များနေသည်။ သူ၏ကိုယ်တွင်းမှ အချိန်လေဟာနယ်ချီများ လည်ပတ်လာပြီး ဖိအားကို ချေဖျက်ပေးနေသော်လည်း အနည်းငယ်သာ နားလည်ထားခြင်းဖြစ်သောကြောင့် အကုန်အစင် မချေဖျက်နိုင်ပေ။ သူက မည်သည့်အချိန်အထိ တိုက်ခိုက်နိုင်မည်ဟု မသိသော်လည်း နောက်ဆုံးထွက်သက်အထိ နောက်ဆုတ်မည်မဟုတ်ပေ။ သူက ဝတ်ရုံနက်စစ်ဧကရာဇ်များကို တစ်ကိုယ်တော် ရင်ဆိုင်နိုင်နေသောအခါ ရှင်းဟိုင်သိုင်းဒေသ၏ စစ်ဧကရာဇ်များ မျက်လုံးပြူးသွားကြသည်။ သူတို့က ရန်သူများနှင့် တိုက်ခိုက်ခဲ့ရသောကြောင့် တစ်ဖက်လူ၏အင်အားက မနိမ့်ကြောင်း နားလည်ထားကြသည်။ သို့သော်လည်း ယဲ့ချန်က ဝတ်ရုံနက်စစ်ဧကရာဇ်ဆယ်ယောက်ကျော်ကို ဓားတစ်လက်တည်းဖြင့် ရပ်တန့်သွားစေခဲ့သည်။

ယဲ့ချန်၏ နောက်ကျောဘက်ရှိ အခန်းတွင်းမှ ထန်တိုက်လင်သည် မတ်တပ်ထရပ်၍ လင်ယောကျ်ားဖြစ်သူနှင့်အတူ တိုက်ခိုက်ရန် ကြိုးစားနေသော်လည်း ဝမ်းဗိုက်မှ နာကျင်မှုကြောင့် ရင်သွေးလေးထိခိုက်မည်ကို စိုးရိမ်နေရသည်။ ယဲ့ချန်က ပုံမှန်ထက် များစွာသာလွန်သော ခွန်အားမျိုးကို ထုတ်ဖော်နိုင်ရသော အကြောင်းအရင်းကို သူမလည်း နားလည်ထားသည်။ သူက ဇနီးသည်နှင့် ရင်သွေးကို အသက်စွန့်ကာကွယ်လိုသော စိတ်မျိုးကို ပိုင်ဆိုင်ထားသဖြင့် ထန်တိုက်လင်၏နှလုံးသားက လှုပ်ခတ်သွားရသည်။ မားမားမတ်မတ်ရပ်၍ ရန်သူများကိုရင်ဆိုင်နေသော ခင်ပွန်းသည်၏ပုံရိပ်က သူမကို အလွန်လုံခြုံသော ခံစားချက် ပေးစွမ်းနေသည်။ ယဲချန်သာရှိနေလျှင် သူမနှင့် ကလေးကို မည်သည့်ရန်သူမှ ထိခိုက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ သူမ၏ဝမ်းကြာတိုက်အတွင်းမှ ရင်သွေး၏အသက်ဓာတ်က ပိုမိုသန်မာလာနေပြီး ထန်တိုက်လင်မြင်တွေ့ဖူးသမျှ ကလေးများထက် အဆပေါင်းများစွာ သာလွန်နေသည်။

ထန်တိုက်လင်သည် ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ရင်း ကြည်လင်အေးချမ်းစွာ ပြုံးနေမိသည်။ ကလေး၏အသက်အားက ပို၍သန်မာလေလေ၊ မွေးရာပါပါရမီက ပို၍မြင့်မားလေလေဖြစ်သည်။ ထို့အပြင် ကလေး၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက သုညဖြစ်နေလျှင်ပင် ယဲ့ချန်ကဲ့သို့ ဖခင်ကောင်းမျိုးကို ပိုင်ဆိုင်ထားသည့်အတွက် သေချာပေါက် အစွမ်းထက်လာပေလိမ့်မည်ဟု သူမက ခိုင်မာစွာယုံကြည်ထားလေသည်။

All Chapters