လာရောက်ကူညီသူ
Vol. 49 Ch. 679
ဧရာမလက်ကြီးက နက်မှောင်နေပြီး ၎င်းထွက်ပေါ်လာချိန်တွင် ကန့်သတ်အစီအရင်အတွင်းရှိ လေထုက အေးခဲသွားကာ ကြောက်မက်ဖွယ်ဖိအားတစ်ရပ် ကျဆင်းလာသည်။
"ဝုန်း ဝုန်း"
ထိုဖိအားက ရန်သူမိတ်ဆွေ မခွဲခြားသောကြောင့် ကောင်းကင်ထက်ရှိ ဝတ်ရုံနက်များလည်း မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ တွင်းကြီးများ ဖြစ်ပေါ်လာသည်။ ဧရာမလက်ကြီးက ထန်တိုက်လင်ထံ ဦးတည်ကျဆင်းလာသောကြောင့် ယဲ့ချန်သည် ခန္ဓာကိုယ်ထက်တွင် ကီလိုဂရမ်သိန်းချီသော အလေးချိန်ကို ခံစားလိုက်ရပြီး ခြေတစ်လှမ်းရွေ့ရန်ပင် ခက်ခဲသွားခဲ့သည်။ သူ၏မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး လူသတ်လိုစိတ်က တဝုန်းဝုန်း ထွက်ပေါ်လာသည်။ ထန်တိုက်လင်က ဤဖိအားကြောင့် မီးဖွားရာတွင် ထိခိုက်သွားနိုင်သောကြောင့် သူက ဒေါသူပုန်ထနေခြင်းဖြစ်သည်။ သူက ဓားပျံကို အပြင်းအထန်လှုံ့ဆော်၍ ကောင်းကင်ချီများညှစ်ထုတ်ကာ ဆည်းဆာနတ်ဓားဖြင့် ပိုင်းချလိုက်သည်။
"သေစမ်း"
အနက်ရောင်ဓားအလင်းက ကောင်းကင်မှ လက်ကြီးထံ ဝင်ရောက်သွားပြီး လက်ရှိတွင် ယဲ့ချန်၏စိတ်ထဲ၌ ၎င်းကိုဖျက်ဆီးရန် အတွေးတစ်ခုသာ ရှိသည်။
"မင်းကိုယ်မင်း အတော်အထင်ကြီးနေတာပဲ"
လှောင်ရယ်သံတစ်ခုက တိမ်မည်းများကြားမှ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မိုးချုန်းသံကဲ့သို့ မြည်ဟီးသွားခဲ့သည်။ ဧရာမလက်ကြီး၏ဖိအားက နတ်အစေခံတစ်ယောက်အောက် မနိမ့်သောကြောင့် စစ်ဧကရာဇ်အဆင့်သုံးနှင့်တူညီသော ခွန်အားကို ပိုင်ဆိုင်ထားသည့် ယဲ့ချန်မှာ ဝတ်ရုံနက်စစ်ဧကရာဇ်များကို ဆည်းဆာနတ်ဓားအားကိုးဖြင့် သတ်နိုင်ခဲ့သော်လည်း လက်ရှိ၌ ခက်ခဲနေရသည်။ ဧရာမလက်ကြီးထံမှ ဖိအားက သူ့အပေါ်တွင် မရေမတွက်နိုင်သော တောင်ကြီးများကို ထမ်းထားရသကဲ့သို့ လေးလံလွန်းလှသည်။
"ငါ သေရတော့မှာလား။ ငါသေရင် ကလေးနဲ့ လင်အာက ဘယ်လိုဖြစ်သွားမှာလဲ"
ယဲ့ချန်၏ရင်ထဲတွင် မကျေမချမ်းဖြစ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ဖောက်ခွဲချင်နေသော ဖိအားကို အံကြိတ်၍ သည်းခံနေသည်။ သူ၏လက်ထဲရှိ ဆည်းဆာနတ်ဓားက တောက်ပလာသကဲ့သို့ ကောင်းကင်ဓားပျံတစ်ဒါဇင်ကျော်လည်း ထွက်ပေါ်လာသည်။ သူက တိုက်ပွဲအတွင်း သေရမည်ဆိုလျှင် ဧရာမလက်ကြီးပျက်စီးသွားစေရန် အစွမ်းကုန်တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားသည်။ သူက ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးကို ဖောက်ခွဲတိုက်ခိုက်ရမည်ဆိုလျှင်တောင် တစ်ချက်တွန့်နေမည် မဟုတ်ပေ။ ထန်တိုက်လင်သည် ယဲ့ချန် အကောင်းဆုံးကြိုးစားနေသည်ကို မျက်ဝါးထင်ထင်မြင်တွေ့နေရသဖြင့် ဝမ်းဗိုက်ကို ညှင်သာစွာ ပွတ်သပ်လိုက်မိသည်။ မည်သို့ဖြစ်ပျက်ပါစေ၊ သူမက ယဲ့ချန်နှင့် သူမ၏ရင်သွေးကို ကာကွယ်ရပေလိမ့်မည်။
"လင်အာ တကယ်လို့ တစ်ခုခုဖြစ်သွားပြီး ကလေးလေး သေသွားမယ်ဆိုရင်တောင် မင်းက ဆက်လက်ရှင်သန်ရမယ်နော်"
ယဲ့ချန်က နောက်ဆုံးဆန္ဒကို ထန်တိုက်လင်ထံ ဝိညာဥ်အသိစိတ်မှတဆင့် မှာကြားလိုက်ခြင်းဖြစ်သည်။ သူ၏ဝမ်းနည်းမှုများက ဆည်းဆာနတ်ဓား၏စွမ်းအားနှင့် ပေါင်းစပ်သွားကာ စိတ်အတွင်း၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။ စကြဝဠာအတွင်းမှ ဆင့်ကဲပြောင်းလဲမှုများ၊ စစ်ပွဲများနှင့် ထန်တိုက်လင်၊ နင်အာ၊ ယဲ့လော့နှင့် ပိုလင်းတို့၏ပုံရိပ်များလည်း ပါဝင်နေသည်။ သူက နတ်ဆိုးလက်ကို အစွမ်းကုန်ရင်ဆိုင်နေစဥ် ပုံရိပ်တစ်ခုက ကန့်သတ်အစီအရင်ကို အပြင်ဘက်မှထိုးဖောက်ကာ တရကြမ်း ဝင်ရောက်လာခဲ့သည်။ ထိုလူက နန်းကုန်းဇီဖြစ်ပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ချောမောခန့်ညားသော အသွင်ကိုဖော်ဆောင်၍ လေထဲ၌ မတ်မတ်ရပ်နေခဲ့သည်။
"မင်း ဘယ်လိုဝင်လာတာလဲ"
နတ်ဆိုးလက်က ရုတ်တရက်ရပ်တန့်သွားပြီး အံ့သြနေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ငါဘယ်လိုဝင်လာတယ်ဆိုတာက မင်းကိစ္စ မဟုတ်ဘူး"
"ငါ မင်းတို့ကို ကူညီပေးဖို့ ရောက်လာတာပဲ။ နဂါးဘုရင်လည်း သိပ်မကြာခင် ရောက်လာလိမ့်မယ်"
နန်းကုန်းဇီက နတ်ဆိုး၏အမေးကို အေးစက်စက်တုံ့ပြန်၍ ယဲ့ချန်ဘက်လှည့်ကာ တစ်ချက်ပြုံးပြလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်က စိတ်အေးသွားရသည်။ ရန်သူက နတ်အစေခံအဆင့် ဖြစ်နိုင်သောကြောင့် သူနှင့် ထန်တိုက်လင်က ယနေ့ သေဘေးမှမလွတ်နိုင်ဟု ထင်ထားသော်လည်း နန်းကုန်းဇီ၏စကားအရ နဂါးဘုရင်သာ ရောက်ရှိလာလျှင် ပြဿနာက အလိုလိုရှင်းလင်းသွားပေလိမ့်မည်။
"စစ်ဧကရာဇ်လေးနှစ်ယောက်ကများ ငါ့ရှေ့မှာ မောက်မာရဲတယ်ပေါ့"
နတ်ဆိုးလက်က ဆက်လက်ကျဆင်းလာသောအခါ ယဲ့ချန်ကိုယ်ပေါ်ရှိ ဖိအားက လေးငါးဆအထိ ကြီးမားလာခဲ့သည်။
"နတ်အစေခံအဆင့်တစ် ကျင့်ကြံသူတစ်ယောက်ကရော ဒီလိုမောက်မာရဲသလား။ မင်းဘယ်သူဆိုတာ ဖော်ထုတ်ရသေးတာပေါ့"
နန်းကုန်းဇီက ကောင်းကင်ရှိ တိမ်မည်းများထံ မော့ကြည့်လိုက်ပြီး မျက်ဝန်းနှစ်စုံမှ အလင်းတန်းနှစ်ခု ပြိုင်တူပြေးထွက်သွားခဲ့သည်။ လူသိမခံနိုင်သော ရန်သူသည် သူ၏စွမ်းရည်ကို ကာကွယ်ရန်အတွက် တိမ်မည်းများနှင့် နတ်ဆိုးချီများကို ပိုမိုစုစည်းလိုက်ရသည်။
"မင်းက သေချင်နေတာပဲ"
နတ်ဆိုးလက်ကြီးကလည်း သူ၏အမြင်စွမ်းရည်ကို ဖုံးအုပ်ရန်အတွက် နေရာရွှေ့လိုက်ရသည်။ သူက မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေရာမှ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ကျောက်စိမ်းဓားတစ်လက်ကို ဆွဲကိုင်လိုက်သဖြင့် ကျောင်းတော်သားတစ်ယောက်နှင့်ပင် တူညီနေသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်၌ အဆောင်များစွာထွက်ပေါ်လာကာ အချိန်လေဟာနယ်ချီများကို စုပ်ယူ၍ ကောင်းကင်တွင် ဧရာမဓားအစီအရင်တစ်ခု ဖြစ်တည်လာသည်။ ထောင်သောင်းချီသော ဓားအလင်းများက တူညီစွာလှုပ်ရှားနေကြပြီး ရေတံခွန်ပမာ တဖွဲဖွဲစီးဆင်းနေသည်။ သူက ကျောက်စိမ်းဓားကိုဝင့်၍ ခုတ်ပိုင်းလိုက်သောအခါ ၎င်းတို့ကလည်း နတ်ဆိုးလက်ကြီးထံ ပြေးဝင်သွားကြသည်။
"ဟမ့် နိမ့်ကျတဲ့ ဓားအစီအရင်လေးတစ်ခုက ငါ့ကို ဘာလုပ်နိုင်မှာလဲ"
ရန်သူက နှာခေါင်းရှုံ့လိုက်ပြီး နတ်ဆိုးလက်၏ပတ်လည်၌ နတ်ဆိုးချီများ ထူထဲစွာဖြစ်တည်လာကာ ဓားအလင်းများကို ကာကွယ်လိုက်သည်။ သို့သော် နန်းကုန်းဇီက မျက်နှာတစ်ချက်ပင်မပျက်ဘဲ ကျောက်စိမ်းဓားကို အချိန်လေဟာနယ်ချီများ ထပ်မံပေါင်းစပ်လိုက်သောကြောင့် တောက်ပလာခဲ့သည်။ ဓားအစီအရင်၏ ဓားအလင်းများက ပိုမိုမြန်ဆန်လာကာ နတ်ဆိုးချီများကို ဆက်တိုက်ထိုးဖောက်နေသဖြင့် တထန်ထန်မြည်သံများနှင့်အတူ ဓားရာများ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် သူ၏ကျောက်စိမ်းဓားက နတ်ဆိုးလက်၏ လက်ချောင်းတစ်ချောင်းကို ဖြတ်ပစ်လိုက်သောကြောင့် သွေးများ ဗြန်းခနဲ ထွက်လာသည်။ ရန်သူသည် နန်းကုန်းဇီ၏တိုက်ခိုက်မှုက ဤမျှအစွမ်းထက်နေမည်ဟု ထင်မထားသောကြောင့် ထိခိုက်သွားခဲ့ပြီး နာကျင်စွာ အော်သံနက်ကြီး ထွက်ပေါ်လာသည်။
"စစ်ဧကရာဇ်တစ်ယောက်က အချိန်လေဟာနယ်ချီကို ဒီအဆင့်အထိ နားလည်ထားဖို့ မဖြစ်နိုင်ဘူး။ မင်း.... မင်း ဘယ်သူလဲ"
ရန်သူက ဒေါသထွက်သွားပုံပေါ်ပြီး ဧရာမလက်ကြီးတွင် နတ်ဆိုးလက်သည်းများ ဖြစ်ပေါ်လာကာ ကုတ်ချလိုက်သည်။ နန်းကုန်းဇီက လျင်မြန်စွာနောက်ဆုတ်၍ ဧရာမဒိုင်းတစ်ခုကို ကောင်းကင်ချီဖြင့် ဖန်တီးလိုက်ကာ အဖြူရောင်တောက်ပနေပြီး ဆန်းကျယ်သော ရုန်းများ စီးဆင်းနေသည်။ နတ်ဆိုးလက်သည်းများက အလွန်ကြမ်းတမ်းပြီး ဒိုင်းကို ချက်ချင်းချေမွပစ်လိုက်နိုင်သည်။ သူက စစ်ဧကရာဇ်အဆင့်တစ်ယောက်သာ ဖြစ်သောကြောင့် နတ်အစေခံတစ်ယောက်၏ခွန်အားကို မယှဥ်သာသော်လည်း တည်ငြိမ်နေဆဲပင်ဖြစ်သည်။ ကောင်းကင်ချီဒိုင်း ပျက်စီးသွားသော်လည်း သူက တိုက်ခိုက်မှုမှ လွတ်မြောက်အောင် စီမံနိုင်ခဲ့သည်။ ရန်သူက လက်ရှိတွင် သူ့ကိုအာရုံစိုက်ကာ တိုက်ခိုက်နေသဖြင့် ယဲ့ချန်တွင် ဖိအားများစွာ လျော့ကျသွားရသည်။
"သေစမ်း"
ဖိအားများ လျော့နည်းသွားသည်နှင့်တပြိုင်နက် သူက ကြယ်ကိုးလုံးကို အသက်သွင်း၍ ဆည်းဆာနတ်ဓားကို နတ်ဆိုးလက်ထံ ဦးတည်ခုတ်ပိုင်းကာ အနက်ရောင်ဓားအလင်းတစ်ခု ထုတ်ဖော်လိုက်၏။ အမှောင်ထုနှင့်ယှဥ်တွဲ ထွက်ပေါ်လာသော နတ်ဓားအလင်းက နတ်ဆိုးလက်ကို ထိမှန်သွားပြီး ချက်ချင်းမထိရောက်ခဲ့သော်လည်း အချိန်ခဏအကြာတွင် သေးငယ်သော ဓားရာတစ်ခု ရှည်လျားစွာဖြစ်ပေါ်လာကာ အနက်ရောင်သွေးများ စိမ့်ထွက်လာသည်။ ကန့်သတ်အစီအရင်ထက်မှ အော်သံနက်ကြီးက နာကျင်မှုကြောင့် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
"မင်းတို့နှစ်ယောက် ဒီနေ့ကိစ္စကို မှတ်ထားစမ်း။ မင်းတို့ကို သေချာပေါက် သတ်ပစ်မယ်"
နတ်ဆိုးက ဒေါသကြောင့် ရူးသွပ်သွားပုံပေါ်သည်။ ထိုအချိန်တွင် နတ်ဆိုးလက်ကြီးက ဓားရာမှတဆင့် မြေပြင်သို့ ပြတ်ကျလာသော်လည်း လေထဲတွင် သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ နန်းကုန်းဇီသည် ယဲ့ချန်နှင့် ဆည်းဆာနတ်ဓား၏အစွမ်းကြောင့် ထိတ်လန့်အံ့သြသွားသော်လည်း လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။ ကောင်းကင်တွင် တိမ်မည်းများ စုဝေးနေဆဲဖြစ်ကာ အစီအရင်က အသက်ဝင်နေသောကြောင့် ရန်သူက လက်လျှော့မည်မဟုတ်ကြောင်း သိသာနေသည်။
"ကျေးဇူးအများကြီးတင်ပါတယ်"
ယဲ့ချန်က နန်းကုန်းဇီကို ပြောလိုက်ခြင်းဖြစ်သည်။ သူ၏နောက်ဆုံးတိုက်ခိုက်မှုက ခွန်အားအလုံးစုံကို ကုန်ခမ်းသွားစေသဖြင့် လဲကျလုနီးပါးဖြစ်နေသည်။ သူက ဓားပျံမှထောက်ပံ့ပေးထားသော ကောင်းကင်ချီများကို အသုံးပြု၍ မတ်တပ်ရပ်နေရသည်။
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ မင်း ထန်တိုက်လင်ကို တစ်ချက်သွားကြည့်သင့်တယ်။ ဒီနေရာမှာ ငါ စောင့်ကြပ်ပေးထားမယ်"
နန်းကုန်းဇီက တစ်ချက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ ယဲ့ချန်က သူ၏စကားကြောင့် ခဏတာတွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်၏။ နန်းကုန်းဇီသာ လာရောက်ကူညီခြင်းမရှိလျှင် အကျိုးဆက်က အလွန်ဆိုးရွားသွားနိုင်ပြီး ဆည်းဆာနတ်ဓားက ရန်သူကို ထိခိုက်နိုင်စွမ်းရှိသော်လည်း သူတစ်ယောက်တည်း တိုက်ခိုက်ရလျှင် ယခုလောက် အကျိုးမရှိနိုင်ပေ။ သူက ထန်တိုက်လင်ထံပြန်သွားပြီး ဝိညာဥ်အသိစိတ်ဖြင့် အစစအရာရာကို စစ်ဆေးလိုက်သည်။ လက်ရှိတွင် သူမက ပြဿနာမရှိသော်လည်း ဝမ်းဗိုက်အတွင်းမှ မီးဖွားတော့မည်ဖြစ်သောကြောင့် မျက်နှာက နာကျင်နေပုံပေါ်သည်။ နတ်ဆိုး၏ဖိအားက သူမကိုလည်း ထိခိုက်သွားစေခဲ့သောကြောင့် ယဲ့ချန်က ကောင်းကင်သို့ စိုးရိမ်စွာ မော့ကြည့်လိုက်မိသည်။ နန်းကုန်းဇီသည် နဂါးဘုရင်လာရောက်ကူညီမည်ဟု ပြောခဲ့သော်လည်း ရန်သူကို ခြောက်လှန့်ခြင်းလား၊ အမှန်တရားလားဟု မခွဲခြားနိုင်သည့်အပြင် နတ်ဆိုးကလည်း လက်လျှော့မည့်ပုံမရချေ။
ယဲ့ချန်သည် တံခါးဝတွင် မတ်မတ်ရပ်နေပြီး ထန်တိုက်လင်နှင့် အကြည့်ချင်းဆုံလိုက်သည်။ သူတို့က စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ တစ်ချက်ကြည့်ရုံဖြင့် နှလုံးသားချင်းနားလည်နေကြသည်။ သူက ဓားပျံကို အသက်သွင်းထားပြီး ဆည်းဆာနတ်ဓား၏လက်ကိုင်ကို မလွှတ်ရဲပေ။ ကောင်းကင်ချီများက သူ၏ဒန်တန်အတွင်း အဆက်မပြတ်ဝင်ရောက်နေပြီး ခွန်အားကို ဖြစ်နိုင်သမျှအမြန်ဆုံး ဖြည့်တင်းနေသည်။ သူက လေထဲရှိ နန်းကုန်းဇီကို အချိန်မရွေး သွားရောက်ကူညီနိုင်ရန်လည်း အသင့်ပြင်ထားရသည်။ ယနေ့ဖြစ်ရပ်ကြောင့် နန်းကုန်းဇီက မည်သူပင်ဖြစ်ပါစေ၊ သူ၏ ညီအစ်ကိုကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်လေသည်။
ထိုအချိန်၌ ဧကရာဇ်ချန် ၊ဧကရာဇ်ရော့နှင့် ဧကရာဇ်ယုက ဝတ်ရုံနက်များကိုတိုက်ခိုက်ပြီး အခန်းအနီးသို့ ချဥ်းကပ်လာကြသည်။
"ထန်တိုက်လင်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ"
ဧကရာဇ်ယုက စိုးရိမ်တကြီး မေးလိုက်ခြင်းဖြစ်သည်။ ထန်တိုက်လင်က ကိုယ်ဝန်ကြီးဖြင့် ကြောက်မက်ဖွယ်ဖိအားကို ခံစားခဲ့ရသဖြင့် တစ်ခုခုဖြစ်သွားနိုင်သည်။
"တစ်ချက်လောက် ဝင်ကြည့်တာပေါ့"
ဧကရာဇ်ရော့ ကမည်သည့်အကြောင်းကြောင့်မှန်းမသိ၊ အခန်းအတွင်းသို့ ဝင်ရောက်ရန် စိုင်းပြင်နေသည်။
"ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးဘူး"
သို့သော် ဆည်းဆာနတ်ဓား၏ဓားဖျားက ဧကရာဇ်ရော့၏မျက်နှာရှေ့သို့ ရောက်ရှိလာပြီး ယဲ့ချန်၏ အေးစက်စက်စကားသံ ထွက်ပေါ်လာလေသည်။