← Chapters

နဂါးဘုရင်လှုပ်ရှားပြီ

Vol. 49 Ch. 680

နဂါးဘုရင်လှုပ်ရှားပြီ

Vol. 49 Ch. 680

"မင်းက ဘာကိုပြောချင်တာလဲ"

ဧကရာဇ်ရော့၏မျက်နှာက မည်းနက်သွားကာ ယဲ့ချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ လင်အာရဲ့လုံခြုံရေးအတွက် ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနိုင်ဘူး။ ရှေ့ဆက်တိုးလာရင် ကျုပ်အဆိုးမဆိုနဲ့"

ယဲ့ချန်က အေးစက်စက် တုံ့ပြန်လိုက်သကဲ့သို့ ဆည်းဆာနတ်ဓားကလည်း အချိန်မရွေးတိုက်ခိုက်နိုင်ဟန်ဖြင့် အလင်းများ ဖြာထွက်နေသည်။ ရှင်းဟိုင်သိုင်းဒေသ တိုက်ခိုက်ခံရခြင်းတွင် ထူးဆန်းမှုများရှိနေပြီး အတွင်းသူလျှိုများ ပါဝင်နိုင်နေသည်။ ထို့ကြောင့် သူက ရှင်းဟိုင်သိုင်းဒေသ၏ မည်သည့်ကျင့်ကြံသူကိုမဆို၊ ထန်တိုက်လင်အနီးသို့ ချဥ်းကပ်ခွင့်မပြုနိုင်ပေ။

"ဒါက ရှင်းဟိုင်သိုင်းဒေသဖြစ်ပြီး ထန်တိုက်လင်ကလည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ မင်းက ဒီနေရာမှာ မောက်မာခွင့်မရှိဘူး"

ဧကရာဇ်ရော့က ယဲ့ချန်တားမြစ်နေသည့်တိုင်အောင် အခန်းအတွင်းသို့ အတင်းအကြပ် ဝင်ရောက်လိုနေသည်။ ယဲ့ချန်က သူ့ကို အေးစက်စက်စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှမ​ပြောသော်လည်း ကောင်းကင်ချီများကို နတ်ဓားအတွင်းပေါင်းစပ်နေပြီး ခြေတစ်လှမ်းတိုးသည်နှင့် ခုတ်သတ်ပေလိမ့်မည်။ သူ၏အရှိန်အဝါကြောင့် ဧကရာဇ်ရော့သည် တုန်ယင်သွားပြီး မျက်ဝန်းအတွင်း၌ ချီတုံချတုံဖြစ်နေခဲ့သည်။ သူက ရှေ့ဆက်တိုးရန် သတ္တိမရှိသည့်အပြင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရသည်။ ဆည်းဆာနတ်ဓား၏အစွမ်းကို မျက်မြင်တွေ့ပြီးနောက် ယဲ့ချန်နှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် သူက အလွန်ကြောက်လန့်နေပြီဖြစ်သည်။

"ဧကရာဇ်ရော့ နောက်ဆုတ်ပေးလိုက်ပါ။ သူလုပ်နေတာက ထန်တိုက်လင်ရဲ့ လုံခြုံရေးအတွက် မှန်တယ်"

ဧကရာဇ်ယုက ယဲ့ချန်ဘက်မှနေ၍ ဧကရာဇ်ရော့ကို တားမြစ်လိုက်သည်။ ထို့နောက် သူနှင့် ဧကရာဇ်ချန်က အခန်းနှင့်မနီးမဝေးတွင် နေရာယူထားလိုက်ပြီး ဝတ်ရုံနက်များတိုက်ခိုက်လာပါက ကာကွယ်ရန် ပြင်ဆင်ထားကြသည်။ ဧကရာဇ်ရော့သည်လည်း ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်ရုံသာ တတ်နိုင်ပြီး သူတို့နှင့်အတူ နေရာယူခဲ့သည်။ ရှင်းဟိုင်သိုင်းဒေသ၏ ကျင့်ကြံသူများ ထွက်ခွာသွားချိန်တွင်မှ ယဲ့ချန်က သတ်ဖြတ်လိုစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ အကယ်၍ ဧကရာဇ်ရော့သာ အတင်းအကြပ်တိုးဝင်မည်ဆိုလျှင် သူက မည်သူဖြစ်ဖြစ် ဂရုမစိုက်ဘဲ သတ်ဖြတ်ရန်အတွက် မျက်တောင်တစ်ချက်ခတ်မည်မဟုတ်ပေ။ ကောင်းကင်ထက်မှ ဝတ်ရုံနက်စစ်ဧကရာဇ်များ ထပ်မံရောက်ရှိလာသော်လည်း နန်းကုန်းဇီလက်ချက်ဖြင့် မပြန်လမ်းမြန်းကုန်သည်။ သူ၏ခွန်အားက စစ်ဧကရာဇ်အဆင့်ငါးအောက် မနိမ့်သောကြောင့် ကျင့်ကြံနှုန်းက အံ့လောက်ဖွယ်မြန်ဆန်ကြောင်း သိနိုင်သည်။ ထို့အပြင် အဆင့်တူ သာမန်လူများက သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ သူက ကောင်းမွန်စွာလေ့ကျင့်ထားသော လူသတ်သမားတစ်ယောက်ကဲ့သို့ တည်ငြိမ်နေပြီး ဝတ်ရုံနက်များကို တိတိကျကျသတ်ဖြတ်နေသဖြင့် လှပပြည့်စုံသည့် အနုပညာလက်ရာတစ်ခုသဖွယ် သွေးများ ပြန့်ကြဲသွားသည်။

ယဲ့ချန်သည် ကောင်းကင်သို့ လှမ်းကြည့်လိုက်ပြီး နန်းကုန်းဇီက ဝတ်ရုံနက်များကို တစ်ကိုယ်တော်ရှင်းလင်းနေသည်။ သူ၏အသွင်အပြင်က လူသားနတ်ဘုရားနယ်မြေကိုးထပ်ရှိ ရှင်းရွှမ်နှင့်ဆင်တူနေပြီး နှစ်ယောက်လုံးတွင် ပြိုင်ဘက်ကင်းအရှိန်အဝါများ ပိုင်ဆိုင်ထားကြသည်။ သူက လေးနက်စွာစစ်ဆေးလိုက်သောအခါ ရှင်းရွှမ်နှင့် နန်းကုန်းဇီကြားတွင် ဆက်နွယ်မှုများရှိနိုင်ကြောင်း တွေ့လိုက်ရသည်။ နန်းကုန်းဇီက ကြယ်သခင်ရှင်း၏ ဆက်ခံသူတစ်ယောက်ဖြစ်သောကြောင့် ဤကိစ္စပြီးဆုံးသွားလျှင် မေးမြန်းရန်အတွက် မှတ်သားထားလိုက်သည်။

ဧကရာဇ်ရော့က အချိန်တိုင်း ယဲ့ချန်ကိုအကဲခတ်နေပြီး သူက ဆည်းဆာနတ်ဓားကို အမြဲတမ်းဆုပ်ကိုင်ထားနေသည်။ ခွန်အားအရာတွင် သူက များစွာသာလွန်သော်လည်း နတ်ဓားကို အလွန်ကြောက်လန့်နေသောကြောင့် မလှုပ်ရှားရဲပေ။ ယဲ့ချန်သည်လည်း တစ်ဖက်လူကို ဓားသွားကဲ့သို့ထက်ရှသော အကြည့်မျိုးဖြင့် ပြန်လည်စိုက်ကြည့်နေသည်။ ရှင်းဟိုင်ဒေသ၏သူလျှိုက မည်သူဖြစ်ကြောင်း အတိအကျမပြောနိုင်သော်လည်း ဇနီးနှင့် ရင်သွေးအတွက် လူတိုင်းကို သူလျှိုများဟု သတ်မှတ်ကာ စောင့်ကြည့်နေသည်။ ဤနေရာ၌ သူတို့သာ ထိခိုက်သွားမည်ဆိုလျှင် အနာဂတ်၌ ရှင်းဟိုင်သိုင်းဒေသတွင် ငြိမ်းချမ်းတော့မည် မဟုတ်ပေ။

ဝတ်ရုံနက်များကို ပေါ့ပေါ့ပါးပါးသတ်ဖြတ်နေသော နန်းကုန်းဇီက တစ်စုံတစ်ခုသော ခံစားချက်ကြောင့် မျက်မှောင်ကြုတ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ယဲ့ချန်သည်လည်း ရင်ထိတ်သွားပြီး ကြောက်မက်ဖွယ်ဟိန်းသံတစ်ခု ထွက်ပေါ်လာသော တိမ်မည်းများထံ အကြည့်ရောက်သွားသည်။ တိမ်မည်းများက တိကျသောပုံစံတစ်ခုအတွင်း ရွေ့လျားနေပြီး ဧရာမအစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာပုံပေါ်သည်။ နတ်ဆိုးအရှိန်အဝါကြီးက ဝုန်းခနဲ ထွက်ပေါ်လာသောကြောင့် ယဲ့ချန်၊ နန်းကုန်းဇီနှင့် လူတိုင်းက အသက်ရှူရပ်မတတ် မွန်းကြပ်သွားကြသည်။ နတ်ဆိုးချီများက အပ်များကဲ့သို့ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကာ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး အလွန်နာကျင်စေသည်။

"နဂါးဘုရင် ဒီအချိန်လောက်ဆို သတိထားမိလောက်ပါပြီ"

ထိုအချိန်၌ နန်းကုန်းဇီက တည်ငြိမ်စွာရှိနေပြီး စိတ်ထဲမှ ရေရွတ်လိုက်ခြင်းဖြစ်သည်။

"အဖေ ကျွန်တော် တစ်ခုခု မကောင်းတာဖြစ်နေတယ်လို့ ခံစားရတယ်။ ဒီကိစ္စက သွေးရိုးသားရိုး မဖြစ်နိုင်ဘူး"

ရှေးဟောင်းတျန်းယွမ်မြို့တော်၊ စစ်ဧကရာဇ်နန်းတော်အတွင်း၌ ထန်းယွမ်က တင်ပျဥ်ခွေထိုင်နေသော နဂါးဘုရင်ကို ပြောလိုက်ခြင်းဖြစ်သည်။

"ငါလည်း မင်းလိုခံစားချက်မျိုး ရနေတယ်။ ဒါပေမယ့် ပြဿနာကို ရှာမတွေ့ဘူး။ အခုလေးတင် ကောင်းကင်နတ်ဆိုးအသိုက်ကို ဝိညာဥ်အသိစိတ်နဲ့ စစ်ဆေးခဲ့ပေမယ့် လှုပ်ရှားမှုမရှိဘူး"

နဂါးဘုရင်ကလည်း သူ၏စကားကို ထောက်ခံလိုက်သည်။

"ဒါဆိုရင် ကောင်းကင်မူလတိုက်ကြီးမှာများ ဖြစ်နေမလား"

ခဏတာစဥ်းစားပြီးနောက် ထန်းယွမ်က အချက်တစ်ခုကို ထောက်ပြလိုက်သည်။

"ကောင်းကင်မူလတိုက်ကြီးကို ကာကွယ်ရေးအစီအရင်က ကာကွယ်ပေးထားလို့ နတ်ဆိုးတွေ မဝင်ရောက်နိုင်ဘူး။ တစ်ခုခုဖြစ်နေပြီဆိုရင်လည်း စစ်ဧကရာဇ်တွေက ကြယ်သလင်းကျောက်နဲ့ သတင်းပို့လိမ့်မယ်"

သူက ဤသို့ပြောလိုက်သော်လည်း ဝိညာဥ်အသိစိတ်ဖြင့် ကောင်းကင်မူလတိုက်ကြီးကို လိုလိုမယ်မယ် စစ်ဆေးပေးခဲ့သည်။ နေရာတိုင်းအေးချမ်းနေပြီး တာအိုအိမ်တော်၊ သိုင်းဒေသကြီးများနှင့် နတ်တိုင်းပြည်များတွင် သာယာလှပနေသည်။ ရှင်းဟိုင်သိုင်းဒေသတွင် ရာသီဥတု သာယာကောင်းမွန်နေပြီး တပည့်များက ပုံမှန်အတိုင်း လေ့ကျင့်နေသကဲ့သို့ ယဲ့ချန်က ထန်တိုက်လင်နှင့်အတူ လမ်းလျှောက်ထွက်ပေးနေသည်။

"နေဦး၊ တစ်ခုခု မှားနေတယ်"

နဂါးဘုရင်က ကောင်းကင်ထက်တွင် အက်ကြောင်းတစ်ခုကို သတိထားမိလိုက်သည်။ ၎င်းက သေးငယ်သော်လည်း သူသတိထားမိစေရန် လုံလောက်သည်။

"ပုံရိပ်ယောင်အစီအရင်၊ ငါ့ကို လှည့်စားနိုင်တော့မယ်"

သူက ဒေါသတကြီး ရေရွတ်လိုက်မိသည်။ အကယ်၍ အက်ကြောင်းသာရှိမနေလျှင် သူက မည်သည်ကိုမှ သတိထားနိုင်မည်မဟုတ်ချေ။ ၎င်းကိုချန်ထားရစ်သူက မည်သူဖြစ်ကြောင်း မသိရသော်လည်း ပုံရိပ်ယောင်အစီအရင်၌ အပြစ်အနာဆာ ဖြစ်ပေါ်လာစေသည်။ ထိုအက်ကြောင်းအတွင်းမှ နတ်ဆိုးချီများထွက်ပေါ်နေပြီး ကျန်နတ်အစေခံများကလည်း ရှင်းဟိုင်သိုင်းဒေသကို အာရုံစိုက်လာကြသည်။

"နဂါးဘုရင် ရှင်းဟိုင်ဒေသ တိုက်ခိုက်ခံနေရပြီ"

"ငါ သိပြီးပြီ"

ကောင်းကင်နတ်ဆိုးက သူ့ကို လှည့်စားနိုင်ခဲ့သောကြောင့် နဂါးဘုရင်မှာ ဒေါသတကြီး ဖြစ်နေခဲ့သည်။ ဤအချက်က သူ့အတွက် လက်မခံနိုင်စရာဖြစ်ပြီး ကောင်းကင်မူလတိုက်ကြီးပျက်စီးသွားလျှင် နေထိုင်စရာကြယ် ပျောက်ကွယ်သွားပေလိမ့်မည်။ သူက ညာလက်ကို ရှင်းဟိုင်ဒေသထံ ဦးတည်၍ ရိုက်ချလိုက်သောအခါ လက်ဝါးအလင်းတစ်ခု ပြိုင်ဘက်ကင်းအရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ မူလတွင် ၎င်းက ပုံမှန်အရွယ်အစားသာဖြစ်သော်လည်း မီတာထောင်ချီအထိ ကျယ်ပြန့်သွားကာ ဧရာမလက်ဝါးကြီးဖြစ်လာ၍ လမ်းတလျှောက်ရှိသမျှ အရာရာတိုင်းကို ကြေမွသွားစေသည်။ နောက်ဆုံးတွင် ၎င်းက ရှင်းဟိုင်သိုင်းဒေသကို ဖုံးလွှမ်းထားသော အစီအရင်ထံ ဘုန်းခနဲ ကျရောက်သွားခဲ့သည်။

အစီအရင်အတွင်း၌ လူတိုင်းက ကြောက်မက်ဖွယ်နတ်ဆိုးချီများကို တွန်းလှန်နေရသည်။ ၎င်းတို့က ပုံသဏ္ဍာန်မရှိသော်လည်း သူတို့ကို နေရာတွင် ချုပ်နှောင်ထားသည်။ နန်းကုန်းဇီက ဓားအစီအရင်ဖြင့် နတ်ဆိုးချီများကို ရင်ဆိုင်နေသော်လည်း ဓားအလင်းများ၌ အက်ကြောင်းထင်လာသည်။ ယဲ့ချန်က ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်ကာ ကောင်းကင်ချီများဖြင့် ကာကွယ်နေသော်လည်း နတ်ဆိုးချီများက ဖြည်းဖြည်းချင်း တိုက်စားနိုင်နေကြသည်။ သူ၏ကောင်းကင်ချီက ၎င်းတို့ကို အချိန်ကြာမြင့်စွာ ခုခံထားနိုင်မည်မဟုတ်ပေ။ စစ်ဧကရာဇ်များမှာလည်း နာကျင်မှုကြောင့် မျက်နှာများရှုံ့မဲ့နေပြီး သက်ဆိုင်ရာကျင့်စဥ်ကိုယ်စီ လည်ပတ်ကာ နတ်ဆိုးချီများကို ရင်ဆိုင်ဖြေရှင်းနေကြသည်။

ယဲ့ချန်သည် ထန်တိုက်လင်ကို စိုးရိမ်သောကြောင့် ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သည်။ သူမက ရေချီများကို လည်ပတ်၍ နတ်ဆိုးချီများကို ကြိုးစားပမ်းစားခုခံနေရသည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်တွင်းမှ ကိုးရောင်ခြယ်အလင်းများဖြာထွက်လာကာ နတ်ဆိုးချီများကို ဖျက်ဆီးပစ်လိုက်သဖြင့် နတ်မိမယ်တစ်ပါးနှင့် ဆင်တူနေသည်။

"ဒီအလင်းတွေက ဘာတွေလဲ။ ကလေးလေးရဲ့ စွမ်းအားများလား"

ကိုးရောင်ခြယ်အလင်းများက ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာသော်လည်း သူမ၏စွမ်းအားမဟုတ်သောကြောင့် ထန်တိုက်လင်က စိတ်ရှုပ်သွားခဲ့သည်။ သူမက အတွေးနက်နေစဥ် ရှေ့တည့်တည့်၌ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ဖက်လူက အသက်သုံးဆယ်အရွယ် ကျက်သရေရှိရှိလှပသော အမျိုးသမီးတစ်ဦးဖြစ်ကာ လေထဲတွင် မတ်တပ်ရပ်နေခြင်းဖြစ်သည်။ သူမက ထန်တိုက်လင်ကို ယှဥ်နိုင်လောက်အောင်လှပပြီး အင်မော်တယ်ဟူသော ခံစားချက်ကိုပင် အနည်းငယ်ဖြစ်ပေါ်လာစေသည်။ ရုတ်တရင်ထွက်ပေါ်လာသော အမျိုးသမီးက ရုပ်ခန္ဓာတစ်ခုမဟုတ်ဘဲ ဝိညာဥ်တစ်ခုဖြစ်ပုံရသော်လည်း သူမက သတိကြီးကြီးထားလိုက်သည်။ ထန်တိုက်လင်၏လက်ထဲတွင် ပင်လယ်နတ်ဘုရားလှံ ထွက်ပေါ်လာကာ သတ်ဖြတ်လိုစိတ်များလည်း ဝုန်းခနဲ ဖြစ်တည်လာသည်။

"မစိုးရိမ်ပါနဲ့။ မင်းတို့ကို ကယ်တင်ပေးမယ့်သူ ရောက်လာပါလိမ့်မယ်။ ငါက ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်ပါ"

ရှင်းဟွမ်က လှပစွာပြုံး၍ ထန်တိုက်လင် စိတ်ချနိုင်ရန်အတွက် မိတ်ဆက်လိုက်သည်။ သူမ၏အရှိန်အဝါက ဖြူစင်ပြီး အေးချမ်းသောကြောင့် ထန်တိုက်လင်၏ခံစားချက်များ တည်ငြိမ်သွားခဲ့သည်။ သို့သော် စိတ်ထဲတွင် ဤအမျိုးသမီးက အစစ်အမှန်ရှင်းဟွမ်ဟုတ်မဟုတ် မသေချာခဲ့ပေ။ ရှင်းဟွမ်က သွယ်လျသော လက်ချောင်းလေးများကို လှုပ်ရှားလိုက်သောအခါ အဖြူရောင်ကြယ်ချီများက ထန်တိုက်လင်ကို လွှမ်းခြုံသွားသည်။

"ကလေးလေး မင်းမြန်မြန် ကြီးပြင်းလာရမယ်နော်။ ဒီလိုမှ မင်းရဲ့မိဘတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်"

သူမက ထန်တိုက်လင်၏ဝမ်းဗိုက်ကို ငုံ့ကြည့်ကာ တစ်ချက်ပြုံး၍ ထူးထူးဆန်းဆန်း မှာကြားလိုက်သည်။ ထန်တိုက်လင်သည် ကြယ်ချီများကို တိတ်တဆိတ်စုပ်ယူလိုက်သောအခါ ဝမ်းဗိုက်မှ နာကျင်မှုက ချက်ချင်းလျော့နည်းသွားခဲ့သည်။ သူမ၏ကျင့်ကြံဆင့်ကလည်း စစ်ဧကရာဇ်အဆင့်သုံးမှ ငါးအထိ တိုက်ရိုက်ချိုးဖျက်သွားကာ ဝမ်းဗိုက်အတွင်းမှ ရင်သွေး၏အသက်အားကလည်း သိသိသာသာ သန်မာလာခဲ့သည်။ ရှင်းဟွမ်တစ်ယောက်မှလွဲ၍ ဤသို့စွမ်းဆောင်နိုင်သော အရည်အချင်းမျိုး ပိုင်ဆိုင်ထားမည် မဟုတ်ချေ။ သူမ ကခေါင်းမော့၍ ကျေးဇူးတင်စကားပြောရန် ပြင်လိုက်ချိန်တွင် ရှင်းဟွမ်က လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။

ထန်တိုက်လင်သည် တံခါးဝတွင် နတ်ဆိုးချီများ၏တိုက်စားမှုကြောင့် နာကျင်နေသော်လည်း မယိုင်မလဲစောင့်ကြပ်နေသည့် ယဲ့ချန်ထံ အကြည့်ရောက်သွားမိသည်။ သူမ၏စိတ်ထဲတွင် ဖော်ပြမရနိုင်သော အချစ်စိတ်များ ယိုဖိတ်ထွက်ပေါ်လာသည်။ ရှင်းဟွမ်၏စကားအရ ကယ်တင်ရှင်က မကြာခင်ရောက်လာနိုင်သောကြောင့် စိတ်အေးသွားခဲ့သည်။ ယဲ့ချန်သည် ထန်တိုက်လင် အဆင်ပြေသောကြောင့် စိတ်ချသွားရသော်လည်း နတ်ဆိုးချီများက သူ၏ဒန်တန်အတွင်း ထိုးဖောက်ကျူးကျော်လာနေပြီ ဖြစ်လေသည်။

All Chapters