← Chapters

နတ်ဆိုးမျိုးစေ့

Vol. 49 Ch. 681

နတ်ဆိုးမျိုးစေ့

Vol. 49 Ch. 681

ယဲ့ချန်သည် နတ်ဆိုးချီများကို ကောင်းကင်ချီဖြင့် ကာကွယ်နေရင်း ၎င်းတို့တွင် အထူးစွမ်းအင်တစ်ရပ် ပါဝင်နေကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။ သူက ၎င်းတို့အား ကြယ်ကိုးလုံးထံ ပို့ဆောင်ပြီး အသွင်ပြောင်းပစ်ရန် အကြံရသွားသဖြင့် နတ်ဆိုးချီတစ်စကို ဒန်တန်အတွင်း ဝင်ရောက်ခွင့်ပြုလိုက်သည်။ သူက မပေါ့ဆရဲဘဲ ဂရုတစိုက်ပြုလုပ်နေစဥ် ၎င်းကြောင့် ကြယ်ကိုးလုံး၌ အနက်ရောင်များ စွန်းထင်းသွားခဲ့သည်။ သူက အရာအားလုံးကို သိမ်းပိုက်လိုသော၊ အာဏာအပေါ်တပ်မက်သော ခံစားချက်များ ပြင်းထန်လာကာ ကိုယ်ပိုင်အတွေးများပင် နှောင့်ယှက်ခံလိုက်ရသည်။

"ငါ့ဒန်တန်ထဲက ဝိညာဥ်တွေနဲ့ အခြားလူတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်တယ်ဆိုရင် ကောင်းကင်နတ်ဆိုးတွေကလည်း နတ်ဆိုးချီနဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ်နိုင်လောက်တယ်"

သူက ရင်ထိတ်သွားပြီး ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်ကာ နတ်ဆိုးချီကို သန့်စင်ပစ်လိုက်သည်။ ၎င်းက ပျက်ပြယ်သွားသော်လည်း ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးကြားတွင် မျိုးစေ့တစ်ခု ဖြစ်ပေါ်လာကြောင်း ခပ်ရေးရေး သတိထားလိုက်မိသည်။ ၎င်းက မမြင်ရသည့်အပြင် ဒန်တန်အတွင်း အမြစ်တွယ်၍ ကောင်းကင်ချီများကို စတင်စုပ်ယူနေခဲ့သည်။ ဤအရာက ကောင်းကင်နတ်ဆိုးကပ်ပါးများ၏မျိုးစေ့ ဖြစ်နိုင်သောကြောင့် သူက ထိတ်လန့်သွားပြီး ဖျက်ဆီးရမည့် နည်းလမ်းတစ်ခုရှာဖွေရန် ကြံစည်လိုက်သည်။ သို့မဟုတ်လျှင် နတ်ဆိုးမျိုးစေ့ ကြီးထွားမလာစေရန်အတွက် ကိုယ့်ကိုကိုယ် သတ်သေရပေလိမ့်မည်။ ကံကောင်းသည်မှာ ဤယဲ့ချန်က ကိုယ်ပွားတစ်ခုသာ ဖြစ်သောကြောင့် အနာဂတ်၌ သတိထားရမည့် ကောင်းကင်နတ်ဆိုးစွမ်းရည်တစ်ခုကို ရှာတွေ့လိုက်ခြင်းဖြစ်သည်။ ထို့နောက် သူက ဒန်တန်ကို ကောင်းကင်ချီများဖြင့်ဝန်းရံကာ နတ်ဆိုးချီများကို ထပ်မံဝင်ရောက်ခွင့်မပေးခဲ့ချေ။

ယဲ့ချန်သည် အဝေးရှိ ရှင်းဟိုင်သိုင်းဒေသ၏ကျင့်ကြံသူများကို စိုက်ကြည့်ကာ အတွေးနက်နေခဲ့သည်။ ကောင်းကင်နတ်ဆိုးက လူသားများကို နတ်ဆိုးမျိုးစေ့ဖြင့် ထိန်းချုပ်နိုင်လျှင် သူတို့ကြားတွင် ထိန်းချုပ်ခံထားရသူများ ရှိပေလိမ့်မည်။ နတ်ဆိုးမျိုးစေ့ အမြစ်တွယ်သွားသည်နှင့်တပြိုင်နက် စိတ်က ပြောင်းလဲသွားပေလိမ့်မည်။ အနာဂတ်၌ သူက လူတိုင်းကိုသတိထားရန် ဆုံးဖြတ်လိုက်ပြီး ယဲ့မျိုးနွယ်ပိုင်နက်သို့ပြန်ရောက်လျှင် တင်းတင်းကြပ်ကြပ် ကာကွယ်ရမည်ဟု တွေးနေခဲ့သည်။ သာမန်ကျင့်ကြံသူတစ်ယောက်က ဒန်တန်ကို ကောင်းစွာကာကွယ်ထားလျှင် နတ်ဆိုးချီများက ထိုးဖောက်ရန် မလွယ်ချေ။ ယဲ့ချန်ကဲ့သို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲပြီး ခွင့်ပြုလိုက်လျှင် သို့မဟုတ် ယုံကြည်ရသူများ၏ လက်ချက်ဖြင့်ဆိုလျှင် နတ်ဆိုးမျိုးစေ့များ အမြစ်တွယ်သွားပေလိမ့်မည်။

"မောက်မာတဲ့ ပုရွက်ဆိတ်တွေ အကုန်သေစမ်း"

တိမ်မည်းများထံမှ နတ်ဆိုး၏အသံက ထပ်မံထွက်ပေါ်လာပြန်သည်။ ထိုအချိန်၌ နားကွဲမတတ်ကျယ်လောင်သော အသံတစ်ခု ဘုန်းခနဲထွက်ပေါ်လာကာ ရန်သူ၏အစီအရင်က ချက်ချင်းကြေမွ ပျက်စီးသွားခဲ့သည်။ ဧရာမလက်ဝါးကြီးတစ်ဖက် ကျဆင်းလာသဖြင့် တိမ်မည်းများလည်း လွင့်စင်ပျက်ပြယ်သွားကာ ကောင်းကင်က ကြည်လင်သွားပြီး နာကျင်စွာ အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကောင်းကင်ထက်ရှိ ဝတ်ရုံနက်များလည်း တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသေဆုံးသွားကြပြီး အရေအတွက်သောင်းချီက ပြာဖြစ်သွားကြသော်လည်း သူတို့နှင့် တိုက်ခိုက်နေသူများမှာမူ ခြစ်ရာပင် မထင်ချေ။

"နဂါးဘုရင်က ငါတို့ကိုကယ်ဖို့ ရောက်လာပြီ"

ကျင့်ကြံသူများက အော်ဟစ်အားပေးလိုက်ကြပြီး အသက်ဘေးမှ လွတ်မြောက်လာသဖြင့် ပျော်ရွှင်ဝမ်းသာနေကြသည်။ နဂါးဘုရင်မှလွဲလျှင် တာအိုနတ်အဆင့် ဝတ်ရုံနက်များစွာကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်နိုင်သူများစွာ မရှိချေ။ ကြယ်သခင် ပျောက်ကွယ်သွားပြီးနောက် သူက ကောင်းကင်မူလကြယ်၏ အစွမ်းအထက်ဆုံးကျင့်ကြံသူ ဖြစ်သောကြောင့် နတ်ဘုရားတစ်ပါးပမာ ကိုးကွယ်ခံရသည်။ ရှင်းဟိုင်သိုင်းဒေသတွင် တိမ်မည်းများ ကင်းစင်သွားသောအခါ ပတ်ဝန်းကျင်က အရှိအတိုင်း ထွက်ပေါ်လာခဲ့သည်။ နေရာတိုင်း အပျက်အစီးများပြည့်နှက်နေပြီး မြေပြင်၌ အလောင်းများစွာ တည်ရှိနေသည်။ ဤတိုက်ပွဲတွင် ရှင်းဟိုင်သိုင်းဒေသ၏ တပည့်တစ်ဝက်ကျော်နှင့် စစ်ဧကရာဇ်သုံးယောက် ကျဆုံးခဲ့ရသည်။

"နောက်ဆုံးတော့ လုံခြုံသွားပြီ"

နောက်ဆုံးတွင် ကပ်ဘေးကို ဖြေရှင်းနိုင်သူ ထွက်ပေါ်လာသောကြောင့် ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ယနေ့တွင် ထန်တိုက်လင်နှင့် ကလေးသာ တစ်ခုခုဖြစ်သွားလျှင် သူက ကိုယ့်ကိုကိုယ် အပြစ်တင်ဆုံးမည် မဟုတ်ပေ။

တာအိုအိမ်တော်တွင် လင်းဖန်သည် ရင်ဘတ်ကို နာကျင်စွာဆုပ်ကိုင်၍ သွေးများစွာ အန်ချလိုက်ရပြီး ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။

"နဂါးဘုရင်က လှုပ်ရှားပြီး ရှင်းဟွမ်က စောင့်ကြည့်နေတယ်လို့ ငါ ခံစားရတယ်။ အောင်မြင်စရာ အကြောင်းမရှိဘူးလို့ ငါ ပြောပါတယ်"

သူက ကိုယ့်ကိုကိုယ် စကားပြောနေခြင်းဖြစ်သည်။

"နန်းကုန်းဇီသာ ဝင်မရှုပ်ရင် ငါ့အစီအစဥ်က အောင်မြင်လိမ့်မယ်။ ဒီကောင်နဲ့ ယဲ့ချန်ကို အနှေးနဲ့အမြန် သတ်ပစ်ရမယ်။ ကံကောင်းတာက ဒီကောင်ကလည်း မင်းလိုမျိုး ကိုယ့်ကိုကိုယ်အထင်ကြီးပြီး ဒန်တန်ထဲကို နတ်ဆိုးမျိုးစေ့ ဝင်ရောက်ခွင့်ပြုခဲ့တယ်။ ငါဘာမှလုပ်စရာတောင် မလိုတော့ဘူး"

ခဏအကြာတွင် သူ၏မျက်နှာတစ်ခြမ်းက နတ်ဆိုးချီများ ရစ်သိုင်းလာကာ ကြမ်းကြုတ်စွာဖြင့် ဖြေလိုက်သည်။ ထို့နောက် လင်းဖန်က ရူးသွပ်သွားဟန်ဖြင့် ကျယ်လောင်စွာ တဟားဟားရယ်မောနေခဲ့သည်။

"ငါ သဲလွန်စတစ်ခုခု လိုက်ရှာရလိမ့်မယ်"

ကောင်းကင်ထက်ရှိ နန်းကုန်းဇီက ယဲ့ချန်ထံ အသံပို့လွှတ်လိုက်ခြင်းဖြစ်သည်။

"ဂရုစိုက်ပါ အစ်ကိုနန်းကုန်း"

ယဲ့ချန်က လေးနက်စွာ သတိပေးလိုက်သည်။

"ငါပြန်ရောက်လာရင် မင်းဆီကနေ တစ်ခုခုတောင်းချင်တယ်"

"ကောင်းကင်မီးလက်မောင်းကာလား။ အစ်ကိုနန်းကုန်း လိုချင်တယ်ဆိုရင် အခုယူသွားနိုင်ပါတယ်"

နန်းကုန်းဇီ၏ စကားအဆုံးတွင် ယဲ့ချန်က ဝတ်ဆင်ထားသော ကောင်းကင်မီးလက်မောင်းကာကို ချွတ်ယူလိုက်သည်။

"မဟုတ်ဘူး။ ဒီရတနာကို မင်းအတွက် လက်ဆောင်ပေးလိုက်တယ်လို့ သဘောထားပါ။ ငါက စီမုသံလိုက်အိမ်မြှောင်ကို လိုချင်တယ်"

နန်းကုန်းဇီက ခဏတာတွန့်ဆုတ်​နေပြီး လိုချင်သောအရာကို ထုတ်​ပြောလိုက်သည်။

"စီမုက ယဲ့မျိုးနွယ်ပိုင်နက်မှာရှိတဲ့ ကျုပ်ရဲ့ကိုယ်ပွားဆီမှာ ရှိပါတယ်။ တကယ်လို့ မင်းလိုချင်တယ်ဆိုရင် ကြိုက်တဲ့အချိန် သွားယူနိုင်ပါတယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူ့နေရာ၌ အခြားတစ်ယောက်ဆိုလျှင် အလွန်အဖိုးတန်သော မဟာတာအိုလက်နက်တစ်ခုကို တွန့်တို​နေမည်ဖြစ်သော်လည်း နန်းကုန်းဇီက သူတို့ဇနီးမောင်နှံကိုသာမက ရင်သွေးလေးကိုပါ ကယ်တင်ရန် ရောက်ရှိလာခဲ့သည်။ ဤအချက်က သူ၏တောင်းဆိုချက်ကို မငြင်းပယ်ရန် သင့်တော်သည့်အပြင် ယဲ့ချန်အတွက် ထိုရတနာက အသုံးမဝင်ပေ။ တစ်စုံတစ်ယောက်က သူ၏နားအတွင်း စီမုကို အခြားလူများထံမပေးရန် စိုးရိမ်တကြီးသတိပေးနေသော်လည်း သူက အရေးမစိုက်ခဲ့ပေ။ သူ့အတွက် ဤအရာက ရတနာတစ်ခုသာဖြစ်ပြီး နန်းကုန်းဇီ၏ ကိုယ်ကျင့်စရိုက်အရ ပြဿနာမရှိနိုင်ကြောင်း ယုံကြည်ထားသည်။

"ငါ့ဘဝမှာ အကောင်းဆုံးဖြစ်ရပ်က မင်းနဲ့ ကျောက်စိမ်းနန်းတော်မှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်။ အခုကစလို့ ငါတို့က မိတ်ဆွေတွေ ဖြစ်သွားကြပြီ"

နန်းကုန်းဇီ၏မျက်နှာထက်တွင် ရိုးသားသော အပြုံးတစ်ခုဖြစ်ပေါ်လာကာ ယဲ့ချန်ကို လက်ပြနှုတ်ဆက်၍ အလင်းတန်းတစ်ခုအသွင်ဖြင့် လှစ်ခနဲ ထွက်ခွာသွားခဲ့သည်။ ယဲ့ချန်က သူ၏နောက်ကျောကို စိုက်ကြည့်နေရင်း တစ်ချက်ပြုံးလိုက်သည်။ သူက နန်းကုန်းဇီ၏နောက်ခံကို မသိသော်လည်း မိတ်ဆွေကောင်းတစ်ယောက်ဟု ခံစားနေရသဖြင့် လျှို့ဝှက်ချက်များကို မေးမြန်းရန်မသင့်ဟု ဆုံးဖြတ်လိုက်သည်။ တိမ်မည်းများ ပျောက်ကွယ်သွားသောအခါ ကောင်းကင်ထက်တွင် အပြာရောင် ပြန်လည်ဖြစ်ပေါ်လာကာ အဖြူရောင်တိမ်များ ထွက်ပေါ်လာကြသည်။

ယဲ့ချန်က ထန်တိုက်လင်ထံသွားရန် ဟန်ပြင်လိုက်စဥ် နတ်ဆိုးမျိုးစေ့က လှုပ်ခါလာခဲ့သည်။ သူက လေးနက်သွားကာ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်၍ ချက်ချင်းဖိနှိပ်ပစ်လိုက်သည်။ သို့သော်လည်း ၎င်းက နတ်ဆိုးမျိုးစေ့ကို ဒန်တန်အတွင်း ကြီးထွားခွင့်ပေးထားပြီး မဖျက်ဆီးခဲ့သောကြောင့် သူက အံ့သြနေရသည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အစွမ်းအရ နတ်ဆိုးမျိုးစေ့ကိုဖြေရှင်းရန်မှာ ခက်ခဲသောအရာတစ်ခု မဟုတ်ပေ။ လက်ရှိတွင် သူက အဖြေရှာမရသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"နတ်ဆိုးက ကောင်းကင်မူလတိုက်ကြီးကို တိုက်ခိုက်မယ်လို့ ငါ လုံးဝထင်မထားဘူး။ ခြေတစ်လှမ်း နောက်ကျသွားတဲ့အတွက် ရှင်းဟိုင်သိုင်းဒေသက နစ်နာခဲ့ရပြီ"

ထိုအချိန်၌ ကောင်းကင်ထက်မှ နဂါးဘုရင်၏ သြဇာအာဏာပြည့်ဝသော စကားသံ ထွက်ပေါ်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ် အရှင်"

စစ်ဧကရာဇ်များပါမကျန် ရှင်းဟိုင်ဒေသ၏ ကျင့်ကြံသူအားလုံးက မြေပြင်တွင် ဒူးထောက်ချလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် နဂါးဘုရင်"

ယဲ့ချန်ကမူ မတ်တပ်ရပ်နေခဲ့ပြီး လက်နှစ်ဖက်ဆုပ်၍သာ အရိုအသေပေးလိုက်သည်။

"အားလုံးထကြပါ။ ယေဘူယျသဘောပြောရရင် ငါက နတ်ဆိုးချီတွေကို အာရုံခံနိုင်စွမ်းရှိပေမယ့် ရှင်းဟိုင်သိုင်းဒေသ တိုက်ခိုက်ခံရတာကို သတိမပြုမိခဲ့ဘူး။ ငါက ဝိညာဥ်အသိစိတ်နဲ့ စစ်ဆေးလိုက်တဲ့အခါ ပုံရိပ်ယောင်အစီအရင်တစ်ခု ရှိနေတာကို တွေ့ခဲ့ရတယ်။ တစ်ယောက်ယောက်ကသာ အက်ကြောင်းတစ်ခု ဖန်တီးပြီး နတ်ဆိုးချီတွေကို ထွက်ပေါ်မလာစေခဲ့ဘူးဆိုရင် ရှင်းဟိုင်ဒေသက ဖျက်ဆီးခံလိုက်ရနိုင်တယ်"

နဂါးဘုရင်၏အသံက မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ယဲ့ချန်သည်လည်း တစ်ခုခုမှားယွင်းနေကြောင်း ခံစားရပြီး အတွင်းသူလျှိုသာမရှိလျှင် နတ်ဆိုးများက နတ်အစေခံများကို လှည့်စားနိုင်မည်မဟုတ်ကြောင်း လက်ခံထားသည်။ ထို့ကြောင့် သူက စစ်ဧကရာဇ်များကို ထန်တိုက်လင်၏အခန်းအတွင်းသို့ ဝင်ခွင့်မပြုခဲ့ခြင်းဖြစ်သည်။ နဂါးဘုရင်၏စကားအရဆိုလျှင် အက်ကြောင်းကို ဖန်တီးခဲ့သူမှာ နန်းကုန်းဇီ ဖြစ်ပေလိမ့်မည်။

"ဒီလိုဧရာမပုံရိပ်ယောင်အစီအရင်တစ်ခု ဖန်တီးဖို့ဆိုရင် ရက်အနည်းငယ်အတွင်း မပြီးနိုင်ဘူး။ ရှင်းဟိုင်သိုင်းဒေသအပြင် တာအိုအိမ်တော်နဲ့ ကျန်ဒေသကြီး၁၅ခု မှာလည်း ဒီလိုအစီအရင်တွေ ရှိနေတယ်။ ဒါကြောင့် လေးငါးနှစ်အချိန်ယူ ခင်းကျင်းရမယ့် အစီအရင်အောင်မြင်ဖို့ဆိုရင် အင်အားစုတိုင်းမှာ သူလျှိုတွေ ရှိနေလိမ့်မယ်။ ရှင်းဟိုင်သိုင်းဒေသသာ တိုက်ခိုက်မခံရဘူးဆိုရင် နတ်အစေခံတွေက ဆက်ပြီးလှည့်စားခံနေရဦးမှာပဲ"

နဂါးဘုရင်၏စကားသံတွင် ဒေါသစိတ်များ ထင်ဟပ်နေသည်။ သူ၏စကားကြောင့် ကျင့်ကြံသူအားလုံးက တစ်ကိုယ်လုံးအေးစက်သွားကြပြီး နှစ်ပေါင်းများစွာ ကြံစည်ခဲ့သော သူလျှိုများ၏အစီအစဥ်မှ လွတ်​မြောက်ခဲ့ရခြင်းမှာ ကံကောင်းသည်ဟု သက်ပြင်းချလိုက်မိသည်။

"ရန်သူရဲ့နည်းလမ်းတွေက အစွမ်းထက်တယ်။ ဒီလိုအစီအရင်မျိုးကို ကောင်းကင်မူလကြယ်ပေါ်မှာ မမြင်ဖူးဘူး။ ငါက အင်အားစုတိုင်းမှာ သူလျှိုရှင်းလင်းရေး လုပ်မယ်"

နဂါးဘုရင်၏ စကားအဆုံးတွင် ဖိအားတစ်ခု ကျဆင်းလာသည်။

"နဂါးဘုရင် ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးပေးပါ"

ဒူးထောက်နေကြသော ကျင့်ကြံသူများက သံပြိုင်အော်ဟစ်လိုက်ကြသည်။

"နတ်ဆိုးရဲပစ်မှတ်ကို မင်း သိလား"

နဂါးဘုရင်က ယဲ့ချန်ကို ဆက်သွယ်လိုက်ခြင်းဖြစ်သည်။

"အရှင် ထန်တိုက်လင်က ပစ်မှတ် ဖြစ်ပါလိမ့်မယ်"

"ငါ နားလည်ပြီ။ ငါက သူမကို စောင့်ရှောက်ပေးဖို့အတွက် အမျိုးသမီးနတ်အစေခံတစ်ယောက် စေလွှတ်လိုက်မယ်"

နဂါးဘုရင်က ယဲ့ချန်နောက်ရှိ ထန်တိုက်လင်ကို တစ်ချက်လှမ်းကြည့်ပြီး တစ်ခုခုကို နားလည်သဘောပေါက်သွားပုံရလေသည်။

All Chapters