နတ်ဆိုးမျိုးစေ့ ၂
Vol. 49 Ch. 682
ယဲ့ချန်သည် နဂါးဘုရင် နားလည်သွားသော အရာကို မသိသောကြောင့် ရင်ထိတ်သွားခဲ့သည်။ ထန်တိုက်လင်ကို ကောင်းကင်နတ်ဆိုးမှ ပစ်မှတ်ထားနေလျှင်ပင် သူမကို အချိန်ပြည့်စောင့်ရှောက်ရန်အတွက် နတ်အစေခံတစ်ယောက် စီစဥ်ပေးရန် မလိုအပ်ချေ။ နဂါးဘုရင်၏စကားအရ ထန်တိုက်လင်တွင် အန္တရာယ်အလွန်များနေပြီး ကောင်းကင်နတ်ဆိုးအတွက် အရေးကြီးပစ်မှတ်ဖြစ်ကြောင်း သူက နားလည်လိုက်သည်။ သူမက ဝမ်းဗိုက်နာကျင်ခဲ့သောကြောင့် မီးဖွားခါနီးပြီဟု ထင်မှတ်ခဲ့သော်လည်း ကံကောင်းစွာဖြင့် မှားယွင်းမှုတစ်ခုဖြစ်နေပြီး အဆင်ပြေနေခဲ့သည်။ လက်ရှိတွင် သူမသာ မီးဖွားမည်ဆိုလျှင် အန္တရာယ်ကို ယခုပင်ကြုံခဲ့ရသောကြောင့် တစ်ခုခုဖြစ်ပျက်သွားမည်ကို သူက အစိုးရိမ်ကြီးနေခဲ့သည်။ သူမကို အန္တရာယ်မပေးနိုင်မချင်း နတ်ဆိုးက ရပ်မည်မဟုတ်သောကြောင့် သူက အချိန်ပြည့် ကာကွယ်စောင့်ရှောက်ရပေလိမ့်မည်။
"နေဦး။ ဒီတိုင်လုံးတွေကို တည်ဆောက်ဖို့အတွက် ခိုင်းခဲ့တာက ဧကရာဇ်ရော့ မဟုတ်လား။ အရင်က ဒီအရာတွေရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘူး"
ထိုအချိန်၌ ဧကရာဇ်ချန်က ဧကရာဇ်ရော့ကို ဒေါသတကြီးစိုက်ကြည့်၍ အော်ဟစ်လိုက်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ရှင်းဟိုင်သိုင်းဒေသတစ်ခွင်၌ ပျက်စီးနေသော တိုင်လုံးများကို စစ်ဆေးခဲ့ခြင်းဖြစ်ကာ ပုံရိပ်ယောင်အစီအရင်၏ဆုံချက်များ ဖြစ်နေခဲ့သည်။ ဧကရာဇ်ယုသည်လည်း မျက်လုံးများပြူးကျယ်လာကာ ဧကရာဇ်ရော့ကို တိုက်ခိုက်ရန်အတွက် သတိကြီးကြီးထားကာ အသင့်ပြင်လိုက်သည်။ သူတို့နှင့်အတူ အချိန်တိုင်းရှိနေခဲ့သော ထိုလူက သူလျှိုဖြစ်နေမည်ဟု ထင်မထားကြပေ။ ထိုအချိန်တွင် ဖော်ထုတ်ခံရမည်ကို အလွန်စိုးရိမ်နေသော ဧကရာဇ်ရော့၏မျက်နှာက မည်းနက်သွားခဲ့သည်။ သူက ဤနေရာမှ အကြောင်းတစ်ခုခုပြ၍ ထွက်ခွာသွားချင်သော်လည်း ဧကရာဇ်ချန်၏ဖော်ထုတ်ခြင်း ခံလိုက်ရသည်။ သူက ဒေါသတကြီးကြုံးဝါးကာ နောက်ဆုံးရုန်းကန်မှုအဖြစ် ထန်တိုက်လင်ကိုတိုက်ခိုက်ရန် ခုန်ဝင်သွားခဲ့သည်။ မူလအစီအစဥ်၌ ရှင်းဟိုင်သိုင်းဒေသကို ပုံရိပ်ယောင်အစီအရင်ဖြင့် ဖုံးကွယ်ထားချိန်တွင် ကောင်းကင်နတ်ဆိုးသည် လူတိုင်း၏ကိုယ်ထဲသို့ နတ်ဆိုးမျိုးစေ့များ ထည့်သွင်းမည်ဖြစ်သည်။ ထန်တိုက်လင်နှင့် ယဲ့ချန်ကို ထိန်းချုပ်ပြီး အစီအရင်ကို ပြန်လည်ရုတ်သိမ်းလိုက်လျှင် ရှင်းဟိုင်ဒေသက အထိအခိုက်မရှိ ပြန်လည်ထွက်ပေါ်လာမည်ဖြစ်သောကြောင့် နတ်အစေခံများပင် သတိပြုမိမည်မဟုတ်ပေ။ သို့သော် သူတို့၏အကြံအစည်ကို ဖျက်ဆီးရန် နန်းကုန်းဇီ ရောက်ရှိလာသည့်အပြင် ဆည်းဆာနတ်ဓားကလည်း ထင်ထားသည်ထက် များစွာပို၍ အစွမ်းထက်နေခဲ့သည်။
ကောင်းကင်နတ်ဆိုး၏ လက်တစ်ဖက် ခုတ်ဖြတ်ခံလိုက်ရချိန်တွင် ဧကရာဇ်ရော့က ထန်တိုက်လင်ကို သတ်ဖြတ်၍ ထွက်ပြေးချင်ခဲ့သော်လည်း ယဲ့ချန်က သတိကြီးလွန်းနေပြီး အနားကပ်ခွင့်မပေးခဲ့ချေ။ အကယ်၍ နတ်ဆိုးက ထန်တိုက်လင်နှင့် ကလေးကို သတ်ချင်လျှင် အခွင့်အရေးများစွာရခဲ့သော်လည်း ထိန်းချုပ်လိုနေသောကြောင့် နောက်ဆုံးတွင် ကျရှုံးသွားခဲ့ရသည်။ နဂါးဘုရင်နှင့် ငယ်သားများမှာ လက်ရှိအချိန်မှစတင်ပြီး သတိကြီးကြီးထားတော့မည်ဖြစ်သည်။ ဧကရာဇ်ရော့က လင်းယုန်ကြီးအဖြစ် ပြောင်းလဲကာ တိုက်ခိုက်လာချိန်တွင် ယဲ့ချန်က ဆည်းဆာနတ်ဓားကို အသက်သွင်းကာ အေးစက်စက်မျက်နှာထားဖြင့် စောင့်ဆိုင်းနေခဲ့သည်။
"နတ်ဆိုးသူလျှို မင်းကများ ဒီအရှင်ရှေ့မှာ မောက်မာရဲသလား"
နဂါးဘုရင်က ဟိန်းဟောက်လိုက်ရုံဖြင့် ဧကရာဇ်ရော့မှာ သွေးပွက်ပွက်အန်၍ မြေပြင်သို့ ဘုန်းခနဲပြုတ်ကျသွားကာ ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပြီး မည်မျှကြိုးစားပါစေ၊ မတ်တပ်မရပ်နိုင်တော့ချေ။
"သူ့ကိုဖမ်းချုပ်ပြီး ဧကရာဇ်နန်းတော်ကို လာပို့ကြ"
နဂါးဘုရင်၏ အမိန့်သံအဆုံးတွင် ဧကရာဇ်ချန်နှင့် အခြားစစ်ဧကရာဇ်များက ရှေ့တက်လာကြသည်။ ဧကရာဇ်ရော့ကမူ နတ်ဆိုးချီများ တောက်ပနေသည့် မျက်လုံးများဖြင့် ယဲ့ချန်ကို မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။
"ဒီသူလျှိုရဲ့ကိုယ်ထဲကို ကောင်းကင်နတ်ဆိုးက နတ်ဆိုးမျိုးစေ့တစ်ခု ချထားတယ်။ ဒါက အရမ်းအစွမ်းထက်လွန်းပြီး နတ်ဆိုးချီက ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့တပြိုင်နက် ထိန်းချုပ်ခံရနိုင်တယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ"
နတ်ဆိုးမျိုးစေ့၏ အစွမ်းထက်ပုံကို ကြုံတွေ့ခဲ့သော ယဲ့ချန်က သတိပေးလိုက်ခြင်းဖြစ်သည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ပင် ၎င်းကို မဖျက်ဆီးနိုင်ခဲ့ပေ။ သူ၏စကားကြောင့် နဂါးဘုရင်က မျက်မှောင်ကြုတ်လိုက်ပြီး ဤနှစ်များအတွင်း ကောင်းကင်နတ်ဆိုးမျိုးနွယ်က ထပ်မံတိုးတက်လာကြောင်း ခန့်မှန်းလိုက်မိသည်။ အတိတ်တွင် နတ်ဆိုးမျိုးစေ့ထည့်သွင်းရန်အတွက် ကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆီးရန် လိုအပ်ပြီး နတ်အစေခံအဆင့်များက အလွယ်တကူသိရှိနိုင်သည်။ လက်ရှိတွင် နတ်ဆိုးချီသက်သက်ဖြင့် ၎င်းကို ထည့်သွင်းနိုင်စွမ်းရှိလာမည်ဟု ထင်မထားခဲ့ပေ။ ကောင်းကင်ချီများဖြင့် နတ်ဆိုးမျိုးစေ့ကို ဖျက်ဆီးနိုင်စွမ်းရှိခဲ့သော်လည်း လက်ရှိတွင် ပိုမိုအစွမ်းထက်လာနိုင်သောကြောင့် သူက အစိုးရိမ်ကြီးသွားခဲ့သည်။
ကောင်းကင်နတ်ဆိုးမျိုးနွယ်က ကြောက်စရာအလွန်ကောင်းနေပြီး စကြဝဠာအတွင်းရှိ အခြားမျိုးနွယ်များနှင့် တိုက်ခိုက်ရင်း ဆက်တိုက်တိုးတက်လာနေကြသည်။ အားနည်းသော မျိုးနွယ်တစ်ခုအဖြစ်မှ ရှင်းဟွမ်မျိုးနွယ်ပင် ကြောက်ရွံ့ရသော အခြေအနေအထိ ရောက်ရှိလာကာ ဤဖြစ်ရပ်က လူသားမျိုးနွယ်နှင့် သားရဲမျိုးနွယ်များအတွက် ကောင်းကျိုးမရှိပေ။ ၎င်းတို့က ဤနည်းအတိုင်း တိုးတက်နေလျှင် အခြားမျိုးနွယ်များအတွက် ပျက်စီးခြင်းကသာ စောင့်ကြိုနေမည်ဖြစ်ပြီး ကျင့်ကြံခြင်းလောက၏ ရက်စက်သော ဥပဒေတစ်ခုလည်း ဖြစ်သည်။ နဂါးဘုရင်က သတင်းရလိုရငြား စစ်မေးရန်အတွက် ဧကရာဇ်ရော့ကို စစ်ဧကရာဇ်နန်းတော်သို့ ဖမ်းချုပ်ပို့ဆောင်စေသည်။ ကပ်ဘေးကြောင့် ဖျက်ဆီးခံလိုက်ရသော အရာများကို ရှင်းဟိုင်သိုင်းဒေသ၏ ကျင့်ကြံသူများက ပြန်လည်တည်ဆောက်လိုက်ကြ၏။ ဧကရာဇ်ရော့နှင့် နီးစပ်သူအားလုံးလည်း ဖမ်းချုပ်ခံခဲ့ရပြီး ကောင်းကင်နတ်ဆိုးနှင့် ပတ်သက်မှုမရှိကြောင်း စစ်ဆေးပြီးမှသာလျှင် လွှတ်ပေးမည်ဖြစ်သည်။
ယဲ့ချန်သည် ထန်တိုက်လင်ကို တစ်ချိန်လုံးဂရုစိုက်ပေးနေခဲ့ပြီး ရန်သူများ ဆုတ်ခွာသွားကာ နတ်အစေခံတစ်ယောက် စောင့်ကြပ်ပေးနေသော်လည်း သူက စိတ်မချနိုင်ပေ။ သူက သူမကို အမြဲတမ်းစောင့်ကြပ်နေခဲ့ပြီး ရှင်းဟိုင်သိုင်းဒေသ၏ ခြံဝန်းတစ်ခုအတွင်း နေထိုင်ခဲ့ကြသည်။
"ငါက ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်နဲ့ တွေ့ခဲ့ရတယ်။ သူမက မိန်းမလှတစ်ယောက် ဖြစ်နေတယ်"
ထန်တိုက်လင်က သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ဖြစ်ပျက်သမျှကို ယဲ့ချန်အား ပြောပြလိုက်သည်။
"ရှင်းဟွမ်တွေက ဝိညာဥ်တွေနဲ့ဆင်တူပြီး ကြိုက်တဲ့ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ကြတယ်။ ဒါပေမယ့် သူမက ဘာကြောင့် လင်အာကို ဂရုစိုက်နေရတာလဲ။ သူမသာ ဂရုစိုက်ပေးမယ်ဆိုရင်တော့ လုံခြုံတန်ကောင်းပါရဲ့"
ယဲ့ချန်က ရှင်းပြလိုက်သည်။ သူက ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်နှင့် မဆုံဖူးသော်လည်း သူတို့ကို နေ့တိုင်းစောင့်ကြည့်နေသော ဤဖြစ်တည်မှုအပေါ် ခံစားချက်မရှိပေ။ သူက ရှင်းဟွမ်ကို မမုန်းတီးသော်လည်း အမြင်ကောင်းမရှိချေ။ ရှင်းဟွမ်က သက်ရှိအားလုံးကို အပေါ်စီးမှ စောင့်ကြည့်နိုင်သော ဖြစ်တည်မှုမျိုးဖြစ်ကာ ကျန်တစ်ဖက်တွင် ယဲ့ချန်က မည်သူ၏အချုပ်အနှောင်ကိုမှ မခံလိုသော လူစားမျိုးဖြစ်သည်။ အခြားတစ်ယောက်က သူ့ကို အချိန်တိုင်း စောင့်ကြည့်နေပြီး ကံကြမ္မာကို ထိန်းချုပ်နေလိုခြင်းအပေါ် မကျေမနပ်ဖြစ်နေခဲ့သည်။ သို့သော်လည်း သူက ရှင်းဟွမ်နှင့် လူသား မျိုးနွယ်နှစ်ခုကြားမှ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဆက်ဆံရေးကို နားလည်ထားသဖြင့် တစ်ခုမရှိလျှင် နောက်တစ်ခုက မရပ်တည်နိုင်ကြောင်း သဘောပေါက်ထားခဲ့သည်။ သူက ကောင်းကင်မူလရှင်းဟွမ်၏ ရည်ရွယ်ချက်ကို မသိသော်လည်း ရွှမ်လင်း၏စကားများကို ပြန်လည်အမှတ်ရလိုက်သည်။ ရွှမ်လင်း၏အဆိုအရ ရှင်းဟွမ်များကို သတိထားရန် မှာကြားခဲ့သဖြင့် ထိုမျိုးနွယ်က တစ်ခုခုကြံစည်နေခြင်း ဖြစ်နိုင်သည်။ သူ၏စိတ်အတွင်း လူသားနတ်ဘုရားနယ်မြေတွင် ဆုံခဲ့ရသော ကြယ်သခင်ရှင်း၏စကားကလည်း ထွက်ပေါ်လာသည်။ ကြယ်သခင်ရှင်းကလည်း လူသားမျိုးနွယ်သည် ရှင်းဟွမ်ကို လိုအပ်သော်လည်း မျက်ကန်းသစ္စာမရှိရန် သတိပေးခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်က ပိုမိုသန်မာလာပြီး အခြားမျိုးနွယ်တစ်ခုကိုမှီခိုရန် မလိုအပ်တော့သည်အထိ တိုးတက်လာစေလိုခြင်းဖြစ်သည်။
"ကောင်းကောင်းအနားယူလိုက်ဦး"
ယဲ့ချန်သည် နတ်ဆိုးမျိုးစေ့ လှုပ်ရှားလာကြောင်း ခံစားလိုက်ရသဖြင့် ထန်တိုက်လင်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။ ၎င်းက သူ့ကိုထိန်းချုပ်ရန် စတင်ကြိုးစားလာသောကြောင့် ဖြေရှင်းရန် အချိန်တန်ပြီဖြစ်သည်။
"ယဲ့ချန် တစ်ခုခု မှားနေလို့လား"
ထန်တိုက်လင်က အိပ်ရာပေါ်တွင်လှဲ၍ အနားယူလိုက်သော်လည်း ယဲ့ချန်၏မျက်နှာထားကြောင့် စိုးရိမ်စွာ မေးလိုက်မိသည်။
"ငါ အဆင်ပြေပါတယ်။ တစ်ခုခုမှားနေပြီဆိုရင် ဒီဓားနဲ့ ငါ့ကို ချက်ချင်းသတ်ပေးပါ"
သူက တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်ပြီး ဆည်းဆာနတ်ဓားကို ထန်တိုက်လင်၏လက်အတွင်း ထည့်ပေးလိုက်သည်။ သူက ထန်တိုက်လင်၏ လှပသောမျက်နှာထက်မှ မိခင်မေတ္တာကို အထင်းသားမြင်တွေ့နေရသည်။ အမြဲတစေ အေးစက်နေခဲ့သော သူမ၏မျက်နှာထက်တွင် နူးညံ့သိမ်မွေ့မှုတစ်ခု ထင်ဟပ်နေသည်။ သူက ဆုံးဖြတ်ချက် ပြတ်သားစွာချလိုက်ပြီး မည်သို့ပင်ဖြစ်ပါစေ၊ ဇနီးနှင့် သားကို ကာကွယ်ရမည်ဟု တွေးနေခဲ့သည်။
"စိတ်မပူပါနဲ့။ ငါက ကိုယ်ပွားတစ်ယောက်ပါ။ နောက်ထပ်ယဲ့ချန်တစ်ယောက်ကို သတင်းပို့ထားတယ်။ သူ ရောက်မလာခင် ကိုယ့်ကိုကိုယ်ကာကွယ်ပါ"
ယဲ့ချန်က ထန်တိုက်လင်၏ စိုးရိမ်မှုကို ဖြေဖျောက်ပေးရန်အတွက် ချိုသာစွာ နှစ်သိမ့်လိုက်၏။ သူက စကားအဆုံးတွင် ပြတင်းပေါက်မှတဆင့် ကောင်းကင်သို့ လှမ်းကြည့်နေခဲ့ပြီး နတ်အစေခံတစ်ယောက်သည် ထန်တိုက်လင်ကို စောင့်ကြည့်နေကြောင်း အာရုံခံနိုင်ခဲ့သည်။ အကယ်၍ သူ၏ကိုယ်တွင်းရှိ နတ်ဆိုးမျိုးစေ့ လှုပ်ရှားလာပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းမရှိတော့လျှင် ထိုကျင့်ကြံသူက ထန်တိုက်လင်ကို ကာကွယ်ပေးပေလိမ့်မည်။ ထန်တိုက်လင်သည် ယဲ့ချန်က နဂါးဘုရင်ကို ပြောခဲ့သော စကားအား ပြန်လည်အမှတ်ရလိုက်သောကြောင့် အခြေအနေကို နားလည်သွားခဲ့သည်။ ကံကောင်းသည်မှာ ယဲ့ချန်က ကိုယ်ပွားတစ်ယောက်သာ ဖြစ်နေခြင်းပင်။
ထို့နောက် ယဲ့ချန်သည် ဆည်းဆာနတ်ဓားကို ထန်တိုက်လင်ထံ ပေးအပ်ကာ မြေပြင်၌ တင်ပျဥ်ခွေထိုင်ချလိုက်၏။ သူ၏ကိုယ်တွင်းရှိ နတ်ဆိုးမျိုးစေ့က လှုပ်ရှားလာပြီး ဒန်တန်အတွင်း နတ်ဆိုးချီများ ကျူးကျော်လာခဲ့သည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်သည် ၎င်းကို မဖိနှိပ်နိုင်ရသော အကြောင်းအရင်းအား သူက နားမလည်နိုင်ခဲ့ပေ။ ကောင်းကင်ချီများက ၎င်းကို ဖိနှိပ်ဖျက်ဆီးရမည့်အစား ပေါင်းစပ်မည့်လက္ခဏာများ စတင်ဖြစ်ပေါ်လာသည်။ နတ်ဆိုးမျိုးစေ့က သူ့ကို ထိန်းချုပ်ရန် ကြိုးစားနေပြီး ထန်တိုက်လင်အား သတ်ဖြတ်ရန် လှုံ့ဆော်နေခဲ့သည်။ ထို့ကြောင့် နောက်ကွယ်၌ ထိန်းချုပ်နေသူ တစ်ယောက်ယောက် သေချာပေါက်ရှိပေလိမ့်မည်။
"မင်းက ငါ့ကို ထိန်းချုပ်ချင်တာလား ခွေးမသား"
ယဲ့ချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ တစ်ဖက်လူက သူ့ကိုထိန်းချုပ်ပြီး ဇနီးနှင့်သားကို သတ်ဖြတ်ရန် ဖိအားပေးနေသဖြင့် ယမ်းပုံမီးကျ ဒေါသထွက်သွားခဲ့သည်။ ကောင်းကင်ချီများက နတ်ဆိုးမျိုးစေ့ကို မဖျက်ဆီးနိုင်သောကြောင့် သူက နောက်ထပ်နည်းလမ်းတစ်ခုစဥ်းစားကာ ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သည်။ ၎င်းက ထိုစွမ်းအားကို အာရုံခံမိသည်နှင့်တပြိုင်နက် ချက်ချင်းတုန်ယင်သွားကာ ဒန်တန်အတွင်း ပုန်းအောင်းရန် ကြိုးစားလိုက်သည်။ ၎င်းက ဝိညာဥ်ဖြစ်တည်မှု အမျိုးအစားဖြစ်သောကြောင့် ကောင်းကင်ချီဖြင့်ဖိနှိပ်ခြင်းက အသုံးမဝင်ဘဲ ဝိညာဥ်အသိစိတ်ကသာ ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း သူက ရုတ်တရက် နားလည်သွားလေသည်။