← Chapters

ယာရှာ နောက်တစ်ကြိမ် ထွက်ပေါ်လာခြင်း

Vol. 49 Ch. 683

ယာရှာ နောက်တစ်ကြိမ် ထွက်ပေါ်လာခြင်း

Vol. 49 Ch. 683

နတ်ဆိုးမျိုးစေ့က လုံးဝပျောက်ကွယ်နေပြီး ဒန်တန်အတွင်း ပုန်းအောင်းနေရာမှ ယဲ့ချန်ကို နှောင့်ယှက်ရန်အတွက် နတ်ဆိုးချီများ ဆက်တိုက်ထုတ်လုပ်နေသည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ပိုက်စိပ်တိုက်ရှာဖွေနေသော်လည်း နတ်ဆိုးချီများက ပိုမိုတိုးပွားလာသောအခါ စိတ်၏အနက်ရှိုင်းဆုံးနေရာမှ တစ်စုံတစ်ခု နိုးထလာပုံပေါ်သည်။ သူ၏ဝိညာဥ်အသိစိတ်က နတ်ဆိုးချီများကို တွန်းလှန်နေစဥ် အိပ်မက်တစ်ခုနှင့်ဆင်တူသော ပုံရိပ်များ ထွက်ပေါ်လာသည်။ သူက သက်ရှိအားလုံးကို သုတ်သင်နေသော နတ်ဆိုးတစ်ကောင်ဖြစ်သွားလိုက်၊ ခက်ခဲကြမ်းတမ်းသော ကမ္ဘာကြီးတွင် သက်ရှိများကိုဦးဆောင်၍ ရုန်းကန်နေသော သူတော်စင်တစ်ပါးဖြစ်လိုက်၊ ရှေးဟောင်းကြေးခန်းမတစ်ခုအတွင်း ဖမ်းချုပ်ခံထားရသော အပြစ်သားတစ်ယောက်ဖြစ်လိုက်နှင့် အမျိုးမျိုးသော မြင်ကွင်းများကို မြင်ယောင်နေမိသည်။ စုစုပေါင်းအရေအတွက် ရှစ်ခုဖြစ်ကာ အားလုံးက သူ၏အတိတ်ဘဝများနှင့် ဆက်စပ်နေခြင်း ဖြစ်နိုင်သည့်အပြင် မသိစိတ်က ၎င်းတို့သည် ဓားပျံနှင့်လည်း ပတ်သက်နေကြောင်း ပြောနေခဲ့သည်။ သူက ဤမြင်ကွင်းများ၏အဖြေကို ရှာဖွေချင်ခဲ့သော်လည်း နောက်ဆုံးတွင် သဲလွန်စတစ်ခုတလေပင် ရှာမတွေ့ခဲ့ရပေ။

နတ်ဆိုးမျိုးစေ့က ယဲ့ချန်၏အတွင်းစိတ်ရိုင်းကို နိုးထလာစေခဲ့ပြီး ဒန်တန်အတွင်းမှ ရွှေရောင်ပုံရိပ်ငယ်၏ မျက်နှာထက်တွင် ကြမ်းကြုတ်ရက်စက်မှုများ ထင်ဟပ်လာသည်။ သူ၏ကိုယ်တွင်းမှ နတ်ဆိုးချီများထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ချီများ ဝုန်းခနဲ ထွက်ပေါ်လာခဲ့သည်။ ချီနှစ်မျိုးက ဒန်တန်အတွင်း၌ အပြင်းအထန်တိုက်ခိုက်နေသောကြောင့် သူက မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ခုက နတ်ဆိုးမျိုးစေ့၏ချီဖြစ်ကာ ၎င်း၏ထိန်းချုပ်မှုကို သူက မခံလိုပေ။ ကျန်တစ်မျိုးက သူ၏ဝိညာဥ်အသိစိတ်မှ ထွက်ပေါ်လာသကဲ့သို့ ရင်းနှီးနေသော်လည်း ၎င်း၏ထိန်းချုပ်မှုကို ခံရလျှင် ကောင်းသည်လား၊ ဆိုးသည်လား မဝေခွဲနိုင်ချေ။

နာကျင်မှုကို ခံစားနေရသည့် ယဲ့ချန်ကို ထန်တိုက်လင်က စိုးရိမ်စွာ စောင့်ကြည့်နေခဲ့သည်။ အချိန်ကြာလာသောအခါ သူ၏နောက်ကျောဘက်၌ ယာရှာ(ဘီလူး)တစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာ၏။ ၎င်းက ရက်စက်ကြမ်းကြုတ်သော အသွင်ကိုဆောင်ပြီး မှိန်းတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ဘီလူး၏စွမ်းအားကြောင့် သူမက ထိတ်လန့်သွားကာ နောက်ဆုတ်လိုက်မိပြီး ကန့်သတ်ဒေသကျွန်းပေါ်မှ ဖြစ်ရပ်ကို အမှတ်ရလိုက်မိသည်။ အတိတ်တွင် ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွား၍ အမှောင်ဝိညာဥ်ကို မှိန်းတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ကာ ယဲ့ချန်က လုံးဝသတိလစ်သွားခဲ့ဖူးသည်။ လက်ရှိတွင် သူမက ဘီလူး၏ခွန်အားမှာ အတိတ်ကထက် များစွာပို၍သန်မာလာကြောင်း ခံစားနေရသည်။ သို့သော် ဘီလူး၏မျက်လုံးများက ကြည်လင်နေပြီး ထန်တိုက်လင်အပေါ် ရန်လိုရမည့်အစား ကြင်နာစွာ စိုက်ကြည့်နေခဲ့သည်။

အကြောင်းအရင်းမှာ သူမ၏ဝမ်းဗိုက်အတွင်းမှ ယဲ့ချန်၏ရင်သွေးကြောင့် ဖြစ်နိုင်ပြီး ဘီလူးက သားဖြစ်သူ၏အရှိန်အဝါကြောင့် ညှင်သာနေခြင်း ဖြစ်ပေလိမ့်မည်။ ထို့နောက် ၎င်းက ယဲ့ချန်၏ခန္ဓာကိုယ်အတွင်း လှစ်ခနဲ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ယဲ့ချန် ဘာလုပ်နေသည်ကို မပြောနိုင်သောကြောင့် တစ်ခုခုထိခိုက်သွားမည်ကို သူမက စိုးရိမ်သဖြင့် မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေခဲ့သည်။

ခန္ဓာကိုယ်အတွင်း၌ နတ်ဆိုးချီနှစ်မျိုးက ပြင်းထန်စွာတိုက်ခိုက်နေစဥ် ယဲ့ချန်သည် မြေပြင်၌ တင်ပျဥ်ခွေထိုင်နေဆဲပင်ဖြစ်သည်။ ကောင်းကင်နတ်ဆိုး၏ချီက အမှန်တကယ် အစွမ်းထက်သော်လည်း သူ၏ကိုယ်ပိုင်နတ်ဆိုးချီအောက် အားနည်းပုံရသည်။ ၎င်းက နတ်ဆိုးချီကို ဖြည်းဖြည်းချင်းဖိနှိပ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ဒန်တန်အတွင်း၌ နတ်ဆိုးမျိုးစေ့၏တည်နေရာကို ရှာတွေ့နိုင်ခဲ့သည်။ ၎င်းက အလွန်အမင်းသေးငယ်သော ဖုန်မှုန့်သဖွယ် အသွင်ပြောင်းကာ သစ်သားဝိညာဥ်တစ်ကောင်၏ ကိုယ်တွင်း၌ ပုန်းအောင်းနေခြင်းဖြစ်သည်။ သူ၏ဝိညာဥ်အသိစိတ်က ဒန်တန်အတွင်း၌ ဘီလူးအသွင်နှင့် ထွက်ပေါ်လာကာ သစ်သားဝိညာဥ်ကို ဖမ်းဆီးလိုက်ပြီး ခန္ဓာကိုယ်အတွင်း ညာလက်ဖြင့်နှိုက်ကာ ၎င်းကို ထုတ်ယူလိုက်သည်။ ယဲ့ချန်၏ကိုယ်တွင်းသို့ နတ်ဆိုးမျိုးစေ့က ဝင်ရောက်လာသည်မှာ အချိန်မကြာသေးသဖြင့် ကောင်းစွာအမြစ်မတွယ်ခဲ့သောကြောင့် များစွာမသန်မာချေ။ အကယ်၍ ၎င်းကသာ အမြစ်တွယ်သွားပြီး ကောင်းကင်ချီများဖြင့် တစ်သားတည်းဖြစ်နေလျှင် ဖျက်ဆီးရန် မဖြစ်နိုင်တော့ပေ။ သူက ၎င်းကို ဖျက်ဆီးရန်အတွက် ကိုယ့်ကိုကိုယ်သတ်သေရုံသာ ကျန်ရစ်ပေသည်။ ကံကောင်းစွာဖြင့် ၎င်းက ယဲ့ချန်၏ကောင်းကင်ချီများနှင့် မပေါင်းစပ်နိုင်ခင် ဘီလူးက ရှာတွေ့ခဲ့ပြီး သစ်သားဝိညာဥ်ကောင်အတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည်။

သစ်သားဝိညာဥ်က နာကျင်စွာအော်ဟစ်ပြီး အမှုန့်ဖြစ်သွားသောကြောင့် ယဲ့ချန်က အံ့သြနေခဲ့ပြီး အချက်တစ်ချက်ကို သိလိုက်ရသည်။ နတ်ဆိုးမျိုးစေ့ကို အားသုံးထုတ်ယူလျှင် လက်ခံကောင်က သေဆုံးရပေလိမ့်မည်။ သူက ၎င်းကို ဖြေရှင်းရမည့်နည်းလမ်းအား အလေးအနက်စဥ်းစားနေစဥ် နတ်ဆိုးမျိုးစေ့က ဘီလူး၏လက်အတွင်းမှ ရုန်းထွက်နိုင်ရန် ဆက်တိုက်ကြိုးစားနေသည်။ ၎င်းက ယဲ့ချန်၏ ဝိညာဥ်အသိစိတ်တစ်ဖြစ်လဲ ဘီလူးကို အလွန်ကြောက်လန့်နေပြီး ဘီလူးကမူ အရသာရှိသော စားကောင်းသောက်ဖွယ်တစ်ခုကဲ့သို့ စိုက်ကြည့်နေခဲ့သည်။

"ဒီကောင်က နတ်ဆိုးမျိုးစေ့ကို စားချင်နေတာလား"

ယဲ့ချန်၏စိတ်ထဲတွင် ဤမေးခွန်း ထွက်ပေါ်လာသောကြောင့် သူက တွန့်ဆုတ်နေခဲ့သည်။ ဤအတွေးက ဓားပျံနှင့် ဆက်စပ်နေခြင်းဖြစ်နိုင်ပြီး အကောင်းအဆိုး သူက မခွဲခြားနိုင်ပေ။ အကယ်၍ သူသာ ဘီလူး၏လွှမ်းမိုးခြင်းခံရလျှင် နတ်ဆိုးတစ်ကောင် ဖြစ်လာနိုင်သည်။ နတ်ဆိုးမျိုးစေ့က သူ၏ကိုယ်ပွားတစ်ယောက်ကိုသာ ခြိမ်းခြောက်နိုင်သော်လည်း ယဲ့ချန်အားလုံးတွင် ဓားပျံရှိနေသောကြောင့် နတ်ဆိုးချီများ ပိုင်ဆိုင်ထားပေလိမ့်မည်။

"ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ အချိန်ကြာမြင့်စွာ စဥ်းစားနေခဲ့သော်လည်း အဖြေရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူက ဤကိုယ်ပွားကိုအသုံးပြုကာ ဝိညာဥ်အသိစိတ်မှ နတ်ဆိုးချီကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ ဘီလူးက သူ၏ခွင့်ပြုချက်ကို ရသောအခါ နတ်ဆိုးမျိုးစေ့ကို တစ်ချက်တည်းမျိုချလိုက်ပြီး ကျေနပ်နေပုံပေါ်သည်။ ကောင်းကင်နတ်ဆိုး၏မျိုးစေ့မှာ သူ၏ဝိညာဥ်အသိစိတ်မှ ဖြစ်ပေါ်လာသည့် ဘီလူး၏လက်ထဲတွင် အရှင်လတ်လတ် စားသောက်ခံလိုက်ရသည်။ ထို့နောက် သူ၏စိတ်အတွင်း၌ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အရေးကြီးသတင်းအချက်အလက်များနှင့် လျှို့ဝှက်ချက်များ ထွက်ပေါ်လာခဲ့သည်။ သူရရှိထားသော သတင်းအချက်အလက်များအရ နတ်ဧကရာဇ်လင်းဖန်သည်လည်း နတ်ဆိုးမျိုးစေ့၏ ထိန်းချုပ်ခြင်းခံထားရပြီး ၎င်းက အမြစ်တွယ်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။

ကောင်းကင်မူလကြယ်ကို တိုက်ခိုက်နေသည့် ကောင်းကင်နတ်ဆိုးကိုးကောင်မှာ အဆင့်နိမ့်မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ကျယ်ပြောလှသော စကြဝဠာအတွင်း၌ ကြယ်သခင်အဆင့်ထက် ကျော်လွန်သော နတ်ဆိုးခေါင်းဆောင်တစ်ယောက်ရှိနေပြီး သန်းချီသည့်နောက်လိုက်များကို ဦးဆောင်ကာ ကြယ်များကို ကျူးကျော်သိမ်းပိုက်နေသည်။ ထို့အပြင် ရာချီသော နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးများက ကောင်းကင်မူလကြယ်နှင့် ကျိယွမ်ကြယ်သို့ ဦးတည်လာနေကြောင်း ယဲ့ချန်က သိလိုက်ရသည်။ ထို့ကြောင့် ကောင်းကင်မူလကြယ်၌ အချိန်များစွာ မကျန်ရစ်တော့ပေ။

သူ၏မျက်လုံးများက ရုတ်တရက် ပွင့်လာသော်လည်း မျက်ဝန်းများတွင် အေးစက်တင်းမာနေကာ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံး၌ အနက်ရောင်စွန်းထင်းနေပြီဖြစ်သည်။ နတ်ဆိုးမျိုးစေ့ကို ဝါးမျိုပြီးနောက် သူ၏ဝိညာဥ်အသိစိတ် တိုးတက်လာရုံသာမက ကျင့်ကြံဆင့်ကလည်း စစ်ဧကရာဇ်အဆင့်သုံးအထိ နှစ်ဆင့် ခုန်တက်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံးတွင် နတ်ဆိုးချီများပြည့်နှက်နေသော်လည်း စိတ်က ကြည်လင်နေပြီး ဘီလူးကောင်၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေခဲ့ပေ။

"ယဲ့ချန် နင် အဆင်ပြေရဲ့လား"

ရုတ်တရက်ထရပ်လာသော ယဲ့ချန်ကို ထန်တိုက်လင်က မေးလိုက်ခြင်းဖြစ်သည်။ သူ၏မျက်လုံးများက ကြည်လင်နေသောကြောင့် သူမက စိတ်အေးသွားရသော်လည်း အနည်းငယ် စိုးရိမ်မိနေဆဲဖြစ်သည်။

"ငါ အဆင်ပြေပါတယ်။ လောလောဆယ်တော့ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ နောက်ထပ်ယဲ့ချန်တစ်ယောက် ရောက်လာပြီဆိုရင် ငါက နဂါးဘုရင်နဲ့ သွားတွေ့ရလိမ့်မယ်"

"ကောင်းပြီ"

ယဲ့ချန်က ထန်တိုက်လင်ကို တစ်ချက်ပြုံးပြလိုက်သည်။ အကြောင်းအရင်းကို သူမက မသိသော်လည်း မသိစိတ်မှ မရိုးရှင်းကြောင်း ခံစားနေရသဖြင့် ခေါင်းညိတ်ခဲ့သည်။

သားရဲနတ်ဘုရားနယ်မြေ၏ကိုးထပ်ရှိ သုံးလွှာကမ္ဘာတွင် ကောင်းကင်ချီနှင့် အချိန်လေဟာနယ်ချီများ ယှက်သန်းနေပြီး အချိန်လေဟာနယ်တာအိုရုန်းများကလည်း ကြောက်မက်ဖွယ်အစွမ်းကို သယ်ဆောင်ပြီး သွားလာနေကြသည်။ နင်အာက လေထဲတွင် တင်ပျဥ်ခွေထိုင်နေပြီး လရောင်ကဲ့သို့ အဖြူရောင်အလင်းတန်းများသည် မျက်နှာထက်တွင် ဖြာကျနေသောကြောင့် သေမျိုးဘုံသို့ နတ်သက်ကြွေလာသော နတ်သမီးတစ်ပါးနှင့် ဆင်တူနေခဲ့သည်။ သူမက မျက်လုံးများမှိတ်ထားသော်လည်း အလွန်ချစ်စဖွယ်ကောင်းနေပြီး အနက်ရောင်ဆံပင်ရှည်များက ကျောပြင်ထက်တွင်ဝဲကျနေပြီး အနီရောင်နှုတ်ခမ်းနှစ်လွှာက ကြည်လင်တောက်ပနေသည်။ သူမ၏တစ်ကိုယ်လုံးတွင် အပြစ်အနာဆာဟူ၍ မြူမှုန်တစ်ခုပင်မရှိဘဲ ချစ်စရာကောင်းသော အလှတရားနှင့် တည်ငြိမ်သော အလှတရားက ယှဥ်တွဲဖြစ်ပေါ်နေသည်။ သူမက အဖြူရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသော်လည်း ကောက်ကြောင်းများက ထင်ထင်ရှားရှား ထွက်ပေါ်နေသည်။ ထို့အပြင် ကျောဘက်မှ ဆွတ်ဆွတ်ဖြူနေသော မြေခွေးအမြှီးဆယ်ချောင်းကလည်း ဝှေ့ယမ်းထွက်ပေါ်နေသည်။

သုံးလွှာကမ္ဘာ၏ ကျန်တစ်ဖက်တွင် ကောင်းကင်ဘုရင်ဟောရန်ရှိနေခဲ့ပြီး နောက်ကျောဘက်မှ တစ်ကိုယ်လုံး ဆူးချွန်များပြည့်နေသော ဧရာမရေမြင်းကြီးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်နေသည်။ ၎င်း၏မျက်လုံးများက ဒေါသကြောင့် မည်းနက်နေပြီး ပုံရိပ်ယောင်စွမ်းအားများကို ထုတ်ဖော်နေသည်။

အမြှီးဆယ်ချောင်း နတ်မြေခွေးမျိုးနွယ်ဖြစ်စေ၊ လင်းမိုင်မျိုးနွယ်ဖြစ်စေ၊ ရှေးခေတ်ဟောင်း၌ ပုံရိပ်ယောင်ပညာရပ်တွင် အစွမ်းအထက်ဆုံးဖြစ်ခဲ့ကြသည်။ လင်းမိုင်က မျိုးတုံးသွားပြီး နတ်မြေခွေးမျိုးနွယ်၏ သွေးမျိုးဆက်က မသန့်စင်တော့သော်လည်း အစွမ်းထက်နေဆဲပင်ဖြစ်သည်။ သုံးလွှာကမ္ဘာ၏ ကောင်းကင်ထက်တွင် ဧရာမလင်းမိုင်တစ်ကောင်နှင့် ဧရာမနတ်မြေခွေးတစ်ကောင် အပြင်းအထန်တိုက်ခိုက်နေခဲ့ပြီး နှစ်ဖက်လုံး ဒဏ်ရာရထားသော်လည်း အနိုင်အရှုံးမသဲကွဲချေ။

နင်အာသည် ဟောရန်ကို တိုက်ခိုက်နေရသည့်အပြင် ကြောက်မက်ဖွယ် ပတ်ဝန်းကျင်ကို ခုခံနေရသောကြောင့် မျက်နှာလေးက သွေးဆုတ်ဖြူရော်နေသည်။ သူမခံစားနေရသော ဖိအားပမာဏက အလွန်ကြီးမားသော်လည်း ဟောရန်လည်း ထို့အတူပင်ဖြစ်သည်။ သူ၏တစ်ကိုယ်လုံးတွင် အချိန်လေဟာနယ်တာအိုရုန်းများကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများ ပြည့်နှက်နေသည်။ နှိုင်းယှဥ်ရလျှင် နင်အာက အနည်းငယ်အားနည်းနေသော်လည်း ခန္ဓာကိုယ်ထက်၌ ဒဏ်ရာ လုံးဝမရှိချေ။ အကြောင်းအရင်းမှာ ပုံရိပ်ယောင်ပုလဲမှ တာအိုရုန်းများ၏တိုက်ခိုက်မှုကို သူမစုပ်ယူနိုင်ရန် သန့်စင်ပေးထားခြင်းဖြစ်သည်။ သူမက သုံးလွှာကမ္ဘာအတွင်း ရောက်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သောအခါ ထူးချွန်သောပါရမီကြောင့် စစ်ဧကရာဇ်အဆင့်နှစ်သို့ တက်ရောက်နိုင်ခဲ့ပြီး အချိန်လေဟာနယ်ချီများကို ပိုမိုနားလည်ဆင်ခြင်နိုင်လာသည်။ ကျန်တစ်ဖက်၌ ဟောရန်က စစ်ဧကရာဇ်အဆင့်သုံး ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ယဲ့ချန်နှင့် ထန်တိုက်လင်သည် ပင်လယ်ရေအောက်တွင် ဟောရန်နှင့် တိုက်ခိုက်ခဲ့စဥ်က နင်အာသည် ရေအောက်တွင် အားနည်းသောကြောင့် ပုံရိပ်ယောင်ပုလဲအတွင်း ကျန်ရစ်ခဲ့ရသည်။ သို့သော်လည်း သူမသည် ယဲ့ချန်နှင့် လင်းမိုင်၏တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသောကြောင့် ဟောရန်၏ရုပ်ခန္ဓာကို လင်းမိုင်က အပိုင်စီးထားကြောင်း ခန့်မှန်းနိုင်ခဲ့လေသည်။

All Chapters