← Chapters

တိုက်တန်မျိုးနွယ်

Vol. 49 Ch. 684

တိုက်တန်မျိုးနွယ်

Vol. 49 Ch. 684

ဟောရန်သည် ချီပင်လယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ကောင်းကင်မူလတိုက်ကြီးသို့ အခြားတိုက်ကြီးတစ်ခုမှ ဝင်ရောက်ခဲ့သောကြောင့် ယဲ့ချန်နှင့် ထန်တိုက်လင်က သူရောက်နေကြောင်းကို မသိခဲ့ရပေ။ လင်းမိုင်သည် နတ်ဆိုးဆန်လွန်းသော သားရဲမျိုးနွယ်ဖြစ်ကာ လက်စားချေလိုစိတ် ပြင်းထန်သောကြောင့် လွတ်မြောက်သွားလျှင် ယဲ့ချန်နှင့် ထန်တိုက်လင်ကို သေချာပေါက်ဒုက္ခပေးပေလိမ့်မည်။ ထို့ကြောင့် နင်အာက သူ့ကို အပြတ်ရှင်းချင်သော်လည်း ခွန်အားက မလုံလောက်ခဲ့ပေ။ အချိန်တစ်ခုကြာ လက်ရည်တူနေသဖြင့် ဟောရန်သည် နင်အာကို အေးစက်စက်စိုက်ကြည့်ပြီး သုံးလွှာကမ္ဘာ၏အပြင်သို့ အလင်းတန်းတစ်ခုအသွင်ဖြင့် ထွက်ခွာသွားခဲ့သည်။ နင်အာက သူ့ကို တားမြစ်ချင်သော်လည်း ကြယ်သခင်ရှင်းရွှမ်၏ပုံရိပ်က သူမရှေ့မှောက်တွင် ထွက်ပေါ်လာကာ တားမြစ်လိုက်သည်။

"မြေခွေးမလေး သူ့နောက်ကို မလိုက်နဲ့တော့။ မင်း သူ့ကို အနိုင်မယူနိုင်သေးဘူး။ ငါနဲ့အတူ လိုက်ခဲ့ပါ"

နင်အာက တုံ့ဆိုင်းသွားသော်လည်း ပုံရိပ်ယောင်ပုလဲမှ သတင်းစကားတစ်ခု ပေးပို့လာသောကြောင့် ရှင်းရွှမ်ကို တအံ့တသြ ကြည့်လိုက်မိသည်။ သူမ၏ရှေ့တွင်ရှိနေသော လူငယ်က ကြယ်သခင်ရှင်း ချန်ထားရစ်ခဲ့သော အတွေးပုံရိပ်ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

"နတ်မြေခွေးမျိုးနွယ်မှာ မင်းလိုပါရမီရှင်မျိုး ထွက်ပေါ်မလာခဲ့တာ အရမ်းကြာသွားပြီ။ အတိတ်တုန်းက မင်းရဲ့ဘိုးဘေးတွေဟာ ငါနဲ့အတူ ပူးပေါင်းတိုက်ခိုက်ကြတယ်။ မင်းတို့မျိုးနွယ်က ကောင်းကင်မူလကြယ်ကို ကာကွယ်ဖို့အတွက် များစွာစတေးခဲ့ရတယ်"

ရှင်းရွှမ်က အတိတ်ကို ပြန်လည်တွေးတောနေပြီး နောင်တရနေဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏စကားကြောင့် နင်အာ၏ မျက်နှာလေးက ညှိုးငယ်သွားခဲ့သည်။

"မင်းတို့တွေက အဲ့ဒီရန်သူကို လက်စားချေဖို့အတွက် ကြိုးစားနေတုန်းလား"

ရှင်းရွှမ်၏အကြည့်က ပုံရိပ်ယောင်ပုလဲထံ ကျရောက်သွားခဲ့သည်။

"ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်မက သူ့ကို အနိုင်ယူနိုင်လောက်အောင် မသန်မာဘူးလို့ ဘိုးဘေးတွေက ပြောတယ်"

နင်အာက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်းက အားနည်းနေသေးတယ်။ သာမန်နတ်အစေခံတစ်ယောက်တောင် သူ့ကို အနိုင်မယူနိုင်ဘူး။ သူက ချိတ်ပိတ်ခံထားရလို့ တော်သေးတယ်။ မဟုတ်ရင် ကောင်းကင်မူလကြယ်က အေးအေးချမ်းချမ်း နေနိုင်မှာမဟုတ်ဘူး"

ရှင်းရွှမ်က နောက်ထပ်သက်ပြင်းချလိုက်ပြန်သည်။

"ဒီရန်သူက ဘယ်သူများလဲ။ ဘိုးဘေးတွေပြောသလိုဆိုရင် နတ်မြေခွေးမျိုးနွယ်ဝင်တွေအများကြီး သူ့လက်မှာ သေဆုံးခဲ့ရတယ်။ ဒါကြောင့် သူ့ကိုသတ်ဖို့က မျိုးနွယ်ရဲ့ အရေးကြီးတာဝန်ဖြစ်တယ်။ သူ့ကိုသတ်ပြီးရင် ငါဘာလုပ်လုပ် ဘိုးဘေးတွေက မစွက်ဖက်တော့ဘူးလို့ ပြောတယ်"

နင်အာက အတွေးနက်နေခဲ့သည်။

"ကြည့်ရတာ မင်းက ဘာမှမသိဘူးထင်တယ်"

နင်အာ၏မျက်နှာထားကို အကဲခတ်နေသော ရှင်းရွှမ်က တစ်ချက်ပြုံးလိုက်သည်။ ဘိုးဘေးများက အကြောင်းစုံရှင်းပြရန် ငြင်းဆန်နေသောကြောင့် နင်အာက မသိထားခြင်းဖြစ်သည်။

"တကယ်တော့ မင်းကိုပြောပြလိုက်ရင်လည်း ပြဿနာမရှိပါဘူး။ ကြယ်သခင်တျန်းယွမ်ရဲ့ခေတ်မှာ တိုက်တန်မျိုးနွယ်လို့ခေါ်တဲ့ အင်အားစုတစ်ခုရှိပြီး ခေါင်းဆောင်ရဲ့အင်အားက ကြယ်သခင်တစ်ယောက်အောက် မနိမ့်ကျဘူး။ သူက နတ်အစေခံတစ်ယောက်ဖြစ်ပေမယ့် ကျင့်ကြံဆင့်ရဲ့ထိပ်ဆုံးမှာ ရောက်နေပြီး ကြယ်သခင်အဆင့်တက်နိုင်ဖို့ မလိုတော့ဘူး။ တိုက်တန်တွေရဲ့ ဝိညာဥ်အသိစိတ်က အစွမ်းထက်လွန်းပြီး အခြားကျင့်ကြံသူတွေရဲ့စိတ်ကို စိုးမိုးခြယ်လှယ်နိုင်တယ်"

ရှင်းရွှမ်က လက်နှစ်ဖက်ကို နောက်ပစ်၍ ခဏတာစဥ်းစားပြီးနောက် အတိတ်မှဖြစ်ရပ်ကို ဇာတ်ကြောင်းပြန်ပြလိုက်သည်။

"တိုက်တန်မျိုးနွယ်နဲ့ နတ်မြေခွေးမျိုးနွယ်က ရန်သူတွေ ဖြစ်နေကြတာလား။ တိုက်တန်ခေါင်းဆောင်က ငါသတ်ရမယ့် ရန်သူလား"

သူ၏စကားကြောင့် နင်အာက စဥ်းစားခန်းဝင်နေခဲ့သည်။

"တိုက်တန်မျိုးနွယ်ဟာလည်း ကြယ်သခင်ကိုကူညီပြီး ကောင်းကင်မူလကြယ်အတွက် နတ်မြေခွေးမျိုးနွယ်နဲ့အတူ ကာကွယ်သူတွေ ဖြစ်ခဲ့ကြတယ်။ တကြိမ်မှာ ကောင်းကင်နတ်ဆိုးတွေက အလုံးအရင်းလာတိုက်ခိုက်တဲ့အတွက် ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရတဲ့ စစ်ပွဲကြီး ဖြစ်ပွားခဲ့တယ်။ ကောင်းကင်နတ်ဆိုးကို အနိုင်ယူဖို့အတွက် တိုက်တန်ခေါင်းဆောင်က ဝိညာဥ်အသိစိတ်နဲ့ တိုက်ခိုက်ခဲ့တယ်။ သူ့အစွမ်းကြောင့် ရန်သူကို အနိုင်ယူနိုင်ခဲ့ပေမယ့် ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးချီတွေ ကျန်ရစ်ခဲ့တယ်"

ရှင်းရွှမ်၏စကားကြောင့် စဥ်းစားတွေးတောနေသော နင်အာ၏စိတ်ထဲတွင် ယဲ့ချန်နှင့်အတူ ရောက်ရှိဖူးသော မရဏနန်းတော်အကြောင်း တွေးမိလိုက်သည်။ ထိုနေရာ၌ သူမက တိုက်တန်မျိုးနွယ်အကြောင်း တစ်စွန်းတစသိခဲ့ရသည်။

"တိုက်တန်ခေါင်းဆောင်က နတ်ဆိုးချီတွေကြောင့် နတ်ဆိုးအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလာတာကို သိရတဲ့အချိန်မှာ တျန်းယွမ်က ကျိယွမ်ကြယ်လို့ခေါ်တဲ့ နေရာတစ်ခုကို ရောက်နေတယ်။ ကောင်းကင်မူလကြယ်မှာ ထိပ်တန်းနတ်အစေခံဆိုလို့ နတ်မြေခွေးခေါင်းဆောင်နဲ့ သူသာ ကျန်ရစ်ခဲ့တဲ့အတွက် ဒီကိစ္စကို ဆွေးနွေးဖို့အတွက် တိုက်တန်မျိုးနွယ်ကို ဖိတ်ခေါ်ခဲ့တယ်"

ကောင်းကင်နတ်ဆိုး၏ နတ်ဆိုးချီများက နတ်အစေခံတစ်ယောက်ကိုပင် ပြောင်းလဲနိုင်စွမ်းရှိကြောင်း သိလိုက်ရသောကြောင့် နင်အာက ရင်ထိတ်သွားခဲ့သည်။

"ဘယ်သူမှ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မသိခဲ့ကြဘူး။ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး နတ်မြေခွေးခေါင်းဆောင် အသတ်ခံလိုက်ရတဲ့အပြင် တိုက်တန်မျိုးနွယ်ဝင်တွေက အချင်းချင်းသတ်ဖြတ်ရင်း ပျက်စီးခဲ့ရတယ်။ နတ်မြေခွေးမျိုးနွယ်ရဲ့ အစွမ်းထက်ကျင့်ကြံသူနှစ်ဆယ်ကျော် အသတ်ခံလိုက်ရပြီး တိုက်တန်ခေါင်းဆောင်က ပျောက်ကွယ်သွားတယ်"

နင်အာသည် မရဏနန်းတော်မှ အကြွင်းအကျန်များကို တွေးတောနေရင်း အလွန်အစွမ်းထက်ခဲ့သော တိုက်တန်မျိုးနွယ်စုက တစ်ရက်တည်းဖြင့် ပျက်စီးသွားကာ နတ်မြေခွေးမျိုးနွယ်လည်း ကျဆင်းသွားရသဖြင့် တိုက်ပွဲက မည်မျှကြမ်းတမ်းခဲ့ကြောင်း နားလည်လိုက်ပြီး စိတ်များ လေးလံလာသည်။

"နောက်ပိုင်းမှာ တိုက်တန်ခေါင်းဆောင်ကို လိုက်သတ်ဖို့ ကြိုးစားရင်းနဲ့ နတ်မြေခွေးတွေ တစ်ကောင်ပြီးတစ်ကောင် အသက်ပေးခဲ့ရတယ်။ ဒီလိုနဲ့ သူ့ကိုသတ်ဖို့ဆိုတာက နတ်မြေခွေးခေါင်းဆောင်တိုင်းရဲ့ သမိုင်းပေးတာဝန် ဖြစ်လာခဲ့တယ်"

နင်အာကို အကြောင်းစုံရှင်းပြနေသော ရှင်းရွှမ်၏ စကားသံကလည်း လေးနက်နေသည်။

"နောက်ထပ်ဘာတွေဆက်ဖြစ်သေးလဲ။ အရှင်ပြောသလိုဆိုရင် တိုက်တန်ခေါင်းဆောင်က ချိတ်ပိတ်ခံထားရတယ်မလား။ ဘာကြောင့် မသတ်လိုက်ရတာလဲ"

နင်အာက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

"တိုက်တန်ခေါင်းဆောင်က အစွမ်းထက်လွန်းတဲ့အတွက် ငါ့အထွတ်အထိပ်အခြေအနေမှာတောင် သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး။ တျန်းယွမ်တောင် သူနဲ့တိုက်ခိုက်ပြီး သေလုမျောပါးဖြစ်ခဲ့ရတယ်။ ကြယ်သခင်ရာထူးကို ငါဆက်ခံရတဲ့အချိန်မှာ တိုက်တန်ခေါင်းဆောင်က ရုတ်တရက် အသိစိတ်ပြန်ဝင်လာခဲ့တယ်။ သူ့လုပ်ရပ်အတွက် နောင်တအကြီးအကျယ်ရသွားပြီး ကိုယ့်ကိုကိုယ် ချိတ်ပိတ်ပစ်လိုက်တယ်"

ရှင်းရွှမ်က ခေါင်းယမ်း၍ ဖြေလိုက်သည်။

"အရှင်တောင် ချိတ်ပိတ်တာကို ဖျက်ဆီးပြီး မသတ်နိုင်ဘူးလား"

ကြယ်တစ်ခုလုံး၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်သော ကြယ်သခင်ပင် တိုက်တန်ခေါင်းဆောင်ကို မယှဥ်နိုင်ဟု ပြောလာသောအခါ နင်အာက အလွန်ထိတ်လန့်သွားခဲ့သည်။

"သူ့ကိုယ်သူသာ ချိတ်ပိတ်မထားဘူးဆိုရင် အစွမ်းထက်လွန်းတဲ့ ကောင်းကင်နတ်ဆိုးတစ်ကောင် ဖြစ်လာလိမ့်မယ်။ ငါ သူ့ကို အနိုင်မယူနိုင်ဘူး"

ရှင်းရွှမ်၏စကားကြောင့် နင်အာက တိတ်ဆိတ်သွားပြီး နတ်မြေခွေးမျိုးနွယ်၏ ရန်သူက မည်မျှအစွမ်းထက်ကြောင်း နားလည်လိုက်သည်။ သူမက တိုက်တန်ခေါင်းဆောင်သည် နတ်ဆိုးချီ၏လွှမ်းမိုးမှုကြောင့် အပြစ်သားဖြစ်ခဲ့ရကြောင်း သိသွားသောအခါ မုန်းတီးခြင်း မရှိသော်လည်း နတ်မြေခွေးမျိုးနွယ်အတွက် တိုက်ခိုက်သတ်ဖြတ်ရပေလိမ့်မည်။ များပြားလှသော နတ်မြေခွေးဘိုးဘေးများက သူ၏လက်ထဲတွင် သေဆုံးခဲ့ရသည် မဟုတ်ပါလော။

"ဒီကိစ္စက ဒီလောက်နဲ့မပြီးသေးဘူး။ တိုက်တန်ခေါင်းဆောင်က ကိုယ့်ကိုကိုယ် ချိတ်ပိတ်ပြီးတဲ့နောက်မှာ သူ့အရှိန်အဝါက ကောင်းကင်မူလကြယ်ကို ရိုက်ခတ်လာခဲ့တယ်။ ဒီအချိန်မှာ သူ့ကြောင့် နတ်ဆိုးဖြစ်လာတဲ့ လူသားတွေကို သတ်ဖို့အတွက် နတ်မြေခွေးမျိုးနွယ်က အပြင်းအထန် အားထုတ်ခဲ့ရတယ်။ ငါက နတ်မြေခွေးမျိုးနွယ်ကို ကျေးဇူးတင်သလို လေးစားမိပါတယ်။ မင်းတို့ကလည်း ကောင်းကင်မူလကြယ်ရဲ့ အစစ်အမှန် ကာကွယ်သူပါပဲ"

ရှင်းရွှမ်က သက်ပြင်းတစ်ချက်ချ၍ တစ်လုံးချင်းပြောလိုက်သည်။

"လက်ရှိမှာ မင်းက နတ်မြေခွေးမျိုးနွယ်ရဲ့ အထူးချွန်ဆုံးဆက်ခံသူ ဖြစ်တယ်။ နတ်မြေခွေးမျိုးနွယ်ရဲ့ အစွမ်းအထက်ဆုံးအမွေအနှစ်တွေကို ငါက သားရဲနတ်ဘုရားနယ်မြေရဲ့ ကိုးထပ်မှာ သိမ်းဆည်းထားပေးတယ်။ ခုနကထွက်ပြေးသွားတဲ့ ပင်လယ်မိစ္ဆာကို ကောင်းကင်နတ်ဆိုးမျိုးစေ့က ထိန်းချုပ်ထားတဲ့အတွက် နောက်တစ်ကြိမ် ပြန်တွေ့ရင် သတိထားပါ"

ရှင်းရွှမ်က ထွက်ပေါက်ထံ တစ်ချက်လှမ်းကြည့်၍ နင်အာကို သတိပေးလိုက်သည်။ ဤနေရာ၌ ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်ရန် အစီအမံများခင်းကျင်းထားသော်လည်း တစ်ဖက်လူက နတ်ဆိုးချီကို မထုတ်ဖော်လျှင် တိုက်ခိုက်ခံရမည်မဟုတ်ပေ။ ထို့အပြင် သူကိုယ်တိုင်က အတွေးတစ်ခုအဖြစ်သာ ကျန်ရစ်နေသောကြောင့် ဟောရန်ကို သတ်ဖြတ်နိုင်စွမ်း မရှိခဲ့ပေ။

"ကျေးဇူးတင်ပါတယ် အရှင်"

နင်အာက ခေါင်းညိတ်လိုက်သည်။ သူမက ဟောရန်ကို လင်းမိုင်က အပိုင်စီးထားသည်ဟု ထင်ထားသော်လည်း အမှန်တရားတွင် ကောင်းကင်နတ်ဆိုး၏ ထိန်းချုပ်ခံတစ်ယောက် ဖြစ်နေခဲ့သည်။ ထို့နောက် သူမက ရှင်းရွှမ်နှင့်အတူ သုံးလွှာကမ္ဘာ၏အနက်ပိုင်းသို့ ဝင်ရောက်သွားလေသည်။ ထိုအချိန်တွင် ယဲ့ချန်က စစ်ဧကရာဇ်နန်းတော်သို့ ရောက်ရှိလာပြီဖြစ်သည်။

"ယဲ့ချန်ကို ကောင်းကင်နတ်ဆိုးက ထိန်းချုပ်နိုင်သွားပြီလား"

သူ၏ကိုယ်တွင်းမှ နတ်ဆိုးချီကို အာရုံခံမိသောကြောင့် နဂါးဘုရင်က မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် သူ၏ခွန်အားအရ ယဲ့ချန်က ခြိမ်းခြောက်နိုင်စွမ်းမရှိသောကြောင့် ချက်ချင်းမတိုက်ခိုက်ဘဲ လာရင်းအကြောင်းကို သိချင်စိတ်ဖြစ်ပေါ်လာသည်။ သူ၏ဘေးတွင်ရှိနေသော ထန်းယွမ်သည်လည်း ယဲ့ချန်၏နတ်ဆိုးချီကို အာရုံခံမိသောကြောင့် စိတ်ရှုပ်သွားပုံပေါ်သည်။

"နဂါးဘုရင်"

ယဲ့ချန်က လက်သီးနှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်ခြင်း ဖြစ်သည်။

"ယဲ့ချန် ဘာကြောင့် မင်းမှာ နတ်ဆိုးချီတွေ ရှိနေရတာလဲ"

နဂါးဘုရင်က သိချင်စိတ်ကို မထိန်းနိုင်သဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"ကျုပ်ကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့တစ်ခု ရောက်နေတယ်"

ယဲ့ချန်က အမှန်အတိုင်းဖြေလိုက်သောကြောင့် နဂါးဘုရင်ရော ထန်းယွမ်ပါ မျက်မှောင်ကြုတ်လိုက်ကြသည်။ အကယ်၍ တစ်ဖက်လူကိုသာ ကောင်းကင်နတ်ဆိုးက ထိန်းချုပ်ထားလျှင် အမှန်အတိုင်းပြောနေစရာ အကြောင်းမရှိပေ။

"ဒါပေမယ့် ကျုပ်ကို နတ်ဆိုးမျိုးစေ့က မထိန်းချုပ်နိုင်ပါဘူး။ ကျုပ်ကသာ ဒါကိုပြန်ပြီး ဝါးမျိုပစ်လိုက်တဲ့အတွက် သတင်းအချို့ သိလာရတယ်"

ယဲ့ချန်က လေးနက်စွာ ရှင်းပြလိုက်သည်။ နဂါးဘုရင်သည် သူ၏ဝိညာဥ်အသိစိတ်ဖြင့် ရှင်းဟိုင်သိုင်းဒေသကို စစ်ဆေးခဲ့စဥ်က ယဲ့ချန်နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေကြောင်း ခံစားခဲ့ရသည်။ ထို့ကြောင့် သူက ထန်တိုက်လင်အား ကာကွယ်ရန်အတွက် နတ်အစေခံတစ်ယောက်ကို အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ ယဲ့ချန်သာ မူမမှန်ဖြစ်လာလျှင် ထိုနတ်အစေခံက ချက်ချင်းတိုက်ခိုက်ပေလိမ့်မည်။ သို့သော်လည်း ယဲ့ချန်က ဧကရာဇ်နန်းတော်သို့ ကိုယ်တိုင်လာရောက်ပြီး အမှန်တရားကို ထုတ်ပြောမည်ဟု ထင်မထားခဲ့ပေ။

"မင်းက ဘာသတင်းတွေ သိခဲ့ရတာလဲ"

နဂါးဘုရင်က ယဲ့ချန်ကို စူးစိုက်ကြည့်ပြီး သံသယဖြင့် မေးမြန်းလိုက်လေသည်။

All Chapters