တန်ပြန်သူလျှိုလုပ်ရန် အကြံ
Vol. 49 Ch. 685
"နတ်ဧကရာဇ်ကို ကောင်းကင်နတ်ဆိုးတစ်ကောင်က ထိန်းချုပ်ထားပြီး ရှင်းဟိုင်သိုင်းဒေသ တိုက်ခိုက်ခံရတာက သူ့လက်ချက်ဖြစ်နေတယ်"
ယဲ့ချန်က စိုးရိမ်တကြီး ဖြေလိုက်သည်။ ကောင်းကင်မူလတိုက်ကြီးတွင် အဆင့်အတန်းရာထူးမြင့်သော လင်းဖန်ကို ရန်သူက ထိန်းချုပ်ထားသဖြင့် စိုးရိမ်စရာဖြစ်နေပြီး နဂါးဘုရင်ကို ချက်ချင်းအသိပေးခဲ့သည်။
"နန်းကုန်းဇီက တာအိုအိမ်တော်မှာ သဲလွန်စ ရှာတွေ့နေပြီ။ ငါကလည်း သက်သေအချို့ ရထားတယ်"
နဂါးဘုရင်က ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျား သိထားပြီးသားလား"
ယဲ့ချန်သည် နဂါးဘုရင်က သူ၏ ကိုယ်ရေးကိုယ်တာရန်ကြွေးကြောင့် လင်းဖန်ကို လက်စားချေသည်ဟု အထင်လွဲမည်ကို စိုးရိမ်နေသော်လည်း အတွေးလွန်နေခြင်းသာဖြစ်သည်။ တစ်ဖက်လူ၏ အသိဉာဏ်အရ ဤသို့ကိစ္စကြီးမျိုး ဖြစ်ပျက်သွားသောအခါ သဲလွန်စအချို့ရှာဖွေရန် မခက်ခဲပေ။ ထို့ကြောင့် လင်းဖန်က သံသယအရှိဆုံး တရားခံဖြစ်လာသည်မှာ မထူးဆန်းချေ။
"ကျုပ် နည်းနည်းရှုပ်ထွေးနေတယ်။ လင်းဖန်ရဲ့အင်အားနဲ့ဆိုရင် ယဲ့မျိုးနွယ်ကို အလွယ်တကူ ရှင်းပစ်နိုင်တယ်။ သူက ဘာကြောင့် အောက်တန်းကျတဲ့နည်းလမ်းမျိုးကို အသုံးပြုပြီး ဖိနှိပ်ချင်နေရတာလဲ"
ယဲ့ချန်က သူမရှင်းလင်းသောအချက်ကို ထုတ်မေးလိုက်ခြင်းဖြစ်သည်။
"လင်းဖန်က ယဲ့မျိုးနွယ်ကို အင်အားသုံးပြီး အလွယ်တကူရှင်းပစ်နိုင်ပေမယ့် နတ်အစေခံတွေက ခွင့်ပြုမှာမဟုတ်ဘူး။ သူက ကိုယ့်ကိုကိုယ်ဖုံးကွယ်ပြီး နေထိုင်ခဲ့တဲ့အတွက် ရှင်းဟိုင်သိုင်းဒေသ တိုက်ခိုက်ခံရမှသာ သူလျှိုဖြစ်နေကြောင်း သိခဲ့ရတယ်။ သူက မင်းရဲ့ယဲ့မျိုးနွယ်ကို မရှင်းပစ်ချင်တာမဟုတ်ဘဲ ပေါ်တင်မတိုက်ခိုက်ရဲတာ ဖြစ်တယ်။ သူက ယဲ့မျိုးနွယ်ကို ဖိနှိပ်ထားပြီး အချိန်ကောင်းကို စောင့်ဆိုင်းချင်နေတာ ဖြစ်လိမ့်မယ်"
နဂါးဘုရင်က ရှင်းပြလိုက်၏။
"ဒါဆိုရင် သူ့ရည်ရွယ်ချက်က ဘာလဲ။ နေဦး ကျုပ် နားလည်ပြီ"
ယဲ့ချန်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် စဥ်းစားခန်းဖွင့်လိုက်၏။
"ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်က ထောင်ချောက်တွေအများကြီး ပြင်ဆင်ထားတယ်။ မင်း၊ နန်းကုန်းဇီ၊ ထန်တိုက်လင်စတဲ့ ကြယ်သခင်လောင်းလျာ ဖြစ်နိုင်ချေရှိသူတွေကြားမှာ ပစ်မှတ်တစ်ခုကို ရှင်းရှင်းလင်းလင်း မသိရသေးသရွေ့ သူလျှိုတွေက လှုပ်ရှားမှာမဟုတ်ဘူး။ သူတို့လှုပ်ရှားလိုက်တာနဲ့တပြိုင်နက် အစီအစဥ်တွေအားလုံး ထွက်ပေါ်သွားလိမ့်မယ်။ ငါသိတာကတော့ တာအိုအိမ်တော်နဲ့ သိုင်းဒေသကြီး၁၈ခုလုံးမှာ သူလျှိုတွေ ရှိနေတယ်"
နဂါးဘုရင်က ဆက်ပြောလိုက်သည်။
"ဒါဆိုရင် သူတို့က ပစ်မှတ်ကို တွေ့သွားပြီပေါ့"
ယဲ့ချန်က ကောင်းကင်မူလကြယ် ရှင်းဟွမ်၏အကြံကြောင့် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူမက နဂါးဘုရင်အပါအဝင် လူတိုင်းကို လှည့်စားခဲ့ပြီး သူလျှိုများကို ထုတ်ဖော်ခဲ့သည်။ ရန်သူများကမူ အင်အားစုတိုင်းမှ ထွက်ပေါ်လာနိုင်ချေရှိသော ကြယ်သခင်လောင်းကို စောင့်ကြည့်နေခဲ့ကြသည်။
"ယဲ့မျိုးနွယ် တိုးတက်လာတာ မြန်လွန်းတဲ့အတွက် ကြယ်သခင်က မင်းတို့နဲ့ပတ်သက်နေရမယ်ဆိုတာ အားလုံး သိထားကြတယ်။ ရှင်းဟွမ်က ထန်တိုက်လင်ဖြစ်စေ၊ ယဲ့မျိုးနွယ်က ပါရမီရှင်တွေဖြစ်စေ ဆက်ခံသူကောင်းတွေ ဖြစ်ကြတယ်ဆိုတာ လက်ခံထားတယ်။ ဒါပေမယ့် သူမက အသေအချာစစ်ဆေးလိုက်တဲ့အခါ လူတစ်ယောက်ရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက အားလုံးထက်သာလွန်နေတာကို တွေ့ခဲ့ရတယ်။ သူက ဘာအထောက်အကူမှမလိုအပ်ဘဲ ပေါင်းစပ်နှုန်းတစ်ရာနဲ့ ချီကိုးမျိုးကို ပိုင်ဆိုင်ထားတယ်။ သူက ကြယ်အဖွဲ့အစည်းတစ်ခုလုံးမှာ နှစ်သောင်းချီအတွင်း ရှားရှားပါးပါး ထွက်ပေါ်လာတဲ့ အထူးပါရမီရှင်ဖြစ်တဲ့အတွက် ကြယ်သခင်ဖြစ်ဖို့ အသင့်တော်ဆုံးပဲ"
နဂါးဘုရင်က ယဲ့ချန်ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။ နောက်ဆုံးတွင် ကြယ်သခင်လောင်းက မည်သူဖြစ်သည်ကို သိလိုက်ရသောအခါ ယဲ့ချန်က ကျေနပ်စွာ ပြုံးလိုက်မိသည်။
"ရှင်းဟွမ်ကို ကျေးဇူးတင်တယ်လို့ ကျုပ်ကိုယ်စားပြောပေးပါ"
သူက ထန်တိုက်လင်၏ ဝမ်းဗိုက်အတွင်းမှ သားဖြစ်သူ၏ပါရမီကို အနည်းငယ် မနာလိုဖြစ်သွားခဲ့သည်။ သူ၏သားက မမွေးခင်မှာပင် ကြယ်သခင်အဖြစ် ရှင်းဟွမ်၏ ရွေးချယ်ခြင်းခံခဲ့ရသည်။ သားဖြစ်သူသာ ကြယ်သခင်ဖြစ်လာလျှင် ဖခင်ဖြစ်သောသူက ကောင်းကင်မူလကြယ်ကို ကာကွယ်ပေးရပေလိမ့်မည်။
"မင်းရဲ့ကိုယ်ထဲက နတ်ဆိုးချီ ကသိပ်သည်းလွန်းတယ်။ ကလေးအနားကို သိပ်မကပ်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်"
နဂါးဘုရင်က တစ်ချက်ပြုံး၍ သတိပေးလိုက်သည်။
"ကျုပ် နားလည်ပါတယ် ၊မစိုးရိမ်ပါနဲ့ နဂါးဘုရင်။ ကျုပ်ကိုယ်ထဲက နတ်ဆိုးချီဟာ ကောင်းကင်နတ်ဆိုးနဲ့ မသက်ဆိုင်ပါဘူး"
ယဲ့ချန်သည် နဂါးဘုရင်ကို သူ၏ကိုယ်ပိုင်နတ်ဆိုးချီအကြောင်း ထုတ်မပြောရဲပေ။ ၎င်းက နတ်ဆိုးမျိုးစေ့ကို အလွယ်တကူဝါးမျိုနိုင်သည်အထိ ကြမ်းတမ်းလွန်းနေသည်။ ထန်းယွမ်သည်လည်း နတ်ဆိုးမျိုးစေ့ကို ဝါးမျိုနိုင်ခဲ့သည်ဟုဆိုသော ယဲ့ချန်ကို စိုက်ကြည့်နေမိသည်။ ဤစွမ်းရည်က ထိတ်လန့်စရာကောင်းပြီး သူစိုးရိမ်နေသည်မှာ ဘေးထွက်ဆိုးကျိုးများ ရှိနေနိုင်ခြင်းဖြစ်သည်။
"လင်းဖန်ကို ကောင်းကင်နတ်ဆိုးက ထိန်းချုပ်ထားတဲ့အချက်အပြင် နတ်ဆိုးချီတွေရဲ့ အရင်းအမြစ်က တိုက်ကြီးလေးခုမှာ ပျံ့နှံ့နေတဲ့ မရဏနန်းတော်ခြောက်ခု ဖြစ်နေတယ်။ တစ်ခုချင်းစီမှာ တိုက်တန်တစ်ယောက်ရဲ့ ခန္ဓာအစိတ်အပိုင်းတွေကို ချိတ်ပိတ်ထားတယ်"
ယဲ့ချန်၏စကားကို ကြားသောအခါ နဂါးဘုရင်နှင့် ထန်းယွမ်က အကြည့်ချင်းဖလှယ်လိုက်သော်လည်း အံ့သြသွားပုံမရသောကြောင့် ဤအချက်ကို သိထားပုံပေါ်သည်။
"ဒါက အလွန်အစွမ်းထက်တဲ့ ကောင်းကင်နတ်ဆိုးတစ်ကောင်ဖြစ်တယ်။ ငါတို့က သူ့ကိုသတ်ဖို့အတွက် မရဏနန်းတော်ရဲ့ ချိတ်စည်းတွေကို မဖျက်ဆီးနိုင်ဘူး။ ဒါကြောင့် ကောင်းကင်မူလတိုက်ကြီးကို အစီအရင်နဲ့ကာကွယ်ထားရုံကလွဲလို့ ရွေးချယ်စရာ မရှိဘူး။ နှစ်တိုင်း သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ နတ်ဆိုးတွေကို သတ်ဖြတ်နေပေမယ့် ကောင်းကင်မူလတိုက်ကြီးအထိ စိမ့်ဝင်လာနိုင်မယ်လို့ မထင်ထားဘူး။ ဒါကြောင့် သူ့ကိုသတ်ဖို့အတွက် အစွမ်းထက်ကြယ်သခင်တစ်ယောက် မွေးဖွားလာရလိမ့်မယ်"
နဂါးဘုရင်က သက်ပြင်းတစ်ချက်ချ၍ ရှင်းပြလိုက်၏။ ထို့ကြောင့် ဤတိုက်တန်ကို သတ်နိုင်သူမှာ ကြယ်သခင်အဆင့် ကျင့်ကြံသူသာဖြစ်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။ ကောင်းကင်မူလကြယ်ကို အချိန်မရွေးဖျက်ဆီးပစ်နိုင်သော နတ်ဆိုးတစ်ကောင်ရှိနေသဖြင့် ကြယ်သခင်တစ်ယောက် အရေးတကြီးလိုအပ်နေခြင်းက မဆန်းတော့ပေ။
"နတ်ဆိုးမျိုးစေ့ကနေ နောက်ထပ်ရလာတဲ့သတင်းကတော့ ကောင်းကင်မူလကြယ်အနီးမှာ ကောင်းကင်နတ်ဆိုးကိုးကောင် ရှိနေတယ်။ စကြဝဠာထဲကနေ ဦးတည်လာနေတဲ့ နတ်ဆိုးရာချီလည်းရှိနေပြီး အချိန်အနေနဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်။ ကောင်းကင်မူလကြယ်က သူတို့ကိုရင်ဆိုင်ဖို့ ခွန်အားမလုံလောက်ဘူးဆိုရင် သေချာပေါက် ပျက်စီးသွားလိမ့်မယ်"
ဤသတင်းက ကျိယွမ်ကြယ်မှ ရရှိလာသော အချက်အလက်နှင့် တူညီနေသည်။ နဂါးဘုရင်က အလွန်အံ့သြထိတ်လန့်သွားသော်လည်း ခဏအတွင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။
"ယဲ့ချန် မင်းက နတ်ဆိုးမျိုးစေ့ကို ဝါးမျိုနိုင်တယ်လို့ ပြောခဲ့တယ်။ ဒါဆိုရင် ဧကရာဇ်ရော့ကိုယ်ထဲက အရာကို ဖျက်ဆီးဖို့ ကူညီပေးနိုင်မလား"
နဂါးဘုရင်က လေးနက်စွာစဥ်းစား၍ စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ချန်၏ကိုယ်ထဲမှ နတ်ဆိုးချီက သိပ်သည်းလွန်းသဖြင့် ရာနှုန်းပြည့် မယုံကြည်နိုင်ခဲ့ပေ။
"ကျုပ် ကြိုးစားကြည့်မယ်"
ယဲ့ချန်သည် နဂါးဘုရင်၏သဘောထားကို နားလည်သဖြင့် လက်ခံလိုက်သည်။ သူ၏ကိုယ်တွင်းမှချီက ကောင်းကင်နတ်ဆိုးချီနှင့် ဆင်တူနေသောကြောင့် နဂါးဘုရင်နှင့် ထန်းယွမ် သံသယဝင်ခြင်းက ပုံမှန်ဖြစ်သည်။ အကယ်၍ ယဲ့ချန်ကသာ ကောင်းကင်နတ်ဆိုး၏ထိန်းချုပ်မှုဖြင့် သတင်းအမှားများ လာပေးခြင်းဖြစ်နေလျှင် ပြဿနာများသွားနိုင်သည်။ အချိန်ခဏအကြာတွင် ဖမ်းချုပ်ခံထားရသော ဧကရာဇ်ရော့ ရောက်ရှိလာသော်လည်း များစွာပြောင်းလဲနေပြီး တစ်ကိုယ်လုံး နတ်ဆိုးချီများပြည့်နှက်နေကာ မျက်လုံးများက လူတိုင်းကို အရှင်လတ်လတ်ဝါးစားလိုဟန်ဖြင့် သွေးရောင်တောက်နေခဲ့သည်။ သူက စိတ်လွတ်နေသော သားရဲတစ်ကောင်နှင့် တူညီသော်လည်း ယဲ့ချန်ကို မြင်သောအခါ မျက်လုံးများက တည်ငြိမ်သွားပြီး စပ်စုလိုဟန်ဖြင့် စိုက်ကြည့်လာသည်။ သူ၏အမူအရာကြောင့် နဂါးဘုရင်နှင့် ထန်းယွမ်က ရင်ထိတ်သွားသည်။ ဧကရာဇ်ရော့က ယဲ့ချန်ကို မျိုးနွယ်တူအဖြစ် ရှုမြင်နေခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ယဲ့ချန်ကမူ သူ၏နတ်ဆိုးချီက ကောင်းကင်နတ်ဆိုးကို လှည့်စားနိုင်ချေရှိသောကြောင့် အံ့သြဝမ်းမြောက်သွားရသည်။ အကယ်၍ ဤအချက်သာ မှန်ကန်နေလျှင် သူက နတ်ဆိုးချီကို အသုံးပြု၍ ကောင်းကင်နတ်ဆိုးများကြား စိမ့်ဝင်၍ သတင်းယူနိုင်ပေလိမ့်မည်။ သို့သော် အရင်ဆုံး နဂါးဘုရင်၏ယုံကြည်မှုကိုရရန် အရေးကြီးနေပြီး ထိုအကြံကို နောက်မှ အထောင်အထည်ဖော်ရမည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ကို ဧကရာဇ်ရော့၏ကိုယ်ထဲသို့ စေလွှတ်ကာ နတ်ဆိုးမျိုးစေ့၏တည်နေရာကို ရှာဖွေလိုက်သည်။ နတ်ဆိုးချီများက သူ၏သွေးကြောများအတွင်း ပျံ့နှံ့နေပြီး အချိန်ကြာမြင့်စွာ အမြစ်တွယ်နေပုံပေါ်ပြီး သစ်ပင်တစ်ပင်၏ ရေသောက်မြစ်များကဲ့သို့ တစ်ကိုယ်လုံးသို့ ဖြန့်ကျက်နေသည်။ ဤမြင်ကွင်းကြောင့် ယဲ့ချန်က ထိတ်လန့်သွားပြီး ၎င်းကိုထုတ်ယူလိုက်လျှင် ဧကရာဇ်ရော့ သေဆုံးသွားမည်ကို စိုးရိမ်နေခဲ့သည်။ သူက ခဏတာစဥ်းစား၍ ဝိညာဥ်အသိစိတ်ကို ဘီလူးအဖြစ် ပြောင်းလဲလိုက်၏။ ဘီလူးက နတ်ဆိုးမျိုးစေ့ကို လိုက်လံရှာဖွေခဲ့ပြီး တွေ့ရှိသောအခါ လောဘတကြီးဖြင့် စိုက်ကြည့်နေသည်။ ဘီလူး၏အရှိန်အဝါကြောင့် ၎င်းက ကြောက်လန့်သွားပုံရသောကြောင့် နတ်ဆိုးမျိုးစေ့ကို တိုက်ခိုက်ရန် ကောင်းကင်ချီကို အသုံးပြုရမည့်အစား နတ်ဆိုးအချင်းချင်း ဝါးမျိုစေခြင်းကသာ ပို၍အလုပ်ဖြစ်နိုင်သည်။
ဘီလူးက တစ်ချက်ပြုံးလိုက်ပြီး ပါးစပ်ကိုဟကာ နတ်ဆိုးမျိုးစေ့ကို အစွယ်များဖြင့် ကိုက်စားနေခဲ့သည်။ ၎င်းက အန္တရာယ်ကို အာရုံခံမိသောကြောင့် ဧကရာဇ်ရော့၏ကိုယ်တွင်းမှ နတ်ဆိုးအမြစ်များကို ပြန်လည်ဆင့်ခေါ်ကာ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်သည်။ သို့သော်လည်း ဤကား ယဲ့ချန်လိုချင်သည်နှင့် ကွက်တိဖြစ်ပြီး ဘီလူးက ၎င်းကို ရာနှုန်းပြည့်ဝါးမျိုနိုင်ပေလိမ့်မည်။ သူ၏ကိုယ်တွင်းမှ ထူးဆန်းသော အရှိန်အဝါကြောင့် နဂါးဘုရင်နှင့် ထန်းယွမ်မှာ တုန်လှုပ်သွားပြီး ယဲ့ချန်၏နတ်ဆိုးချီက ဤမျှသန့်စင်အစွမ်းထက်နေမည်ဟု မျှော်လင့်မထားပေ။ အကယ်၍ သူတို့ကသာ ယဲ့ချန်ကို ကောင်းစွာမသိထားလျှင် နတ်ဆိုးအဖြစ် ယူဆပြီး ချက်ချင်းသတ်ပစ်မိပေလိမ့်မည်။ နောက်ဆုံးတွင် ဘီလူးက နတ်ဆိုးမျိုးစေ့တစ်ခုလုံးကို စားပစ်လိုက်ပြီး ယဲ့ချန်၏နတ်ဆိုးအရှိန်အဝါက ချက်ချင်းမြင့်တက်လာကာ စစ်ဧကရာဇ်အဆင့်လေးနှင့် လက်တစ်ကမ်းအကွာသို့ ရောက်လာခဲ့သည်။ နတ်ဆိုးမျိုးစေ့ကို စားသောက်ခြင်းက ဘီလူး၏ ကျင့်ကြံခြင်းအတွက် အကူအညီဖြစ်ပုံရသည်။
ယဲ့ချန်သည် များပြားလာသော နတ်ဆိုးချီများကြောင့် အခြားကိုယ်ပွားနှင့် ပြန်လည်မပေါင်းစပ်ဝံ့တော့ပေ။ နတ်ဆိုးမျိုးစေ့ ပျောက်ကွယ်သွားသောအခါ ဧကရာဇ်ရော့က ပုံမှန်ပြန်ဖြစ်သွားသော်လည်း ကိုမာဝင်နေသကဲ့သို့ သတိလစ်သွားသည်။
"နဂါးဘုရင် ကျုပ်မှာ အကြံတစ်ခုရှိတယ်။ ဒီအစွမ်းကို အသုံးပြုပြီး ကောင်းကင်နတ်ဆိုးတွေဆီမှာ သူလျှိုလုပ်ချင်ပါတယ်"
ယဲ့ချန်က တည်ငြိမ်စွာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
"ကောင်းကင်မူလကြယ်အတွက် အန္တရာယ်မရှိဘူးဆိုရင် မင်းကြိုက်တာ လုပ်နိုင်ပါတယ်"
နဂါးဘုရင်က ခေါင်းညိတ်၍ သဘောတူလိုက်၏။ ယဲ့ချန်သည် ဧကရာဇ်ရော့၏နတ်ဆိုးမျိုးစေ့ကို ဖယ်ရှားနိုင်ခဲ့သော်လည်း ပြင်းထန်လွန်းသော နတ်ဆိုးအရှိန်အဝါကြောင့် အပြည့်အဝ မယုံရဲပေ။
"ကျုပ်ကို ခွင့်ပြုပါဦး"
ယဲ့ချန်သည်လည်း နဂါးဘုရင်၏သံသယကို နားလည်သောကြောင့် လက်သီးနှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်လေသည်။