ကြယ်သခင် မွေးဖွားလာခြင်း
Vol. 49 Ch. 687
ယဲ့ချန်နှင့် နင်အာသည် ထန်တိုက်လင်ကို အခန်းအတွင်းသို့ လိုက်ပို့ပေးခဲ့ပြီး ရှင်းဟိုင်သိုင်းဒေသမှ စီစဥ်ပေးထားသော လက်သည်ကလည်း ရောက်ရှိလာခဲ့သည်။ နင်အာက ထန်တိုက်လင်ကို အားပေးရန်အတွက် အခန်းအတွင်း၌ ကျန်ရစ်ခဲ့ပြီး ယဲ့ချန်ကမူ အခန်းအပြင်၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း သူက ဆည်းဆာနတ်ဓားကိုဆုပ်ကိုင်၍ အချိန်ပြည့် သတိထား စောင့်ကြပ်နေသည်။ ဤအချိန်၌ မည်သူဖြစ်ပါစေ၊ အခန်းအတွင်းသို့ ဝင်ရောက်လိုလျှင် တစ်ချက်မတွန့်ဘဲ သတ်ပစ်မည်ဖြစ်သည်။ ဧကရာဇ်ချန်၊ ဧကရာဇ်ယုစသူတို့ ရောက်ရှိလာသော်လည်း သူ၏စိုးရိမ်စိတ်ကို သဘောပေါက်ကြသဖြင့် ခြံဝန်းအတွင်း၌သာ နေရာယူထားပြီး စိတ်ရှည်စွာ စောင့်ဆိုင်းပေးခဲ့ကြသည်။
အချိန်တစ်ခုအကြာတွင် ယဲ့ချန်သည် ထက်ရှသောအာရုံဖြင့် အဝေးတစ်နေရာမှ ထွက်ပေါ်လာသော အရှိန်အဝါအချို့ကို ခံစားမိလိုက်သည်။ ၎င်းတို့အထဲတွင် ကြေးခွံနက် ဝိညာဥ်မြွေတစ်ကောင်နှင့် ပင်လယ်မိစ္ဆာတစ်ယောက်၏ အရှိန်အဝါ ရှိနေသော်လည်း သူက တစ်လှမ်းမှမခွာခဲ့ပေ။ ထိုရန်သူနှစ်ယောက်အပြင် နတ်ဆိုးငယ်သားများ၏ အရှိန်အဝါများလည်း ရှိနေသောကြောင့် သူက အခန်းတံခါးဝတွင် မားမားမတ်မတ်ရပ်ကာ ကာကွယ်ပေးနေခဲ့သည်။
ကြယ်သခင်မွေးဖွားရန် အချိန်နီးကပ်လာသောအခါ ရန်သူများက ဆက်လက်မစောင့်ဆိုင်းနိုင်တော့ဟန်ဖြင့် လှုပ်ရှားလာကြသည်။ ထိုအချိန်၌ ပတ်ဝန်းကျင်က ရုတ်တရက်ပြောင်းလဲသွားပြီး သရဲတစ္ဆေများ နေရာတိုင်းမှ ထွက်ပေါ်လာသောကြောင့် ရှင်းဟိုင်သိုင်းဒေသတစ်ခွင်က အသူရကာယ်ဘုံအလား ပြောင်းလဲသွားခဲ့သည်။
"ပုံရိပ်ယောင်"
ယဲ့ချန်က ရင်ထိတ်သွားပြီး ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ကိုယ့်ကိုကိုယ်ကာကွယ်ထားလိုက်သည်။ သူက သာမန်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရန် ယုံကြည်မှုအပြည့်ရှိသော်လည်း ပုံရိပ်ယောင်ပညာရှင်တစ်ယောက်ကိုမူ စိုးရိမ်နေခဲ့သည်။ သို့သော် ထန်တိုက်လင်၏အခန်းကို အဖြူရောင်အလင်းလုံးတစ်ခုက ကာကွယ်ပေးခဲ့ပြီး ပုံရိပ်ယောင်ချီများ ထွက်ပေါ်လာကာ မီတာတစ်ရာအချင်းဝက်အတွင်းရှိ သရဲများအားလုံး ချက်ချင်းသုတ်သင်ခံလိုက်သည်။ နင်အာက သူမ၏ပုံရိပ်ယောင်ပညာကို ထုတ်ဖော်၍ ထန်တိုက်လင်အား ကာကွယ်ပေးနေခြင်းဖြစ်သည်။ သူက သားဖြစ်သူကို သတ်ဖြတ်ရန် ကြံစည်နေသော ရန်သူများကြောင့် ဒေါသူပုန်ထသွားခဲ့ပြီး အနာဂတ်၌ ရှင်းလင်းရေးလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သားဖြစ်သူမွေးဖွားပြီးလျှင် သူက ဤရန်သူများကို တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်မူလကြယ်ပေါ်မှ ရှင်းပစ်ရန် အားစိုက်ထုတ်ရပေလိမ့်မည်။ ယဲ့ချန်ဆိုသောသူက အနိုင်ကျင့်ရလွယ်ကူသည့် ပစ်မှတ်မဟုတ်ကြောင်း ရန်သူများ သိသွားကြပေလိမ့်မည်။
ကောင်းကင်မှ အစွမ်းထက်အလင်းတစ်ခု ကျဆင်းလာကာ အခန်းတစ်ခုလုံးကို လွှမ်းခြုံကာကွယ်ပေးလိုက်ပြီး တိုက်ခိုက်လာသမျှ ပုံရိပ်ယောင်ချီများကို ရှင်းလင်းပစ်လိုက်သည်။ ၎င်း၏အရှိန်အဝါက အစွမ်းထက်လွန်းပြီး နတ်အစေခံတစ်ယောက် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ထန်တိုက်လင်ကို ကာကွယ်ရန် တာဝန်ရှိသော နတ်အစေခံ လှုပ်ရှားလာခြင်းဖြစ်ပြီး သူမကိုကာကွယ်ရန်အတွက် အစီအရင်တစ်ခုပင် ခင်းကျင်းပေးခဲ့သည်။ ထိုအရှိန်အဝါကြောင့် တိုက်ခိုက်ရန် အလစ်ချောင်းနေသော ရန်သူများအားလုံးက ချက်ချင်းထွက်ပြေးသွားကြသည်။ နတ်အစေခံတစ်ယောက်၏ ခွန်အားရှေ့မှောက်တွင် သူတို့က ပမွှားအဆင့်သာဖြစ်သောကြောင့် ပျောက်ကွယ်ကုန်သည်။
"ကျေးဇူးတင်ပါတယ် အရှင်"
ဤအချိန်တွင်မှ ယဲ့ချန်က စိတ်အေးသွားခဲ့ရပြီး ကောင်းကင်သို့မော့ကြည့်ကာ အရိုအသေပေးလိုက်၏။ ထို့နောက် ကလေးတစ်ယောက်၏ငိုသံက အခန်းအတွင်းမှ ကြည်လင်စွာ ထွက်ပေါ်လာသောအခါ ကောင်းကင်ထက်မှ ကိုးရောင်ခြယ်အလင်းများ ဖြာကျလာခဲ့ပြီး အလွန်ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ထိုအလင်းများကြားတွင် အချိန်လေဟာနယ် တာအိုရုန်းများက နေရောင်အောက်တွင် တောက်ပနေပြီး ကောင်းကင်မူလကြယ်တစ်ခုလုံး မြင်တွေ့ခဲ့ရသည်။ ကောင်းချီးဖြစ်ရပ်သည် ထန်တိုက်လင်အဆင့်တက်စဥ်ကထက် ပို၍ခန့်ညားပြီး ကိုးရောင်ခြယ်အလင်းများက ရှင်းဟိုင်သိုင်းဒေသတစ်ခုတည်းသို့ မဟုတ်ဘဲ ကြယ်တစ်ခုလုံးသို့ ဖြာကျလာခြင်းဖြစ်သည်။ လောကတစ်ခွင် အသက်အားများပြည့်နှက်လာပြီး အရာအားလုံးက တိုးတက်ဆင့်ကဲလာကာ ပန်းပေါင်းစုံ ဖူးပွင့်လာကြ၏။ တိုက်ခတ်နေသော လေများပင် သန့်စင်ခံလိုက်ရပြီး ကောင်းကင်ချီများလည်း ရုတ်တရက်များပြားလာကာ တောင်တန်းများပေါ်တွင် အဖိုးတန်နတ်သားရဲများ ထွက်ပေါ်လာကြသည်။ ဤကား ကြယ်သခင်တစ်ပါး မွေးဖွားလာခြင်း၏ သရုပ်ထင်ဟပ်မှုများဖြစ်ကာ ကျင့်ကြံသူအားလုံးက ဒူးထောက်အရိုအသေပေးခဲ့ကြသည်။
ရှေးဟောင်းတန်းယွမ်မြို့တော်နှင့် အဝေးတစ်နေရာရှိ စကြဝဠာအတွင်း၌ ကောင်းကင်နတ်ဆိုးသိုက်က တဝုန်းဝုန်းလှုပ်ခတ်သွားကာ ကျွန်ပိုးကောင်များက အကြောင်းအရင်းမရှိ ကြောက်လန့်သွားပြီး ဦးတည်ရာ ပျောက်ဆုံးကုန်သည်။ စစ်ဧကရာဇ်နန်းတော်အတွင်း နဂါးဘုရင်က ကျေနပ်စွာရယ်မောနေပြီး နတ်အစေခံများ၏ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
"နဂါးဘုရင် နောက်ဆုံးတော့ ကြယ်သခင် မွေးဖွားလာခဲ့ပြီ"
"ငါတို့က ဒီအချိန်ကို အကြာကြီးစောင့်ခဲ့ကြရတယ်။ ကြယ်သခင် ထွက်ပေါ်လာပြီဆိုတော့ သူ့ကို လုံးဝထောက်ပံ့စောင့်ရှောက်ရမယ်"
နဂါးဘုရင်သည် ကောင်းကင်မူလကြယ်၏ အောင်မြင်မှုများ ပြန်လည်ရောက်ရှိလာတော့မည်ကို နားလည်သဖြင့် အလွန်ဝမ်းမြောက်နေခဲ့သည်။ ကျန်နတ်အစေခံများကလည်း ကြယ်သခင်ကို ကူညီရန်အတွက် ကတိပြုလိုက်ကြသည်။ ကြယ်သခင်က ကလေးအရွယ်သာဖြစ်သော်လည်း ကောင်းကင်မူလကြယ်၏ အနာဂတ်မျှော်လင့်ချက် ဖြစ်နေခဲ့သည်။
"ထန်းယွမ် မင်း အခုကစလို့ ယဲ့ချန်ကို ကူညီရမယ်။ ကြယ်သခင်က ကောင်းကင်မူလကြယ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိခင်မှာ သူ့အဖေက တာဝန်ယူရလိမ့်မယ်။ ငါတို့နတ်အစေခံတွေက ကာကွယ်ရေးကလွဲပြီး ကောင်းကင်မူလကြယ်ရဲ့ အရေးကိစ္စတွေကနေ လက်ရှောင်တော့မယ်"
နဂါးဘုရင်က လေးနက်စွာ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်ကို ကောင်းကင်နတ်ဆိုးက မထိန်းချုပ်နိုင်ကြောင်း သေချာနေသဖြင့် သူက တာဝန်လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။ သူစဥ်းစားဆင်ခြင်ရသလောက် ဤနည်းလမ်းက အကောင်းဆုံးရွေးချယ်မှုဖြစ်ကာ ပြိုင်ဘက်ကင်းအရှိန်ဖြင့် တိုးတက်လာသော ယဲ့မျိုးနွယ်နှင့် ကြယ်သခင်က ဆက်စပ်နေသည်။ အကယ်၍ နတ်အစေခံများကသာ ကောင်းကင်မူလကြယ်၏ အုပ်ချုပ်ရေး၌ ဝင်ရောက်စွက်ဖက်လျှင် ယဲ့မျိုးနွယ်နှင့် ပွတ်တိုက်မှုများ ရှိလာနိုင်သောကြောင့် အာဏာလွှဲအပ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။ ယဲ့မျိုးနွယ်တွင် ပါရမီရှင်များပြည့်နှက်နေပြီး ယဲ့ချန်၏ခေါင်းဆောင်မှုအောက်တွင် ကြယ်သခင်ရှင်း၏ခေတ်မှ အင်အားမျိုး ပြန်လည်ထွက်ပေါ်လာနိုင်သည်။ သူက ကောင်းကင်မူလကြယ်ကို အထွတ်အထိပ်သို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်စွမ်းရှိကာ ကောင်းကင်နတ်ဆိုးများကို တွန်းလှန်ပေလိမ့်မည်။
ကြယ်သလင်းကျောက်မှတဆင့် စစ်ဧကရာဇ်များက ကြယ်သခင်အကြောင်း ဆွေးနွေးနေကြပြီး သူက ယဲ့ချန်၏သားဖြစ်ကာ အနှီးထုပ်ထဲ၌ရှိနေသေးကြောင်း သိလိုက်ရသောကြောင့် မင်သက်ကုန်သည်။ သို့သော်လည်း ကြယ်သခင် လူလားမြောက်လာရန်အတွက် အများဆုံး နှစ်၂၀ သာလိုအပ်ပြီး သူ၏ပေါင်းစပ်နှုန်းက တစ်ရာဖြစ်သောကြောင့် ကျင့်ကြံနှုန်းက အံ့မခန်း မြန်ဆန်ပေလိမ့်မည်။ သူက နဂါးဘုရင်ကိုကျော်တက်သွားရန် အချိန်တစ်ခုသာလိုအပ်ပြီး နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းနေရသော အချိန်အခါ ကျရောက်လာခဲ့သည်။ ကြယ်သခင်က ကြယ်တစ်ခုလုံး၏ အနာဂတ်ဖြစ်သောကြောင့် သူတို့က အစွမ်းရှိသလောက် ကူညီထောက်ပံ့ရန် ဆုံးဖြတ်လိုက်ကြသည်။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာရပြီးနောက် နှစ်၂၀ ကျော် ထပ်မံစောင့်ဆိုင်းရမည်က အရေးမကြီးလှပေ။
"အခုအချိန်ကစပြီး ကောင်းကင်မူလကြယ်ရဲ့ အရေးကိစ္စအဝဝကို ကြယ်သခင်ရဲ့ဖခင် ယဲ့မျိုးနွယ်ခေါင်းဆောင် ယဲ့ချန်က တာဝန်ယူလိမ့်မယ်။ ဘယ်သူ ကန့်ကွက်ချင်သလဲ"
နဂါးဘုရင်၏ပုံရိပ်က စစ်ဧကရာဇ်နန်းတော်၏ ကြယ်သလင်းကျောက်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
"အရှင် ဒီကိစ္စက မသင့်တော်ပါဘူး။ ယဲ့မျိုးနွယ်က ရက်စက်ကြမ်းကြုတ်တဲ့အတွက် ကြယ်တစ်ခုလုံးကို အုပ်ချုပ်နိုင်မှာ မဟုတ်ဘူး"
"ကျေးဇူးပြုပြီး ပြန်လည်သုံးသပ်ပေးပါအရှင်"
ဧကရာဇ်လင်းနှင့် တာအိုအိမ်တော်မှ စစ်ဧကရာဇ်အချို့က စောဒကတက်လိုက်ခြင်းဖြစ်သည်။ ယဲ့မျိုးနွယ်နှင့် ရန်ငြှိုးရှိသောကြောင့် သူတို့က အလွယ်တကူ လက်မခံနိုင်ခဲ့ပေ။
"နောက်ထပ်ပြောစရာတစ်ခု ရှိသေးတယ်။ တာအိုအိမ်တော်သခင်ရာထူးကို ဧကရာဇ်မင်ဆီလွှဲပေးပြီး လင်းဖန်ကို ရာထူးက ဖြုတ်ချလိုက်တယ်"
နဂါးဘုရင်ကမူ အေးစက်စက် တုံ့ပြန်လိုက်သည်။ ဧကရာဇ်လင်းက သူလျှိုဟုတ်မဟုတ် မသေချာသော်လည်း စောဒကတက်နေသည့် ကျန်ဧကရာဇ်များ၏ ကိုယ်ထဲတွင် နတ်ဆိုးမျိုးစေ့ရှိနေကြောင်း သူက သိထားပြီးဖြစ်သည်။ သူ၏စကားက စစ်ဧကရာဇ်များကြားတွင် ပို၍လှုပ်ရှားသွားစေခဲ့ပြီး နဂါးဘုရင်က လင်းဖန်ကို ရာထူးမှ ထုတ်ပယ်လိုက်သော အကြောင်းအရင်းကို နားမလည်ဖြစ်နေကြသည်။ လက်ရှိတွင် လင်းဖန်ကလည်း ပျောက်ကွယ်နေပြီး အကျိုးသက်ရောက်မှု ပြင်းထန်ပုံရသည်။ ဧကရာဇ်မင်က ယဲ့ချန်၏မဟာမိတ်ဖြစ်ကြောင်း လူတိုင်းက သိထားပြီး နဂါးဘုရင်က ယဲ့ချန်ကို ကူညီနေကြောင်း ထင်ရှားသည်။ လက်ရှိတွင် သူက ကောင်းကင်မူလကြယ်၌ အာဏာအရှိဆုံးဖြစ်လာသောကြောင့် ဧကရာဇ်လင်းက စိတ်ဓာတ်ကျသွားကာ ကျန်ဧကရာဇ်များက စိတ်ရှုပ်ထွေးနေကြသည်။
"အရှင်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပါမယ်"
နတ်အစေခံတစ်ယောက်ဖြစ်သော နဂါးဘုရင်၏ ပြတ်သားမှုကြောင့် စစ်ဧကရာဇ်အားလုံးက ချွင်းချက်မရှိ သဘောတူလိုက်ရသည်။ ယဲ့မျိုးနွယ်နှင့် ဆက်ဆံရေးကောင်းသော စစ်ဧကရာဇ်များက အောင်ပွဲခံလိုက်ကြပြီး ယဲ့မျိုးနွယ် အာဏာရလာသောအခါ သူတို့အတွက် စိုးရိမ်စရာမရှိချေ။ ယဲ့မျိုးနွယ်နှင့် ရန်ကြွေးရှိသော စစ်ဧကရာဇ်များကမူ မည်သို့ဖြေရှင်းကိုယ်တွယ်ရမည်ကို အကျပ်ရိုက်နေကြသည်။ ကောင်းကင်မူလကြယ်၏ အခြေအနေက ချက်ချင်းပြောင်းလဲသွားပြီး ယဲ့မျိုးနွယ်က အင်အားစုအားလုံး၏အထက်သို့ ရောက်ရှိလာခဲ့သည်။ ကြယ်သခင်က ယဲ့မျိုးနွယ်မှ မွေးဖွားလာသောကြောင့် ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးသည် သူ၏ဦးဆောင်မှုအောက် နာခံရမည်ဖြစ်သည်။
ရန်ယွင်မြို့ရှိ ယဲ့မျိုးနွယ်ဝင်များက အုတ်အော်သောင်းတင်းဖြစ်သွားကြပြီး ယခုမှမွေးဖွားလာသော သခင်ငယ်က ကြယ်သခင်အလောင်းအလျာ ဖြစ်နေခဲ့သည်။ အထူးသဖြင့် ယဲ့ကျန့်တန်း၊ ယဲ့ချိန်ရွှမ်းစသော အဘိုးအိုများက အလွန်ဝမ်းသာနေကြပြီး ယဲ့ချန်ကသာ ထိန်းချုပ်ထားခြင်းမရှိလျှင် ရှင်းဟိုင်သိုင်းဒေသသို့ ချက်ချင်းပြေးသွားကြပေလိမ့်မည်။ ယဲ့ချန်၏ဂုဏ်သတင်းက ယဲ့မျိုးနွယ်အတွင်း ပြိုင်ဘက်ကင်းမြင့်မားကာ သူ၏သားဖြစ်သူက မျိုးနွယ်ခေါင်းဆောင် ဖြစ်လာရပေလိမ့်မည်။ ထို့အပြင် ဤကလေးက ကောင်းကင်မူလကြယ်၏ ကြယ်သခင်လည်း ဖြစ်နေခဲ့သည်။ ယဲ့မုန့်၊ ယဲ့ရွှမ်စသော လူငယ်များကလည်း တူဖြစ်သူကို တွေ့ချင်စိတ်ဖြင့် ယဲ့ချန်ပြန်အလာကို စောင့်မျှော်နေကြသည်။ ပင်လယ်ကမ်းစပ်၌ နေထိုင်နေကြသော ပင်လယ်မိစ္ဆာများကလည်း ယဲ့မျိုးနွယ်သို့ရောက်ရှိလာကာ အတူတကွ အောင်ပွဲခံနေကြသည်။ အမျိုးမျိုးသော သိုင်းဒေသကြီးများ၊ နတ်တိုင်းပြည်များနှင့် မျိုးနွယ်ကြီးများမှ သံတမန်များ အဆက်မပြတ်ရောက်ရှိလာပြီး ယဲ့မျိုးနွယ်ကို ဂုဏ်ပြုခဲ့ကြကာ နှစ်ထောင်ချီအတွင်း ကောင်းကင်မူလကြယ်တစ်ခုလုံး အပျော်ရဆုံးကိစ္စဖြစ်ခဲ့သည်။
ထိုအချိန်၌ ရှင်းဟိုင်သိုင်းဒေသတွင် ယဲ့ချန်သည် သားဖြစ်သူကို ပျော်ရွှင်စွာဖြင့် ပွေ့ချီထားသည်။ ကလေးငယ်က ချောမောခန့်ညားသော လူသားတစ်ယောက်ဖြစ်ကာ ပင်လယ်မိစ္ဆာတစ်ယောက် မဟုတ်ခဲ့ပေ။ ထန်တိုက်လင်က ဤသားအဖကိုကြည့်၍ ကြင်နာစွာ ပြုံးလိုက်သော်လည်း သူမ၏စိတ်ထဲ၌ ရေခဲပြာပင်လယ်မိစ္ဆာမျိုးနွယ်၏ အစွမ်းထက်မျိုးဆက်သွေး ရှိမနေခြင်းကို အံ့သြနေခဲ့သည်။ ဖြစ်နိုင်သည်မှာ ယဲ့ချန်၏မျိုးဆက်သွေးက အလွန်အစွမ်းထက်ပြီး ရေခဲပြာမျိုးနွယ်၏ မျိုးဆက်သွေးကို လုံးဝဝါးမျိုပစ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်နှင့် ထန်တိုက်လင်၏ ရင်သွေးက လူသားတစ်ယောက် ဖြစ်နေခဲ့လေသည်။