← Chapters

ယဲ့တန်းရွှမ်

Vol. 49 Ch. 688

ယဲ့တန်းရွှမ်

Vol. 49 Ch. 688

"ဂုဏ်ပြုပါတယ်"

ဧကရာဇ်ချန်နှင့် ဧကရာဇ်ယုက ယဲ့ချန်ကို အလွန်ရိုသေစွာဖြင့် လာရောက်ဂုဏ်ပြုခဲ့သည်။ ကောင်းကင်မှ ထူးဆန်းသောဖြစ်ရပ်အရ သူ၏သားက ကြယ်သခင်ဖြစ်ကြောင်း သိလိုက်ရသည့်အပြင် နဂါးဘုရင်သည် ကြယ်သလင်းကျောက်မှတဆင့် သူ့ကို ကောင်းကင်မူလတိုက်ကြီး၏ ဘုရင်အဖြစ် ခန့်အပ်ခဲ့သောကြောင့် အဆင့်အတန်းချင်း ကွာခြားလွန်းသွားခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ရင်ခွင်ထဲ၌ သားဖြစ်သူကို ပွေ့ထားရသောအခါ အလွန်ပျော်ရွှင်နေသည်။ သူက ကောင်းကင်မူလတိုက်ကြီး၏ ဘုရင်ဖြစ်လာရခြင်းအပေါ် အရေးမစိုက်သော်လည်း အနည်းဆုံး ရန်သူများကို လက်စားချေရန် အခွင့်အရေးရလာပြီဖြစ်သည်။ သို့သော် လက်ရှိတွင် သူက သားဖြစ်သူ မွေးဖွားလာခြင်းအပေါ် အလွန်ဝမ်းသာနေပြီး အခြားအရာများကို အရေးမစိုက်ခဲ့ပေ။ နင်အာက ကလေးငယ်၏ခေါင်းကို ကြင်နာစွာပွတ်သပ်နေစဥ် သူက ဝိုင်းစက်သော မျက်လုံးလေးများနှင့် ယဲ့ချန်နှင့် နင်အာကို ပြန်လည်အကဲခတ်နေသည်။

"အစ်ကိုကြီး ကလေးလေးကို ဘယ်လိုနာမည်ပေးကြမလဲ"

နင်အာက မေးလိုက်ခြင်းဖြစ်သည်။ သူမ၏မေးခွန်းကြောင့် ယဲ့ချန်သည်လည်း ထန်တိုက်လင်နှင့် ကလေး၏လုံခြုံရေးကို စိတ်အလွန်ပူနေသဖြင့် နာမည်ပေးရန် မေ့လျော့ခဲ့ကြောင်း သတိရလိုက်သည်။ သူက ကလေးကိုပွေ့ထားရင်း ထန်တိုက်လင်ထံ အကူအညီတောင်းလိုဟန်ဖြင့် ကြည့်လိုက်သည်။

"ကလေးကို နင်ပဲ နာမည်ပေးရမယ်"

ထန်တိုက်လင်က တစ်ချက်ပြုံး၍ ညှင်သာစွာ ပြောလိုက်သည်။

"ဒါဆိုရင် သူ့ကို ယဲ့တန်းရွှမ်လို့ ခေါ်ကြရအောင်။ လောကကြီးက သံသရာလည်နေပြီး သူက ကြယ်သခင်တန်းယွမ်နဲ့ ကြယ်သခင်ရှင်းရွှမ်ရဲ့ တတိယမြောက်ဆက်ခံသူဖြစ်တဲ့အတွက် နာမည်တစ်လုံးစီ ယူလိုက်မယ်။ ငါ့သားက ကောင်းကင်မူလကြယ်ကို သူတို့လိုမျိုး ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်တယ်"

ယဲ့ချန်က ချစ်စရာကလေးငယ်ကို တစ်ချက်ကြည့်၍ လေးနက်စွာစဥ်းစားပြီး နာမည်ပေးလိုက်သည်။ ထန်တိုက်လင်ကလည်း ထိုနာမည်ကို ထပ်ကာထပ်ကာရေရွတ်လိုက်ပြီးနောက် လက်ခံလိုက်သည်။

"ကြယ်သခင် ယဲ့တန်းရွှမ်။ ဒါဆိုရင် တန်းအာလေးလို့ ခေါ်လို့ရတာပေါ့"

ယဲ့ချန်နှင့် ထန်တိုက်လင်က နင်အာ၏စကားကြောင့် ကိုယ်စီပြုံးလိုက်ကြပြီး ခေါင်းညိတ်လိုက်သည်။

"တန်းအာ မြန်မြန် ကြီးပြင်းလာရမယ်နော်"

နင်အာက ယဲ့တန်းရွှမ်ကို ပွတ်သပ်ချော့မြှူနေရင်း အလွန်ပျော်ရွှင်နေပုံပေါ်သည်။ ယဲ့ချန်သည်လည်း ကောင်းကင်မူလကြယ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏အနာဂတ်ကို ဆုပ်ကိုင်ထားသော တန်းအာကို စိုက်ကြည့်နေခဲ့သည်။ သူက သားဖြစ်သူကို ဤမျှလေးလံသော ဖိအားမျိုး မခံစားစေချင်သော်လည်း ကံတရားက စီမံပြီးဖြစ်သည်။ ထို့ကြောင့် သူက ဖခင်တစ်ယောက်အနေဖြင့် အစွမ်းကုန်ကူညီထောက်ပံ့ပေးရန် ဆုံးဖြတ်လိုက်ပြီး မည်မျှဝေးဝေးသွားနိုင်မည်မှာ ယဲ့တန်းရွှမ်အပေါ် မူတည်သည်။ သို့သော်လည်း သူ၏ပါရမီက အလွန်ထူးခြားပြီး မွေးကာစမှာပင် စစ်ဧကရာဇ်အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောအခါ ဆယ်နှစ် အနှစ်၂၀ ကျင့်ကြံလိုက်ရုံဖြင့် နတ်အစေခံများကို ကျော်ဖြတ်သွားပေလိမ့်မည်။ ကောင်းကင်မူတိုက်ကြီးတွင် ကြယ်သခင် မွေးဖွားလာသည့်အတွက် အောင်ပွဲများကျင်းပနေစဥ် ယဲ့ချန်က ထန်တိုက်လင်၊ နင်အာနှင့် တန်းအာကို ခေါ်ဆောင်၍ ရန်ယွင်မြို့သို့ ပြန်လာခဲ့သည်။

"နင်အာ ပိုလင်းရဲ့အခြေအနေ ဘယ်လိုလဲ"

ယဲ့ချန်က ပိုလင်းအကြောင်း တွေးမိလိုက်သောအခါ စိုးရိမ်သွားသဖြင့် နင်အာထံ အကျိုးအကြောင်း မေးမြန်းလိုက်သည်။

"အမလင်းက နည်းနည်းပြန်ကောင်းလာပြီးနောက် ဖီးနစ်ဘုရင်ဆီကို ရောက်သွားတယ်။ ဖီးနစ်ဘုရင်က အိပ်မက်ဆိုးသားရဲမျိုးနွယ်နဲ့ ဆက်စပ်မှုရှိတဲ့အပြင် အမလင်းရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ၈၃အထိမြင့်နေတော့ တပည့်အဖြစ် လက်ခံလိုက်တယ်"

နင်အာက တစ်လုံးချင်း ဖြေလိုက်သည်။ ပိုလင်းနှင့် ယဲ့ချန်အကြားမှ ဆက်ဆံရေးကို သူမက သိထားသဖြင့် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း မြင့်နေခြင်းက ထိုဖြစ်ရပ်နှင့် သက်ဆိုင်ကြောင်း နားလည်နေသည်။ သူမ၏စကားကြောင့် ပိုလင်းအဆင်ပြေနေသည်ကို သိလိုက်ရသောအခါ ယဲ့ချန်က စိတ်အေးသွားခဲ့ရသည်။ နတ်အစေခံတစ်ယောက်၏ လက်အောက်တွင် ကျင့်ကြံခြင်းက သူမ၏အနာဂတ်ကို ပို၍တောက်ပလာစေလိမ့်မည်။ ကြယ်သခင် မွေးဖွားလာသောအခါ ကောင်းကင်မူလကြယ်တွင် ယဲ့မျိုးနွယ်က အလွန်ကျော်ကြားလာပြီး ယဲ့ချန်က အာဏာအရှိဆုံး လူတစ်ယောက်ဖြစ်လာခဲ့သည်။ နတ်အစေခံများက အရေးကိစ္စအဝဝကို ယဲ့ချန်အား လွှဲအပ်လိုက်သောအခါ ကောင်းကင်မူလကြယ် မထိခိုက်သရွေ့ သူက စိတ်ကြိုက်ဆုံးဖြတ်နိုင်ပေသည်။

ကျင့်ကြံသူများ ပဟေဠိဖြစ်နေသည်မှာ ယဲ့ချန် အာဏာရလာချိန်တွင် တာအိုအိမ်တော်မှ နတ်ဧကရာဇ်နှင့် နောက်လိုက်အချို့ ပျောက်ကွယ်သွားခြင်းဖြစ်သည်။ သူတို့က လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ သဲလွန်စမကျန်သောကြောင့် လူတိုင်း သံယသဝင်နေကြပြီး အမှန်တရားကိုသိထားသော စစ်ဧကရာဇ်အနည်းငယ်ကလည်း နှုတ်ဆိတ်နေခဲ့ကြသည်။ ကြယ်သခင်တစ်ယောက် မွေးဖွားလာသော်လည်း ကောင်းကင်မူလကြယ်ကို ကောင်းကင်နတ်ဆိုးများက ခြိမ်း​ခြောက်နေဆဲဖြစ်ကာ နတ်ဆိုးနောက်လိုက်များလည်း ရှိနေသဖြင့် ယဲ့မျိုးနွယ်အပေါ် တာဝန်များစွာ ကျရောက်လာသည်။ ယဲ့ချန်က ယဲ့မျိုးနွယ်ပိုင်နက်သို့ ရောက်သောအခါ ချက်ချင်းအမိန့်ချမှတ်၍ ကြေးခွံနက်ဝိညာဥ်မြွေ၊ ပင်လယ်မိစ္ဆာနှင့် ရန်သူအချို့ကို ရှာဖွေရန် စစ်ဧကရာဇ်များ စေလွှတ်ခဲ့သည်။ အပြင်လူများ မည်သို့ထင်မြင်ပါစေ၊ သူက ဤခြိမ်းခြောက်မှုများကို အရင်ဆုံး ဖယ်ရှားရပေလိမ့်မည်။ ထိုရန်သူများက ကောင်းကင်နတ်ဆိုးနှင့် မပတ်သက်လျှင်ပင် အနာဂတ်၌ ယဲ့မျိုးနွယ်ကို ဒုက္ခပေးနိုင်စွမ်းရှိနေသည်။

ကောင်းကင်မူလတိုက်ကြီး၏ အုပ်ချုပ်ရေးက ချက်ချင်းပြောင်းလဲသွားကာ ယဲ့မျိုးနွယ်၏ အဆင့်အတန်း မြင့်မားလာသကဲ့သို့ စစ်ဧကရာဇ်အရေအတွက်ကလည်း တိုးပွားလာ၍ အယောက်ခြောက်ဆယ်ကျော်အထိ ရောက်လာခဲ့သည်။ ကြယ်သခင်တစ်ယောက် မွေးဖွားမလာလျှင်ပင် ယဲ့မျိုးနွယ်၏ခွန်အားကို မည်သူမှ အထင်မသေးရဲပေ။ ယဲ့မျိုးနွယ်ဝင် စစ်ဧကရာဇ်များစွာရှိသော်လည်း စစ်ဧကရာဇ်အဆင့်စာရင်းတွင် အဆင့်ခြောက်ဆယ်အထိသာ ရောက်ရှိနိုင်ခဲ့ပြီး ထိပ်တန်းငါးဆယ်အတွင်း မဝင်ရောက်နိုင်ခဲ့ပေ။ ကောင်းကင်မူလတိုက်ကြီးတွင် ခွန်အားကို အလေးစားဆုံးဖြစ်သောကြောင့် အုပ်ချုပ်သူမျိုးနွယ်က အင်အားနည်းနေသည်ဟူသော အတင်းအဖျင်းစကားများ ထွက်ပေါ်လာသည်။ ထိုစကားများကို ကြားသောအခါ ယဲ့မျိုးနွယ်ဝင်များက မခံချင်စိတ်ဖြင့် အပြင်းအထန်လေ့ကျင့်ကာ စစ်ဧကရာဇ်စာရင်းကို ဆက်တိုက်စိန်ခေါ်နေကြသည်။

ယဲ့ချန်သည် ကောလဟာလများအကြောင်း သိသောအခါ ဟက်ဟက်ပက်ပက်ရယ်မော၍ လျစ်လျူရှုထားလိုက်သည်။ အပင်မြင့်လေ လေတိုက်လေဖြစ်ကာ ယဲ့မျိုးနွယ်က လူတိုင်းကို ကျေနပ်စေမည်မဟုတ်သော်လည်း တိုးတက်လာနှုန်းက အခြားသူများအတွက် မနာလိုစရာ ဖြစ်နေခဲ့သည်။ ထိုအတင်းအဖျင်းများက ယဲ့မျိုးနွယ်ဝင်များအတွက် အားဆေးတစ်ခွက်ဖြစ်ကာ အုပ်ချုပ်သူမျိုးနွယ်အဖြစ် သတ်မှတ်ခံထားရသည်နှင့်အညီ တင်းတင်းကျပ်ကျပ် ကျင့်ကြံလာကြပြီး အစွမ်းထက်လာနေကြသည်။

လက်ရှိတွင် ကျိယွမ်ကြယ်ပေါ်သို့ ယဲ့ချန်၊ ရောင်ယွမ်နှင့် နတ်အစေခံသုံးယောက် ရောက်ရှိလာကြသည်။ သို့သော် ကောင်းကင်နတ်ဆိုးနှစ်ကောင်က သဲလွန်စမရှိ ပျောက်ကွယ်သွားကာ ကျွန်ပိုးကောင်များကလည်း ကောင်းကင်သို့ ပျံတက်ထွက်ခွာသွားကြပြီး ရွှမ်လင်းလည်း ပျောက်ကွယ်နေသည်။ ကျိယွမ်ကြယ်၏နယ်ခံများက မြေပြင်သို့ စိတ်ရှုပ်စွာဖြင့် တက်လာကြပြီး ရန်သူများဆုတ်ခွာသွားရသော အကြောင်းအရင်းကို နားမလည် ဖြစ်နေကြသည်။ ကျိယွမ်ကြယ်က ပြန်လည်တည်ငြိမ် အေးချမ်းသွားသော်လည်း အပျက်အစီးများပြည့်နှက်နေပြီး ချုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာ ပေါက်ရောက်နေသည်။ လက်ရှိတွင် လုံခြုံရေးအတွက် စိတ်ချရသော်လည်း ယဲ့ချန်က အလွန်စိတ်လေးနေပြီး ကောင်းကင်နတ်ဆိုးများနှင့် ရွှမ်လင်းသည် တစ်ခုခုကို ကြံစည်နေကြောင်း ခံစားခဲ့ရသည်။ အကယ်၍ ရန်သူများသာ နောက်တစ်ကြိမ် ပြန်ရောက်လာလျှင် ပိုမိုဆိုးရွားသော ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

တိမ်နီမြွေ၏ ဦးဆောင်မှုဖြင့် သူတို့က ခရမ်းရောင်သစ်တောအတွင်း ရောက်ရှိလာကာ ကျိယွမ်ရှင်းဟွမ်၊ ခေါင်းဆောင်မုတို့နှင့် တွေ့ဆုံခဲ့ကြသည်။

"ဒါက ကောင်းကင်မူလကြယ်ရဲ့ နတ်အစေခံတွေဖြစ်တဲ့ သစ်သားစိမ်းဘုရင်၊ သားရဲဘုရင်နဲ့ သိုင်းဘုရင် ဖြစ်ပါတယ်"

ရောင်ယွမ်က မြင်းပျံထံ နတ်အစေခံများကို မိတ်ဆက်ပေးလိုက်သည်။ ကျိယွမ်ကြယ်၏ရှင်းဟွမ်က မြင်းပျံတစ်ကောင်ဖြစ်နေသောကြောင့် သူတို့က အနည်းငယ်အံ့သြသွားသော်လည်း ခေါင်းညွှတ်၍ အရိုအသေပေးလိုက်ကြသည်။

"ရှင်းဟွမ်က ပြောတယ်။ ငါတို့မရောက်ခင်မှာ ကောင်းကင်နတ်ဆိုးတွေနဲ့ ရွှမ်လင်းက ဒီနေရာကို လာတိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် သူတို့က မချိုးဖျက်နိုင်ဘဲ ထွက်ခွာသွားရတယ်"

ရှင်းဟွမ်၏စကားကို ရောင်ယွမ်က ဘာသာပြန်ပေးလိုက်ခြင်းဖြစ်သည်။

"နတ်အစေခံသုံးယောက်တောင် ဒီသစ်တောကို မထိုးဖောက်နိုင်ဘူးလား"

သစ်သားစိမ်းဘုရင်သည် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ သစ်တောတစ်ခုလုံးက ရှုပ်ထွေးနက်နဲသော ဧရာမအစီအရင်ကြီးတစ်ခုဖြစ်ကာ ကြယ်သခင်အဆင့် ကျင့်ကြံသူများ ခင်းကျင်းထားကြောင်း သိလိုက်ရသဖြင့် အံ့သြတုန်လှုပ်သွားခဲ့သည်။ သစ်တော၏အလယ်တွင် ချွန်ထက်သော မျှော်စင်တစ်ခု တည်ရှိနေကာ တိုက်ခိုက်ရေးအတွက် အသုံးပြုပုံပေါ်သည်။ ပတ်ဝန်းကျင်၌ အချိန်လေဟာနယ်ချီများလည်း သိပ်သည်းနေသဖြင့် အစီအရင်က မရိုးရှင်းသည်ဖြစ်ရာ နတ်အစေခံများထိုးဖောက်ရန် မလွယ်ကူနိုင်ပေ။ ရှင်းဟွမ်တစ်ယောက်အနေဖြင့် ကိုယ်ပိုင်အသက်ကယ်ဝှက်ဖဲများရှိနေပြီး သူမကသာ ခွင့်မပြုခဲ့လျှင် သူတို့က မည်မျှကြိုးစားပါစေ၊ ခရမ်းရောင်သစ်တောအတွင်း ဝင်ရောက်နိုင်မည် မဟုတ်ချေ။ သစ်တောစောင့်မျိုးနွယ်က စစ်ဧကရာဇ်များကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးတစ်လုံးစီ လက်ဆောင်ပေးခဲ့သည်။

နတ်သစ်သီးက အလွန်အဖိုးတန်သောကြောင့် နတ်အစေခံများကိုပင် ဆွဲဆောင်နိုင်သည်။ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က သူတို့ကို ကျိယွမ်ကြယ်အား စောင့်ရှောက်ကာကွယ်ရန် အမိန့်ပေးထားခဲ့သည်။ တစ်စုံတစ်ခုဖြစ်လျှင် သူတို့က ကောင်းကင်မူလကြယ်သို့ အချိန်မရွေး အကူအညီတောင်းခံနိုင်သည်။ သစ်သားစိမ်းဘုရင်သည် ကျိယွမ်ကြယ်၏နယ်ခံများကို စုစည်းကာ ရွာတစ်ခုတည်ထောင်ပြီး ကျင့်ကြံခြင်းနှင့်ပတ်သက်၍ သင်ကြားပေးခဲ့သည်။ ကျိယွမ်ကြယ်အင်အား ပိုကောင်းလာလေလေ ကောင်းကင်မူလကြယ်က ပို၍လုံခြုံလေလေဖြစ်သည်။ ရှင်းဟွမ်အချင်းချင်းက မဟာမိတ်ဖြစ်သည့်အပြင် ကြယ်နှစ်လုံးကလည်း နီးကပ်နေသည် မဟုတ်ပါလော။

နေ့အချိန် ကုန်ဆုံးသွားသောအခါ ကျိယွမ်ကြယ်၏ည ကျရောက်လာခဲ့ပြီး ကောင်းကင်တွင် လသုံးစင်း ဖြစ်ပေါ်လာခဲ့သည်။ လရောင်က တောက်ပနေပြီး မြင့်မြတ်ရေကန်နံဘေး၌ ရောင်ယွမ်က တိတ်တဆိတ် ရပ်နေသည်။ သူမက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် ယဲ့ချန်သည် လနတ်သမီးချန်အယ်၏ဒဏ္ဍာရီကိုပင် အမှတ်ရလိုက်မိသည်။ ရုပ်ရည်သွင်ပြင်အရာတွင် ချန်အယ်ရောက်လာလျှင်ပင် ရောင်ယွမ်က နိမ့်ကျစရာအကြောင်း မရှိပေ။ ထို့နောက် ယဲ့ချန်က ရောင်ယွမ်ရှိရာသို့ လျှောက်လှမ်းလာခဲ့လေသည်။

All Chapters