မရဏနန်းတော်၏ နောက်ကွယ်
Vol. 49 Ch. 689
"ယဲ့ချန် ကောင်းကင်နတ်ဆိုးနဲ့ ရွှမ်လင်းတို့ ပျောက်ကွယ်သွားတာက မထူးဆန်းဘူးလား"
ရောင်ယွမ်သည် သူမထံ လမ်းလျှောက်လာနေသော ယဲ့ချန်ကို မြင်သောအခါ မေးလိုက်ခြင်းဖြစ်သည်။
"နည်းနည်းထူးဆန်းတယ်လို့ ငါလည်း ထင်နေတယ်။ သူတို့က ကျိယွမ်ကြယ်ကို လွယ်လွယ်နဲ့လက်လျှော့မှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက စစ်ကူတွေ ရောက်မလာသေးလို့များလား"
ယဲ့ချန်က ဖြေလိုက်သည်။
"ရှင်းဟွမ်နဲ့ ကောင်းကင်နတ်ဆိုးတွေက ဆက်တိုက်တိုက်ခိုက်နေကြတဲ့ အကြောင်းအရင်းက ဘာလို့ထင်လဲ"
ရောင်ယွမ်က သက်ပြင်းချလိုက်သော်လည်း သူမ၏အသံက လရောင်ကဲ့သို့ ကြည်လင်အေးမြနေသည်။
"တကယ်တော့ အချိန်တိုင်း တစ်ခုခုရဲ့ဆိုလိုရင်းကို လိုက်ပြီးစဥ်းစားနေမယ့်အစား ရွေးချယ်စရာတွေအကြောင်း တွေးသင့်တယ်။ ငါတို့မှာသာ ရွေးချယ်စရာရရှိရင် ပြဿနာတွေနဲ့ ကင်းကင်းနေချင်တယ်။ ဒါပေမယ့် အမြဲတမ်း ရွေးချယ်စရာ မရှိဘူး။ ဒီလိုဆိုမှတော့ ဘဝရဲ့အဓိပ္ပါယ်တွေဘာတွေ စဥ်းစားပြီး ဒုက္ခရှာနေမယ့်အစား ကိုယ့်ဘဝကိုယ် အသက်ရှင်နေတာကို ခံစားကြရင် ပိုမကောင်းဘူးလား"
ယဲ့ချန်၏စကားကို ကြားသောအခါ ရောင်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ လူတစ်ယောက်က ဘဝ၏အဓိပ္ပါယ်ကို မသိလျှင် အရူးတစ်ယောက်နှင့် ဆင်တူသော်လည်း လူတစ်ယောက်က ပျော်ရွှင်နေမည်ဆိုလျှင် ပြဿနာမရှိပေ။ ထို့ကြောင့် ယဲ့ချန်၏စကားများတွင် အတွေးအခေါ်တစ်ခု ပါဝင်နေသည်ကို သူမက ရုတ်တရက် နားလည်လိုက်သည်။ ထိုစကားတစ်ခွန်းတွင် ဘဝ၏တာအိုအကြောင်း ထင်ဟပ်နေသဖြင့် ယဲ့ချန်ကို အံ့သြစွာကြည့်လိုက်မိပြီး အသက်ငယ်ငယ်နှင့် ဤမျှရင့်ကျက်နေရသော အကြောင်းအရင်းကို မသိခဲ့ပေ။ ရောင်ယွမ်မသိသည်မှာ သူက ဘဝနှစ်ခုနေထိုင်ခဲ့ရသဖြင့် ဘဝအကြောင်း များစွာနားလည်နေခြင်းဖြစ်သည်။
"ယဲ့ချန် ငါ အခြားကြယ်တွေကို ခရီးထွက်ချင်တယ်။ နင် အတူလိုက်ခဲ့ပါလား"
ရောင်ယွမ်က ကလေးတစ်ယောက်ကဲ့သို့ ဖြူစင်စွာပြုံး၍ တောင်းဆိုလိုက်၏။
"အခြားကြယ်တွေလား"
"ဟုတ်တယ်။ ကျိယွမ်ကြယ်က အရင်တုန်းက ဒီကြယ်အဖွဲ့အစည်းအတွက် သွားလာရေးဌာနတစ်ခု ဖြစ်ခဲ့တယ်"
သူမ၏မျက်နှာထက်တွင် စိတ်အားတက်ကြွမှုများ ထင်ဟပ်နေသည်။
"ဒါပေမယ့် တည်နေရာပြောင်းအစီအရင်တွေက ဖျက်ဆီးခံလိုက်ရပြီး အသုံးမဝင်တော့ဘူးမလား"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်၏။
"အသုံးပြုလို့ရတဲ့ အစီအရင်တွေ ရှိနေသေးတယ်။ အများစုက သုံးမရအောင် ပျက်စီးနေပြီဆိုပေမယ့် အနည်းဆုံး တစ်ခုနှစ်ခုတော့ ပြင်လို့ရမှာပါ။ ငါက ဘဝမှာ ဒီလိုစွန့်စားရေးခရီးမျိုး ထွက်ချင်တယ်။ နင် လိုက်ခဲ့မှာလား"
ရောင်ယွမ်၏မျက်နှာလေးက မျှော်လင့်တကြီးဖြင့် ယဲ့ချန်ကို စိုက်ကြည့်လာသောကြောင့် အလှတရားများ ဖြာထွက်နေသည်။
"အခြားကြယ်တွေမှာက လုံခြုံရေးအတွက် စိတ်ချရပါ့မလား။ ငါ့မှာ မိန်းမနဲ့ ကလေး ရှိတယ်နော်။ နင်နဲ့အတူ ထွက်ပြေးသွားရင် တစ်မျိုးထင်ကုန်ပါဦးမယ်"
ယဲ့ချန်က စနောက်လိုက်ခြင်းဖြစ်သည်။
"ထားလိုက်ပါတော့။ ငါက ဒီအတိုင်းပြောလိုက်တာပါ။ ကောင်းကင်မူလကြယ်ရဲ့ကိစ္စ မဖြေရှင်းရသေးခင် ငါလည်း ထွက်သွားလို့မဖြစ်ဘူး။ ဒီကိစ္စတွေပြီးသွားရင်တော့ စကြဝဠာထဲကို ခရီးထွက်ပြီး အမြင်ကျယ်ချင်တယ်"
ရောင်ယွမ်က ယဲ့ချန်၏တုံ့ဆိုင်းနေမှုကြောင့် ခေါင်းယမ်းလိုက်ပြီး ကောင်းကင်သို့မော့ကြည့်ကာ ကြယ်လေးများသည် သူမ၏မျက်ဝန်းအတွင်း ရောင်ပြန်ဟပ်နေကြသည်။ ယဲ့ချန်၏အမြင်တွင် သူမက ကောင်းကင်၌ လွတ်လွတ်လပ်လပ် ပျံသန်းချင်သော ငှက်ကလေးတစ်ကောင်နှင့် ဆင်တူသည်။ သူကိုယ်တိုင်ကမူ မိသားစုနှင့် ချည်နှောင်ထားခြင်းခံရပြီး ရွေးချယ်စရာမရှိသည်မှလွဲ၍ ကောင်းကင်မူလကြယ်မှ ထွက်ခွာမည်မဟုတ်ပေ။ သို့သော်လည်း သူ၏မိသားစုကို ကာကွယ်ရန်အတွက် ကောင်းကင်မူလကြယ်၌ ထာဝရနေထိုင်ရန်လည်း မဖြစ်နိုင်ပေ။ စကြဝဠာအတွင်း ထူးဆန်းသော အရာများစွာ တည်ရှိနေပြီး အန္တရာယ်တစ်ခုခုက ရုတ်တရက်ရောက်ရှိလာလျှင် အရာအားလုံး ပျက်စီးသွားနိုင်သည်။ သူက ထိုအရာများအကြောင်းကို ပို၍နားလည်နိုင်စေရန် ကြိုးစားမှသာ ကြောက်စရာလိုမည် မဟုတ်ပေ။
"ယဲ့ချန် ငါ့ကို နင့်ဇနီးတွေအကြောင်း ပြောပြပေးနိုင်မလား"
ရောင်ယွမ်က ယဲ့ချန်ကို နောက်တစ်ခု တောင်းဆိုလိုက်သည်။ ဖြာကျနေသော လရောင်က သူမကို ပို၍လှပစေခဲ့ပြီး ပါးပြင်နှစ်ဖက်တွင် သွေးနီရောင်သန်းနေသည်။
"ဒါ...ဒါ ငါ ဘယ်လိုပြောရမလဲ"
ယဲ့ချန်က အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ ရောင်ယွမ်၏ အဖြူရောင်ဝတ်ရုံက လရောင်အောက်တွင် သူမ၏ကောက်ကြောင်းများကို အပြည့်အဝ မဖုံးကွယ်ပေးထားနိုင်သောကြောင့် သူ၏စိတ်ထဲတွင် ရေကန်နံဘေးမှ အဖြစ်အပျက်က ပြန်လည်ထင်ဟပ်လာသည်။ ရောင်ယွမ်က အမှန်တကယ် လှပသည်ဟု သူက ဝန်ခံနိုင်သော်လည်း မိတ်ဆွေဆက်ဆံရေးသာဖြစ်ပြီး ဇနီးလေးယောက်နှင့် ကွာခြားနေခဲ့သည်။
"မပြောချင်ရင်လည်း နေပေါ့"
သူမက ယဲ့ချန်ကို မျက်စောင်းတစ်ချက်ဝင့်ကာ နှုတ်ခမ်းဆူ၍ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ယဲ့ချန်က သူမကို မပြောချင်၍မဟုတ်ဘဲ မည်သည့်နေရာမှ စပြောရမည်ကို မသိခြင်းဖြစ်သည်။ ရောင်ယွမ်က ဤအကြောင်း ရုတ်တရက်မေးလာရသော အကြောင်းအရင်းကိုလည်း သူက မသိချေ။ သူမက ကောင်းကင်ထက်သို့ ရောက်သောအခါ ယဲ့ချန်၏ပုံရိပ်က တစ်စတစ်စသေးငယ်သွားခဲ့သည်။ ယဲ့ချန်၏အကြည့်ကြောင့် သူမက ရှက်သွေးဖြာခဲ့ရပြီး လရောင်အောက်တွင် ပျံသန်းနေရင်း အဝေးရှိ ကြယ်ကောင်းကင်ကို လှမ်းကြည့်လိုက်သောအခါ ဝမ်းနည်းမှုကြောင့် မျက်ဝန်းလေးများ ညှိုးငယ်သွားခဲ့သည်။
ကျိယွမ်ကြယ်သည် ထူးဆန်းစွာ တိတ်ဆိတ်နေပြီး နတ်အစေခံသုံးယောက်က အရာရာကို အုပ်ချုပ်နေစဥ် ယဲ့ချန်နှင့် ရောင်ယွမ်က မြင့်မြတ်ရေကန်အနီးတွင် ကျင့်ကြံနေခဲ့ကြသည်။ နယ်ခံများကို ကျင့်စဥ်များ သင်ကြားပေးသည့်အပြင် နတ်အစေခံသုံးယောက်က ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို မကြာခဏထောက်လှမ်းကာ ရန်သူများ၏အရိပ်အယောင်ကို စစ်ဆေးခဲ့သော်လည်း မတွေ့ခဲ့ရပေ။ ကောင်းကင်နတ်ဆိုးများက စကြာဝဠာအတွင်း လွတ်လပ်စွာ သွားလာနိုင်သော်လည်း သူတို့က မသွားနိုင်သောကြောင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။
ကောင်းကင်မူလကြယ်ပေါ်တွင် ဒုတိယယဲ့ချန်က ဧကရာဇ်ရော့၏ နတ်ဆိုးမျိုးစေ့ကို ဝါးမျိုပြီးနောက် နတ်ဆိုးချီများ ပို၍သိပ်သည်းလာသောကြောင့် အရှေ့ပိုင်းတိုက်ကြီးသို့ ထွက်ခွာလာခဲ့သည်။ သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့် ကျောက်စိမ်းနန်းတော်အတွင်း ဆက်လက်ခရီးဆန့်နိုင်သော်လည်း ဤကိုယ်ပွားတွင် နတ်ဆိုးချီများ ထွက်ပေါ်နေသည်။ ထို့ကြောင့် ကျန်ကိုယ်ပွားနှစ်ယောက်က ကျောက်စိမ်းနန်းတော်အတွက် စီစဥ်မည်ဖြစ်ကာ သူ၏ပန်းတိုင်က မရဏနန်းတော် ဖြစ်ပေသည်။ သူက တိုက်ကြီးတစ်ခုလုံးကို လှစ်ခနဲဖြတ်သန်းလာပြီး မရဏနန်းတော်အရှေ့မြေပြင်သို့ ရောက်ရှိလာခဲ့သည်။ မရဏနန်းတော်ဟု ရေးထိုးထားသော ကျောက်ပြားအကျိုးက တိတ်ဆိတ်စွာရှိနေပြီး ချုံနွယ်ပိတ်ပေါင်းများစွာက ပတ်ဝန်းကျင်တွင် မင်းမူနေကာ သက်တမ်းအလွန်ကြာနေပြီဖြစ်သော ခြေရာအချို့လည်း ရှိနေသည်။ ဤနေရာသို့ ရောက်သောအခါ သူက အတိတ်ကို ပြန်လည်သတိရလိုက်မိပြီး နင်အာ၊ ရှောင်ရိတို့နှင့်အတူ သေလုမျောပါးဖြစ်ခဲ့ရသည်။ သူတို့၏ကျင့်ကြံဆင့်က အလွန်နိမ့်ကျခဲ့ပြီး မရဏနန်းတော်သို့ မတော်တဆဝင်ရောက်မိခဲ့သောအခါ မိုးပျံကျောက်ရုပ်ကြီးများ၏ လိုက်လံတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ လက်ရှိတွင် သူက စစ်ဧကရာဇ်အဆင့် ဖြစ်သောကြောင့် ထိုကျောက်ရုပ်များကို အရေးစိုက်စရာမလိုသော်လည်း ထိုပုံရိပ်များက စိတ်အတွင်း ထင်ကျန်နေဆဲပင်ဖြစ်သည်။
ယဲ့ချန်သည် မရဏနန်းတော်အတွင်း လမ်းလျှောက်ဝင်ခဲ့ပြီး ကျယ်ဝန်းသော စင်္ကြံလမ်းတွင် လေအေးများ တသုန်သုန်တိုက်ခတ်နေသည်။ ခန်းမအတွင်း ရောက်သောအခါ နံရံပန်းချီများ တောက်ပလာသော်လည်း ပုံရိပ်ယောင်များက သူ့ကို မထိခိုက်နိုင်တော့ပေ။ သူက ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းရင်း ရှေ့ဆက်တိုးလာချိန်တွင် အေးစက်စက်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ သူက စစ်ဧကရာဇ်တစ်ယောက်ဖြစ်သော်လည်း ထိုအရှိန်အဝါကြောင့် ကျောရိုးထဲမှပင် စိမ့်တက်လာခဲ့သည်။ တိုက်ကြီးလေးခုတွင် မရဏနန်းတော်ခြောက်ခုရှိပြီး တိုက်တန်ခေါင်းဆောင်၏ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားသည်ဖြစ်ရာ ဤနန်းတော်တွင်လည်း အစိတ်အပိုင်းတစ်ခု ရှိပေလိမ့်မည်။ တိုက်တန်ခေါင်းဆောင်သည် ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲသွားသောအခါ ကြယ်သခင်တျန်းယွမ်ပင် မယှဥ်နိုင်ခဲ့ပေ။ သေရည်အိုးအခန်းကို ကျော်ဖြတ်လာပြီးနောက် ယဲ့ချန်က မိုးပျံကျောက်ရုပ်များထံ ရောက်ရှိလာသော်လည်း ၎င်းတို့က တုတ်တုတ်မျှမလှုပ်ခဲ့ပေ။ သူ၏နတ်ဆိုးချီက ရန်သူများကို အမှန်တကယ်လှည့်စားနိုင်နေသဖြင့် တည်တည်ငြိမ်ငြိမ် ရှေ့ဆက်လာသောအခါ အစီအရင်တစ်ခုရှေ့သို့ ရောက်လာခဲ့သည်။
ယဲ့ချန်က အစီအရင်ကို လက်ဖြင့်ထိတွေ့၍ စစ်ဆေးနေစဥ် နတ်ဆိုးချီများက တစ်ခုခုရှာတွေ့သွားဟန်ဖြင့် ရုန်းကန်လာသောကြောင့် ထုတ်လွှတ်ပေးလိုက်သည်။ အချိန်ခဏအကြာတွင် အစီအရင်က သူ့ကို ဖြတ်သန်းခွင့်ပေးလိုက်ပြီး ခန္ဓာကိုယ်က ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ သူက အစီအရင်အတွင်းသို့ ရောက်သောအခါ ထွက်ပေါက်၌ စစ်ဧကရာဇ်အဆင့်ငါး မှော်သားရဲနှစ်ကောင် စောင့်ကြပ်နေသည်ကို တွေ့ခဲ့ရသည်။ ၎င်းတို့က လူကိုယ်နှင့် ကျားခေါင်း ပိုင်ဆိုင်ထားကာ အရပ်သုံးမီတာမြင့်၍ သံမဏိခက်ရင်းကြီးများ ကိုင်ဆောင်ထားသဖြင့် ရက်စက်ကြမ်းကြုတ်သော အသွင်ကိုဆောင်သည်။ သူတို့က ယဲ့ချန်ကို မြင်သော်လည်း နတ်ဆိုးအရှိန်အဝါကြောင့် ဘက်တူချင်းထင်မှတ်ကာ မျက်နှာလွှဲသွားကြသည်။ အစီအရင်၏ချိတ်စည်းက အလွန်သန်မာပြီး နဂါးဘုရင်ပင် အပြင်ဘက်မှ မဖျက်ဆီးနိုင်ကြောင်း ပြောဖူးသဖြင့် ယဲ့ချန်က အံ့သြနေခဲ့သည်။ မရဏနန်းတော်၏ချိတ်စည်းအတွင်း ကမ္ဘာတစ်ခုအလား တည်ရှိနေသည်ကို သူက မျှော်လင့်မထားပေ။ တံခါးစောင့်များပင် စစ်ဧကရာဇ်အဆင့်ငါး ကျင့်ကြံသူများ ဖြစ်နေကြသည်။
ယဲ့ချန်က ရှည်လျားကျယ်ဝန်းသော ဥမင်တစ်ခုအတိုင်း ရှေ့တက်လာခဲ့သောအခါ လမ်းအဆုံးတွင် ဧရာမတည်နေရာပြောင်း အစီအရင်တစ်ခုကို တွေ့လိုက်ရသည်။
"အထဲကိုဝင်"
အစီအရင်ဘေးတွင် အသက်ကြီးကြီး မိန်းမဝကြီးတစ်ယောက် ထိုင်နေပြီး ယဲ့ချန်ကို မော့ကြည့်၍ နတ်ဆိုးအရှိန်အဝါကို ခံစားရသောအခါ ခပ်အက်အက်အသံဖြင့် ပြောလာခဲ့သည်။
"ဒီနေရာမှာ ဘာကြောင့် တည်နေရာပြောင်းအစီအရင်တစ်ခု ရှိနေရတာလဲ။ ဒီအစီအရင်ကရော ဘယ်ကို ဦးတည်နေတာလဲ"
ယဲ့ချန်၏စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသော်လည်း အရာရာကို သိဟန်ဆောင်လိုက်ရသည်။
"မင်းမှာ မိစ္ဆာရွှေပါလား"
သူက အစီအရင်အတွင်း ဝင်မည်ပြုစဥ် မိန်းမကြီးက မျက်မှောင်ကြုတ်၍ အေးစက်စက်မေးလာခဲ့သည်။
"ဒါလား"
ယဲ့ချန်က သိုလှောင်အိတ်အတွင်းမှ မိစ္ဆာရွှေနှစ်ပြားထုတ်ယူ၍ မေးလိုက်ခြင်းဖြစ်သည်။ သူက ဆည်းဆာရွှေသန်းချီတန်သော မိစ္ဆာရွှေကို ထုတ်သုံးနိုင်သည်အထိ ချမ်းသာနေပြီဖြစ်သည်။
"ငါ့ကို ပေးစမ်း"
မိန်းမကြီးက ၎င်းကိုမြင်သောအခါ မြေခွေးအိုတစ်ကောင်ကဲ့သို့ ပြုံးလိုက်ပြီး ယဲ့ချန်၏လက်ထဲမှ ဆတ်ခနဲဆွဲလုကာ သိုလှောင်အိတ်ကို လောတဘကြီး ကြည့်လာခဲ့သည်။ ယဲ့ချန်က မျက်မှောင်ကြုတ်၍ စစ်ဧကရာဇ်အရှိန်အဝါကို ထုတ်ဖော်ကာ ဖိအားပေးလိုက်သည်။
"မင်းက စစ်ဧကရာဇ်တစ်ယောက်ဖြစ်နေမယ်လို့ မထင်ထားဘူး။ ဒီအဘွားကြီးက မျက်လုံးရှိပေမယ့် အမြင်ကန်းနေလို့ ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး ဝင်ပါ။ ဘယ်မြို့ကို သွားမလဲဆိုတာကို သိခွင့်ရှိမလား"
မိန်းမကြီးက ဖိအားကြောင့် တင်းကျပ်သွားသောအခါ ဖားယားသောလေသံဖြင့် တောင်းပန်လာခဲ့သည်။ သို့သော်လည်း သူမက မိစ္ဆာရွှေနှစ်ပြားကို သူမ၏အိတ်ကပ်အတွင်း သိမ်းဆည်းလိုက်လေသည်။