← Chapters

ပဋိပက္ခမှာ အစွမ်းအထက်ဆုံး

Vol. 91 Ch. 952

ပဋိပက္ခမှာ အစွမ်းအထက်ဆုံး

Vol. 91 Ch. 952

‘တာအိုဖန်တီးရှင်...’

ဟန်ကျွယ်ဟာ အသံထွက် ရယ်လုနီးပါပဲ။ စနစ်ကသာ တစ်ဖက်လူကို တစ်ချက်တည်းသတ်နိုင်တယ်လို့ မပြောထားရင် ဟန်ကျွယ် လန့်သွားမှာပါ။ ဟန်ကျွယ်ဟာ သက်တမ်း ၁၀၀ ထရီလီယံသုံးပြီး တစ်ဖက်လူကို တစ်ချက်တည်း သတ်နိုင်တယ်လို့ တွက်ချက်ရရှိထားတဲ့အတွက် တစ်ဖက်လူက တာအိုဖန်တီးရှင် အစစ် မဟုတ်ဘူးဆိုတာကို အတပ်သိနေပါတယ်။

‘ဒီကောင်က အတော်မောက်မာတာပဲ... ထူးတော့ မထူးဆန်းပါဘူးလေ... ဒီကောင်က တာအိုဖန်တီးရှင်အစစ်ကိုမှ မတွေ့ဖူးတာ၊ ကျင့်ကြံမှုလေး နည်းနည်းတိုးတာနဲ့ သူ့ကိုယ်သူ တာအိုဖန်တီးရှင်လို့ ထင်နေတယ်’

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်း တာအိုဖန်တီးရှင်ဆိုတာကို ကြားဖူးလား၊ တာအိုဖန်တီးရှင်က ပဋိပက္ခနိယာမတွေရဲ့ ကန့်သတ်မှု မခံရဘဲ အရာအားလုံးကို ဖန်တီးနိုင်စွမ်း ရှိတယ်၊ ဒီဗလာနယ်မြေထဲမှာလည်း လိုသလို သွားလာနိုင်စွမ်း ရှိတယ်၊ ဒီနေရာမှာ ပဋိပက္ခစိတ်ဆန္ဒက တာအိုဖန်တီးရှင်ကို ဒုက္ခမပေးနိုင်ဘူး” သောကမဲ့ အင်မော်တယ်ဟာ လက်မြှောက်ပြီး မှိုရတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “မင်းပြောသလိုဆို ငါလည်း ဒီနေရာမှာ လျှောက်သွားနိုင်တော့ တာအိုဖန်တီးရှင်လို့ ယူဆရမှာလား...”

သောကမဲ့ အင်မော်တယ်ရဲ့ မျက်နှာဟာ ဟန်ကျွယ်စကားကြောင့် ခဲသွားပါတယ်။

ဟန်ချင်းအာ “ခစ်... ဖေဖေ... သူ့ကို ကြောက်အောင် ခြောက်နေတာလား...”

ကျန်းကျွယ်ရှီနဲ့ ဟန်ဟွမ်လည်း ပြုံးလိုက်ပါတယ်။

သောကမဲ့ အင်မော်တယ်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “အဲဒီလောက်ထိ မရိုးရှင်းဘူး၊ ဒီလိုဆိုမှတော့ တိုက်ခိုက်ကြမယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်လောက်စွမ်းလဲဆိုတာ ကြည့်ရအောင်”

ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ အရိပ်တွေ ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။

ဓမ္မရုပ်တုပေါင်းစပ် ပညာရပ်။

သောကမဲ့ အင်မော်တယ်ဟာ အလျင်စလို မတိုက်ခိုက်ဘဲ လခြမ်းကျောက်စိမ်းနီကို ထုတ်ယူလိုက်ပါတယ်။ ဒီလခြမ်းကျောက်စိမ်းနီက ထုတ်လွှတ်လိုက်တဲ့ အလင်းရောင်ဟာ ဗလာနယ်မြေကို ခဲသွားစေပါတယ်။ သောကမဲ့ အင်မော်တယ်ဟာ ဟန်ကျွယ် ထွက်မပြေးနိုင်အောင် လုပ်လိုက်တာပါ။

အဲဒီနောက် သောကမဲ့ အင်မော်တယ် လက်မြှောက်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်တဲ့ ခရမ်းရောင်ချီအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီခရမ်းရောင်ချီတွေထဲမှာ ရုပ်သွင်တွေဟာ အပြင်ထွက်ဖို့ ရုန်းကန် ကြိုးစားနေကြပါတယ်။ တော်တော်လေး ကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းပါ။

အဲဒီနောက် ခရမ်းရောင်ချီတွေဟာ ပေဆယ်သန်းကျော် မြင့်မားတဲ့ ကြောက်မက်ဖွယ် အရိပ်ဘီလူးကြီးအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီအရိပ်ဘီလူးကြီးက သောကမဲ့ အင်မော်တယ်နဲ့ ဆင်တူပြီး ခေါင်းနှစ်ခေါင်း မရှိတော့ပါဘူး။ ဝေ့လန်ရှန်မိရဲ့ မျက်နှာက အရိပ်ဘီလူးကြီးရဲ့ ရင်ဘက်မှာ ပေါ်လာပါတယ်။ တခြားရုန်းကန်နေတဲ့ ရုပ်သွင်တွေနဲ့ မတူတာက ဝေ့လန်ရှန်မိရဲ့ မျက်နှာဟာ အိပ်မောကျနေတဲ့အတိုင်း မျက်လုံးမှိတ်ထားပါတယ်။

လခြမ်းကျောက်စိမ်းနီဟာ သောကမဲ့အင်မော်တယ်ရဲ့ မျက်ခုံးကြားမှာ ဆင်းသက်ပြီး တတိယမျက်လုံး ဖြစ်သွားပါတယ်။

“သူ ဘာလုပ်နေတာလဲ” ဟန်ချင်းအာနဲ့ ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်က ပြန်မဖြေပါဘူး။ ဟန်ကျွယ်ဟာ သောကမဲ့ အင်မော်တယ်ရဲ့ လှုပ်ရှားမှုတွေကို ဂရုမစိုက်အားပါဘူး။ နတ်ဘီလူးဓမ္မရုပ်တုတွေ အကုန်လုံးကို ပေါင်းစပ်နေလို့ပါ။

ဟန်ကျွယ်ဟာ ဝဲကတော့နက်ရှေ့မှာ ရပ်ပြီး သောကမဲ့ အင်မော်တယ် တတိယ တာအိုစက်ကွင်းထဲ စိမ့်ဝင်မှာကို ကာကွယ်ပါတယ်။

“ဟားဟား... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်း ခံစားမိရဲ့လား... ဒီကျယ်ပြောလှတဲ့ ရောင်ဝါကို... ဒါ တာအိုဖန်တီးရှင်ရဲ့ စွမ်းအားပဲ၊ ငါ မင်းကို အရမ်းလေးစားပါတယ်၊ ကံဆိုးချင်တော့ မင်းက မူမှား ဖြစ်နေတယ်၊ သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒက မင်းကို သေစေချင်နေတော့ ငါ မင်းကို အသက်ရှင်ခွင့် မပေးနိုင်ဘူး”

“ငရဲပြည်ဆီသွားတော့...”

သောကမဲ့ အင်မော်တယ်ဟာ အရူးအမူး ရယ်မောပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ ချက်ချင်းဆိုသလို သောကမဲ့ အင်မော်တယ်ရဲ့ ပေဆယ်သန်းကျော် မြင့်မားတဲ့ ခန္ဓာကိုယ်ဟာ ခရမ်းရောင် မုန်တိုင်းအသွင် ပြောင်းလဲပြီး ဟန်ကျွယ်ဆီ တစ်ဟုန်ထိုး တိုက်ခိုက်လိုက်ပါတယ်။ ဘေးနားဝန်းကျင်က အလောင်းတွေလည်း ရုတ်ခြည်း အမှုန့် ဖြစ်သွားပါတယ်။

ကျန်းကျွယ်ရှီနဲ့ ဟန်ဟွမ်ဟာ နှလုံးလှုပ်သွားပါတယ်။ ဟန်ချင်းအာကတော့ မျက်နှာမှာ သွေးမရှိတော့ပါဘူး။ အတော်ကို ကြောက်ဖို့ကောင်းတဲ့ ဖိအားပါ။ ကျန်းကျွယ်ရှီတို့ဟာ ဒီလိုမျိုးကြီးမားတဲ့ အင်အားကို တစ်ခါမှ မခံစားဖူးခဲ့ပါဘူး။ ဒါက ဟန်ကျွယ်ပေါ်လာတုန်းက ရောင်ဝါထက်တောင် ပိုအားကောင်းနေပါတယ်။ ဒါကြောင့် ကျန်းကျွယ်ရှီတို့ဟာ မနေနိုင်ဘဲ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ကျောပြင်က ဟန်ဟွမ်တို့ကို မျက်နှာပြုထားပါတယ်။ လေပြင်းတွေ လှိုင်းတွေ ဘယ်လောက် တိုက်ခိုက်တိုက်ခိုက် ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်က တစ်စက်ကလေးတောင် တုန်ယင်သွားခြင်း မရှိပါဘူး။ ဒါကြောင့် ဟန်ဟွမ်တို့တွေဟာ နည်းနည်း စိတ်သက်သာသွားကြပါတယ်။ ဟန်ကျွယ် ရှေ့မှာ ရှိနေတာကြောင့် သူတို့တွေဟာ လုံးဝ လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။

“ဘယ်လောက်တောင် မောက်မာလိုက်လဲ”

ဒီတစ်ခါ ဟန်ကျွယ်ရဲ့ အသံဟာ အရင်နဲ့ မတူဘဲ အေးစက်လေးနက်ကာ သတ်ဖြတ်ငွေ့တွေ ပြည့်နေပါတယ်။ နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်စုစည်းပြီး ဟန်ကျွယ်ရှေ့မှာ အန္တိမမူလ စွမ်းအား ဖြစ်ပေါ်လာပါတယ်။

အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ အတောမသတ်နိုင်တဲ့ အနီရောင်အလင်းကို ထုတ်လွှတ်ပြီး တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ သောကမဲ့ အင်မော်တယ်ကို ဝင်တိုက်ပါတယ်။

အလွန်တရာ မြန်ဆန်လွန်းတဲ့အတွက် ကျန်းကျွယ်ရှီတို့တွေဟာ သူတို့ရှေ့မှာ အနီရောင်အလင်း လျှပ်သွားတာကိုသာ မြင်လိုက်ကြရပါတယ်။ အဲဒီနောက် ရုတ်ခြည်းဆိုသလို ကြောက်မက်ဖွယ် ခရမ်းရောင်မုန်တိုင်း ပေါက်ကွဲထွက်သွားပြီး သူတို့ရှေ့က အရာအားလုံး ပျက်သုဉ်းကာ ဗလာနယ်မြေပဲ ကျန်နေခဲ့ပါတော့တယ်။

အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ကျော်လွန်သွားတဲ့အခါ နောက်မှာ ခေါင်းတစ်ခေါင်းပဲ ချန်ရစ်ထားခဲ့ပါတယ်။ သောကမဲ့ အင်မော်တယ် ပေါင်းစပ်ထားတဲ့ ပါရမီရှင်တွေကိုတော့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်က စုပ်ယူသွားပါတယ်။

သောကမဲ့ အင်မော်တယ်ဟာ မျက်လုံးပြူးသွားပြီး မျက်နှာတစ်ခုလုံး တုန်ယင်ကာ ပါးစပ်လည်း မဲ့သွားပါတယ်။

“မဖြစ်နိုင်ဘူး... ငါက တာအိုဖန်တီးရှင်... မဖြစ်နိုင်ဘူး...” သောကမဲ့ အင်မော်တယ်ဟာ အဖြစ်အပျက်တွေကို လက်မခံနိုင်ပါဘူး။

ဒါကို ကြည့်ပြီး ဟန်ဟွမ်တို့ သုံးယောက်ဟာ တော်တော်လေးကို နေသာထိုင်သာ ရှိသွားပါတယ်။

ဟန်ချင်းအာက အပြုံးနဲ့ “တာအိုဖန်တီးရှင်က ဒီလောက်ပဲလား...”

သောကမဲ့ အင်မော်တယ်ဟာ အမျက်ချောင်းချောင်း ထွက်ပြီး မျက်လုံးတွေ နီရဲသွားပါတယ် “မင်းက ငါ့ကို စော်ကားရဲတာလား၊ အသက်မရှင်ချင်တော့ဘူးနဲ့ တူတယ်”

သောကမဲ့ အင်မော်တယ်ဟာ သူ့ခန္ဓာကိုယ်ကို တစ်ဖန် ပြန်ဖန်တီးပြီး နဖူးပေါ်က လခြမ်းကျောက်စိမ်းနီကို ဆွဲထုတ်ကာ ခြေမွှလိုက်ပါတယ်။ လခြမ်းကျောက်စိမ်းနီဟာ အမှုန့်ဖြစ်ပြီး သောကမဲ့ အင်မော်တယ်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားပါတယ်။ အဲဒီနောက် သောကမဲ့ အင်မော်တယ်ဟာ နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။

ဟန်ချင်းအာဟာ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ကို ခံစားမိပြီး အလွန်ကြောက်လန့်ကာ မျက်နှာတစ်ခုလုံး သွေးဆုတ်သွားပါတယ်။၊

ဒီအချိန်မှာ ဟန်ကျွယ်ဟာ ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပါတယ်။ သောကမဲ့ အင်မော်တယ်ဟာ ပုံစံစစ်နဲ့ ပြန်ပေါ်လာပါတယ်။ ဒါပေမဲ့ သောကမဲ့ အင်မော်တယ်ရဲ့ လည်ပင်းကို ဟန်ကျွယ်က ညှစ်ထားပါတယ်။

“မင်း...”

သောကမဲ့ အင်မော်တယ်ဟာ မျက်လုံးပြူးသွားပြီး အံကြိတ်ကာ မေးလိုက်ပါတယ် “မင်းလည်း တာအိုဖန်တီးရှင်ပဲလား... မင်းဓမ္မစွမ်းအားက...”

ဟန်ကျွယ်ဟာ သောကမဲ့ အင်မော်တယ်ကို စောင်းပြီး တစ်ချက်ကြည့်လိုက်ပါတယ် “တာအိုဖန်တီးရှင်က ဘာလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ မင်း ငါ့ကလေးတွေနဲ့ တပည့်တွေကို ထိခိုက်အောင် မလုပ်သင့်ဘူး၊ ပဋိပက္ခက ငယ်လူတွေကိုလည်း မဖမ်းသင့်ဘူး၊ ငါ မင်းနာမည်ကိုလည်း မသိဘူး၊ ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူး”

“ဝုန်း...”

သောကမဲ့ အင်မော်တယ်ဟာ ရုတ်တရက် အမှုန့်ဖြစ်သွားပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ဟန်ကျွယ်လက်ထဲက ပျံထွက်လာပြီး ချက်ချင်း အကြီးကြီး ဖြစ်သွားပါတယ်။ တစ်ချက်ကြည့်ရင် သောကမဲ့ အင်မော်တယ်က အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကြောင့် ကွဲကြေသွားတဲ့အတိုင်းပါပဲ။

ဟန်ကျွယ်ဟာ နဂိုအတိုင်း ပြန်ဖြစ်သွားတဲ့ လခြမ်းကျောက်စိမ်းနီကို ချက်ချင်း ကောက်သိမ်းလိုက်ပါတယ်။ ဒါက အန္တိမတာအိုရတနာ ဖြစ်တဲ့အတွက် ဟန်ကျွယ် လက်လွတ် မခံနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီတို့ သုံးယောက်ကို တစ်ချက် ကြည့်လိုက်ပြီး အန္တိမမူလ စွမ်းအားနဲ့ ဝဲကတော့နက်ထဲ ကောက်ရွှေ့ကာ တတိယ တာအိုစက်ကွင်းထဲ ပြန်ပစ်ထည့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပြန်ဖို့ ပြင်လိုက်ပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ခဏ စောင့်ပါဦး”

အသံလာရာကို လှမ်းကြည့်လိုက်တဲ့အခါ လျင်မြန်စွာလာနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။

ဒီပုဂ္ဂိုလ်က... မင်လင်းမယ်တော်ပါ။

ဟန်ကျွယ်ဟာ မင်လင်းမယ်တော်ကို စွဲနေအောင် မှတ်မိပါတယ်။ ကောင်းကင်တာအိုကို ရေစက်တစ်စက်တည်းနဲ့ ထိုးထောက်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဟန်ကျွယ် တော်တော်လေး ကြောက်သွားခဲ့ပါတယ်။

“မင်းက ဘယ်သူလဲ” ဟန်ကျွယ်က သိပေမဲ့လည်း မသိချင်ယောင် ဆောင်ရပါတယ်။

မင်လင်းမယ်တော်ဟာ ရပ်လိုက်ပါတယ် “ငါက ပဋိပက္ခ မဟာတာအို နတ်စိတ်ဝိညာဉ် မင်လင်းမယ်တော်ပဲ၊ ငါ အနားမှာရှိတုန်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သောကမဲ့ အင်မော်တယ်ကို သတ်တာ တွေ့လိုက်ရလို့ သောကမဲ့ အင်မော်တယ်အကြောင်း ပြောပြဖို့ ရောက်လာတာပါ၊ သောကမဲ့ အင်မော်တယ်က အခုထိ မသေသေးဘူး”

‘သောကမဲ့ အင်မော်တယ်... ခုနကကောင်ရဲ့ နာမည်လား...’ ဟန်ကျွယ်က မင်လင်းမယ်တော်ကို ပြန်မေးလိုက်ပါတယ် “အဲဒါဆို အဲဒီကောင် ဘယ်မှာ ပုန်းနေတာလဲ”

ဟန်ကျွယ်ဟာ သောကမဲ့ အင်မော်တယ်ဆီကနေ မုန်းတီးမှု အသိပေးချက်ကို မရရှိသလို သောကမဲ့ အင်မော်တယ်ရဲ့ ရောင်ဝါကိုလည်း အာရုံမခံမိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သောကမဲ့ အင်မော်တယ် သေသွားပြီလို့ ယူဆခဲ့တာပါ။

မင်လင်းမယ်တော် “သောကမဲ့ အင်မော်တယ်က ပဋိပက္ခထဲမှာရှိတဲ့ ပထမဆုံးသက်ရှိတွေထဲက တစ်ယောက်ပဲ၊ ထာဝရ တည်ရှိနိုင်ဖို့ သူက သူ့ကျင့်ကြံမှုကို စတေးပြီး ပဋိပက္ခစိတ်ဆန္ဒနဲ့ ပေါင်းစပ်ခဲ့တယ်၊ အဲဒါလိုလုပ်ခဲ့လို့ လွတ်လပ်မှု ကံကြမ္မာနဲ့ ထာဝရအသက်ကို ရရှိသွားခဲ့တယ်၊ သူက ခေတ်ရှည်ကြီးတိုင်းမှာ ပေါ်လာတတ်တယ်၊ သူပေါ်လာတာနဲ့ ပဋိပက္ခစိတ်ဆန္ဒ ပြန်ရှင်သန်လာတော့မယ်ဆိုတာကို သိနိုင်တယ်၊ ကြည့်ရတာ ပဋိပက္ခရဲ့ စိတ်ဆန္ဒက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ပစ်မှတ်ထားချင်ပုံပဲ၊ အရင်တစ်ခေါက် ပဋိပက္ခစိတ်ဆန္ဒ နိုးတုန်းက တာအိုဘိုးဘေးကို သက်ရှိအားလုံးရန်သူ ဖြစ်အောင် လုပ်ခဲ့တယ်”

မင်လင်းမယ်တော်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သတိပေးရဦးမယ်၊ ပဋိပက္ခစိတ်ဆန္ဒက အစွမ်းအထက်ဆုံး တည်ရှိမှုပဲ၊ ရှင် သူနဲ့ ထိပ်တိုက်တွေ့လို့ မရဘူး၊ ကောင်းကင်တာအိုက ပန်ကူးနဲ့ တာအိုဘိုးဘေးနှစ်ယောက်စလုံး ကျရှုံးခဲ့တယ်”

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး မေးလိုက်ပါတယ် “ပန်ကူးကို ပဋိပက္ခ နတ်ဘီလူးသုံးထောင် ဝိုင်းတိုက်တာက ဒီအကြောင်းကြောင့်လား”

“ဟုတ်တယ်၊ အဲဒီတုန်းက ပန်ကူးက မဟာတာအိုအဆင့်ကို မရောက်သေးဘူး၊ ပဋိပက္ခစိတ်ဆန္ဒက ပဋိပက္ခထဲမှာရှိတဲ့ အစွမ်းအထက်ဆုံးလူကို ပစ်မှတ်ထားတာ၊ သေရင်သေ မသေရင် အညံ့ခံရလိမ့်မယ်” မင်လင်းမယ်တော်က လေသံမပျက် ပြန်ဖြေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters