မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု
Vol. 91 Ch. 953
“ပဋိပက္ခ ဖန်တီးမှုပြီးကတည်းက နှစ်ပေါင်း မရေမတွက်နိုင်အောင် ကုန်ဆုံးခဲ့ပြီ၊ ပန်ကူးနဲ့ တာအိုဘိုးဘေးပဲ ပထမဆုံး အထွတ်အထိပ် ပြိုင်ဘက်ကင်းသလွန်ပေါ်မှာ ထိုင်နိုင်ခဲ့ကြတယ်၊ သူတို့ခေတ်မှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်က သုံးဆယ်မကဘူး၊ သူတို့အကုန်လုံး ပဋိပက္ခစိတ်ဆန္ဒရဲ့ ခြေထောက်အောက်မှာ ပြားပြားဝပ်ခဲ့ရတယ်၊ တချို့ကသေပြီး တချို့က အမင်္ဂလာ မကောင်းဆိုးဝါးတွေ ဖြစ်သွားကြတယ်၊ သူတို့ရဲ့ ရန်ငြိုးတွေက ပဋိပက္ခကို အမြဲတမ်း ကလဲ့စားချေချင်နေကြတယ်၊ တချို့က တာအိုမိစ္ဆာတွေ ဖြစ်သွားပြီး သူတို့ရဲ့မျိုးဆက်တွေ အသိဉာဏ်ရနိုင်အောင် အမွေအနှစ်တွေ လက်ဆင့်ကမ်းခဲ့ကြတယ်၊ ဒီအကြောင်းကြောင့် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် မွေးဖွားလာခဲ့တာ၊ ဒါပေမဲ့ သူက အစွမ်းအထက်ဆုံး မဖြစ်သေးဘူး”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကြောင့်သာ မဟုတ်ရင် ဒီခေတ်က ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ခေတ်ဖြစ်မှာ၊ သူက လောကဦး ဘိုးဘေးနတ်ဘုရားနဲ့ တာအိုဘိုးဘေးကို အနိုင်ယူပြီး ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံးအဆင့်ကို ရောက်သွားမှာ၊ ဒါပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပေါ်လာတာက ကံကြမ္မာကို ပြောင်းလဲစေပြီး ပဋိပက္ခစိတ်ဆန္ဒ အာရုံစိုက်အောင် လုပ်လိုက်တယ်”
မင်လင်းမယ်တော်ရဲ့ လေသံက အလွန်တရာမှ တည်ငြိမ်နေပေမဲ့ ဟန်ကျွယ်အကြောင်းကို ခမ်းနားထည်ဝါတဲ့ ဇာတ်လမ်းတစ်ပုဒ်လို ပြောနေပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါဆို... မင်လင်းမယ်တော်က ငါ့ကို အညံ့ခံဖို့ အကြံပေးချင်တာလား”
“ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဖြစ်လာမှတော့ ဒီအတိုင်းအညံ့ခံလို့ ဘယ်ဖြစ်မလဲ၊ တိုက်ခိုက်လို့ရတယ်၊ တစ်ဖက်စွန်းသာ မရောက်စေနဲ့၊ မနိုင်လို့ အညံ့ခံတာက ရှက်စရာ မဟုတ်ဘူး၊ ဆက်ရှိနေမှ အဓိပ္ပာယ်ရှိတာ၊ ရှေးခေတ်ကတည်းက အထွတ်အထိပ် တည်ရှိမှု သုံးဆယ်ကျော် ကျရှုံးခဲ့ပြီးပြီ၊ ခေါင်းငုံံ့ခဲ့တဲ့ လူအကုန်လုံးက မဟာတာအိုထက် သာလွန်သွားတဲ့ တည်ရှိမှုတွေပဲ”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ် ‘ငါ့ကို ဘာတွေ လာပြောနေတာလဲ... ငါက ဘာလို့ လက်လျှော့ရမှာလဲ’
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ကိစ္စတစ်ခုကို နားလည် သဘောပေါက်သွားပါတယ်။ အဲဒါက ပဋိပက္ခစိတ်ဆန္ဒဟာ တာအိုဖန်တီးရှင်တွေအတွက် ကပ်ဘေးတစ်ခုဆိုတာပါပဲ။ ဟန်ကျွယ် ကျရှုံးတာနဲ့ တာအိုဖန်တီးရှင်ဖြစ်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး။
‘ပဋိပက္ခမှာ တာအိုဖန်တီးရှင်ငါးပါးပဲရှိတာ မအံ့ဩတော့ပါဘူး’
ဟန်ကျွယ်က မေးလိုက်ပါတယ် “သောကမဲ့ အင်မော်တယ်ပြောတဲ့ တာအိုဖန်တီးရှင်အဆင့်က မဟာတာအို အထွတ်အထိပ်အဆင့်ပြီး နောက်တစ်ဆင့်လား”
မင်လင်းမယ်တော်က ခပ်ယဲ့ယဲ့ ပြန်ဖြေပါတယ် “အဲဒီလိုမျိုး ဒဏ္ဍာရီရှိတာ အမှန်ပဲ၊ ဒါပေမဲ့ ဝိုးတိုးဝါးတားနဲ့ မှန်လား မှားလားဆိုတာ ပြောဖို့ခက်တယ်၊ ငါ့အထင်တော့ မဟာတာအိုပညာရှိချုပ်က လမ်းဆုံးပဲ ထင်တယ်၊ နောက်ကျရင် စွမ်းအားချင်းပဲ ကွာခြားလိမ့်မယ်၊ ကျင့်ကြံမှုအဆင့် ကွာခြားတော့မှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “မင်လင်းမယ်တော်ရဲ့ သတိပေးမှုအတွက် ကျေးဇူးပါပဲ... နှုတ်ဆက်ခဲ့ပါတယ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲ ဝင်လိုက်ပါတယ်။ ဝဲကတော့နက်ဟာ ကျုံ့ဝင်ပြီး ပျောက်ကွယ်သွားပါတယ်။
မင်လင်းမယ်တော်ဟာ နေရာမှာ တိတ်တဆိတ်ရပ်ပြီး တစ်စုံတစ်ခုကို တွေးတောနေပါတယ်။
.....
တတိယ တာအိုစက်ကွင်း၊ တာအိုဘုံကျောင်းအတွင်း။
ကျန်းကျွယ်ရှီ၊ ဟန်ဟွမ်နဲ့ ဟန်ချင်းအာတို့ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရမှာ စိတ်သက်သာရာ ရသွားကြပါတယ်။
ဟန်ချင်းအာက စိတ်လှုပ်တရှား မေးလိုက်ပါတယ် “အဲဒီကောင် လုံးဝ သေသွားပြီလား”
“မသေသေးဘူး၊ အဲဒီကောင်က နောက်ကျရင် အသက်ပြန်ရှင်လာဦးမှာ၊ သူက ပဋိပက္ခစိတ်ဆန္ဒနဲ့ ပေါင်းစပ်ထားတာဆိုတော့ မသေနိုင်ဘူးလို့ ပြောလို့ရတယ်”
ဟန်ကျွယ်ရဲ့ အဖြေကြောင့် ကျန်းကျွယ်ရှီတို့သုံးယောက်ဟာ မျက်နှာပျက်သွားပါတယ်။
“မင်းတို့ သွားကြတော့... မင်းတို့တွေ ပဋိပက္ခမှာ လျှောက်သွားချင်သေးလည်း ရတယ်၊ သောကမဲ့ အင်မော်တယ်က လောလောဆယ် အသက်ပြန်ရှင်လာဦးမှာ မဟုတ်သေးဘူး၊ တကယ်လို့ အသက်ပြန်ရှင်လာခဲ့ရင်တောင် ငါ့ကိုပဲ အာရုံစိုက်မှာ၊ မင်းတို့ကို အာရုံစိုက်အားမှာ မဟုတ်ဘူး”
ဟန်ကျွယ် ဟန်ဟွမ်တို့ကို ပဋိပက္ခထဲ လျှောက်သွားခွင့်ပေးတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ပဋိပက္ခစိတ်ဆန္ဒကို ပြဿနာရှာစေချင်တာကြောင့်ပါ။
ကျန်းကျွယ်ရှီတို့ သုံးယောက်ဟာ ဟန်ကျွယ်ကို ဦးညွှတ်ပြီး ထွက်ခွာသွားကြပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲက ပါရမီရှင်တွေကို ကောင်းကင်တာအို အပြင်ဘက် လွှတ်လိုက်ပါတယ်။
[ပဋိပက္ခသိစိတ်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါ မှင်တက်သွားပြီးနောက် ပြုံးမိလိုက်ပါတယ်။ သူ့သရုပ်ဆောင်ချက်က အလကားဟသ မဖြစ်ဘူး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ရင်ဆိုင်ကတည်းက ပဋိပက္ခထဲက သက်ရှိအားလုံးအတွက်ဆိုတဲ့ အမှန်တရားအလံကို ကိုင်စွဲထားခဲ့တာပါ။ အခုလည်း ပဋိပက္ခသိစိတ် ပျိုးထောင်ထားတဲ့ ပါရမီရှင်ကို ကယ်လိုက်တာကြောင့် မျက်နှာသာပေးမှု ရလိုက်တာ သိပ်တော့ မဆန်းပါဘူး။
ဟန်ကျွယ်ဟာ သူ့လှုပ်ရှားမှုတွေက ပြီးပြည့်စုံတယ်လို့ ခံစားလိုက်ရပါတယ်။ သူက မူမှားလို့ ပြောလို့ရပေမဲ့ သူ့အပြစ်တွေက တောင်လိုပုံနေတယ်လို့တော့ ပြောမရပါဘူး။
‘ပဋိပက္ခသိစိတ်က ငါ့ကို အကောင်းမြင်စိတ် ရှိတယ်ဆိုတော့ ပဋိပက္ခစိတ်ဆန္ဒနဲ့ ဘာမှမဆိုင်လောက်ဘူး ထင်တယ်၊ ကြည့်ရတာ တာအိုဖန်တီးရှင်တွေက ငါ ပဋိပက္ခကို မဖျက်ဆီးချင်ရင် ငါ့ကို ဂရုမစိုက်ဘူးနဲ့ တူတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်က အမှောင်သခင်ကြီးကို အာရုံစိုက်ခဲ့တာ သတိရသွားပါတယ်။
‘ပဋိပက္ခသိစိတ်က အမှောင်သခင်ကြီးကို ဘာဖြစ်လို့ အာရုံစိုက်တာလဲ၊ ဘာအကြောင်းကြောင့်များလဲ...’
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပေမဲ့ စဉ်းစားမရပါဘူး။
သူ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုထဲမှာ ရှိပြီး ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို လူတိုင်းလိုလို သိကြပါတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီးကတော့ ဒီလိုမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်လွန်းပါတယ်။
‘အချိန်တစ်ခုကြာရင် ငါ သောကမဲ့ အင်မော်တယ်ကို ကျိန်စာတိုက်ပြီး ပဋိပက္ခစိတ်ဆန္ဒကို အားနည်းအောင် လုပ်နိုင်မလားဆိုတာ စမ်းကြည့်ရမယ်’
အဲဒီနောက် ဟန်ကျွယ်ဟာ လခြမ်းကျောက်စိမ်းနီကို ထုတ်ယူလိုက်ပါတယ်။ ဒီကျောက်စိမ်းက ဓားမြောင်လောက်ရှိပြီး လက်ထဲမှာ ကိုင်ကြည့်လိုက်တာနဲ့ ဝိညာဉ်အေးသွားတဲ့ အေးစက်မှုကို ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ အကောက်ကြံခံရမှာစိုးတဲ့အတွက် ပထမဆုံး အကြွင်းမဲ့ သန့်စင်မှုနဲ့ လခြမ်းကျောက်စိမ်းနီကို သန့်စင်လိုက်ပါတယ်။ အကြွင်းမဲ့ သန့်စင်မှုက အချိန်လိုတဲ့အတွက် ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စောင့်ဆိုင်းပါတယ်။
.....
ကောင်းကင်တာအိုက နန်းတော်တစ်ဆောင်မှာ ဝေ့လန်ရှန်မိဟာ မျက်နှာပျက်ပျက်နဲ့ ထိုင်နေပါတယ်။ ဝေ့လန်ရှန်မိဟာ သူ့ကို ဘယ်သူကယ်လိုက်လဲ မသိပေမဲ့ သောကမဲ့ အင်မော်တယ် လက်ထဲမှာ ရှုံးနိမ့်သွားတာကိုတော့ ကောင်းကောင်းကြီး မှတ်မိပါတယ်။ သွေးစည်းနဲ့ ဖန်တီးမှု နှုတ်ယူခံလိုက်ရတဲ့ နာကျင်မှုကို ဝေ့လန်ရှန်မိဟာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။
ဒီလိုခံလိုက်ရလို့ ဝေ့လန်ရှန်မိဟာ မကြောက်တဲ့အပြင် ဟန်ဟွမ်လိုမျိုး အတောမသတ်နိုင်တဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေပါတယ်။
‘ဒီလိုမျိုး နောက်တစ်ခါ မဖြစ်စေရဘူး’ ဝေ့လန်ရှန်မိဟာ လက်သီးကို တင်းတင်းဆုပ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ဝေ့လန်ရှန်မိ စိတ်ထဲမှာ အသံတစ်သံ ထွက်ပေါ်လာပါတယ် “အဲဒါ မင်းအမှား မဟုတ်ဘူး၊ တစ်ဖက်လူက ကျင့်ကြံမှုချင်း ကွာခြားတာကို ဂရုမစိုက်လို့ပဲ”
ဝေ့လန်ရှန်မိဟာ ဒီအသံကို ကြားလိုက်ရလို့ အံ့အားသင့်ခြင်းမရှိဘဲ ဆဲဆိုလိုက်ပါတယ် “ဒါပေမဲ့ နောက်ဆုံးကျတော့ ငါ့မှာ လုံလုံလောက်လောက် စွမ်းအား မရှိလို့ပဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုရင် ဒီလိုမျိုး ခံရပါ့မလား”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တာအိုစက်ကွင်းက မဟာဖန်တီးမှုပဲ၊ သူက အမြဲတမ်း ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်နေတာ၊ မင်း သူ့လိုမျိုး လိုက်လုပ်ချင်ရင်တောင် မင်းမှာ မင်းကို ကာကွယ်ပေးမဲ့ မဟာဖန်တီးမှု တာအိုစက်ကွင်း မရှိဘူး”
ဒီအသံကြောင့် ဝေ့လန်ရှန်မိဟာ ငြိမ်ကျသွားပါတယ်။ ဒီအသံဟာ ဝေ့လန်ရှန်မိ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာနဲ့ ပေါင်းစပ်လိုက်ကတည်းက ပေါ်လာတာပါ။ ဒီအသံက သူ့တာအိုနှလုံးသားဆိုပြီး ဝေ့လန်ရှန်မိကို ဝင်္ကပါထဲက လွတ်အောင် လမ်းပြပေးပါတယ်။
ဝေ့လန်ရှန်မိက မေးလိုက်ပါတယ် “သောကမဲ့ အင်မော်တယ် အနိုင်ကျင့်တုန်းက မင်း ဘာဖြစ်လို့ ငါ့ကို မကူညီတာလဲ”
“ဒါက မင်းကျော်ဖြတ်ရမဲ့ ကပ်ဘေးပဲ၊ ပြိုင်ဘက်ကင်း အင်အားကို ရင်ဆိုင်ရတဲ့အခါ မင်းရဲ့ ရွေးချယ်မှုက မင်းရဲ့ တာအိုကို အဆုံးအဖြတ်ပေးလိမ့်မယ်၊ ဒီတစ်ကြိမ် မင်းက အညံ့မခံဖို့ ရွေးချယ်ခဲ့တယ်၊ ဒီတော့ မင်းရဲ့ ပြိုင်ဘက်ကင်းလမ်းစဉ်က ပိုပိုပြီးတော့ ပေါ်လာလိမ့်မယ်”
ဘာပဲဖြစ်ဖြစ် ဖြစ်ခဲ့တာက ဖြစ်ပြီးပါပြီ။ ဝေ့လန်ရှန်မိအနေနဲ့ အနာဂတ်ကို ထိန်းချုပ်ဖို့ပဲ ရွေးချယ်စရာ ရှိပါတယ်။
ဝေ့လန်ရှန်မိဟာ ညာလက်ဝါးကို ကြည့်လိုက်ပါတယ်။ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက ရှိနေပါသေးတယ် ‘တစ်နေ့ကျရင် ငါ အဲဒီလိုမျိုး အခြေအနေကို ထပ်မရောက်စေရဘူး’
.....
နှစ်သောင်းချီကြာပြီးနောက်...
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ် မြင်ကွင်းထဲမှာ အသိပေးချက်တွေ ပေါ်လာပါတယ်။
[သင်သည် အသက်ဆယ်သန်း ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ ပဋိပက္ခရှိ သက်ရှိအားလုံးကို သတ်ဖြတ်ရန် လောကဦး ပဋိပက္ခကို ဖွင့်လှစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အကောင်းစား ရတနာတစ်ပါး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် မဟာတာအိုအဆင့် တာအိုစက်ကွင်းအစောင့် တစ်ပါးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ မူလရည်ရွယ်ချက်ကို ဆက်လက် ထိန်းသိမ်းပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခုအား ရရှိမည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘လောကဦးပဋိပက္ခကို ဖွင့်လှစ်ဖို့ ပဋိပက္ခထဲက သက်ရှိတွေ အကုန်လုံးကို သတ်ပစ်ရမှလား’ ဟန်ကျွယ်ဟာ ပဋိပက္ခစိတ်ဆန္ဒက သူ့ကို ပစ်မှတ်ထားသင့်တယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ပထမရွေးချယ်မှုကို ပယ်လိုက်တာက သူ့စရိုက်နဲ့ မကိုက်ညီလို့ မဟုတ်ပါဘူး။ အန္တရာယ်များလွန်းလို့ပါ။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိပါသည်။]
[စနစ်၏ လုပ်ဆောင်ချက် အသစ်ဖြစ်သော မိုးကောင်းကင်ပါရမီရှင် ဖန်တီးမှု လုပ်ဆောင်ချက်အား အသက်သွင်းလိုက်ခြင်းအတွက် ဂုဏ်ယူပါသည်။]
[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု: လောကဦးကမ္ဘာ၌ မရေမတွက်နိုင်သော အခွင့်အရေးကြီးများ ရှိသည်။ သင်သည် လောကဦး အမွေအနှစ်ကို ဆက်ခံသူအနေဖြင့် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုအား အသက်သွင်းနိုင်သည်။ နှစ်ဆယ်သန်းတိုင်းတွင် သင့်ကလေးများထဲ၌ မွေးရာပါ မဟာဖန်တီးမှုစွမ်းအား ကျပန်း ထွက်ပေါ်လာလိမ့်မည်။ ဘယ်အချိန်၌ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု နိုးထမည်ကို သင့် ဆုံးဖြတ်နိုင်သလို အခွင့်အရေး အကြိမ်အရေအတွက်အားလည်း စုဆောင်းထားနိုင်သည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။