အထွတ်အထိပ် နိယာမ ကျိုးပျက်ခြင်း
Vol. 91 Ch. 955
သက်တမ်း ၁၀ ဘီလီယံ။
၁၀၀ ဘီလီယံ။
၁ ထရီလီယံ။
၁၀ ထရီလီယံ။
ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ရင်း အင်တိုက်အားတိုက် ကျိန်စာတိုက်ပါတယ်။ သောကမဲ့ အင်မော်တယ်က သူ့ကို မမုန်းတဲ့အတွက် ဟန်ကျွယ်ဟာ သောကမဲ့ အင်မော်တယ်ရဲ့ အခြေအနေကို မသိနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ သောကမဲ့ အင်မော်တယ်ကို သက်တမ်း ၁၀ ကွာဒလီယံလောက် လက်ဆောင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။
၁၀ ကွာဒလီယံက အတော်များတယ်လို့ ထင်ရပေမဲ့ ဟန်ကျွယ် သက်တမ်းနဲ့ ယှဉ်ကြည့်ရင် ဘာမှ မဟုတ်ပါဘူး။ နောက်ပြီး သောကမဲ့ အင်မော်တယ်က မသေနိုင်တဲ့ တည်ရှိမှုပါ။ ဒီလိုတည်ရှိမှုမျိုးကို သေအောင် ကျိန်စာတိုက်ချင်ရင်တော့ သက်တမ်း အတော်လေးသုံးရမှာပါပဲ။
၁၀၀ ထရီလီယံ။
၁ ကွာဒလီယံ။
၁၀ ကွာဒလီယံ။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တာကြောင့် မော့ကြည့်လိုက်တဲ့အခါ မဟာတာအို သုံးထောင်အထက်က အထွတ်အထိပ် နိယာမ ခုနစ်ပါးဟာ ပြင်းထန်စွာ လှုပ်ခါနေတာကို တွေ့လိုက်ရပါတယ်။ အထွတ်အထိပ် နိယာမခုနစ်ပါးက မြွေနဂါးလိုမျိုး သွက်သွက်ခါခါနေတာပါ။
သောကမဲ့ အင်မော်တယ်က ပဋိပက္ခစိတ်ဆန္ဒနဲ့ ပေါင်းစပ်ထားတဲ့အတွက် အထွတ်အထိပ် နိယာမခုနစ်ပါးထဲမှာ ပုန်းနေနိုင်တာ ဖြစ်ပါတယ်။ အထွတ်အထိပ် နိယာမခုနစ်ပါး စုစည်းတာကလည်း ပဋိပက္ခစိတ်ဆန္ဒကြောင့် ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ အထွတ်အထိပ် နိယာမခုနစ်ပါးကို စိုက်ကြည့်ပြီး ကျိန်စာ ဆက်တိုက်ပါတယ်။
ဒီအချိန်မှာပဲ...
အထွတ်အထိပ် နိယာမအောက်မှာ ရုပ်သွင်တွေ ပေါ်လာပါတယ်။ ဒီရုပ်သွင်တွေထဲမှာ အန္တိမဒဏ်ခတ်နတ်မင်း၊ မင်လင်းမယ်တော်နဲ့ လောင်ဇီတို့ ပါဝင်ပါတယ်။ ဟန်ကျွယ်ဟာ တခြားရုပ်သွင်တွေကိုတော့ မသိပါဘူး။ သူတို့ရောင်ဝါကနေ အကုန်လုံးက မဟာတာအိုပညာရှိချုပ်တွေ ဆိုတာ ခန့်မှန်း သိရှိနိုင်ပါတယ်။
မကြာခင်မှာပဲ ဓားရူးတာအိုပညာရှိဟာ ဘာမှလုပ်စရာမရှိတဲ့အတွက် အထွတ်အထိပ် နိယာမအောက်ကို ရောက်လာပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ” စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
လောင်ဇီ “အထွတ်အထိပ် နိယာမ ဒီလောက်ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်တာက ကံရေစက် ရှိရမယ်၊ ဒါပေမဲ့ ငါတို့တွေ အထွတ်အထိပ် နိယာမကို ထိတဲ့လူ တစ်ယောက်မှ မတွေ့ဘူး၊ ဒီတော့ ပြဿနာက အထွတ်အထိပ် နိယာမထဲမှာပဲ ဖြစ်ရလိမ့်မယ်”
မင်လင်းမယ်တော် “အထွတ်အထိပ် နိယာမက အကြောင်းရင်း မရှိဘဲ ပြင်းပြင်းထန်ထန် လှုပ်ခါမှာ မဟုတ်ဘူး၊ တစ်ခုခုဖြစ်သွားတာ ကျိန်းသေတယ်”
အကုန်လုံးဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ကြည့်လိုက်ကြပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက နတ်စိတ်ဝိညာဉ် ခေါင်းဆောင် ဖြစ်တဲ့အတွက် အပေါ်ယံမှာ သူက ပဋိပက္ခရဲ့ အရှင်သခင်ဖြစ်ပြီး အမြင့်မားဆုံး အခွင့်အာဏာကို ပိုင်ဆိုင်ထားပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဘာမှမပြောဘဲ အထွတ်အထိပ် နိယာမကိုသာ စိုက်ကြည့်လိုက်ပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ရုတ်တရက် မေးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘာဖြစ်လို့ ရောက်မလာတာလဲ”
ဓားရူးတာအိုပညာရှိက ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ် “သူက ပုံမှန်ဆို အပြင်ထွက်လို့လား၊ သူ့ကို ပြဿနာမရှာရင် ပဋိပက္ခ ပြိုလဲတောင် အပြင်ထွက်လာမဲ့ လူစားမျိုး မဟုတ်ဘူး”
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဓားရူးတာအိုပညာရှိစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာကို သူတို့အားလုံးအသိ မဟုတ်ပါလား။
အန္တိမဒဏ်ခတ်နတ်မင်းဟာ လောကဦး ကောင်းကင်ထောင်ရဲ့ ကျွန်ပြုမှုကို ခံထားရပြီးပြီမလို့ ဘာတွေပဲဖြစ်ဖြစ် ဟန်ကျွယ်ကို သေချာပေါက် ကာကွယ်မှာပါ “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ဘာမှမဆိုင်ဘူး၊ အရင်တုန်းက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အထွတ်အထိပ် နိယာမစွမ်းအားကို ငှားယူခဲ့တာတောင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အသာလေး အနိုင်ယူနိုင်ခဲ့တယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအတွက် အထွတ်အထိပ် နိယာမခုနစ်ပါးက ချိုးဖျက်လို့မရတဲ့ တည်ရှိမှု မဟုတ်ဘူး၊ သူက အထွတ်အထိပ် နိယာမကို အထင်တောင် သေးရင် သေးနေဦးမယ်၊ နောက်ပြီး ဒီကိုမလာတဲ့ မဟာတာအိုပညာရှိချုပ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိချုပ် တစ်ပါးထဲ မဟုတ်ဘူး”
မင်လင်းမယ်တော် “အရင်တစ်ခေါက် သောကမဲ့ အင်မော်တယ် ပါရမီရှင်အများကြီးကို ဖမ်းယူတုန်းက ဗလာနယ်မြေထဲမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ သတ်တာကို ခံလိုက်ရတယ်၊ သောကမဲ့ အင်မော်တယ်က အသက်ပြန်ရှင်ချင်လို့ အထွတ်အထိပ် နိယာမခုနစ်ပါးရဲ့ စွမ်းအားတွေကို စုပ်ယူနေတာ ဖြစ်နိုင်တယ်”
တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ စိတ်ဝင်စားသွားကြပြီး အကျိုးအကြောင်း မေးမြန်းကြပါတယ်။ မင်လင်းမယ်တော်လည်း သူ သိသမျှ ပြောပြလိုက်ပါတယ်။
ဟန်ကျွယ်က ဆက်ပြီးတော့ ကျိန်စာတိုက်နေတုန်းပါ။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိနဲ့ အန္တိမဒဏ်ခတ်နတ်မင်းတို့ရဲ့ စကားကိုလည်း ကြားပါတယ်။
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ဆက်ပြီးတော့ လျော့ကျနေတုန်းပါ။
ကောဋိ တစ်သောင်း။
ကောဋိ တစ်သိန်း။
ကောဋိ တစ်သန်း။
၁ ပကောဋိ။
၁၀ ပကောဋိ။
၁၀၀ ပကောဋိ။
( ၁ ကောဋိသည် တစ်နောက်တွင် သုည ၁၄ လုံး၊ ၁ ပကောဋိသည် တစ်နောက်တွင် သုည ၂၁ လုံးရှိသည်။)
ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ အထွတ်အထိပ် နိယာမတစ်ပါး ကျိုးပျက်သွားတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ရင်တုန်းသွားပါတယ် ‘ငါ အထွတ်အထိပ် နိယာမကို ပျက်စီးအောင် ကျိန်စာတိုက်လိုက်တာလား’
“ငါ ကျိန်စာဆက်တိုက်ရင် အထွတ်အထိပ် နိယာမ ပျက်သုန်းမှာလား...”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မပျက်သုန်းပါ။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ် ‘အထွတ်အထိပ် နိယာမက ခိုင်ခံ့မှတော့ ငါ အလျှော့မပေးတော့ဘူး... သောကမဲ့ အင်မော်တယ် မင်း သေရမယ်’
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ဆက်ပြီးတော့ လျော့ကျပါတယ်။ ကုန်ဆုံးတဲ့ သက်တမ်းက လျင်မြန်လွန်းတဲ့အတွက် ဟန်ကျွယ်ကို ရင်တထိတ်ထိတ် ဖြစ်စေပါတယ်။
အထွတ်အထိပ် နိယာမ ကျိုးပျက်သွားတာက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို အထိတ်တလန့် ဖြစ်သွားစေပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းလည်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။
ကြမ္မာဆိုးစာအုပ်က အန္တိမတာအိုရတနာ ဖြစ်တာ ကြာပါပြီ။ အဲဒါကြောင့် ကြမ္မာဆိုးစာအုပ်ရဲ့ စွမ်းအားဟာ မဟာတာအို အထွတ်အထိပ် စွမ်းအားထက် ကျော်လွန်ပြီး ကြောက်မက်ဖွယ် ပျက်သုန်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါက အထွတ်အထိပ် နိယာမတွေ သူတို့သမိုင်းမှာ ပထမဆုံးအကြိမ် ကျိုးပျက်တာပါ။ သာမန် အန္တိမတာအိုရတနာက အထွတ်အထိပ် နိယာမကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ကြမ္မာဆိုးစာအုပ်မှာက ဟန်ကျွယ်ရဲ့ အန္တိမမူလစွမ်းအားအပြင် မူလသက်တမ်း ပကောဋိ တစ်ရာကျော် ပါဝင်နေပါတယ်။ ဒီပူးပေါင်းစွမ်းအားက ဘယ်မဟာတာအိုပညာရှိချုပ်ကိုမဆို အမှုန့်ကြိတ်ပစ်လို့ ရပါတယ်။
“ငါတို့တွေ ဘာလုပ်ကြမလဲ” ဓားရူးတာအိုပညာရှိက မေးလိုက်ပါတယ်။ ဓားရူးတာအိုပညာရှိဟာ အတော်လေး ရင်ထိတ်သွားပါတယ် ‘နောက်ထပ် ကပ်ဘေးတစ်ခု ရောက်လာတော့မှာလား...’
တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း စပြီးတော့ လှုပ်ရှားပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ ဓမ္မစွမ်းအားနဲ့ အထွတ်အထိပ် နိယာမကို ပြန်ပြင်ဖို့ ကြိုးစားကြပေမဲ့ တန်ပြန်ခံလိုက်ရပါတယ်။
“ကျိန်စာစွမ်းအား...” အန္တိမဒဏ်ခတ်နတ်မင်းဟာ နှလုံးလှုပ်သွားပြီး တုန်တုန်ယင်ယင် ပြောလိုက်ပါတယ်။
“ကျိန်စာ” ဆိုတဲ့ စကားလုံးကြောင့် လူတိုင်းရဲ့ စိတ်ထဲမှာ နာမည်တစ်ခု ပေါ်လာပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ မျက်နှာဟာ မှောင်မည်းသွားပြီး အံကြိတ်လိုက်ပါတယ် “အမှောင်သခင်ကြီး... အမှောင်သခင်ကြီးက ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ငါ ထင်မထားဘူး”
“အရင်တုန်းက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို ရင်ဆိုင်ချင်တယ်လို့ အမှောင်သခင်ကြီး ပြောခဲ့တာက အပိုပြောတာ မဟုတ်ဘူးပဲ”
“ဒါပေမဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က သေသွားပြီလေ၊ အမှောင်သခင်ကြီးက ဘာဖြစ်လို့ အထွတ်အထိပ် နိယာမကို ထိရတာလဲ”
“မင်း မကြားဖူးဘူးလား... အမှောင်ထု ဆင်းသက်လာရင် အမှောင်သခင်ကြီး ပေါ်လာမယ်တဲ့၊ အမှောင်သခင်ကြီးက အထွတ်အထိပ် နိယာမကို ဖျက်ဆီးပြီး ပဋိပက္ခကို ဝရုန်းသုန်းကားဖြစ်အောင် လုပ်ချင်တာနဲ့ တူတယ်၊ အဲဒီလိုဆို အမှောင်ထု ဆင်းသက်လာတာနဲ့ အတူတူပဲလေ”
“တာအိုရောင်းရင်း ပြောတာ မှန်တယ်”
“တကယ်ပဲ အမှောင်သခင်ကြီး ဖြစ်နေမယ်ဆိုရင် ငါတို့တွေ ဘာလုပ်ကြမလဲ”
ပဋိပက္ခ သက်ရှိတွေအထက်က သာလွန်တည်ရှိမှုအားလုံး စိတ်လေးသွားကြပါတယ်။
တစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ကျိန်စာ ဆက်တိုက်နေတုန်းပါ။ မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ပကောဋိ ၅၀၀ ကျော် ကုန်ဆုံးသွားပါတယ်။ ဒီအရောက်မှာတော့ ကျိုးပျက်သွားတဲ့ အထွတ်အထိပ် နိယာမကနေ စူးစူးဝါးဝါး အော်သံတစ်သံ ထွက်ပေါ်လာပါတယ်။
“အား.. ဒီလိုမဖြစ်ရဘူး”
ဒီအသံပိုင်ရှင်က သောကမဲ့ အင်မော်တယ်ပါ။
အထွတ်အထိပ် နိယာမအောက်မှာရှိနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အများစုဟာ သောကမဲ့ အင်မော်တယ်ကို သိကြတဲ့အတွက် ဒီအသံက သောကမဲ့ အင်မော်တယ်ရဲ့ အသံဆိုတာကို ချက်ချင်း မှတ်မိလိုက်ပါတယ်။
“တကယ် သောကမဲ့ အင်မော်တယ်ပဲ၊ အမှောင်သခင်ကြီးက သောကမဲ့ အင်မော်တယ်ကို ကျိန်စာတိုက်နေတာလား” စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
မင်လင်းမယ်တော် “မဖြစ်နိုင်ဘူး... သောကမဲ့ အင်မော်တယ်က ကံရေစက် မရှိဘူး၊ ဘယ်ကျိန်စာမှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး၊ ငါတို့တွေ သူ့ကို တတွက်ချက်လို့တောငမရတာ၊ အမှောင်သခင်ကြီးက ဘယ်လိုလုပ်ပြီး ကျိန်စာတိုက်နိုင်မှာလဲ”
အန္တိမဒဏ်ခတ်နတ်မင်းက မျက်လုံးကျဉ်းလိုက်ပါတယ် “သောကမဲ့ အင်မော်တယ်က အမှောင်သခင်ကြီးများလား... ငါတို့တွေ သူတို့နှစ်ယောက်ကို လုံးလုံး တွက်ချက်လို့ မရဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ကံရေစက်ကိုတောင် ငါတို့တွေ ရှာလို့ရသေးတာပဲ၊ ပဋိပက္ခတစ်ခုလုံးမှာ ကံရေစက် ရှာလို့မရတာ သောကမဲ့ အင်မော်တယ်နဲ့ အမှောင်သခင်ကြီးပဲ ရှိတယ်”
ဓားရူးတာအိုပညာရှိကလည်း မျက်မှောင်ကြုတ်ပြီး ထောက်ခံပါတယ် “ဟုတ်တယ်... အဲဒါ ဖြစ်နိုင်ခြေ ရှိတယ်”
စူးစူးဝါးဝါး အော်သံဟာ သိပ်ကြာကြာမခံဘဲ ရုတ်တရက် ရပ်တန့်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ် ကျိန်စာလည်း လွဲချော်သွားပါတယ်။ ဒီအရောက်မှာ ဟန်ကျွယ်ရဲ့ သက်တမ်းက ပကောဋိ ၆၀၀ ကုန်ဆုံးသွားပါပြီ။
‘ဒါပဲလား...’ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ရပ်လိုက်ပါတယ်။
ဟန်ကျွယ် ကျိန်စာတိုက်တာကို ရပ်လိုက်တာနဲ့ ကျိုးပျက်နေတဲ့ အထွတ်အထိပ် နိယာသာ သူ့ဘာသာ အလိုအလျောက် ပြန်ဖာထေးပါတယ်။ ဒါကို မြင်လိုက်ရတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး စိတ်သက်သာရာ ရသွားကြပါတယ်။
မင်လင်းမယ်တော် “ကြည့်ရတာ သောကမဲ့ အင်မော်တယ်ရဲ့ လက်ချက်နဲ့ တူတယ်၊ သူက အထွတ်အထိပ် နိယာမ စွမ်းအားကို စုပ်ယူပြီး အတင်း အသက်ပြန်ရှင်ချင်တာ ဖြစ်ရမယ်၊ ဒါပေမဲ့ တန်ပြန် ထိသွားရှာပြီ၊ အမှောင်သခင်ကြီးက တခြားလူဆိုရင် သောကမဲ့ အင်မော်တယ်ကို ကျိန်စာတိုက်စရာ အကြောင်း မရှိဘူး၊ သောကမဲ့ အင်မော်တယ် ဖမ်းလိုက်တဲ့ ပါရမီရှင်တွေထဲမှာ အမှောင်သခင်ကြီးရဲ့လူ ပါနေရင်တော့ တစ်မျိုးပေါ့”
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ဂရုတစိုက် မေးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက...”
သူ့စကား မဆုံးခင်မှာပဲ မင်လင်း မယ်တော်က ခေါင်းခါပြီး ဖြတ်ပြောလိုက်ပါတယ် “မဟုတ်နိုင်ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ သောကမဲ့ အင်မော်တယ်ရဲ့ တိုက်ပွဲကို နင်မမြင်လို့... သောကမဲ့ အင်မော်တယ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဘယ်လိုမှ မခြိမ်းခြောက်နိုင်ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိသာ အမှောင်သခင်ကြီးဆိုရင် ဒီလိုမျိုး ကျိန်စာတိုက်တာက သူ့ကိုယ်သူ အမှောင်သခင်ကြီးပါလို့ ပြောနေတာနဲ့ မတူဘူးလား၊ အလွယ်လေး သတ်ပစ်လို့ရတဲ့ ပုရွက်ဆိတ်တစ်ကောင် အတွက်နဲ့ အကြာကြီး ဖုံးကွယ်ထားခဲ့ရတဲ့ သရုပ်မှန်ကို ထုတ်ပြရလောက်တဲ့အထိ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တုံးပါ့မလား၊ နောက်ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ကံရေစက်ကို တွက်ချက်လို့ ရတယ်လို့ အန္တိမဒဏ်ခတ်နတ်မင်းက ပြောထားတယ်လေ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။