← Chapters

သက်ရှိအားလုံးရဲ့ ရန်သူ

Vol. 91 Ch. 958

သက်ရှိအားလုံးရဲ့ ရန်သူ

Vol. 91 Ch. 958

ဂူအောင်းကျင့်ကြံနေတဲ့ ဟန်ကျွယ်ဟာ များပြားလှတဲ့ အသိပေးချက်တွေ ရုတ်တရက် နှောင့်ယှက်တာကို ခံလိုက်ရပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်အရှင်ရွှမ်တုသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

[သင့်သား ဟန်ထော်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

[သင့်သား ဟန်ဟွမ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

[သင့်တပည့် ကျိုးဖန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

[သင့်တပည့် ဂျိရှင်းရှန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

[သင့်တပည့် ကျန်းကျွယ်ရှီသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

မုန်းတီးမှု အသိပေးချက်တွေက တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေတင် မဟုတ်ပါဘူး။ ဟန်ကျွယ် မကြားဖူးတဲ့ နာမည်တွေလည်း ပါပါတယ်။

ဟန်ကျွယ်ဟာ ဒီအသိပေးချက်တွေကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ပဋိပက္ခစိတ်ဆန္ဒက စလှုပ်ရှားပြီလား...’

ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်တဲ့အခါ သူ့အသက်က ၁၀,၃၇၂,၃၀၈ နှစ်ပဲ ရှိသေးပြီး လျှို့ဝှက်ဆန်းကြယ် ကံတရားစာအုပ်ကို ထပ်သုံးနိုင်ဖို့ နှစ်လေးသိန်းကျော် လိုသေးတာကို တွေ့လိုက်ရပါတယ်။ ကပ်ဘေးက စောစောရောက်လာတဲ့အတွက် ဟန်ကျွယ် အငိုက်မိသွားပါတယ်။

ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို သတိထားမိလိုက်ပါတယ်။ အဲဒါက လောကဦး ကောင်းကင်ထောင်ရဲ့ ကျွန်ပြုမှုကို ခံထားရတဲ့ တည်ရှိမှုတွေက သူ့ကို မမုန်းတာပါ။ လောကဦး ကောင်းကင်ထောင်က တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ပဋိပက္ခစိတ်ဆန္ဒရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်နေပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာတို့က သူ့ကို ကြယ်ခြောက်ပွင့်ထိ မုန်းတီးနေပေမဲ့ တတိယ တာအိုစက်ကွင်းမှာရှိတဲ့ တပည့်တွေက သူ့ကို မမုန်းတီးတာ တွေ့လိုက်ရပါတယ်။ ဒီကြယ်စကြဝဠာက ဟန်ကျွယ် ဖန်တီးထားတာ ဖြစ်ပြီး ဒီတပည့်တွေကလည်း တာအိုစက်ကွင်းထဲမှာပဲ ကြီးပြင်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ ပဋိပက္ခနဲ့ ဘာမှ မပတ်သက်ပါဘူး။

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ရှင်းဟုန်ရွှမ်နဲ့ ချင်းလွမ်အာကို ချိပ်ပိတ်လိုက်ပါတယ်။ အဲဒီနောက် လောကဦး ကောင်းကင်ထောင် ကျွန်ပြုထားတဲ့ တည်ရှိမှုတွေကို အိပ်မက်ပေးပြီး ပဋိပက္ခစိတ်ဆန္ဒ အကြောင်း ပြောပြကာ သိုသိုဝှက်ဝှက်နေဖို့ ညွှန်ကြားလိုက်ပါတယ်။

လောကဦး ကောင်းကင်ထောင် ကျွန်ပြုထားတဲ့လူတွေက စန့်ချွမ်အဂ္ဂဘိုးဘေး၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ကောင်းကင်ကပ်ဘေး ဧကရာဇ်၊ ဖန်လျန်၊ ပန်ရှင်း၊ ရွှီတုတောက်၊ မဟာဟင်းလင်းပြင်ဝိညာဉ်၊ ရှန်ပေါင် တာအိုကျင့်ကြံသူ၊ ဟုန်စဲ့မင်ယွင်၊ ရန်ချဲ့၊ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ဘိုးဘေးထျန်ရွှီတို့ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဘိုးဘေးထျန်ရွှီဟာ တတိယ တာအိုစက်ကွင်းထဲမှာရှိပြီး ဟန်ကျွယ်က သူ့ကို ဘာတာဝန်မှ ပေးမထားပါဘူး။ ဟန်ကျွယ် နောက်ဆုံး အိပ်မက်ပေးတာက အန္တိမဒဏ်ခတ်နတ်မင်းပါ။

အိပ်မက်နယ်မြေ။

အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ပဋိပက္ခစိတ်ဆန္ဒက တကယ်ကို ကြောက်ဖို့ကောင်းတယ်၊ သခင့်နာမည်ကို တစ်ခါမှ မကြားဖူးတဲ့ လူတွေကလွဲရင် ပဋိပက္ခတစ်ခုလုံးမှာရှိတဲ့ လူတိုင်းက သခင်ကို မုန်းတီးနေကြတယ်၊ နောက်ပြီး သူတို့က သခင်ကို အသေအကျေ မုန်းတီးနေကြတာ၊ သခင် ဒီဟာကို ဖြေရှင်းချင်ရင် ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့ တစ်ဝက်ကို အနိုင်ယူရလိမ့်မယ်၊ နားလည်လွယ်အောင် ပြောရရင် သခင် ဒီကိစ္စကို ဖြေရှင်းဖို့ ပဋိပက္ခထဲမှာရှိတဲ့ နာမည်ကြီးလူတွေ အကုန်လုံးကို တိုက်ခိုက် အနိုင်ယူရလိမ့်မယ်”

ဟန်ကျွယ်ဟာ အခြေအနေကို သဘောပေါက်သွားပါတယ် ‘ကောင်းကင်တာအို မျိုးဆက်တွေက ပန်ကူးနဲ့ တာအိုဘိုးဘေးကို ဘယ်လိုပဲ တွေးတွေး လေးစားကြည်ညိုကြတာ အံ့ဩစရာ မရှိတော့ပါဘူး... သူတို့နှစ်ယောက်က အောင်မြင်စွာ အနိုင်တိုက်နိုင်ခဲ့တာကို...’

“မဟုတ်သေးပါဘူး... အဲဒီလိုဆို ပန်ကူးနဲ့ တာအိုဘိုးဘေးက ဘာဖြစ်လို့ ရှုံးသွားတာလဲ” ဟန်ကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်း “သက်ရှိအားလုံး သေကျေပြီးရင် အဲဒီနောက်မှာ တစ်ခုခု ရှိနေလိမ့်မယ်၊ အဲဒါကြောင့် ပန်ကူး ပျက်စီးပြီး လောကကို ဖန်တီးခဲ့တာ၊ တာအိုဘိုးဘေးကလည်း ပဋိပက္ခကနေ ခွဲထွက်ပြီး ကောင်းကင်တာအိုထဲမှာ ပုန်းအောင်းနေခဲ့တာ၊ ကောင်းကင်တာအိုသာ ပုံမှန်အတိုင်း ဆက်တိုးတက်ရင် ပဋိပက္ခရဲ့ အလယ်ဗဟို၊ အစွမ်းအထက်ဆုံး နေရာတစ်ခု ဖြစ်လာတာ ကြာပြီ”

ဟန်ကျွယ် “မင်း ငါ့ကို ဂရုစိုက်စရာ မလိုဘူး... ပဋိပက္ခကိုသာ ဆက်ပြီးတော့ စီမံချည်”

“သခင်က ဒီကပ်ဘေးကို ကျော်ဖြတ်ဖို့ ယုံကြည်ချက်ရှိတာလား”

“ဟုတ်တယ်”

အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာလိုက်တဲ့အခါ သူ့တာအိုဘုံကျောင်း ဝန်းရံခံထားရတာကို တွေ့လိုက်ရပါတယ်။ တောင်ထိပ်တစ်ရာ အင်‌မော်တယ်မြစ်ထဲမှာရှိတဲ့ တပည့်ပေါင်း သန်းတစ်ရာကျော်က တာအိုဘုံကျောင်းကို ဝန်းရံပြီး အထဲ ထိုးဖောက်ဝင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ စနစ်ရဲ့ စွမ်းအားရှေ့မှာ သူတို့ရဲ့ ကြိုးစားမှုတွေက အရာမရောက်ပါဘူး။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာတင် မဟုတ်ပါဘူး။ အပြင်မှာလည်း အတူတူပါပဲ။

ကျင့်ကြံသူတွေ ပိုပိုပြီးတော့ ရောက်လာကြပါတယ်။

ပဋိပက္ခစိတ်ဆန္ဒက တကယ်ကို ကြောက်ဖို့ ကောင်းတာပါ။ ဆင့်ခေါ်သူ မရှိပါဘဲနဲ့ သက်ရှိအကုန်လုံးဟာ သူ့အလိုလို ရောက်လာကြပါတယ်။ အရေးအကြီးဆုံးက ဒီသက်ရှိတွေက သူတို့ ဆင့်ခေါ်ခံရတာကို မသိကြပါဘူး။ သူတို့မှတ်ဉာဏ်ထဲမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကမ္ဘာကျေတောင် မပြေနိုင်တဲ့ မုန်းတီးမှုတွေပဲ ရှိနေပါတယ်။ သူတို့တွေဟာ လောကမှာရှိတဲ့ သက်ရှိတွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဖိနှိပ်ချင်တယ်ဆိုတဲ့အတွက် ရောက်လာကြတာ ဖြစ်ပါတယ်။ ဘယ်သူက ဒီကိစ္စကို စလိုက်လဲဆိုတော့ အမြင်အမျိုးမျိုး ရှိကြပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ တာအိုပညာရှိတွေက စကြဝဠာခန်းမမှာ စုဝေးပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဘယ်လိုတိုက်ခိုက်မယ် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအို ပညာရှိကို ဘယ်လို ရင်ဆိုင်မယ်ဆိုပြီး ဆွေးနွေးနေကြတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ရယ်ချင်သွားပါတယ်။ ကလေးတစ်စုက လူကြီးတွေကို ဘယ်လိုခုခံမယ်ဆိုပြီး ဆွေးနွေးနေတာကို တံခါးအပြင်ဘက်ကနေ ချောင်းနားထောင်နေရသလိုပါပဲ။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ စွမ်းအားကြီးတဲ့ ရောင်ဝါတွေက ကောင်းကင်တာအိုကို ထောက်လှမ်းနေတာ ရှာတွေ့သွားပါတယ်။

မဟာတာအိုပညာရှိချုပ်။

ဒီချောင်းကြည့်တဲ့လူတွေထဲမှာ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်က မရှားပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခရဲ့ အုတ်မြစ်က အတော်လေး သန်မာတယ်လို့ ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ပဋိပက္ခထဲမှာရှိတဲ့ ထိပ်သီးကျင့်ကြံသူတွေ အကုန်လုံးကို အနိုင်ယူလိုက်ရင် ဘာဖြစ်လာမလဲ”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ပဋိပက္ခစိတ်ဆန္ဒကို ရင်ဆိုင်ရမည်။]

“ငါ ပဋိပက္ခစိတ်ဆန္ဒကို ရင်ဆိုင်ရရင် အသက်ဆုံးနိုင်လား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း ရှိသည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘အန္တရာယ်များလှချည်လား...’

“ငါ ပဋိပက္ခစိတ်ဆန္ဒကို ရင်ဆိုင်နေတာ မြင်ချင်တယ်”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘ဘာဖြစ်လို့ ငါ့သက်တမ်းကို ထပ်နှုတ်တာလဲ... ဒီမေးခွန်းက ပြီးခဲ့တဲ့ မေးခွန်းနဲ့ အတူတူပဲ မဟုတ်ဘူးလား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။ ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ မဟာတာအိုသုံးထောင်ဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ အနာဂတ် ဟန်ကျွယ်က အထွတ်အထိပ် နိယာမခုနစ်ပါးကို မော့ကြည့်နေတာ တွေ့လိုက်ရပါတယ်။

အထွတ်အထိပ် နိယာမခုနစ်ပါးဟာ တလက်လက် တောက်ပပြီး ပြင်းထန်စွာ ရှုံ့တွကာ ရုပ်သွင်ခုနစ်ပါးအဖြစ် ပြောင်းလဲသွားပါတယ်။ ရုပ်သွင်နှစ်ပါးက ဟွမ်ဇွမ်တျန်နဲ့ ဝေ့လန်ရှန်မိ ဖြစ်ပြီး ကျန်တဲ့ ရုပ်သွင်ငါးပါးကတော့ နတ်အာဏာရှင် စစ်သူကြီးတွေလိုမျိုး ရှင်းရှင်းလင်းလင်း မရှိပါဘူး။

မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ အသွင်။

‘ဒါက ငါရင်ဆိုင်ရမဲ့ တိုက်ပွဲလား...’

ဟန်ကျွယ်ဟာ သူတို့ရဲ့ရောင်ဝါတွေကို သေချာအာရုံခံကြည့်လိုက်ပါတယ်။ သူတို့စွမ်းအားတွေက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ သောကမဲ့ အင်မော်တယ်ထက် မနိမ့်ပါဘူး။

အတော်ကို သန်မာလွန်းပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဟန်ကျွယ် မင်းက မူမှားပဲ၊ မင်းရဲ့ မူလဝိညာဉ်က ပဋိပက္ခကနေ လာတာ မဟုတ်ဘူး၊ ပဋိပက္ခက မင်းကို သည်းခံခဲ့ပေမဲ့ မင်းက ပဋိပက္ခရဲ့ ကံကြမ္မာကို အကြိမ်အများကြီး ဝင်နှောင့်ယှက်ခဲ့တယ်၊ မင်းရဲ့ အပြစ်တွေကို မင်းသိလား”

ဂုဏ်ကျက်သရေနဲ့ ပြည့်စုံပြီး အေးစက်လွန်းတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီအသံကို တစ်ခါမှ မကြားဖူးပါဘူး။

အနာဂတ်ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ် “ငါက ငါ့ဘဝတစ်လျှောက်လုံး ဂူအောင်းကျင့်ကြံနေတာ၊ တခြားလူတွေနဲ့ တိုက်ခိုက်တာ ရှားတယ်၊ ငါသတ်ခဲ့တဲ့ ရန်သူအကုန်လုံးကလည်း ရွေးချယ်စရာ မရှိလို့ သတ်ခဲ့ရတာချည်းပဲ၊ ငါ တစ်ခါမှ အပြစ်မဲ့လူတွေကို မသတ်ဖူးဘူး၊ ပဋိပက္ခကို ထိန်းချုပ်ဖို့လည်း ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးဘူး၊ ငါ့မှာ ဘာအပြစ်မှ မရှိဘူး”

ဂုဏ်ကျက်သရေနဲ့ ပြည့်စုံတဲ့အသံက ဆက်ပြောပါတယ် “မင်း သတ်လိုက်တဲ့ လူအကုန်လုံးက မသေသင့်တဲ့ လူတွေချည်းပဲ၊ တချို့က မဟာဖန်တီးမှုကို ဆောင်ရွက်ပြီး တချို့က ကပ်ဘေးကို ရှေ့တွန်းတင်ရမှာ၊ တချို့ကလည်း ကုသိုလ်ကံကို တည်ဆောက်ကြမှာ၊ မင်းက မင်းနားက လူတွေကို ကာကွယ်ဖို့အတွက် မရေမတွက်နိုင်တဲ့ သက်ရှိတွေကို သေကျေစေခဲ့တယ်၊ မင်းရဲ့ အပြစ်က တိုင်းတာလို့မရဘူး”

“ဟားဟား... ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ၊ မသိမသာ လှုပ်ရှားမှုက အခြေအနေ တစ်ခုလုံးကို သက်ရောက်စေတာလား၊ မင်းက တစ်စုံတစ်ယောက်ကို အပြစ်ပေးချင်ရင် အမြဲတမ်း အင်အားသုံးတာလား၊ လာစမ်းပါ... ငါ ပဋိပက္ခစိတ်ဆန္ဒ စွမ်းအားကို ဖိနှိပ်ပြမယ်၊ ဒီနေ့ ငါ မင်းကို ပါးစပ်ပိတ်သွားအောင် လုပ်ပြမယ်”

အထွတ်အထိပ် နိယာမခုနစ်ပါးဟာ ဟန်ကျွယ်ကို ငုံ့ကြည့်လိုက်ကြပါတယ်။ အောက်က မဟာတာအို သုံးထောင်ဟာလည်း မြင့်တက်လာပြီး ပိုက်ကွန်အသွင် ဆက်သွယ်ကာ ဟန်ကျွယ်ကို နှောင်ဖွဲ့ဖို့ ကြိုးစားပါတယ်။

ဟန်ကျွယ်ဟာ ဒီမြင်ကွင်းကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေပါတယ်။ ငါးမိနစ်အကြာမှာ အနာဂတ် ဟန်ကျွယ်ဟာ အထွတ်အထိပ် နိယာမခုနစ်ပါးရဲ့ အသွင်တွေကို သုတ်သင်ပစ်လိုက်ပါတယ်။ အနာဂတ် ဟန်ကျွယ်က အရမ်းကို စွမ်းအားကြီးလွန်းလှပါတယ်။

ဟန်ကျွယ်ဟာ ဘေးကနေကြည့်ပြီး သူက တကယ် ရုပ်ချောတယ်ဆိုတာကို လက်ခံလိုက်ရပါတယ်။

ဒါပေမဲ့ ဒါက ဒီမှာတင် ပြီးမသွားပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters