ငါ့ကို သတ်ချင်ရင် မင်းတို့တွေ သေရမယ်
Vol. 91 Ch. 959
အထွတ်အထိပ် နိယာမခုနစ်ပါးဟာ ဖျက်ဆီးခံရပြီးနောက် မရေမတွက်နိုင်တဲ့ ကြယ်တွေအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီနောက် အတူပြန်စုစည်းပြီး အလွန်ခမ်းနားကြီးကျယ်တဲ့ ရုပ်သွင်တစ်သွင် ဖြစ်တည်လာပါတယ်။ ဒီရုပ်သွင်က ပဋိပက္ခတစ်ခုလုံးနဲ့ နှိုင်းယှဉ်လို့ရတဲ့အတွက် ပဋိပက္ခ ကောင်းကင်ပြင်လို့တောင် ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ ဒီဧရာမရုပ်သွင်ကြီးရှေ့မှာ အလွန့်အလွန် သေးငယ်သွားပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်နေပေမဲ့ ဒီရုပ်သွင်ကို မြင်လိုက်ရတဲ့အခါ လန့်သွားပါတယ်။ ဒီမြင်ကွင်းက ဆဲလ်တစ်စ တောင်ကြီးကို မော့ကြည့်တာထက် ပိုပြီးတော့ ယုတ္တိမရှိပါဘူး။
ဒီအရွယ်အစားက ဟန်ကျွယ်ရဲ့ အဆင့်ထက် ကျော်လွန်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်အရွယ်အစားကို လိုသလို ပြောင်းလဲနိုင်ပေမဲ့ ပဋိပက္ခနဲ့ ယှဉ်နိုင်တဲ့အထိတော့ မကြီးနိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရှေ့မှာ ရှိနေတဲ့ ဒီရုပ်သွင်က ဟန်ကျွယ် မလုပ်နိုင်တာကို လုပ်ပြလိုက်ပါတယ်။
ဒီရုပ်သွင်က ထုတ်လွှတ်နေတဲ့ ဖိအားဟာ သာမန်မျက်စိနဲ့ မြင်နိုင်ပြီး အသက်ရှုကျပ်မတတ်ပါပဲ။ ရောင်ဝါကလည်း ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ထက် အများကြီး ပိုအားကောင်းပါတယ်။
ဟန်ကျွယ်စိတ်ထဲမှာ နာမည်တစ်ခု ပေါ်လာပါတယ်။
တာအိုဖန်တီးရှင်။
‘မဖြစ်နိုင်ဘူး... ငါက တာအိုဖန်တီးရှင်ကို ရင်ဆိုင်ရမှာလား...’ ဟန်ကျွယ် နှလုံးသားဟာ ရေထဲစုံးစုံး မြုပ်သွားပါတယ်။
အနာဂတ်ဟန်ကျွယ်လည်း လန့်သွားပြီး အတန်ကြာတဲ့အထိ စကားတစ်လုံးမှ မပြောပါဘူး။ ဒီခမ်းနားကြီးကျယ်တဲ့ ရုပ်သွင်က မြင့်မားလွန်းလို့ ခေါင်းကိုတောင် မမြင်ရပါဘူး။
“ဟန်ကျွယ်... အခုနေ မင်းခေါင်းငုံ့ရင် အချိန်မီသေးတယ်၊ အခုအချိန်ကစပြီး မင်း ကောင်းကင်တာအိုထဲမှာ ဒါမှမဟုတ် မင်းနယ်မြေထဲမှာပဲနေပြီး ပဋိပက္ခက ကိစ္စတွေကို ဝင်နှောင့်ယှက်ဘူး၊ ကောင်းကင်တာအို ကြီးထွားအောင် မကူညီဘူးဆိုရင် ငါ မင်းကို ခွင့်လွှတ်ပေးမယ်”
အနာဂတ် ဟန်ကျွယ်ဟာ တိတ်ဆိတ်နေတုန်းပါ။
ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်နှာတစ်ခုလုံး လေးနက် တည်ကြည်သွားပါတယ်။ ဒီနောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုတာကို ဟန်ကျွယ် တွက်ချက်စရာ မလိုပါဘူး။ သူ အညံ့ခံတာ မဟုတ်ရင် တစ်ချက်တည်း အသတ်ခံလိုက်ရမှာပါ။ မဟုတ်ရင် ပုံရိပ်ယောင်က ဒီလိုမျိုး အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သူ အညံ့ခံလိုက်တာ ဖြစ်လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ အညံ့ခံပြီး တာအိုစက်ကွင်းထဲမှာ ဆက်ကျင့်ကြံတာပါ။ တာအိုဖန်တီးရှင်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး တာအိုစက်ကွင်းထဲကိုတော့ ထိုးဖောက်ဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ဖက်လူက သူ့ကို အခွင့်အရေးတစ်ခု ပေးတာ ဖြစ်ပါလိမ့်မယ်။
ဟန်ကျွယ်ကို အသေမသတ်နိုင်မှန်းသိလို့ ပြေးလမ်း ပေးလိုက်တာပါ။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ခုနက ပုံရိပ်ယောင်ထဲမှာ ငါရင်ဆိုင်ရတဲ့ ဧရာမအရိပ်ကြီးက တာအိုဖန်တီးရှင်လား”
[သက်တမ်း ၅၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဒီတန်ဖိုးက အရင်ကထက် အများကြီး ပိုများပေမဲ့ ဟန်ကျွယ်ဟာ သူ့လုံခြုရေးအတွက် ဆက်ပြီးတော့ တွက်ချက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
[မဟုတ်ပါ။]
ဟန်ကျွယ် ရင်ထဲက အလုံးကြီး ကျသွားပါတယ်။
‘သက်တမ်း ၁၀၀ ထရီလီယံနဲ့ ၅၀၀ ထရီလီယံက ဒီလောက်တောင် ကွာတာလား...’ ဟန်ကျွယ်ဟာ ဒီဧရာမအရိပ်နက်ကြီးနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ အဆင့်က ကမ္ဘာခြားနေတယ်လို့ ခံစားလိုက်ရပါတယ်။ လုံးဝကို မတူညီတဲ့ အဆင့်နှစ်ခုမှာ ရှိနေတာပါ။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ ဘာလုပ်သင့်လဲ’
ဟန်ကျွယ်ဟာ သက်ရှိအားလုံးရဲ့ စိန်ခေါ်မှုကို လက်မခံခင် ပဋိပက္ခစိတ်ဆန္ဒကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကြိုစီစဉ်ထားဖို့ လိုအပ်ပါတယ်။
‘ထားလိုက်ပါတော့... အရင်ဆုံး ကျင့်ကြံအားထုတ်တာပဲ ကောင်းတယ်’
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ် တာအိုဘုံကျောင်းထဲမှာ ပုန်းနေရင် ဘယ်သူမှ သူ့ကို ပြဿနာရှာနိုင်မှာ မဟုတ်ပါဘူး။ တာအိုစက်ကွင်းထဲမှာရှိတဲ့ တပည့်တွေအတွက်ကတော့ တာအိုစက်ကွင်းရဲ့ ကန့်သတ်မှုကြောင့် ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။
မုန်းတီးမှုက ဘယ်လောက်ပဲ အားကောင်းပါစေ အချိန်တိုလေးအတွင်းနဲ့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
ပဋိပက္ခစိတ်ဆန္ဒက တော်တော်လေးကို ဗိုလ်ကျလွန်းပါတယ်။ ပဋိပက္ခမှာ သက်ရှိအားလုံးရဲ့ ဘုံရန်သူဆိုတာထက် ဘယ်ကပ်ဘေးက ကြီးမားဦးမှာလဲ။ ပြောရရင် လောကကြီးကို ပြန်စတင်တဲ့ ခလုတ်လိုပါပဲ။
ဟန်ကျွယ်ဟာ ပန်ကူး ပြောခဲ့တဲ့ ‘အရာအားလုံးက အလိမ်အညာတွေ’ ဆိုတဲ့စကားကို ပြန်မတွေးမိဘဲ မနေနိုင်ပါဘူး။ လောကကြီးကို ထိန်းချုပ်နိုင်ရုံသာမက လူတွေရဲ့ စိတ်ဆန္ဒကိုပါ ထိန်းချုပ်နိုင်မှတော့ ဘဝက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ တာအိုဖန်တီးရှင်အဆင့် မရောက်သေးတဲ့ လူတွေ အကုန်လုံးက ပုရွက်ဆိတ်ထက်တောင် အားနည်းနေပါတယ်။
ဆယ်နှစ်ကြာပြီးနောက်...
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်တစ်သိန်း ဂူအောင်းကျင့်ကြံဖို့ စီစဉ်ထားပေမဲ့ အခြေအနေက တော်တော်လေး အခွင့်မသာလို့ပါပဲ။
ဟန်ကျွယ်က တာအိုဘုံကျောင်းထဲမှာ ပုန်းနေတာကြောင့် ကိစ္စမရှိပေမဲ့ ကောင်းကင်တာအိုကို ပဋိပက္ခထဲမှာရှိတဲ့ အင်အားစုအသီးသီးက ဝိုင်းဖိနှိပ်ကြပါတယ်။ ကောင်းကင်တာအိုနား ရောက်နေတဲ့ မဟာတာအိုပညာရှိက တစ်ရာထက် မနည်းပါဘူး။
ဟုတ်ပါတယ်။ မဟာတာအိုပညာရှိ တစ်ရာကျော်ပါ။
ပုံမှန်ဆို ပဋိပက္ခထဲမှာ မဟာတာအိုပညာရှိတွေ ဒီလောက် မရှိပါဘူး။ ပဋိပက္ခစိတ်ဆန္ဒ ပြန်ရှင်သန်လာပြီးမှ အကောင်မျိုးစုံ ထွက်ပေါ်လာတာပါ။
ကောင်းကင်တာအိုရဲ့ ပဋိပက္ခကောင်းကင်လမ်း ထက်ဝက်ဟာ နင်းချေခံလိုက်ရပါပြီ။ ကောင်းကင်တာအို တိတ်ဆိတ်ဂိုဏ်းကလည်း ဖျက်သိမ်းလိုက်သလိုမျိုး ဖရိုဖရဲ ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ အပြင်မှာရှိတဲ့ ဟန်ထော်၊ ဟန်ဟွမ်၊ ကျိုးဖန်နဲ့ တခြားမျိုးဆက်တွေ တပည့်တွေကို တွက်ချက်ကြည့်တဲ့အခါ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံရတာကို တွေ့လိုက်ရပါတယ်။ သူတို့တွေကလည်း ဟန်ကျွယ်ကို မုန်းတီးပေမဲ့ ပဋိပက္ခသက်ရှိတွေက မယုံကြပါဘူး။ ပဋိပက္ခသက်ရှိတွေဟာ သူတို့တွေကိုဖမ်းပြီး ဟန်ကျွယ်ကို ခြိမ်းခြောက်ချင်နေကြတာပါ။
ဟန်ကျွယ်ဟာ ဖိတ်ခေါ်ပညာရပ်ကို သုံးပြီး သူတို့ကို ပြန်ဆင့်ခေါ်လို့ရပေမဲ့ ဒီလိုဆင့်ခေါ်လိုက်ရင် ကောင်းကင်တာအိုနဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်း တပည့်တိုင်း ဖိတ်ခေါ်ပညာရပ်ကို တတ်မြောက်ကြတာ မဟုတ်ပါဘူး။
ဟန်ကျွယ် သူတို့ကို ပြန်ဆင့်ခေါ်လိုက်ရင်တောင် အန္တရာယ်ပုန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဟန်ကျွယ် တွက်ချက်ထားတဲ့ အနာဂတ်လိုမျိုး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ဝရုန်းသုန်းကား ဖြစ်သွားမှာပါ။
ဒါကြောင့် ဟန်ကျွယ်အနေနဲ့ အာရုံလွှဲဖို့ လိုပါတယ်။
ဟန်ကျွယ်ဟာ မျက်တောင်ခတ်ရင်း သူ့စွမ်းအားကို လှည့်ပတ်ကာ မဟာတာအို သုံးထောင် စွမ်းအားကို စုစည်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်ကို တတ်မြောက်ထားပြီးပြီမလို့ မဟာတာအို သုံးထောင်ကို တိုက်ရိုက် မထိန်းချုပ်နိုင်ရင်တောင် မဟာတာအို သုံးထောင်ရဲ့ စွမ်းအားကို လိုသလို အသုံးချနိုင်ပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအိုသုံးထောင် စွမ်းအားနဲ့ အန္တိမမူလ စွမ်းအားကို သုံးပြီး ကိုယ်ပွားတစ်ခု ဖန်တီးလိုက်ပါတယ်။ ဒီကိုယ်ပွားမှာ အန္တိမမူလစွမ်းအားနဲ့ ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအား အကုန်လုံး ပါဝင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ဓမ္မရတနာတွေနဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တဲ့ အသိဉာဏ်တော့ မရှိပါဘူး။
ဟန်ကျွယ်ဟာ သူ့ကိုယ်ပွားကို ချက်ချင်း အပြင်ပို့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒကို နှစ်ခု ခွဲလိုက်ပါတယ်။ တစ်ခုက ပင်မခန္ဓာကိုယ် ကျင့်ကြံအားထုတ်ဖို့ ဖြစ်ပြီး တစ်ခုက ကိုယ်ပွားကို ထိန်းချုပ်ဖို့ပါ။
ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ပဋိပက္ခမှာ လျင်မြန်စွာ ခရီးနှင်ပါတယ်။
‘ငါ ဘယ်ကို သွားသင့်လဲ’ ဟန်ကျွယ်ဟာ နည်းနည်း ဝေခွဲမရ ဖြစ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နေရာတစ်ခုကို စဉ်းစားမိပြီး ပဋိပက္ခနယ်မြေတစ်ခုဆီ လျင်မြန်စွာ ခရီးနှင်ပါတယ်။
ဟန်ကျွယ် ဦးတည်ခရီးနှင်တဲ့ ပဋိပက္ခနယ်မြေက မဟာရှေးဟောင်းနယ်မြေပါ။ မဟာရှေးဟောင်း နတ်ဘီလူး သေသွားကတည်းက မဟာရှေးဟောင်း နယ်မြေဟာ ကျတ်တီးမြေ ဖြစ်သွားပါတယ်။ နတ်ဘီလူးတွေရဲ့ သတ်ဖြတ်ငွေ့ ရောင်ဝါက ရှိနေသေးတာမလို့ ဘယ်သူမှ အနားမကပ်ရဲကြပါဘူး။
ဟန်ကျွယ်ဟာ မဟာရှေးဟောင်းတိုက်ပေါ်မှာ ဆင်းသက်ပြီး “ငါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲ၊ သက်ရှိအကုန်လုံးက ငါနဲ့ ရန်သူဖြစ်ချင်မှတော့ မဟာရှေးဟောင်းနယ်မြေကို လာခဲ့ကြ၊ ငါ ရန်သူအကုန်လုံးကို ကြိုဆိုပြီး တစ်ယောက်မကျန် သတ်ပစ်မယ်”
ဟန်ကျွယ်ရဲ့ ရာဇသံဟာ ပဋိပက္ခတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိတွေတောင် ကြားလိုက်ကြရပါတယ်။ ချက်ချင်းဆိုသလို စွမ်းအားကြီးရောင်ဝါတွေဟာ မဟာရှေးဟောင်းနယ်မြေကို ပစ်မှတ်ထားကြပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ရင်ထိတ်သွားပါတယ်။ ပထမဆုံးအနေနဲ့ သက်ရှိအားလုံးရဲ့ ဘုံရန်သူ ဖြစ်တာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ရာဇသံပေးပြီး သက်ရှိအကုန်လုံးကို ခြိမ်းခြောက်လိုက်တာက ပဋိပက္ခချီ ကံတရားအ အထောက်အပံ့ သိမ်းယူတာ မြန်ဆန်လွန်းပြီး ပင်မခန္ဓာကိုယ်အတွက် ကျင့်ကြံအားထုတ်ဖို့ အချိန်မရမှာစိုးလို့ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီနေရာကနေ သူ့ကိုစိန်ခေါ်မဲ့ သက်ရှိအားလုံး စောင့်မှာပါ။ ဟန်ကျွယ်ဟာ ဒီနေရာကို နာမည်ကြားရုံနဲ့တင် လန့်ဖျပ်သွားစေမဲ့ တားမြစ်နယ်မြေအဖြစ် ပြောင်းလဲချင်နေပါတယ်။
သက်ရှိအကုန်လုံးရဲ့ မှတ်ဉာဏ်တွေဟာ ပဋိပက္ခစိတ်ဆန္ဒရဲ့ ပြောင်းလဲမှုကို ခံလိုက်ရပေမဲ့ သူတို့တွေဟာ တုံးအမသွားပါဘူး။ ဒါကြောင့် သူတို့တွေ မနိုင်နိုင်တဲ့ စွမ်းအားကြီး ရန်သူကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ”
အေးစက်တဲ့အသံနဲ့အတူ ပဋိပက္ခနက်ထဲကနေ အစိမ်းရောင်မီးလျှံတွေ ထွက်ပေါ်လာပါတယ်။ မီးလျှံထက်မှာတော့ ခရမ်းရောင်ဝတ်စုံနဲ့ အမျိုးသားတစ်ယောက် မတ်တတ်ရပ်နေပါတယ်။
မဟာတာအိုပညာရှိချုပ်။ နောက်ပြီး သာမန် မဟာတာအိုပညာရှိချုပ် မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဒီမဟာတာအိုပညာရှိချုပ်ကို ခပ်တည်တည် စိုက်ကြည့်ပြီး ဘာမှမပြောပါဘူး။
ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားက “ငါက...”
“ဝုန်း...”
ဟန်ကျွယ်ဟာ ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားရှေ့ကို ရုတ်တရက် ရောက်သွားပြီး လက်ဝါးနဲ့ ရိုက်ချလိုက်ပါတယ်။ တန်ခိုးကြီးမား မဟာလက်ဝါးက အရောင်သဏ္ဌာန် ကင်းမဲ့ပါတယ်။ ဟန်ကျွယ်ရဲ့ တန်ခိုးကြီးမား မဟာလက်ဝါးဟာ ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားရဲ့ ခန္ဓာကိုယ်ကို တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်ပါတယ်။ ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားရဲ့ ဝိညာဉ်ပဲ ဟင်းလင်းပြင်ထဲမှာ ကျန်နေခဲ့ပါတယ်။
ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားရဲ့ အောက်မှာရှိတဲ့ အတောမသတ်နိုင်အောင် များပြားလှတဲ့ အစိမ်းရောင် မီးလျှံတွေဟာ ရုတ်ခြည်း လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားဟာ နှလုံးလှုပ်သွားပါတယ်။ သူ့ဝိညာဉ်ဟာလည်း အဖြစ်အပျက်ကို မယုံကြည်နိုင်တာကြောင့် တုန်တုန်ယင်ယင် ဖြစ်သွားပါတယ်။
‘မဖြစ်နိုင်ဘူး... ငါက မဟာတာအိုပညာရှိချုပ်လေ... ဘာဖြစ်လို့ တုံ့ပြန်ချိန်တောင် မရလိုက်တာလဲ... ဒါပေမဲ့ ဒီအလျင်က...’
ဟန်ကျွယ်က မျက်နှာသေနဲ့ မေးလိုက်ပါတယ် “မင်း သေချင်လား”
ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားက ကြောက်ရွံ့မှုကို ဖိနှိပ်ပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက ငါ့တာအိုစက်ကွင်းကို ဖျက်ဆီးပြီး ငါ့ရဲ့ အကောင်းစား ရတနာကို ခိုးယူခဲ့တယ်...’
ဟန်ကျွယ် ညာလက်ကို လက်သီးဆုပ်လိုက်တဲ့အခါ ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားရဲ့ ဝိညာဉ်ဟာ ချက်ချင်း လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။ ဒီလူက မဟာတာအိုပညာရှိချုပ်ဖြစ်တဲ့အတွက် သေချာပေါက် အရန်အစီအစဉ်တော့ ရှိမှာပါ။ မရှိရင်တော့ သေဖို့ ထိုက်တန်ပါတယ်။ အပြစ်တင်မယ်ဆိုရင်တော့ ပဋိပက္ခစိတ်ဆန္ဒကိုပဲ အပြစ်တင်ရပါလိမ့်မယ်။
ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ကို လှည့်ကြည့်ပြီး “မင်းတို့အကုန်လုံး ထွက်လာခဲ့ကြ... ငါက ဘယ်သူ့ကိုမှ သနားနေမှာ မဟုတ်ဘူး၊ မင်းတို့တွေ ထိန်းချုပ်ခံရတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ငါ့ကိုသတ်ချင်ရင် မင်းတို့တွေ သေရမယ်”
ဟန်ကျွယ်ဟာ နှစ်ဆယ်သန်းကျော် ခါးခါးသီးသီး ကျင့်ကြံအားထုတ်ပြီးမှ ဒီနေ့စွမ်းအားကို ရလာတာပါ။ သက်ရှိတွေကို ပဋိပက္ခစိတ်ဆန္ဒက ထိန်းချုပ်ထားတယ်ဆိုပေမဲ့ သူတို့တွေက အခုအချိန်မှာ ရန်သူတွေပါ။ ရန်သူဆိုရင် သေရပါမယ်။
ဟန်ကျွယ်ဟာ သူ့မိသားစုဝင်တွေ တပည့်တွေနဲ့ ကောင်းကင်တာအိုကို သည်းခံနိုင်ပေမဲ့ ပဋိပက္ခကိုတော့ သည်းခံစရာအကြောင်း တစ်စက်မှ မရှိပါဘူး။ ဟန်ကျွယ်ဟာ ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိတွေကို ခွင့်လွှတ်ပေးတာက တာအိုဖန်တီးရှင်ကို ကြောက်လို့ပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခရဲ့ ပထမတန်းစား ကျင့်ကြံသူတွေကိုတော့ အမြစ်နှုတ်ပစ်ဖို့ ဝန်မလေးပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။