အတိတ် ပစ္စုပ္ပန် အနာဂတ် ပူးပေါင်းခြင်း
Vol. 92 Ch. 962
‘ဒါပဲလား... မင်းက ငါ့ကို ကြောက်အောင် ဖြဲခြောက်နေတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဆဲဆိုလိုက်ပါတယ် ‘မင်လင်းမယ်တော်... ခေါင်းနှစ်လုံး မြေခွေးမ... အပေါ်ယံမှာ ငါနဲ့ ဆက်ဆံရေးကောင်း ရှိသလိုလိုနဲ့ နောက်ကျောဓားနဲ့ ထိုးတယ်... တွေ့ကြသေးတာပေါ့ကွာ’ ဟန်ကျွယ်ဟာ အတော်လေး ဒေါသထွက်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဘာပဲဖြစ်ဖြစ် အပြင်မှာ သူ့ကိုယ်ပွား ရှိနေပါတယ်။
ဒီအတောအတွင်း ဘိုးဘေးထျန်ရွှီဟာ သက်ရှိအားလုံးကို တတ်မြောက်သွားတဲ့အတွက် ပဋိပက္ခကို အချိန်မရွေး အံ့ဖွယ်လက်ဆောင်ကြီး ပေးနိုင်ပါပြီ။
ဟန်ကျွယ်ဟာ စောင့်ဆိုင်းပါတယ်။ ပဋိပက္ခစိတ်ဆန္ဒကို ရင်ဆိုင်နိုင်မဲ့ အခွင့်အရေးကို စောင့်ဆိုင်းတာပါ။
ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိ။ သူ့ကို ပြဿနာလာရှာတဲ့လူတွေ အတော်လေး နည်းပါးသွားတာကြောင့် ကောင်းကင်တာအိုဟာ ပြန်အေးချမ်းသွားပါတယ်။ သက်ရှိအားလုံး သူ့ကို မုန်းတီးရင်လည်း ကိစ္စမရှိပါဘူး။ ဒီသက်ရှိတွေက သူ့ကို လက်လှမ်းမီတာ မဟုတ်ပါဘူး။
ပင်မတာအိုစက်ကွင်းထဲမှာရှိတဲ့ တပည့်သန်းချီဟာ တာအိုစက်ကွင်းထဲကနေ ထွက်သွားလို့မရတာကြောင့် ဒေါသကို မျိုသိပ်ပြီး ပြန်ပြီး ကျင့်ကြံအားထုတ်ကြပါတယ်။ တတိယ တာအိုစက်ကွင်းကတော့ အလွန်တရာမှ တည်ငြိမ်နေပါတယ်။
ပဋိပက္ခအထက်၊ အထွတ်အထိပ် နိယာမခုနစ်ပါးရဲ့အောက်။
မင်လင်းမယ်တော်ဟာ အထွတ်အထိပ် နိယာမခုနစ်ပါးကို မော့ကြည့်လိုက်ပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း တစ်ပါးပြီးတစ်ပါး ပေါ်လာပါတယ်။ ဒဏ်ခတ်သမားငါးဖော်လည်း ပါပါတယ်။
“ဟမ်... အန္တိမဒဏ်ခတ်နတ်မင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကြောက်မှတော့ ငါတို့တွေပဲ ပဋိပက္ခကို ကာကွယ်ရတော့မှာပေါ့” မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးက မကျေမနပ် ပြောလိုက်ပါတယ်။ တခြား နတ်စိတ်ဝိညာဉ်တွေကလည်း ခေါင်းညိတ် ထောက်ခံကြပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ဒီကိစ္စကို အထူးတလည်တော့ မတွေးကြပါဘူး။ အရင်တုန်းကလည်း အန္တိမဒဏ်ခတ်နတ်မင်းက ဒီအတိုင်းပါပဲ။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် အင်အားကြီးတုန်းကလည်း မတိုက်ခိုက်ခဲ့သလို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ တန်ခိုးထွားလာတော့လည်း ခေါင်းငုံ့ခဲ့ပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းက ပဋိပက္ခဆီ ငြိမ်းချမ်းရေး ဆောင်ယူလာပေမဲ့ လောကဦး ဘိုးဘေးနတ်ဘုရားကို မမီဘူးလို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ခံစားလိုက်ကြရပါတယ်။ အတိတ်မှာတုန်းက လောကဦး ဘိုးဘေးနတ်ဘုရားဟာ ဗိုလ်ကျလွန်းပြီး မျက်စိထဲ သဲတစ်မှုန် ဝင်တာတောင် သည်းမခံခဲ့ပါဘူး။ လောကဦး ဘိုးဘေးနတ်ဘုရားက အန္တိမဒဏ်ခတ်နတ်မင်းလိုမျိုး သူရဲဘောမကြောင်ပါဘူး။
မင်လင်းမယ်တော်ဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို လျစ်လျူရှုပြီး မန္တန်တစ်ပုဒ် ထုတ်သုံးလိုက်ပါတယ်။ ဖြူဖွေးနေတဲ့ ငွေရောင်ရေစက် တစ်စက်ဟာ မင်လင်းမယ်တော်ရဲ့ လက်ဖဝါးကနေ ပျံထွက်သွားပြီး လျင်မြန်စွာ ကြီးထွားကာ အထွတ်အထိပ် နိယာမခုနစ်ပါးနဲ့ ပေါင်းစပ်သွားပါတယ်။
ဟန်ထော်ဟာ မင်လင်းမယ်တော်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပါတယ် ‘ဒီရှေးဟောင်းနတ်မင်းက တကယ်ကို နက်နဲတာပဲ... သူက ဘယ်လို ဇာတ်ကောင်နေရာကနေ ကစားနေတာလဲ’
ဟန်ထော်ဟာ စပ်စုချင်သွားပါတယ်။ ဟန်ထော် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားဒဏ်ခတ်သမားတွေလည်း အတော်လေး သိချင်သွားကြပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်ဟောင်းတွေကတော့ ဒါကို ကျင့်သားရနေကြပါပြီ။ ကြုံရဖန်များလို့နဲ့ တူပါတယ်။ အာဏာစက်ကို ထိန်းချုပ်တဲ့ နတ်ဘုရားက ဘယ်လိုလုပ်ပြီး သာမန်နတ်ဘုရား ဖြစ်နိုင်မှာလဲ။
ယီတျန်က ရုတ်တရက် သတိပေးလိုက်ပါတယ် “မင်လင်းမယ်တော်... အနာဂတ် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဆင့်မခေါ်နဲ့နော်”
ယီတျန်ရဲ့စကားက မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ရင်ထိတ်သွားစေပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ တစ်ပါးတည်းတောင် သူတို့တွေ မျှော်လင့်ချက်မရှိနိုင်တာ။ နောက်ထပ်သုံးလေးပါး လာလို့ကတော့...။
“မစိုးရိမ်ပါနဲ့... ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မဆင့်ခေါ်ပါဘူး” မင်လင်းမယ်တော်က တည်ငြိမ်စွာ ပြန်ဖြေပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရောက်လာပြီး ဖျက်ဆီးမှာကို နိုးနိုးကြားကြားနဲ့ စောင့်ကြပ်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်သုံးထောင်က မျက်တောင်တစ်ခတ်ပါပဲ။
မင်လင်းမယ်တော်ဟာ လက်ကို ရုတ်တရက် ပြန်ရုပ်လိုက်တဲ့အခါ အထွတ်အထိပ် နိယာမခုနစ်ပါးထဲက ငွေရောင် ရေစက်ဟာ ပေါက်ကွဲထွက်သွားပါတယ်။ နတ်အလင်းရောင်ခြည် ခုနစ်ပါးဟာ ဟင်းလင်းပြင်ကို တောက်ပလင်းထိန်သွားစေပြီး မဟာတာအိုသုံးထောင်ကို အရောင် ပြောင်းသွားစေပါတယ်။
နတ်ဘုရားတွေ အကုန်လုံး လှမ်းကြည့်လိုက်ကြပါတယ်။ အထွတ်အထိပ် နိယာမခုနစ်ပါးဟာ ရောင်ခြည်ခုနစ်သွယ် နိယာမအဖြစ် ပေါင်းစပ်သွားပြီး နဂါးတစ်ကောင်လို လူးလွန့်နေပါတယ်။ ရောင်ခြည်ခုနစ်သွယ် နိယာမကနေ ထုတ်လွှတ်နေတဲ့ ကျယ်ပြောလှတဲ့ ရောင်ဝါဟာ နတ်ဘုရားတွေကို ရိုကျိုးစေပါတယ်။
“အကြွင်းမဲ့အနာဂတ်ကို အသက်သွင်းပြီး ဒီလောကကို ကယ်တင်ဖို့ မင်လင်းမယ်တော်က ပဋိပက္ခ နတ်အခွင့်အာဏာကို တောင်းဆိုပါတယ်” မင်လင်းမယ်တော်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့အသံဟာ ဟင်းလင်းပြင်မှာ ပဲ့တင်ထပ်သွားပါတယ်။
ပဋိပက္ခ နတ်အခွင့်အာဏာဟာ ပြင်းထန်စွာ စလှုပ်ရှားလာပြီး ရောင်ခြည်ခုနစ်သွယ်ကလည်း ပိုပြီးတော့ အားကောင်းလာပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံး ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းကြပါတယ်။ ဒါက ပဋိပက္ခရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် မဟုတ်ပါလား။
ဟန်ထော်ရဲ့ မျက်နှာဟာ ရှုပ်ထွေးသွားပါတယ်။ မင်လင်းမယ်တော်ရဲ့ စကားသာ မှန်ရင် သူ့အဖေ သေမှာ သေချာသလောက်ရှိနေပြီ မဟုတ်ပါလား။ ခေါင်းထဲမှာရှိတဲ့ မှတ်ဉာဏ်တွေကြောင့် ဟန်ထော်ဟာ သူ့အဖေကို မုန်းပေမဲ့ သေတော့မယ်မှန်း သိလိုက်ရတဲ့အခါ ရင်ထဲမှာ တဆစ်ဆစ် နာကျင်သွားပြန်ပါတယ်။
ယီတျန်ဟာ ဟန်ထော်ကို ပခုံးပုတ်ပြီး ပြုံးဖြဲဖြဲနဲ့ “ရောင်းရင်း... မင်းမှာ ငါရှိပါသေးတယ်”
ဟန်ထော်ရဲ့ ရင်ထဲက မွန်းကျပ်မှုဟာ အနည်းငယ် ချောင်ချိသွားပါတယ်။
ရောင်ခြည်ခုနစ်သွယ် အလင်းရောင်ဟာ ကောင်းကင်ကွန်ရက်သဖွယ် စုစည်းပြီး မရေမတွက်နိုင်တဲ့ ပုံရိပ်တွေကို ရောင်ပြန်ဟပ်ပါတယ်။ ပုံရိပ်တွေက သိပ်သည်းထူထပ်လွန်းပြီး အလွန်လျင်မြန်တဲ့အရှိန်နဲ့ ချီတက်လာပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေတောင် ဒီမြင်ကွင်းကိုကြည့်ပြီး မျက်စိကျိန်းသွားပါတယ်။
အတန်ကြာတဲ့အခါမှာတော့...
ရောင်ခြည်ခုနစ်သွယ် ကွန်ရက်ထဲမှာ ရုပ်သွင်တွေ စပြီးတော့ ခဲလာပါတယ်။ ရုပ်သွင် အကုန်လုံးက ကျယ်ပြောတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပြီး အလွန်တရာ စွမ်းအားကြီးမားတယ်ဆိုတာ သိသာလှပါတယ်။
ပထမအသုတ် ရုပ်သွင်တွေ အကုန်လုံးက မဟာတာအိုပညာရှိတွေချည်းပါပဲ။ ရုပ်သွင်ပေါင်း ၁၇၀ ဖြစ်ပြီး မဟာတာအိုပညာရှိချုပ် ခုနစ်ပါး ပါဝင်ပါတယ်။ ပထမအသုတ် ကောင်းကင်ကွန်ရက်ထဲက လှမ်းထွက်လိုက်တဲ့အခါ ကောင်းကင်ကွန်ရက်ထဲမှာ ရုပ်သွင်တွေ ထပ်ပြီးတော့ ခဲပါတယ်။
ဒုတိယအသုတ်မှာလည်း အားအနည်းဆုံးက မဟာတာအိုပညာရှိတွေ ဖြစ်ပြီး မဟာတာအိုပညာရှိချုပ် ၁၈ ပါး အပါအဝင် စုစုပေါင်း ၁၉၉ ရုပ်သွင် ဖြစ်ပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ကြောက်မက်ဖွယ်ရောင်ဝါကို အာရုံခံမိပြီး ဝမ်းသာအားရ ဖြစ်သွားကြပါတယ်။ ပဋိပက္ခကို ကယ်တင်နိုင်ပြီ မဟုတ်ပါလား။
မင်လင်းမယ်တော်ဟာ အနာဂတ်ကလာတဲ့ ပထမနှစ်သုတ် စွမ်းအားကြီးပုဂ္ဂိုလ်တွေကို စပြီးတော့ ကြိုဆိုလက်ခံပါတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်ကွန်ရက်ထဲမှာ ရုပ်သွင်တွေ ဆက်ပြီးတော့ ခဲနေတုန်းပါ။
ဒီနေရာနဲ့ အလှမ်းဝေးကွာတဲ့ မဟာရှေးဟောင်းနယ်မြေထဲက ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ဒီအဖြစ်အပျက်ကို ခံစားမိပြီး မျက်ခုံး ပင့်တက်သွားပါတယ် “ဒီနည်းလမ်းက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်”
ဟန်ကျွယ်ရဲ့ကိုယ်ပွားဟာ အနာဂတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဘယ်လောက်စွမ်းတယ်ဆိုတာကို အာရုံမခံမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က အတိတ်နဲ့ အနာဂတ်ကို ဖြတ်တောက်ထားတာကြောင့်ပါ။ တွက်ချက်မှုကလွဲရင် ဘယ်သူမှ ဟန်ကျွယ်ရဲ့ အတိတ်နဲ့ အနာဂတ်ကို မစုံစမ်းနိုင်ပါဘူး။ တခြားလူတွေနဲ့ အဆက်အဆံရှိဖို့ကတော့ ပိုလို့တောင် ဝေးပါသေးတယ်။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်စောင့်ပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ မင်လင်းမယ်တော် ဆင့်ခေါ်တာပြီးလို့ ယုံကြည်ချက်အပြည့် ရှိနေချိန်မှာ တိုက်ခိုက်မှာပါ။ ဟန်ကျွယ်ကိုယ်ပွားရဲ့ ရည်ရွယ်ချက်က မျှော်လင့်ချက်ကင်းမဲ့မှုကို ပဋိပက္ခဆီ ဆောင်ယူလာချင်တာပါ။
‘ကာလသုံးပါးက အထွတ်အထိပ် တည်ရှိမှုတွေကို မင်းတို့တွေ ဘယ်လောက်ပဲ ဆင့်ခေါ်ဆင့်ခေါ် ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရှေ့မှာ အကုန်လုံး ပြားပြားဝပ်စေရမယ်’
ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းမှုကို အမြဲတမ်း လိုက်စားသူ ဖြစ်တဲ့အတွက် ရန်သူအရေအတွက်က အဓိက မကျပါဘူး။ စစ်မှန်တဲ့ ပြိုင်ဘက်ကင်းမှုက အရေအတွက်နဲ့ ဖိနှိပ်လို့ရတဲ့အရာ မဟုတ်ပါဘူး။
မဟာတာအိုသုံးထောင်ဟာ တုန်ခါလာပါတယ်။ သူ့အထက်မှာ စုစည်းနေတဲ့ ရောင်ဝါက အားကောင်းလွန်တယ် မဟုတ်ပါလား။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ လှုပ်ရှားမှုက ပဋိပက္ခထဲမှာ ပုန်းနေတဲ့ မဟာတာအိုပညာရှိတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။ ဒီနေရာကို အပြေးလာတဲ့ မဟာတာအိုပညာရှိတွေဟာ ပိုပိုပြီးတော့ များပြားလာပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ အနာဂတ် တပည့်တွေ မျိုးဆက်တွေကိုသာမက သူတို့ကိုယ်တိုင်ကို တစ်ယောက်မက ရှာတွေ့လိုက်ရတဲ့အတွက် လန့်သွားကြပါတယ်။
သိကျန်းကို ဥပမာပေးရရင် အနာဂတ် ခေတ်အသီးသီးက သိကျန်းငါးယောက်ကို တွေ့လိုက်ရပါတယ်။
ပဋိပက္ခ နတ်အခွင့်အာဏာအောက်မှာ မဟာတာအိုပညာရှိ အရေအတွက်က တစ်သောင်းကျော်သွားပါပြီ။ ဒါပေမဲ့ အရေအတွက်က ဒီမှာတင် ရပ်မသွားဘဲ ဆက်ပြီးတော့ တိုးနေဆဲပါ။
ဟန်ထော်ဟာ အနာဂတ်ဟန်ထော်ကို တွေ့လိုက်ရပေမဲ့ သွားမနှုတ်ဆက်ပါဘူး။ ယီတျန်ကတော့ အနာဂတ်ယီတျန်ကို သွားပြီးတော့ နှုတ်ဆက်ပါတယ်။
ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီလည်း သူတို့ရဲ့ အနာဂတ်ရုပ်သွင်တွေကို တွေ့လိုက်ရတဲ့အတွက် အတော် အံအားသင့်သွားကြပါတယ်။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းတို့တွေ ငါတို့ကို ဆင့်ခေါ်တာ အံ့ဩစရာမရှိတော့ပါဘူး”
“အဆုံးမဲ့အချိန်ရဲ့ ကနဦးကာလမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခကို ဖိနှိပ်ခဲ့ပြီး အကြောင်းတချို့ကြောင့် ပျောက်သွားတယ်လို့ ပြောကြတယ်၊ ဒီလိုဆိုတော့ ငါတို့တွေက သူ့ကို ဖျက်ဆီးလိုက်တာပါလား...”
“ဟားဟား... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခကို ထိခိုက်အောင် လုပ်ရဲမှတော့ သေသင့်တယ်”
“ဒီနေ့တိုက်ပွဲက ပဋိပက္ခရဲ့ သမိုင်းမှာ ကမ္ပည်းထိုးသွားမှာပဲ”
“အနာဂတ်ကငါ... မင်း ဘယ်အဆင့်ကို ရောက်နေပြီလဲ”
“ပြောရမှတော့ ရှက်ပါတယ်၊ ငါ့ကျင့်ကြံမှုက နှစ်ပေါင်း ဆယ်ထရီလီယံ ကြာတာတောင် အဆင့်လေးတစ်ဆင့်ပဲ တိုးသေးတယ်၊ လောလောဆယ်တော့ မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်ကို ရောက်နေပြီ”
ပဋိပက္ခ နတ်အခွင့်အာဏာအောက်က ဟင်းလင်းပြင်ဟာ ပိုပိုပြီးတော့ စည်ကားလာပါတယ်။ ဒီဆူညံမှုက ဟန်ထော်နဲ့ ဟန်ဟွမ်ကို မသက်မသာ ဖြစ်သွားစေပါတယ်။ ဒီလူတွေက သူတို့အဖေကို ရင်ဆိုင်မှာ မဟုတ်ပါလား။
ဒီအချိန်မှာပဲ နဂါးနီပုံထိုးထားတဲ့ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ချောမောလှတဲ့ ယောက်ျားပျိုတစ်ယောက်ဟာ ဟန်ထော်နဲ့ ဟန်ဟွမ်ရှေ့ကို ရောက်လာပြီး လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပါတယ် “ကျွန်တော် ဟန်ယောင် ဘိုးဘေးနှစ်ယောက်ကို လာတောင်းပန်ပါတယ်”
ဟန်ထော်ဟာ မှင်တက်သွားပြီး မေးလိုက်ပါတယ် “မင်းက ဘာအပြစ် ကျူးလွန်ထားလို့လဲ”
ဟန်ဟွမ်ဟာ ဟန်ယောင်ကို ခေါင်းအစခြေအဆုံးကြည့်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ယောင်က လေးလေးနက်နက် ပြောပါတယ် “ကျွန်တော် ဘိုးဘေးနှစ်ယောက်ကို မကူညီနိုင်လို့ပါ... တောင်းပန်ပါတယ်... ကျွန်တော် ဟန်ယောင်က ကနဦးဘိုးဘေးကို ထိခိုက်အောင်လုပ်ခွင့် ဘယ်သူ့ကိုမှ မပေးနိုင်ဘူး၊ ဘိုးဘေးနှစ်ယောက်လည်း ဒီထဲမှာပါတယ်”
စကားဆုံးတာနဲ့ ဟန်ယောင်ဟာ လှည့်ထွက်သွားပါတယ်။
ဟန်ထော်နဲ့ ဟန်ဟွမ်လည်း မှင်တက်သွားကြပါတယ်။
ဘေးနားဝန်းကျင်မှာရှိတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း နှလုံးလှုပ်သွားကြပါတယ် ‘ငါတို့တွေ ဘာဖြစ်လို့ သစ္စာဖောက်ကို ဆင့်ခေါ်လိုက်ရတာလဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။