မဟာတာအိုပညာရှိ တစ်သန်း၊ ပြိုင်စံရှားမဲ့ တိုက်ပွဲ
Vol. 92 Ch. 963
မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးဟာ မင်လင်းမယ်တော်ရဲ့ ရှေ့နားသွားပြီး အသံလွှင့်ကာ ပြောလိုက်ပါတယ် “မင်လင်းမယ်တော်... ဂရုစိုက်ဦး... သစ္စာဖောက်တစ်ကောင် ပေါ်လာတယ်၊ အများကြီး မဆင့်ခေါ်နဲ့”
မင်လင်းမယ်တော်ဟာ မဟာတာအို နတ်စိတ်ဝိညာဉ်ကို ဘာမှ ပြန်မပြောဘဲ အနာဂတ်ကလာတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့သာ စကားပြောနေပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ တခြားလူတွေ စိတ်ဓာတ်ကျကုန်မှာစိုးတဲ့အတွက် သိပ်အများကြီး မပြောပါဘူး။
ယီတျန်ဟာ ဟန်ထော်နား ကပ်သွားပြီး သက်ပြင်းချလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မျိုးဆက်တွေကိုတောင် လွှမ်းမိုးထားနိုင်တုန်းပဲ၊ ဒါကိုကြည့်ရင် ဒီတစ်ကြိမ် သူ့ကိုသတ်ဖို့က အတော်လေး ခက်ခဲမယ်နဲ့ တူတယ်”
ဟန်ထော်ရဲ့ မျက်နှာဟာ မှောင်မည်းသွားပါတယ်။
ဟန်ဟွမ် ဘာတွေးနေတယ်ဆိုတာတော့ ဘယ်သူမှ မသိပါဘူး။
ကျန်းကျွယ်ရှီ “အဲဒီလို ယတိပြတ် ကောက်ချက်ချလို့တော့ မရဘူး၊ မျိုးဆက်တွေက ဒီအတိတ်ကို ဖုံးကွယ်ချင်ရင် ဆရာသခင်အကြောင်းကို အကောင်းချည်း ပြောမှာပဲ”
ယီတျန်ဟာ ကျန်းကျွယ်ရှီစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။
တစ်ချိန်တည်းမှာပဲ ပဋိပက္ခ နတ်အခွင့်အာဏာကနေ ရုပ်သွင်တွေ ဆက်ပြီး ထွက်လာနေတုန်းပါ။ သူတို့တွေထဲမှာ အားအနည်းဆုံးက မဟာတာအိုပညာရှိအဆင့် ရှိပါတယ်။
မဟာတာအိုပညာရှိတွေ ပိုပိုပေါ်လာတဲ့အခါ အနာဂတ်က ကျင့်ကြံသူတွေဟာ ဒီတစ်ခါ ရန်သူက အတော်လေး စွမ်းအားကြီးမယ်ဆိုတာကို သဘောပေါက်သွားကြပါတယ်။ ဒီလောက်များတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပူးပေါင်းတိုက်တာတောင် မလုံလောက်တဲ့ထိကို စွမ်းအားကြီးနေတာပါ။ အဲဒီနောက်ပိုင်း ပဋိပက္ခ နတ်အခွင့်အာဏာအောက်က ဟင်းလင်းပြင်မှာ တိတ်ဆိတ်သွားပါတယ်။
အသစ်ရောက်လာတဲ့ အနာဂတ် ကျင့်ကြံသူတွေဟာလည်း လေးနက်တဲ့ လေထုကြောင့် စကားမပြောရဲကြပါဘူး။ ဒါကြောင့် အတိတ်က သူတို့ကိုယ်တိုင်ကိုပဲ ပြန်မေးကြရပါတယ်။
မကြာခင်မှာပဲ မဟာတာအိုပညာရှိ အရေအတွက်က နှစ်သောင်းကျော်သွားပါတယ်။ ဒါပေမဲ့ ရပ်မသွားဘဲ ဆက်တိုးနေတုန်းပါ။
သုံးသောင်း။
လေးသောင်း။
ငါးသောင်း။
ရှိနေတဲ့ မဟာတာအိုပညာရှိတွေဟာ အရေအတွက်များလာလို့ စိတ်မလှုပ်ရှားနိုင်တော့ဘဲ ရင်ထဲမှာ တထိတ်ထိတ် ဖြစ်သွားကြပါတယ် ‘ရန်သူက ဘယ်လောက်တောင် စွမ်းအားကြီးနေလို့ မဟာတာအိုပညာရှိ ငါးသောင်းတောင် အနိုင်မယူနိုင်ရတာလဲ... သေချာပေါက် အထိအခိုက်များမှာပဲ’
ဘယ်သူမှ မင်လင်းမယ်တော်ကို မနှောင့်ယှက်ရဲပါဘူး။ ကျန်တဲ့လူတွေဟာ မင်လင်းမယ်တော်က ဘာလုပ်ရမယ်ဆိုတာကို သိလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ မင်လင်းမယ်တော် မရပ်သေးတာက မလုံလောက်သေးဘူးလို့ ဆိုလိုပါတယ်။
အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။
အနာဂတ် ကျန်းကျွယ်ရှီဟာ ကျန်းကျွယ်ရှီဘေးကို ရောက်လာပါတယ်။ သူတို့နှစ်ယောက်ဟာ အသံလွှင့်ပြီး စကားပြောဆိုကြပါတယ်။ အဲဒီနောက် ကျန်းကျွယ်ရှီဟာ မျက်နှာနည်းနည်း ပျက်သွားပါတယ်။
ကျန်းကျွယ်ရှီဟာ အနာဂတ် ကျန်းကျွယ်ရှီကို လှည့်ကြည့်လိုက်တဲ့အခါ သူ့အနာဂတ်ရုပ်သွင်က နည်းနည်းလေး ကွဲပြားခြားနားနေတာကို ရှာတွေ့သွားပါတယ်။ ဒါပေမဲ့ ဘာမတူတာလဲဆိုတာကိုတော့ ကျန်းကျွယ်ရှီ မပြောနိုင်ပါဘူး။
ဟန်ဟွမ်ဟာ အနာဂတ် ကျန်းကျွယ်ရှီကို အလွန်တရာ အေးစက်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
အနာဂတ်ကျန်းကျွယ်ရှီကတော့ ဟန်ဟွမ်ကို ပြုံးပြပါတယ်။
ယီတျန်က ရုတ်တရက် မေးလိုက်ပါတယ် “အနာဂတ်မှာ ဘာဖြစ်လို့ မင်းတစ်ယောက်တည်းပဲ ရှိတာလဲ”
ဟန်ဟွမ်မှာ အနာဂတ်ရုပ်သွင် သုံးသွင်ရှိပြီး ဟန်ထော်ရဲ့ အနာဂတ်ရုပ်သွင်ကတော့ ဆယ်သွင် ကျော်ပါတယ်။
ကျန်းကျွယ်ရှီဟာ မှင်တက်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။
အနာဂတ် ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “သူ့မှာ အနာဂတ်ရုပ်သွင် အများကြီးရှိတယ်၊ ဒါပေမဲ့ အဲဒီကောင်တွေ အကုန်လုံးကို ငါ သီးခြားခွဲထုတ်လိုက်တယ်”
‘သီးခြားခွဲထုတ်လိုက်တယ်...’ ဟန်ထော်၊ ဟန်ဟွမ်၊ ယီတျန်နဲ့ အနားမှာရပ်နေတဲ့ တခြားဒဏ်ခတ်သမားတွေ အကုန်လုံး မှင်တက်သွားကြပါတယ် ‘ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ’
အနာဂတ် ကျန်းကျွယ်ရှီဟာ အပြုံးနဲ့ “ကောင်းပြီ... စောင့်ကြည့်ကြရအောင်... နောက်ပြီးကျရင် ပွဲကောင်း လာတော့မယ်”
ယီတျန်ဟာ အနာဂတ်ကျန်းကျွယ်ရှီကို စိုက်ကြည့်ပြီး မတိုးမကျယ် မေးလိုက်ပါတယ် “မင်းကလည်း သစ္စာဖောက်ပဲလား”
အနာဂတ်ကျန်းကျွယ်ရှီဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
ဒါကိုကြည့်ပြီး ကျန်းကျွယ်ရှီဟာ မျက်မှောင်ကြုတ်ကာ အတွေးနက်သွားပါတယ်။
.....
မဟာရှေးဟောင်းနယ်မြေ။
ဟန်ကျွယ်ကိုယ်ပွားဟာ စောင့််ဆိုင်းနေတုန်းပါ။
“မင်လင်းမယ်တော်က တကယ်ကို စိတ်ရှည်တာပဲ” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ဆင့်ခေါ်ထားတဲ့ မဟာတာအိုပညာရှိ အရေအတွက်က တစ်သိန်းကျော်သွားပါပြီ။ ဒီထဲမှာ မဟာတာအိုပညာရှိချုပ် အရေအတွက် တစ်ထောင်ကျော်ပါပါတယ်။ ဒါကို မင်လင်းမယ်တော်က ဆက်ပြီးတော့ ဆင့်ခေါ်နေတုန်းပါ။
‘ဟင်း... မဟုတ်သေးဘူး... တစ်ခုခုမှားနေပြီ’
အရင်ဘဝတုန်းက ဟန်ကျွယ် ဖတ်ဖူးခဲ့တဲ့ ဝတ္ထုတွေထဲမှာ ရန်သူက ဇာတ်လိုက်ကို လျှော့တွက်မိလို့ ဘဝပျက်ရတာချည်းပါပဲ။ ဟန်ကျွယ်ရဲ့ ရန်သူဟောင်းတွေကတော့ အကုန်လုံး အရန်အစီအစဉ်တွေ ရှိကြပါတယ်။ ဘယ်သူမှ ဟန်ကျွယ်ကို လျှော့မတွက်ကြပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ ဟန်ကျွယ်ကို ပိုတွက်ဖို့ မေ့သွားကြတဲ့အတွက် ကိစ္စတုံးသွားခဲ့ရပါတယ်။ သူတို့တွေ ဟန်ကျွယ်ကို အထင်မကြီးတာကလည်း ဟန်ကျွယ်က အမြဲတမ်း သိုသိုသိပ်သိပ် နေခဲ့လိုပါ။
ဟန်ကျွယ်ဟာ တိုက်ပွဲရလဒ်ကို ကြိုတွက်ပြီးပြီမလို့ အလျင်မလိုပါဘူး။
တတိယ တာအိုစက်ကွင်းထဲက ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။ ဒီတစ်ခါ ဟန်ကျွယ်ရဲ့ ပစ်မှတ်က ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ပါ။ ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ တိုက်ခိုက်ခဲ့တုန်းက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ အချက်အလက်ကို ပုံတူကူးထားခဲ့တာပါ။
လေးငါးဆယ်ရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ လုံးဝ ယုံကြည် စိတ်ချသွားပါတယ် ‘မင်လင်းမယ်တော်... ကြိုက်သလို ဆင့်ခေါ်စမ်း... တစ်သန်းမပြည့်ရင် ငါ မင်းကို အထင်သေးရလိမ့်မယ်’
ဆယ်နှစ်ကြာပြီးနောက်။
နောက်ဆုံး ပဋိပက္ခ နတ်အခွင့်အာဏာ ထွက်ခွာသွားပါတယ်။ မင်လင်းမယ်တော်ဟာ သူမနောက်က မရေမတွက်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို လှည့်ကြည့်လိုက်ပါတယ်။ သူတို့တွေ အတူစုစည်းနေတဲ့အခါ သူတို့ရဲ့ ရောင်ဝါက အလွန်တရာကို ကျယ်ပြောလာပါတယ်။
မင်လင်းမယ်တော်က “အားလုံးပဲ... ငါတို့တွေ ဘယ်လိုမှ ခန့်မှန်းလို့မရတဲ့ ရန်သူကို ရင်ဆိုင်ရတော့မယ်၊ သူက စွမ်းအားကြီးလွန်းလို့ ရှေးခေတ်ကစလို့ အခုအချိန်အထိ နံပါတ်တစ်ပုဂ္ဂိုလ်လို့ ပြောလို့ရတယ်၊ အနာဂတ်မှာ သူ ဘာလုပ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ငါ မင်းတို့တွေ တစ်ခုခုဖြစ်မှာကို မမြင်ချင်ဘူး၊ အဲဒါကြောင့် ငါတို့တွေ အင်အားအလုံအလောက် စုစည်းပြီး သူ့ကို အားသုံး ဖိနှိပ်ရလိမ့်မယ်”
“မဟုတ်ဘူး... ငါတို့ရဲ့ ပူးပေါင်းအင်အားက ဘယ်စွမ်းအားကြီး ရန်သူကိုမဆို ဖိနှိပ်ဖို့ လုံလောက်တယ်”
မင်လင်းမယ်တော်ရဲ့အသံက သိမ်မွေ့ညင်သာပေမဲ့ မဟာတာအိုပညာရှိ တစ်သန်းကျော်ရဲ့ သွေးတွေကို ဆူပွက်သွားစေပါတယ်။
ပြောရရင် ဒီလိုမျိုး မဟာတာအိုပညာရှိ တစ်သန်းကျော် စုစည်းမှုက ဘယ်တော့မှ ထပ်မဖြစ်နိုင်ပါဘူး။
“မဟာတာအို နတ်စိတ်ဝိညာဉ်တွေ... ရှေ့ကနေ မဟာရှေးဟောင်းနယ်မြေဆီ ဦးဆောင်... ပဋိပက္ခရဲ့ အနာဂတ်အတွက် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တစ်ခါတည်း အမြစ်ပြတ် သုတ်သင်ကြမယ်”
မင်လင်းမယ်တော်က လက်ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်ပါတယ်။ မင်လင်းမယ်တော်ရဲ့ စကားအဆုံးမှာ မဟာတာအိုပညာရှိ တစ်သန်းကျော်ဆီကနေ ကြောက်မက်ဖွယ်ရောင်ဝါတွေ ပေါက်ကွဲထွက်လာပါတယ်။ အဲဒီနောက် မဟာတာအိုပညာရှိ နတ်စိတ်ဝိညာဉ်တွေရဲ့ ဦးဆောင်မှုအောက်မှာ မဟာတာအိုပညာရှိ တစ်သန်းကျော်ဟာ မဟာရှေးဟောင်း နယ်မြေဆီ ချီတက်သွားကြပါတယ်။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ငါ ဒီဒဏ္ဍာရီလာ တည်ရှိမှုကို တစ်နေ့ကျ ရင်ဆိုင်ရလိမ့်မယ်လို့ တွေးတောင် မတွေးဖူးဘူး”
“ငါ့ခေတ်မှာလည်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဒဏ္ဍာရီတွေရှိတယ်၊ ပြောကြတာတော့ သူက ပြိုင်ဘက်ကင်းတယ်တဲ့”
“ဘာမှမဖြစ်ဘူး... ဒီလောက်များတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အတူပူးပေါင်းတိုက်ခိုက်တာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ တစ်ပါး မပြောနဲ့၊ တစ်ရာလာတောင် သေမှာပဲ”
“ဟားဟား... ဒီတိုက်ပွဲက သမိုင်းကို သေချာပေါက် ပြန်ရေးလိမ့်မယ်”
“ဒါက ငါတို့မသိတဲ့ သမိုင်းတစ်ခု ဖြစ်နိုင်တယ်”
မဟာတာအိုပညာရှိ တစ်သန်းရဲ့ ရောင်ဝါက အတော်လေးကို ကြောက်မက်ဖွယ် ကောင်းပါတယ်။ သူတို့ရဲ့ ရောင်ဝါနဲ့တင် ပဋိပက္ခတစ်ခုလုံး သိမ့်သိမ့်တုန်သွားပါတယ်။
ကျင့်ကြံသူတွေဟာ တစ်ယောက်ပြီး တစ်ယောက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ မဟာရှေးဟောင်း နယ်မြေဆီ အပြေးသွားကြပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှုတွေက အနိမ့်ဆုံး လွတ်လပ်မှုအဆင့် ရှိပါတယ်။ ဒီထက်အဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေဟာ မဟာရှေးဟောင်းနယ်မြေကို မသွားရဲကြပါဘူး။ သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဘယ်လောက်မုန်းမုန်း အလကားသက်သက်တော့ အသေခံမှာ မဟုတ်ပါဘူး။
မဟာတာအိုပညာရှိချုပ်တွေရဲ့ ကူညီမှုကြောင့် သူတို့တွေဟာ မဟာရှေးဟောင်းနယ်မြေကို ငါးမိနစ် မပြည့်ခင်မှာပဲ ရောက်ရှိသွားကြပါတယ်။ ကျင့်ကြံသူတွေဟာ မဟာရှေးဟောင်းနယ်မြေကို ဘက်ပေါင်းစုံကနေ ဝန်းရံလိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ခေါင်းထက်မှာလည်း နတ်ဘီလူးဓမ္မရုပ်တုတွေ ပေါ်လာပါတယ်။ နတ်ဘီလူးဓမ္မရုပ်တု အကုန်လုံးက ကြီးကျယ်ခမ်းနားလှပါတယ်။ နတ်ဘီလူး ဓမ္မရုပ်တု သုံးထောင် စုစည်းသွားတဲ့အခါ မဟာရှေးဟောင်း နယ်မြေတောင် သူတို့ကို ထိန်းမထားနိုင်ပါဘူး။
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ရင်းနှီးတဲ့ မျက်နှာအများကြီးကို တွေ့လိုက်ရပါတယ်။ သူ့သားနှစ်ယောက်အပြင် တပည့်တွေလည်း ပါပါတယ်။
ပြောစရာရှိတာဆိုလို့ တာအိုအရှင်သခင်တို့သုံးယောက် မပါတာပါ။ ဒီသုံးယောက်က မဟာတာအိုပညာရှိတွေ ဖြစ်သလို ဟန်ကျွယ်ကိုလည်း မုန်းနေပါတယ်။ ဒါပေမဲ့ ကလဲ့စားလာမချေကြပါဘူး။ ကြည့်ရတာ တစ်နေရာရာမှာ အဆော်ခံနေရပြီနဲ့ တူပါတယ်။
မဟာတာအိုပညာရှိ တစ်ပါးကို ပိတ်လှောင်ပြီး ရိုက်နှက်ဖို့က အန္တရာယ်များတဲ့နေရာဖြစ်ဖို့ လိုပါတယ်။
ဟန်ကျွယ်ဟာ ဒီအတိုင်းပဲ လျှောက်တွေးလိုက်တာပါ။ သူ့အာရုံက သူ့ရှေ့က မြင်ကွင်းဆီမှာပါ။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ အညံ့ခံပါ” မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးက စိတ်ဆိုးမာန်ဆိုး အော်ပြောလိုက်ပါတယ်။ မဟာတာအိုပညာရှိ တစ်သန်းရဲ့ သတ်ဖြတ်ငွေ့ဟာ ပေါက်ကွဲထွက်လာပြီး ဟန်ကျွယ်ကို ပစ်မှတ်ထားလိုက်ပါတယ်။
ဟင်းလင်းပြင်ဟာ မှန်တစ်ချပ်လိုမျိုး ကွဲကြေသွားပြီး လောကဦး ဟင်းလင်းပြင်သာ ကျန်ရှိပါတော့တယ်။
မဟာရှေးဟောင်းနယ်မြေလည်း ကွဲကြေသွားပါတယ်။
ပြိုင်စံရှားတဲ့တိုက်ပွဲတစ်ပွဲ စတင် ဖြစ်ပွားပါတော့မယ်။
ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိ တစ်သန်းကို လှမ်းကြည့်လိုက်ပါတယ် ‘ငါ မင်းကို တစ်သန်း ဆင့်ခေါ်စေချင်တာ... မင်းက တကယ်ဖြစ်အောင် လုပ်လိုက်ပါ့လား...’
မင်လင်းမယ်တော်က တကယ်တော်တယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူရင်ဆိုင်တဲ့လူက ဟန်ကျွယ် ဖြစ်နေပါတယ်။ ဟန်ကျွယ်အတွက် ဒီလောက်အင်အားက မလုံလောက်ပါဘူး။
“အပိုတွေ ပြောမနေနဲ့၊ လာအသေခံကြ”
ဟန်ကျွယ်ဟာ တစ်ခါတည်း စစ်ကြော်ငြာပြီး ပဋိပက္ခ နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်ကို လျင်မြန်စွာ ခဲလိုက်ပါတယ်။ ပဋိပက္ခ နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်ဟာ ဟန်ကျွယ်နောက်မှာ ရပ်ပြီး ဘက်ပေါင်းစုံကို အော်ဟစ်ကြုံးဝါးလိုက်တဲ့အခါ လောကဦး ဟင်းလင်းပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားပါတယ်။
“သတ်”
ရွှေရောင်သံချပ်ကာနဲ့ မဟာတာအိုပညာရှိချုပ်တစ်ပါးက ပထမဆုံး တိုက်ခိုက်ပါတယ်။ ဒီမဟာတာအိုပညာရှိချုပ်ဟာ နတ်အလင်းရောင် ဖြာထွက်နေတဲ့ စစ်လှံကို ကိုင်ပြီး ဟန်ကျွယ်ကို တိုက်ခိုက်ပါတယ်။ ဒီမဟာတာအိုပညာရှိချုပ် လှုပ်ရှားလိုက်တာနဲ့ စွမ်းအားကြီးပုဂ္ဂိုလ် သောင်းချီကလည်း နောက်ကနေ ချက်ချင်း လိုက်လှုပ်ရှားပါတယ်။
မဟာတာအိုပညာရှိ သိန်းချီဟာ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေကို အတူတကွ အသုံးပြုလိုက်ကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ် ထွက်မပြေးနိုင်အောင်လို့ ဟင်းလင်းပြင်ကို ချိပ်ပိတ်လိုက်ပါတယ်။
ကြမ်းတမ်းလွန်းတဲ့ သိမ်မွေ့နက်နဲလွန်းတဲ့ ဆန်းကြယ်စွမ်းအားမျိုးစုံဟာ ဟန်ကျွယ်ကို တိုက်ခိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ဟာ မရေတွက်နိုင်တဲ့ ပုံရိပ်ယောင်တွေကို တွေ့မြင်လိုက်ရပြီး ဘဝပေါင်းတစ်သောင်း ကုန်ဆုံးသွားတယ်လို့ ခံစားလိုက်ရပါတယ်။
‘ဒီအကွက်တွေက ရိုးနေပြီ’
ဟန်ကျွယ်ရဲ့ အနီရောင် မျက်လုံးဟာ တောက်ပလာပြီး မရေမတွက်နိုင်တဲ့ ပုံရိပ်ယောင် ဆန်းကြယ်စွမ်းအားတွေကို တစ်ခါတည်း ချေဖျက်ပစ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။