ကပ်ဘေးပြီးဆုံးခြင်း၊ မင်လင်းမယ်တော်၏ ဝန်ခံချက်
Vol. 92 Ch. 968
“အခြေအနေ ဘယ်လိုရှိလဲ” ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နားကပ်ပြီး ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဘိုးဘေးထျန်ရွှီဆီကနေ အသက်အားလုံး ဆန်းကြယ်စွမ်းအားက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာကို သိထားပြီးပါပြီ။ ပဋိပက္ခတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်တဲ့အတွက် ဒီကိစ္စကိုသာ မဖြေရှင်းနိုင်ဘူးဆိုရင် ဘယ်လိုတည်ရှိမှုမျိုးကို ရင်ဆိုင်ရမလဲမဆိုတာ ရှင်းဟုန်ရွှမ် စိတ်တောင် မကူးရဲပါဘူး။
ဟန်ကျွယ် “ပြီးသွားပြီ၊ ပဋိပက္ခစိတ်ဆန္ဒလည်း မရှိတော့ဘူး၊ ဖျက်ဆီးခံလိုက်ရတဲ့ သက်ရှိတွေကိုလည်း ပဋိပက္ခအရှင်သခင်ကို အသက်ပြန်ရှင်အောင် လုပ်ပေးလိုက်ပြီ၊ ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လဲ...”
ရှင်းဟုန်ရွှမ်ဟာ လျူပေ့နဲ့ ဘိုးဘေးထျန်ရွှီတို့ဟာ ရင်ထိတ်သွားကြပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဘိုးဘေးထျန်ရွှီရဲ့ ကျင့်ကြံမှု နဂိုအတိုင်း ပြန်မဖြစ်တာ နှမြောဖို့ကောင်းတယ်”
ဟန်ကျွယ်စကားကြောင့် ရှင်းဟုန်ရွှမ်တို့ သုံးယောက်ဟာ ငိုရခက် ရယ်ရခက် ဖြစ်သွားကြပါတယ်။
ဘိုးဘေးထျန်ရွှီ “ရပါတယ်၊ ပြန်ပြီးတော့ ကျင့်ကြံရုံပေါ့၊ အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒီလောက် ကြီးမားတဲ့ ကံဝန်ကို မထမ်းဆောင်ရဲဘူး”
ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံးကို ဖျက်ဆီးတာက ဘိုးဘေးထျန်ရွှီ လုပ်ခဲ့သမျှ အရာတွေထဲမှာ သေချာပေါက် အရူးသွပ်ဆုံး အရာပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အနားယူကြရအောင်... ငါ ကောင်းကင်တာအိုကိုလည်း စစ်ဆေးရဦးမယ်”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ မဟာရှေးဟောင်းနယ်မြေမှာ မဟာတာအိုပညာရှိ တစ်သန်းဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ လေထုလည်း ထူးဆန်းသွားပါတယ်။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ရုတ်တရက် ပေါ်လာပြီး ဟန်ဟွမ်နဲ့ တခြားလူတွေကို လွှတ်ပေးလိုက်ပါတယ်။ သူတို့တွေ ပေါ်လာတာက အခုမှ အသက်ပြန်ရှင်လာရုံ ရှိသေးတဲ့ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေကို မအံ့ဩစေပါဘူး။
မင်လင်းမယ်တော်က ပြောလိုက်ပါတယ် “ငါ ပဋိပက္ခစိတ်ဆန္ဒအစစ်ဆီက သတင်းစကား ရထားတယ်၊ ပြီးခဲ့တဲ့ ပဋိပက္ခစိတ်ဆန္ဒက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်လို့ ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ပဲ၊ သူက ပဋိပက္ခ နတ်အခွင့်အာဏာကို အသုံးချပြီး သက်ရှိအားလုံးရဲ့ မှတ်ဉာဏ်ကို ပြောင်းလဲခဲ့လို့ ငါတို့တွေ အကုန်လုံး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မုန်းတီးသွားကြတာ၊ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို ပဋိပက္ခ နတ်အခွင့်အာဏာက နှင်ထုတ်လိုက်ပြီ၊ ငါတို့ကိုလည်း အဲဒီပဋိပက္ခ နတ်အခွင့်အာဏာကပဲ အသက်ပြန်ရှင်အောင် လုပ်ပေးလိုက်တာ”
“ဒီကပ်ဘေး ပြီးသွားပြီ၊ ငါတို့တွေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဆက်ပြီးတော့ ပစ်မှတ်ထားစရာ မလိုတော့ဘူး၊ အနာဂတ်က လူတိုင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ”
မင်လင်းမယ်တော်က ဦးညွှတ်လိုက်ပါတယ်။ တခြား မဟာတာအိုပညာရှိတွေနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း ဦးညွှတ်လိုက်ကြပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ် တစ်သန်းနီးပါးဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားကြပါတယ်။ ဒီအချိန်မှာပဲ ပဋိပက္ခ နတ်အခွင့်အာဏာဟာ အထက်မှာ ပေါ်လာပြီး အနာဂတ်က စွမ်းအားကြီးပုဂ္ဂိုလ် တစ်သန်းကို စုပ်ယူသွားပါတယ်။
ဟန်ဟွမ်ဟာ ဟန်ယောင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ယောင်ဟာ ဟန်ကျွယ်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်ပါတယ် “ဘိုးဘေး ဟန်ဟွမ်... ကျွန်တော် ဘိုးဘေးကို ပြောဖို့ မေ့သွားတယ်၊ ကျွန်တော်က ဘိုးဘေးရဲ့ တပည့်တစ်ဝက်ပဲ၊ နောက်ကျရင် ကျွန်တော်ကို ဂရုစိုက်ပေးပါ”
ဟန်ဟွမ်ဟာ မှင်တက်သွားပါတယ်။
ကျန်းကျွယ်ရှီလည်း လိုက်ကြည့်တဲ့အခါ အနာဂတ် ကျန်းကျွယ်ရှီ ပျောက်သွားတာကို တွေ့လိုက်ရပါတယ်။ ကျန်းကျွယ်ရှီဟာ အသက်ပြန်ရှင်လာကတည်းက သူ့အနာဂတ်ရုပ်သွင်ကို မမြင်တာပါ။
မကြာခင်မှာပဲ အနာဂတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေ အကုန်လုံးကို ပဋိပက္ခ နတ်အခွင့်အာဏာက ပြန်ပို့လိုက်ပါတယ်။ မဟာရှေးဟောင်းနယ်မြေလည်း တိတ်ဆိတ်သွားပါတယ်။
ပစ္စုပ္ပန်က မဟာတာအို နတ်စိတ်ဝိညာဉ်တွေနဲ့ မဟာတာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဒီကိစ္စက ပြီးသွားပြီဆိုပေမဲ့ သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မတွေးတတ်အောင် ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ တိုက်ပွဲမှတ်ဉာဏ်တွေက အဖျက်မခံရပါဘူး။ ဒါကြောင့် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မဟာတာအိုပညာရှိ တစ်သန်းနဲ့ မဟာတာအိုပညာရှိ တစ်ထောင်ကို ဖိနှိပ်တာက သူတို့မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေပါသေးတယ်။
ဒီအချိန်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်းဟာ မင်လင်းမယ်တော်ဘေးမှာ ရုတ်တရက် ပေါ်လာပါတယ်။ မင်လင်းမယ်တော်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အသာ ဦးညွှတ်ပြီး အရိုအသေ ပေးလိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက လက်ဝှေ့ယမ်းပြီး အချက်ပြလိုက်တဲ့အခါ အနားမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ထွက်ခွာသွားကြပါတယ်။ ဟန်ဟွမ်နဲ့ တခြားလူတွေလည်း အတူတူပါပဲ။
မကြာခင်မှာ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ မင်လင်းမယ်တော်သာ ကျန်ရစ်ခဲ့ပါတော့တယ်။
အန္တိမဒဏ်ခတ်နတ်မင်းကို မင်လင်းမယ်တော်ကို မေးလိုက်ပါတယ် “မင်း အမှန်တရားကို အစောကြီးကတည်းက သိထားခဲ့တာမလား”
“ကျွန်မ ပဋိပက္ခကို တော်လှန်ဖို့ ဒီလိုအခွင့်အရေးမျိုး မဖန်တီးဘူး၊ ဒီလောက်များတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို မဆင့်ခေါ်ဘူးဆိုရင် ဒီကိစ္စ ငြိမ်သွားတာတောင် မဟာတာအို နတ်စိတ်ဝိညာဉ်တွေက လက်ခံနိုင်မှာ မဟုတ်ဘူး၊ အခု ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူ့စွမ်းအားကို သက်သေပြပြီးပြီ၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဘယ်လောက်ပဲ မကျေနပ် မကျေနပ် ဒီကိစ္စကို လက်ခံလိုက်ရတယ်၊ ဒါက အကောင်းဆုံး ရလဒ်ပဲ”
“ဒါဆို မင်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မင်းကို ဘယ်လိုထင်မယ်ဆိုတာ ထည့်စဉ်းစားဖူးလား” အန္တိမဒဏ်ခတ်နတ်မင်းက ခပ်ယဲ့ယဲ့အပြုံးနဲ့ မေးလိုက်ပါတယ်။
“သူ နားလည်မှာပါ”
“ဟီးဟီး...”
ကောင်းကင်တာအို၊ ကောင်းကင်တာအို ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။
“အိပ်မက်လိုပဲ”
“မင်းလည်း ဒီလိုခံစားရတာလား”
“ဟုတ်တယ်၊ ဒီနှစ်တွေမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ”
“ငါ ကောင်းကင်တာအို ဖျက်ဆီးခံရတယ်လို့ အိပ်မက်မက်တယ်”
“အခု အဆင်ပြေသွားပြီမလား၊ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါးက ငါတို့ကို ဒုက္ခပေးချင်တာ ဖြစ်ရမယ်၊ ကောင်းကင်တာအိုမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိနေတာက ငါတို့အတွက် ကံကောင်းမှုတစ်ခုပဲ”
တာအိုပညာရှိတွေဟာ အချင်းချင်း ဆွေးနွေးကြရင်း သူတို့ရဲ့ အကြည့်တွေက ကောင်းကင်အရှင်ရွှမ်တုဘေးမှာ ထိုင်နေတဲ့ ဟန်ကျွယ်ဆီ ရောက်သွားကြပါတယ်။ သူတို့မျက်လုံးတွေက လေးစားကြည်ညိုမှုတွေ အပြည့်ပါပဲ။
ဟန်ကျွယ်ကတော့ အသိပေးချက်တွေကို ကြည့်နေပါတယ်။ အကုန်လုံးက မျက်နှာပေးမှု အသိပေးချက်တွေချည်းပါပဲ။ များလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ အချိန်ယူပြီး ပြီးအောင် ဖတ်လိုက်ရပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ပြုံးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အဆင်ပြေပြီလို့ ပြောတယ်ဆိုမှတော့ ငါတို့တွေ ပဋိပက္ခ ကောင်းကင်လမ်းအကြောင်း ပြောကြရအောင်၊ ဒီနှစ်တွေမှာ ပဋိပက္ခလမ်းက တော်တော်လေး ဖျက်ဆီးခံလိုက်ရတာ၊ ငါတို့တွေ ဒါကို ပြန်ပြုပြင်ဖို့ လိုတယ်”
တာအိုပညာရှိတွေဟာ ဒီအကြောင်း ပြောကြတဲ့အခါ ဒေါသမထွက်ဘဲ မနေနိုင်ကြပါဘူး။
ပဋိပက္ခ ကောင်းကင်လမ်း ထက်ဝက်ကျော် ဖျက်ဆီးခံလိုက်ရတဲ့အတွက် တာအိုပညာရှိတွေဟာ ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။ အရေးအကြီးဆုံးက ဒီကိစ္စကို ဘယ်သူနဲ့ ရှင်းရမလဲ မသိကြတာပါ။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ ဆွေးနွေးတာကို ဝင်မပါပါဘူး။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာရှိတဲ့ ဟန်ကျွယ်ရဲ့ ကိုယ်ပွားကတော့ လီရွှမ်အောက်နဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို အတည်တကျ ပြန်ဖြစ်အောင် လုပ်နေပါတယ်။
အကျဉ်းချုပ်ရရင် ပဋိပက္ခစိတ်ဆန္ဒကြောင့် ဖြစ်လာတဲ့ ကပ်ဘေးဟာ ပြီးဆုံးသွားပါပြီ။
သက်ရှိတွေဟာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မမှတ်မိကြပေမဲ့ မဟာတာအိုပညာရှိတွေကတော့ ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေသေးတဲ့အတွက် တစ်စုံတစ်ခု ရလိုက်တယ်လို့ ပြောလို့ရပါတယ်။ ဒီလိုတိုက်ပွဲမျိုးက ဘယ်တုန်းကမှ မရှိခဲ့သလို နောက်လည်း ထပ်ရှိလာနိုင်မဲ့ တိုက်ပွဲမျိုး မဟုတ်ပါဘူး။
ဒီနေ့ ဒီအချိန်ကစပြီး ပဋိပက္ခထဲက ဘယ်သူမှ ဟန်ကျွယ်ကို ပြဿနာရှာရဲတော့မှာ မဟုတ်ပါဘူး။ ပြဿနာဆိုလို့ ကောင်းကင်တာအိုရဲ့ တိုးတက်မှုပဲ ရှိပါတော့တယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို မျက်နှာနည်းနည်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို အများဆုံး ပဋိပက္ခနယ်မြေတစ်ခုစာထိပဲ အင်အားကြီးလာခွင့် ပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နဝမပဋိပက္ခက ကောင်းကင်တာအို သက်ရှိတွေကို အသက်ပြန်ရှင် လုပ်မပေးလို့ရပေမဲ့ အသက်ပြန်ရှင်အောင် လုပ်ပေးပြီး သူ့ရဲ့ သည်းခံနိုင်စွမ်းကို သက်သေပြခဲ့လို့ပါပဲ။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ နဝမပဋိပက္ခကို ဆက်ပြီးတော့ အနှောင့်အယှက် မပေးသင့်တော့ပါဘူး။
တကယ်လို့ ကောင်းကင်တာအို ကောင်းကောင်းမွန်မွန် တိုးတက်လာရင်တောင် ဟန်ကျွယ်အတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူး မရှိပါဘူး။ ပန်ကူးနဲ့ တာအိုဘိုးဘေးပဲ ကြားထဲက အကျိုးအမြတ် ရသွားမှာပါ။
ဟန်ကျွယ်ဟာ သူ့ရဲ့ လောကဦးကမ္ဘာကို ကြည့်လိုက်ပါတယ်။
လေးငါးဆယ်နာရီ အကြာမှာတော့ ဟန်ကျွယ်ဟာ စကြဝဠာခန်းမထဲက ထွက်ခွာပြီး သူ့တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စ လုံးဝ ပြီးပြတ်သွားအောင် နှစ်တစ်သိန်း ဂူအောင်းကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ် တရားထိုင်လိုက်တယ်ဆိုရင်ပဲ သူ့ရှေ့မှာ အသိပေးချက်တစ်ချက် ပေါ်လာပါတယ်။
[မင်လင်းမယ်တော်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
‘ထိုင်မနေနိုင်တော့ဘူးလား...’ ဟန်ကျွယ်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ငြင်းချင်ပေမဲ့ တစ်ခဏ စဉ်းစားပြီးနောက် မင်လင်းမယ်တော် ဘာပြောမလဲဆိုတာကို နားထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မင်လင်းမယ်တော်က ပဋိပက္ခ နတ်အခွင့်အာဏာကို ဆင့်ခေါ်နိုင်တဲ့အတွက် အန္တိမ ဒဏ်ခတ်နတ်မင်းထက် စွမ်းအားကြီးတယ်လို့ ပြောလို့ရပါတယ်။ နတ်စိတ်ဝိညာဉ်တွေထဲမှာ စွမ်းအားအကြီးဆုံးလို့တောင် ပြောလို့ရပါတယ်။ နောက်ဖြစ်နိုင်ခြေတစ်ခုက မင်လင်းမယ်တော်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ နောက်လိုက်ခွေး ဖြစ်နေနိုင်ပါတယ်။
အိပ်မက်နယ်မြေက မင်လင်းမယ်တော်ရဲ့ ပိုင်နက် အဆုံးမဲ့ကျယ်ပြောလှတဲ့ ပင်လယ်ပါ။ ဟန်ကျွယ်ဟာ လေထဲမှာရပ်ရင်း မင်လင်းမယ်တော်ကို ကြည့်လိုက်ပါတယ်။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”
မင်လင်းမယ်တော်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
“ဒီလောက်စွမ်းအားကြီးတဲ့ ရန်သူတွေကို ဆင့်ခေါ်မိလို့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကျွန်မကို မုန်းသွားပြီလား”
“ပဋိပက္ခရဲ့ အနာဂတ်ကိုပါ ဆွဲမထည့်ရင် အဲဒီ အမျိုးအမည်မသိ တည်ရှိမှုက ဝင်ပါမှာ မဟုတ်ဘူး၊ ရှင် ပဋိပက္ခစိတ်ဆန္ဒကို အနိုင်မယူနိုင်ဘူး၊ ရှင် တာအိုစက်ကွင်းထဲမှာ ပုန်းနေရင်တောင် ရှင့်တပည့်တွေ၊ ကလေးတွေနဲ့ ကောင်းကင်တာအို အကုန်လုံး ပျက်စီးသွားမှာ၊ ပဋိပက္ခထဲက သက်ရှိတွေပဲ သေသွားရင် အဲဒီတည်ရှိမှုက ပဋိပက္ခစိတ်ဆန္ဒကို အပြစ်ပေးမှာ မဟုတ်ဘူး၊ ရှင်နဲ့ ပဋိပက္ခစိတ်ဆန္ဒက ကမ္ဘာမကျေ ရန်သူတွေ ဖြစ်နေဦးမှာ၊ ရှင် အန္တရာယ်ကြားထဲက လွတ်ဦးမှာ မဟုတ်သေးဘူး၊ အခု ပဋိပက္ခ အနာဂတ်ပါ သက်ရောက်သွားတော့ အဲဒီ ပဋိပက္ခစိတ်ဆန္ဒ မရှင်သန်နိုင်တော့ဘူး”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ မင်လင်းမယ်တော်ရဲ့ စကားက ကျိုးကြောင်း ညီညွတ်နေတယ် မဟုတ်ပါလား။
မင်လင်းမယ်တော်က ဆက်ပြောပါတယ် “အန္တိမဒဏ်ခတ်နတ်မင်းက ရှင့်ငယ်သား ဖြစ်နေပြီဆိုတာကို ကျွန်မ သိတယ်၊ ကျွန်မသာ ရှင့်ရန်သူဆိုရင် တိုက်ပွဲမဖြစ်ခင်တုန်းက ရှင်ဆီကိုလာပြီး ဖျောင်းဖျခဲ့မှာ မဟုတ်ဘူး၊ တစ်ခါတည်း မဟာတာအိုပညာရှိတွေကို ဦးဆောင်ပြီး တိုက်ခိုက်မှာ၊ အခုလိုမျိုး လုပ်တာက ကျွန်မကိုယ်ကျွန်မ ကလဲ့စားချေခံရအောင် လုပ်သလိုမျိုး ဖြစ်မနေဘူးလား”
ဟန်ကျွယ်က ဒေါသတကြီး ပြောလိုက်ပါတယ် “မင်းက အဲဒါလည်း သိထားတာပဲလား”
“ဒီလိုလုပ်လိုက်တာက အနည်းဆုံး ပဋိပက္ခစိတ်ဆန္ဒက ကျွန်မကို အပြစ်မတင်ဘူး၊ နောက်ပြီး သူ့ကို ရွေးချယ်စရာ ဝင်ပါအောင်လုပ် တွန်းအားပေးရာ ရောက်တယ်”
ဟန်ကျွယ်ဟာ မင်လင်းမယ်တော်ကို ဘာမှ ပြန်မပြောပါဘူး။ ဒီရန်ငြိုးက မင်လင်းမယ်တော်ဘက်ကနေ တစ်ခုခု မပေးဆပ်ရင် ပြေငြိမ်းမှာ မဟုတ်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။