ဟန်မိသားစုရဲ့ အုတ်မြစ်
Vol. 93 Ch. 974
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နောက်ထပ် နှစ်တစ်သိန်းကြာတဲ့အခါ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း မျက်လုံးဖွင့်ပြီး လောကဦးကမ္ဘာကို အကဲခတ် လေ့လာလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးပါတယ်။ အကုန်လုံးက အဆင်ပြေပါတယ်။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။
ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ် ကံတရားစာအုပ်ကို စပြီးတော့ စဉ်းစားပါတယ်။
လျှို့ဝှက်ဆန်းကြယ် ကံတရားစာအုပ်ရဲ့ စောင့်ကြာချိန်က ပြည့်သွားပါပြီ။ ဒါက ကောင်းတဲ့ကိစ္စပါ။ ဒီဟာက ပဋိပက္ခရဲ့ စိတ်ဆန္ဒလိုမျိုး သက်ရှိအားလုံးရဲ့ မှတ်ဉာဏ်ကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ မဟုတ်ပါဘူး။ ဒီထက်ပိုပြီးတော့ ကြမ်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားကိုတောင် ပြောင်းလဲနိုင်လို့ပါပဲ။
ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ် ကံတရားစာအုပ်ရဲ့ အချက်အလက်ကို ထပ်ပြီးတော့ စစ်ဆေးလိုက်ပါတယ်။
[လျှို့ဝှက်ဆန်းကြယ် ကံတရားစာအုပ်: အန္တိမအကောင်းစား ရတနာ၊ အထွတ်အထိပ် ဖန်တီးမှုအား သိမ်းယူခြင်းမှ ဖြစ်ပေါ်လာသော အကောင်းစား ရတနာတစ်ပါး ဖြစ်သည်။ အတိတ်နှင့် အနာဂတ်အား ပြင်ဆင်နိုင်ပြီး အရာအားလုံးကို တိုက်ရိုက် ပြောင်းလဲနိုင်သည်။ မည်သည့်နိယာမ၏ ကန့်သတ်မှု ထောက်လှမ်းမှုကိုမှ မခံရ။ သင်ဤရတနာကို အသုံးပြုတိုင်း ညီမျှသော သက်တမ်း ကျသင့်လိမ့်မည်။ ဤရတနာသည် အသုံးပြုပြီးနောက် အချိန်အတိုင်းအတာ တစ်ခုအထိ အိပ်စက်သွားလိမ့်မည်။ အသုံးပြုကြိမ် များလာသည်နှင့်အမျှ စောင့်ကြာချိန်လည်း နှစ်ဆတိုးလာလိမ့်မည်။ ဤရတနာအား အဆင့်မြှင့်တင်၍ မရသလို ကိုယ်ပိုင်ပစ္စည်းလည်း ပြုလုပ်လို့ မရပါ။]
ဟန်ကျွယ်ဟာ တစ်ခဏ တွေးဆပြီးနောက် လောလောဆယ် သုံးဖို့ မလိုသေးဘူးလို့ ခံစားလိုက်ရပါတယ်။ ဒါကြောင့် နောက် လိုမှပဲ သုံးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ လောလောဆယ်မှာ ဟန်ကျွယ်ဟာ ဘာအန္တရာယ်မှ မရှိပါဘူး။ နဝမပဋိပက္ခကလည်း ဒီကိစ္စနောက်ကို ဆက်မလိုက်တော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ လောလောဆယ်မှာ စိတ်အေးလက်အေး နေလို့ရပါတယ်။
ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက် ချပြီးတာနဲ့ ဘေးက သမီးကို ကြည့်လိုက်ပါတယ်။
“လင်အာ... သမီး ဆန်းကြယ်စွမ်းအား သင်မလား”
ဟန်လင်ဟာ တအံ့တဩ မျက်လုံးဖွင့်လိုက်ပြီး ချက်ချင်း ခေါင်းညိတ်ပါတယ်။ ဟန်ကျွယ်ကလည်း အချိန်မဆိုင်းဘဲ ဆန်းကြယ်စွမ်းအားတွေ စပြီးတော့ သင်ကြားပေးပါတယ်။
ဟန်လင်ရဲ့ အရည်အချင်းက တကယ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။ သာမန် ဆန်းကြယ်စွမ်းအားတွေကို တစ်ခါတည်း တတ်မြောက်လုနီးပါပဲ။ လေးငါးဆယ်လ ကြာသွားတဲ့ အခါမှာတော့ ဟန်လင်ဟာ ဟန်ကျွယ်ဆီကနေ ဆန်းကြယ်စွမ်းအား ဆယ်မျိုးကျော်ကို တတ်မြောက်သွားပါတယ်။ ဒီထဲမှာ တန်ခိုးကြီးမား မဟာလက်ဝါးလည်း ပါပါတယ်။
ဟန်လင်ဟာ သက်ပြင်းချလိုက်ပါတယ် ဟင်း... သမီး တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ချင်လိုက်တာ”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဟန်လင်အတွက် အသွင်တူ လက်ရည်စမ်းပွဲ အသုံးပြုခွင့်ကို ဖွင့်ပေးပြီး အကြမ်းဖျင်း ရှင်းပြလိုက်ပါတယ်။ အသွင်တူ လက်ရည်စမ်းပွဲ အကြောင်း သိလိုက်ရတဲ့ ဟန်လင်ဟာ အတော်လေး အံ့အားသင့်သွားပါတယ်။
နောက်နှစ်လေးငါးဆယ်ကြာအောင် ဟန်လင်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ နစ်မြောပြီး ကျင့်ကြံဖို့တောင် မေ့သွားပါတယ်။
ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းဆီသွားပြီး ကောင်းကင်တာအိုကို အကဲခတ် လေ့လာပါတယ်။ ဟန်ကျွယ်ဟာ ဟန်ယွီက လက်ထပ်ပြီး မျိုးဆက်ပြန့်ပွားအောင် ဆောင်ရွက်တာကို ရှာတွေ့သွားပါတယ်။ နှစ်နှစ်သိန်းကြာအောင် တိုးတက်ပြောင်းလဲမှုက ဟန်မိသားစုကို ကောင်းကင်တာအိုထဲမှာ နက်နက်နဲနဲ အမြစ်တွယ်သွားစေပါတယ်။
အင်မော်တယ်ကမ္ဘာမှာ တာအိုပညာရှိတိုင်းရဲ့ မျိုးဆက်တွေ ရှိနေကြတာ မဟုတ်ပါဘူး။ မိသားစုဆို ပြောမနေပါတော့နဲ့။ တာအိုပညာရှိတွေရဲ့ သင်ကြားမှုက ဆရာတပည့် ဆက်ဆံရေးပဲ များပါတယ်။
တာအိုပညာရှိတွေ အတွက် သွေးစည်းက လုံခြုံတဲ့ အမွေဆက်ခံမှု နည်းလမ်း မဟုတ်ပါဘူး။ မျိုးဆက်တွေထဲမှာ ပြိုင်ဘက်ကင်း အရည်အချင်းရှိတဲ့ တည်ရှိမှု ထွက်ပေါ်လာဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ တပည့်လိုက်ရှာရတာက ဒီထက် ပိုလွယ်ကူတယ် မဟုတ်ပါလား။
ဒါ့အပြင် တာအိုပညာရှိတွေက သူတို့သွေးစည်းနဲ့ မျိုးဆက် တည်ထောင်မယ်ဆိုရင် အပြင်လူတွေကို ချဉ်းကပ်ဖို့ ခက်ခဲတယ်လို့ ခံစားရစေမှာပါ။ ဒီလိုဆို သူတို့မျိုးဆက်တွေက တဖြည်းဖြည်းနဲ့ စိတ်သဘောထား ကျဉ်းမြောင်းလာမှာပါ။
လက်ရှိမှာ အင်မော်တယ်ကမ္ဘာရဲ့ ဟန်မိသားစုက နှစ်သိန်းချီသွားပြီး မိသားစုခွဲတွေကလည်း သေမျိုးကမ္ဘာ ဒါဇင်ကျော်မှာ ပျံ့နှံ့တည်ရှိနေပါတယ်။ ဟန်ကျွယ်ဟာ ဒီရလဒ်ကို ကျေနပ်အားရပါတယ်။ ဟန်ယွီတစ်ယောက်ပဲ သူပေးတဲ့ တာဝန်ကို အကောင်းဆုံး ကြိုးစားပြီး အောင်မြင်အောင် ဆောင်ရွက်တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဟန်မိသားစုကိစ္စကို ဝင်မပါပါဘူး။ သူတို့တွေက ဟန်ကျွယ်ရဲ့ မိုးကောင်းကင်ပါရမီရှင် ဖန်တီးမှုအတွက် ပါရမီရှင်လောင်းလျာတွေပါ။
ဟန်မိသားက တာအိုပညာရှိ မိသားစု ဖြစ်တဲ့အတွက် မျိုးဆက်တွေထဲမှာ ကောင်းကင်တာအို ပါရမီရှင်တွေ အများကြီး ရှိနေပါတယ်။ သူတို့က အင်မော်တယ်ကမ္ဘာမှာ ကောင်းသတင်းနဲ့ ကျော်ဇောကြပါတယ်။
ဟန်ကျွယ် စဉ်းစားနေတုန်းမှာပဲ ဟန်ကျွယ်ရှေ့မှာ ဝဲကတော့နက်တစ်ခု ရုတ်တရက် ပေါ်လာပါတယ်။
ဖိတ်ခေါ်ပညာရပ်။
ဟန်ကျွယ် တွက်ချက်ကြည့်လိုက်တဲ့အခါ ဖိတ်ခေါ်ပညာရပ် သုံးတဲ့လူက ကျောက်ရွှမ်ယွမ်မှန်း သိလိုက်ရပါတယ်။ ဟန်ကျွယ်လည်း ချက်ချင်း ဝဲကတော့နက်ထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ စိတ်ဆန္ဒ တစ်စွန်းတစ်စကို သိမ်းထားတာမလို့ သေမှာ မကြောက်ပါဘူး။
ဝဲကတော့နက်ထဲက ထွက်လိုက်တဲ့အခါ ဟန်ကျွယ်ကို ဆီးကြိုနေတာကတော့ အငြိုးမိစ္ဆာတွေ ပြည့်နှက်နေတဲ့ မှောင်မိုက်တဲ့ ကောင်းကင်ပြင်ပါ။ အငြိုးမိစ္ဆာတွေက ပုံစံအမျိုးမျိုးရှိပြီး မရေမတွက်နိုင်အောင် များပြားလှပါတယ်။
ဝဲကတော့နက်ရဲ့ အောက်မှာတော့ တာအိုအရှင်သခင်တို့ လေးယောက် ရှိနေပါတယ်။ ဒီအချိန်မှာ တာအိုအရှင်သခင်နဲ့ ကျန်းယီဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပါတယ်။ သူတို့ခန္ဓာကိုယ်တွေက ပြည့်ပြည့်စုံစုံမရှိဘဲ သွေးတွေ စိုရွှဲနေပါတယ်။ သူတို့ရဲ့ ဒဏ်ရာတွေမှာ ထူးဆန်းတဲ့ အစိမ်းရောင် မီးလျှံတွေ တောက်လောင်နေပြီး မျက်နှာမှာလည်း နာကျင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
လောင်တန်ဟာ လက်မြှောက်ပြီး ဓမ္မစွမ်းအားနဲ့ အရံအတားတစ်ခု ဖန်တီးထားတာကြောင့် သူတို့လေးယောက်ရဲ့ ပတ်လည်မှာ မမြင်နိုင်တဲ့ အကာအကွယ်တစ်ခု ရှိနေပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ သက်ပြင်းရှည်ကြီးတစ်ချက် ချပြီး အလောတကြီး ပြောလိုက်ပါတယ် “ဆရာသခင်... ကျွန်တော်တို့ကို ကယ်ပါဦး”
ဟန်ကျွယ်ဟာ ဝဲကတော့နက်ကို ကျောပြုပြီး တစ်လက်မတောင် မရွှေ့ပါဘူး။ ဒီနေရာမှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက ဝဲကတော့နက်ကို အသုံးချပြီး တတိယ တာအိုစက်ကွင်းထဲ ကျူးကျော်မှာစိုးလို့ပါ။
ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေတဲ့ အငြိုးမိစ္ဆာတွေဟာ အစအနရှာမရအောင် ပျောက်ကွယ်သွားကြပါတယ်။
ဒီအငြိုးမိစ္ဆာတွေက လွတ်လပ်မှုအဆင့်ပဲ ရှိတာပါ။ သူတို့စွမ်းအားနဲ့ မဟာတာအိုပညာရှိ လေးပါးကို တားဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ထူးဆန်းတယ်လို့ ခံစားရတာကြောင့် မေးဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာပဲ ဟန်ကျွယ်ဟာ အရပ်မျက်နှာတစ်ခုကို ရုတ်တရက် လှမ်းကြည့်လိုက်ပါတယ်။
သဲကန္တာရလို ခြောက်သွေ့နေတဲ့ မြေပြင်မှာ ရုပ်သွင်တစ်သွင်ဟာ ဟန်ကျွယ်ရဲ့ ဘယ်ဘက်ခြမ်းကနေ လျှောက်လှမ်းလာပါတယ်။ ဒီရုပ်သွင်က အမျိုးသား တစ်ယောက်ဖြစ်ပြီး ကျိုးပဲ့နေတဲ့ ချပ်ဝတ်ကို ဝတ်ဆင်ထားပါတယ်။ ဒီအမျိုးသားဟာ ခန္ဓာကိုယ် မားမားမတ်မတ် ရှိပြီး သူ့ဆံပင်ရှည်တွေက လေထဲမှာ လူးလွန့်နေပါတယ်။ သူ့ရဲ့ သရဲနဲ့တူတဲ့ မျက်နှာမှာ အနီရောင် မျက်ခုံးမွေးတွေ ရှိနေပြီး မျက်လုံးတွေက အေးစက်လှပါတယ်။ တစ်ချက်ကြည့်ရင် မျက်လုံးလေးလုံး ရှိသလိုပါပဲ။
ဒီလူက သားရဲကြမ်းလိုမျိုး အားကောင်းတဲ့ ရောင်ဝါရှိပြီး ညာလက်မှာ ဧရာမဓားမတစ်ချောင်းကို ကိုင်စွဲထားပါတယ်။ ဒီဓားမက ခြောက်သွေ့တဲ့ မြေပြင်ပေါ်မှာ အဆုံးမရှိတဲ့ လျှိုမြောင်တွေ ဆွဲလာပါတယ်။ ဒီဧရာမဓားမက ဒီအမျိုးသားထက်တောင် ကြီးမားနေပါသေးတယ်။ ဒီဓားမကို အနက်ရောင်နဲ့ အနီရောင် ကြေးခွံတွေ ဖုံးအုပ်ထားပြီး ဓားသွားက လရောင်လိုမျိုး တောက်ပတဲ့ ငွေရောင် ရှိပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမျိုးသားရဲ့ရောင်ဝါက မဟာတာအိုပညာရှိချုပ်ရဲ့ ရောင်ဝါကို ယှဉ်လို့ရနေပြီမလို့ပါ။
‘တာအိုအရှင်သခင်တို့တွေ ဒီကောင်ကို မတားနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး... ဒါနဲ့ ဒီနေရာက ဘယ်နေရာပါလိမ့်’
ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကြက်လိုက်တဲ့အခါ ဒီနေရာတစ်ခုလုံးက အလွန်ကျယ်ပြောတဲ့ ကမ္ဘာတစ်ခု ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဘယ်လောက်တောင် ကျယ်ပြောလဲဆိုရင် ပဋိပက္ခလိုပါပဲ။ ဒါပေမဲ့ ပဋိပက္ခမှာ ဒီလောက် ကြီးမားကျယ်ပြန့်တဲ့ မြေပြင် မရှိပါဘူး။
‘နေပါဦး... ဒါ ပဋိပက္ခအောက်ခြေ ဖြစ်မယ်...’
ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ တိုက်ခိုက်တုန်းက ပဋိပက္ခ အောက်ခြေကို ရောက်ဖူးပါတယ်။ ပဋိပက္ခအောက်ခြေမှာလည်း ဒီလိုမျိုး ကျယ်ပြောတဲ့ မြေပြင် ရှိပါတယ်။
‘မဟုတ်ဘူး... ဒါ ပဋိပက္ခ အောက်ခြေ မဟုတ်ဘူး... ဒီနေရာမှာ ပဋိပက္ခချီ မရှိဘူး’
“ဆရာသခင် ဂရုစိုက်ပါ... ဒီနေရာမှာ ရှိနေတဲ့ဟာတွေက ဓမ္မစွမ်းအားကို ဝါးမျိုနိုင်တယ်” ကျောက်ရွှမ်ယွမ်က စိုးရိမ်တကြီး ပြောလိုက်ပါတယ်။ အဲဒီနောက် ဓားမဆွဲလာတဲ့ ကြောက်မက်ဖွယ် ရုပ်သွင်ကို လက်ညှိုးထိုးပြီး “တာအိုအရှင်သခင်နဲ့ ကျန်းယီကို ဒဏ်ရာရအောင် လုပ်လိုက်တာ သူပဲ၊ တာအိုအရှင်သခင်နဲ့ ကျန်းယီက တစ်ချက်တည်းနဲ့ သေတော့မလို ဖြစ်သွားတယ်”
ကျန်းယီ “အဟွတ်... ငါတို့မျက်နှာ မပျက်အောင် နည်းနည်း ချန်ထားပါဦးဟ”
လောင်တန်ဟာ ဟန်ကျွယ်ကို ရှုပ်ထွေးတဲ့ မျက်နှာနဲ့ လှမ်းကြည့်ပါတယ် ‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ...’
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါ ဘယ်နေရာလဲ”
ကျောက်ရွှမ်ယွမ်က ပြန်ဖြေပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ ပဋိပက္ခထဲမှာတော့ မဟုတ်လောက်ဘူး၊ ကျွန်တော်တို့တွေ ပဋိပက္ခအောက်ခြေကနေ ဒီနေရာကို ရောက်လာတာ၊ ကျွန်တော်တို့တွေ ဒီနေရာမှာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ဖမ်းဆုပ်မိကြတယ်၊ ဒီနေရာမှာ အကြာကြီးနေပြီးတော့ ကျွန်တော်တို့တွေက မဟာတာအိုပညာရှိ အဆင့်မှာ ပြိုင်ဘက်ကင်းပြီလို့ ထင်ထားတာ၊ ဒီကောင်နဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက အထွတ်အထိပ် နိယာမတွေနဲ့ ပတ်သက်ပါတယ်။ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ပဋိပက္ခ အပြင်ဘက်မှာ ထိန်းချုပ်နိုင်တာက...။
“ဝုန်း...”
အဝေးမှာရှိနေတဲ့ ချပ်ဝတ်နဲ့ အမျိုးသားဟာ ရုတ်တရက် ထခုန်လိုက်တဲ့အတွက် မိုင်တစ်ရာ ပတ်လည်မှာရှိတဲ့ မြေကြီးကို ပြိုလဲသွားစေပါတယ်။ ဖုန်မှုန့်တွေ တထောင်းထောင်း ထသွားပြီး ချပ်ဝတ်နဲ့အမျိုးသားဟာ ဓားမနဲ့ ဟန်ကျွယ်ကို ခုတ်ပိုင်းလိုက်ပါတယ်။
ဒီစွမ်းအားက သေမျိုးတစ်ယောက်ကို သေလောက်အောင် ကြောက်သွားစေနိုင်ပေမဲ့ ဟန်ကျွယ် မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ချပ်ဝတ်နဲ့ အမျိုးသားဟာ လောင်တန်ရဲ့ ဓမ္မစွမ်းအား အရံအတားကို ချိုးဖျက်ပြီး လောင်တန်ကို မြေကြီးပေါ် ထိုးနှက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဓားမချက်က လောင်တန်ကို ထိခါနီးတာ တွေ့လိုက်ရတဲ့အခါ လက်ဝါးမြှောက်လိုက်ပါတယ်။
တန်ခိုးကြီးမား မဟာလက်ဝါး။
ကြောက်မက်ဖွယ် လှိုင်းတစ်လှိုင်း ထွက်ပေါ်လာပြီး ချပ်ဝတ်နဲ့ အမျိုးသားကို ရုတ်ခြည်း အမှုန့် ဖြစ်သွားစေပါတယ်။ ကြေးခွံတွေ ဖုံးအုပ်ထားတဲ့ ဓားမလည်း မိုးကုပ်စက်ဝိုင်းဆီ လွင့်စဉ်သွားစေပါတယ်။
‘ဒါပဲလား... တာအိုပညာရှိလောက်တောင် မစွမ်းဘူး’
ချပ်ဝတ်နဲ့ အမျိုးသားရဲ့ ရောင်ဝါက မဟာတာအိုပညာရှိချုပ်ရဲ့ ရောင်ဝါလိုမျိုး ရှိပေမဲ့ သူ့အလျင်က တာအိုပညာရှိကိုတောင် မမီပါဘူး။
ဟန်ကျွယ် ပဟေဠိ ဖြစ်နေတုန်းမှာ ကြေးခွံနဲ့ဓားမဟာ ရုတ်တရက် ရပ်တန့်သွားပြီး အေးစက်တဲ့ အလင်းရောင် ယှက်သမ်းကာ ဟန်ကျွယ်ကို ထပ်ပြီးတော့ တိုက်ခိုက်ပါတယ်။
‘မြန်လှချည်လား...’
ဟန်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်သွားပေမဲ့ မရှောင်ပါဘူး။ ဝဲကတော့နက်က သူ့နောက်မှာရှိနေတဲ့အတွက် ဒီဓားမသာ ဝဲကတော့နက်ထဲ ဝင်သွားရင် တာအိုစက်ကွင်းဆီ တန်းရောက်သွားမှာပါ။
“ဝုန်း...”
ကြေးခွံနဲ့ဓားမဟာ ဟန်ကျွယ်ရဲ့ အန္တိမမော်တယ် ဝတ်ရုံနဲ့ ဝင်တိုက်မိပါတယ်။ အင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုက ကောင်းကင်ပြင်တစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေပြီး ဧရာမလေပြင်းက မြေကြီးကို တရစပ် တုန်ခါသွားစေပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်အောက်မှာပဲ ကြေးခွံနဲ့ဓားမရဲ့ မျက်နှာပြင်ကနေ ကြေးခွံတွေ ထွက်ပေါ်လာပြီး ချပ်ဝတ်နဲ့ အမျိုးသားအသွင် တစ်ဖန်ပြန်ခဲသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။