ဟွမ်ဇွမ်တျန်ရဲ့ အနာဂတ်၊ အမှောင်သခင်ကြီး ရှိဖို့ လိုသေးတယ်
Vol. 93 Ch. 978
ဟန်ကျွယ်ဟာ ဟန်လင်နဲ့ တိုက်ခိုက်ဖို့ သဘောတူလိုက်ပါတယ်။ အဲဒီနောက် သားအဖနှစ်ယောက်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ တိုက်ပွဲစတာနဲ့ ဟန်ကျွယ်ဟာ ဟန်လင်ကို ချက်ချင်း တိုက်ခိုက်လိုက်ပါတယ်။
တစ်ချက်တည်း အသေသတ်။
ဟန်လင်ဟာ ရုတ်တရက် လန့်နိုးပြီး မှင်တက်သွားပါတယ်။
ဟန်ကျွယ်ရဲ့ မျက်နှာကတော့ တစ်စက်တောင် မပြောင်းပါဘူး။
တာအိုဘုံကျောင်းဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးမှ ဟန်လင်က မကျေမချမ်း ပြောလိုက်ပါတယ် “ဖေဖေ... ဘာဖြစ်လို့ ဖေဖေရဲ့ စွမ်းအားကို ထုတ်သုံးရတာလဲ၊ အဲဒီလိုဆိုရင်တောင် သမီးကို တိုက်ခိုက်ဖို့ အခွင့်အရေး ပေးဦးလေ၊ သမီးက ဒီရတနာရဲ့ စွမ်းအားကို စမ်းသပ်ချင်လို့ပါဆိုနေမှ”
ဟန်ကျွယ်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ပြိုင်စရာ ဒီလောက်လူတွေ အများကြီးရှိတာကို... သူတို့နဲ့ မလုံလောက်ဘူး၊ မင်းက ကိုယ့်အဖေကို ပြဿနာရှာရဲတဲ့အထိ တော်တော် သတ္တိကောင်းတာပဲ”
“အဲဒီလို မဟုတ်ပါဘူး”
“ဟီးဟီး...”
“မရဘူး... ဖေဖေ သမီးကို အရင်ဆုံး မတိုက်ခိုက်နဲ့၊ သမီးကို အရင်ဆုံး တိုက်ခိုက်ခွင့်ပေး”
ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ ကပ်ချွဲမှုကို မခံနိုင်တာကြောင့် သဘောတူလိုက်ရပါတယ်။
ဒုတိယ အသွင်တူ လက်ရည်စမ်းပွဲ စတင်တဲ့အခါ ဟန်ကျွယ်ဟာ အရင်ဆုံး မတိုက်ခိုက်ဘဲ ဟန်လင်ကို နည်းမျိုးစုံသုံးပြီး တိုက်ခိုက်စေပါတယ်။ ဒီတော့မှာ ဟန်ကျွယ်ဟာ ဧကရာဇ်စစ်သားတွေက ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါတယ်။
ဒီဧကရာဇ်စစ်သားတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကိုပဲ လေ့ကျင့်ထားတာပါ။ သူတို့က ကြမ်းပေမဲ့ ဘယ်ဆန်းကြယ်စွမ်းအားကိုမှ မသုံးတတ်ပါဘူး။ သေမျိုးတွေရဲ့ စစ်တပ်လိုပါပဲ။ အဆင့်တူတွေထဲမှာ ဟန်လင်ကို အနိုင်ယူဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ကျင့်ကြံမှုအဆင့် ကွာခြားရင်တော့ ဧကရာဇ်စစ်သားတွေ ဘယ်လောက်များများ သုံးစားမရတော့ပါဘူး။
ဟန်လင်ဟာ ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် ဟန်ကျွယ်ရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ပါဘူး။ နည်းမျိုးစုံ ကြိုးစားလို့ အရာမရောက်တဲ့အခါမှာတော့ ဟန်လင်ဟာ လက်လျှော့လိုက်ပါတယ်။
သားအဖနှစ်ယောက်ဟာ မျက်လုံး ပြိုင်တူ ဖွင့်လိုက်ပါတယ်။ ဟန်လင်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ ဟန်လင်ဟာ အတော်လေး ခံစားသွားရပါတယ်။
ဟန်ကျွယ်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “သမီးဖေဖေက ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို သိလား၊ သမီး အပြင်ထွက်ပြီး လျှောက်မေးကြည့်ချင်လား...”
ဟန်လင်ဟာ နှုတ်ခမ်းမဲ့သွားပါတယ် “အဲဒီလိုလား... အဲဒါဆို သမီးကို ဖေဖေ့ဇာတ်လမ်းအကြောင်း ထပ်ပြောပြချည်၊ အရင်တစ်ခေါက် ဖေဖေပြောတာ တာအိုရယူတဲ့အခန်းပဲ ရောက်သေးတယ်၊ အဲဒီနောက်ပိုင်း ဘာဆက်ဖြစ်လဲ”
ဟန်လင်ဟာ သူ့အဖေရဲ့ ဇာတ်လမ်းကို တကယ် စိတ်ဝင်စားတာပါ။ ဟန်လင်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲက သက်တူရွယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းနေပါပြီ။ ဒါတင် မကသေးပါဘူး။ ဟန်လင်ဟာ မဟာတာအိုပညာရှိကို ရင်ဆိုင်ရရင်တောင် ခုခံနိုင်ပါသေးတယ်။ ဟန်လင်ဟာ ယုံကြည်ချက်လွန်ကဲပြီး အသွင်တူ လက်ရည်စမ်းပွဲထဲက လူတိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဘယ်သူမှ သူ့အဖေလောက် ဖိအားများများ မပေးနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ သူ့ဇာတ်လမ်းကို ပြောပြလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ခံစားချက်ရှိတဲ့ လူသားတစ်ယောက်မလို့ သူ့သမီးရှေ့မှာ သူရဲကောင်းကြီး ဖြစ်ချင်ပါသေးတယ်။ ဒီဇာတ်လမ်းက အတော်ကြာပါတယ်။
ဟန်ကျွယ်ရဲ့ ဇာတ်လမ်း ဆုံးသွားတဲ့ အခါမှာတော့ ဟန်လင်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ရန်သူတွေ အခြေအနေတွေက ဟန်လင်ကို လုံးဝ ဇာတ်လမ်းထဲ နစ်မြောသွားစေပါတယ်။
‘ငါသာ အဲဒီလိုမျိုး အန္တရာယ်တွေကို ရင်ဆိုင်ရရင် ဘယ်လိုလုပ်မှာလဲ’
“ဖေဖေက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတော့ ဖေဖေရဲ့ ရန်သူတွေက ဖေဖေရဲ့ ကျင့်ကြံမှုအဆင့်ကို ဘယ်တော့မှ မခန့်မှန်းနိုင်ဘူး” ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ်။
ဟန်လင်ဟာ ခေါင်းညိတ်လိုက်ပါတယ် “သမီးလည်း အဲဒီလိုပဲထင်တယ်... ဖေဖေ မစိုးရိမ်ပါနဲ့... သမီး ဘယ်တော့မှ ဂုဏ်မောက်ပြီး ထင်ရာစိုင်းမှာ မဟုတ်ပါဘူး”
သားအဖနှစ်ယောက်ဟာ စကားခဏ ထပ်ပြောပါတယ်။ အဲဒီနောက် ဟန်လင်ဟာ ဆက်ကျင့်ကြံပြီး ဟန်ကျွယ်ကတော့ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက အတော်လေး စည်စည်ကားကကား ဖြစ်နေပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေဟောင်းတွေက ကြီးပြင်းလာကြီးပြီး သူတို့တာဝန်ကိုသာမက တခြားသူတွေရဲ့ တာဝန်ကိုပါ ယူနေကြပါတယ်။ ဒီအခြေအနေကို ကြည့်ပြီး ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
ရုတ်တရက် ဟန်ကျွယ်ရဲ့ အာရုံကို စာတစ်စောင်က ဆွဲဆောင်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မဟာတာအိုကမ္ဘာကို တည်ထောင်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
‘မဟာတာအိုကမ္ဘာ... ဒါက တာအိုဖန်တီးရှင်အဆင့်ကို ရောက်ဖို့ သော့ချက်ပဲ... ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ’ ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ဟွမ်ဇွမ်တျန်ကို အိပ်မက်ထဲ ဆွဲထည့်လိုက်ပါတယ်။
အိပ်မက်နယ်မြေက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တောင်ထိပ် ဆယ့်ရှစ်ထိပ်ပါ။ စိမ်းလန်းစိုပြည်တဲ့ တောတောင်မြစ်ချောင်းတွေက ပန်းချီကားတစ်ချပ်လို ရှုငြီးလို့ မကုန်နိုင်အောင်ပါပဲ။
ဟွမ်ဇွမ်တျန်ရဲ့ ရောင်ဝါဟာ အရင်ကထက် ပိုအားကောင်းလာပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ရွှေရောင်စမတွေ ထိုးထားတဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ခေါင်းထက်မှာတော့ ခရမ်းရောင်ကျောက်စိမ်းနဂါး ဦးချိုရှိတဲ့ သရဖူပြာကို ဆင်မြန်းထားပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ဝတ်ရုံဟာ လေထဲမှာ လူးလွန့်နေပြီး အမူအရာက ဣန္ဒြေ ရှိနေပါတယ်။ ရှုံဟွာသခင်လို့ မပြောရပါဘူး။
ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် “မင်းကို.. ငါ အခွင့်အရေးတစ်ခု ရထားလို့ လိုက်ရှာနေတာ... မင်း နားထောင်ချင်လား”
“နားမထောင်ဘူး”
ဟွမ်ဇွမ်တျန်ဟာ ချက်ချင်း ဒူးတစ်ဖက်ထောင်ပြီး လက်သီးဆုပ်လိုက်ပါတယ် “သခင်ကို ဂါရဝ ပြုပါတယ်”
ဟွမ်ဇွမ်တျန်ဟာ စိတ်လှုပ်ရှားနေပြီး ဟိတ်ဟန် မထုတ်ပါဘူး။ ဟွမ်ဇွမ်တျန်ဟာ သူ့အောင်မြင်မှုတွေက တကယ်ကို အထင်ကြီးဖို့ ကောင်းတယ်ဆိုပေမဲ့ ဟန်ကျွယ်နဲ့ယှဉ်ရင် အများကြီး လိုနေသေးတယ်လို့ ခံစားနေရတုန်းပါ။ ဟန်ကျွယ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ နာမည်နဲ့ ပဋိပက္ခထဲက သက်ရှိတွေရဲ့ အာရုံကို ဆွဲဆောင်မထားရင် သူ ဒီနေ့ ဒီနေရာမှာ ရှိလာနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ကို သူ နားလည်ထားသလောက် ဟန်ကျွယ်က နာမည်ကြီးတာကို မကြိုက်ဘူးဆိုတာ ဟွမ်ဇွမ်တျန် သိပါတယ်။ အမြဲတမ်း သိုသိုသိပ်သိပ် နေတဲ့လူက ဒီနှစ်သုံးလေးသန်းမှာ နာမည်ကြီးလာတာက သူတို့ ကပ်ဘေးထိန်းချုပ်သူတွေကို ပဋိပက္ခ သက်ရှိတွေ မေ့သွားအောင် အာရုံလွှဲပြောင်းလိုက်တာလို့ ဟွမ်ဇွမ်တျန်က ခံယူထားပါတယ်။
ဟန်ကျွယ် ပဋိပက္ခရဲ့ ထိပ်ဆုံးကို ရောက်သွားကတည်းက အန္တိမဒဏ်ခတ်နတ်မင်းဟာ သူ့ကို လာရှာပြီး အခွင့်အရေး ပေးလိုကြောင်း ကမ်းလှမ်းလာခဲ့ပါတယ်။ ဒါကြောင့် ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားပါတယ်။ သူ ဒီနေ့ ဒီအခြေအနေအထိ ရောက်လာတာကလည်း ဟန်ကျွယ်ကြောင့်လို့ ခံစားလိုက်ရပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်က သူ့ကို လာမရှာတဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ သူနဲ့ ဟန်ကျွယ်ရဲ့ ဆက်ဆံရေးကို မထုတ်ဖော်ရဲပါဘူး။
“မင်းရဲ့ ဝိညာဉ်နက်ထဲမှာ ကမ္ဘာတစ်ခု ဖန်တီးလိုက်တာလား”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ဟွမ်ဇွမ်တျန်ဟာ မှင်တက်သွားပါတယ်။ ဒါက သူ့ရဲ့ လျှို့ဝှက်ချက်ပါ ‘သခင်က တကယ်ကြီးကို အကုန်လုံး သိနေတာပဲ’
“ဟုတ်ပါတယ်... သခင်က တကယ်ကို စွမ်းအားကြီးတာပဲ၊ ဒါကိုတောင် သိနိုင်တယ်” ဟွမ်ဇွမ်တျန်က တလေးတစား ပြန်ဖြေပါတယ်။
“ဒီအကြောင်း တစ်ယောက်မှကို မပြောနဲ့၊ မင်း အယုံကြည်ရဆုံး လူတွေကိုတောင် မပြောနဲ့”
ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ် ပြောခဲ့တဲ့ အကြောင်းတွေကို ဟွမ်ဇွမ်တျန်ဆီ ဖောက်သည် ပြန်ချလိုက်ပါတယ်။ ဒီအကြောင်းတွေကို ကြားပြီး ဟွမ်ဇွမ်တျန်ဟာ တုန်လှုပ်သွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ပဋိပက္ခအထက်မှာ သာလွန်တည်ရှိမှုတစ်ခု ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဟွမ်ဇွမ်တျန်ဟာ အသက်အရှည်ကြီး ရှူလိုက်ပါတယ် “သခင်ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်ရဲ့ မူလရည်ရွယ်ချက်က ကပ်ဘေးထိန်းချုပ်သူတွေကို ဒီကမ္ဘာထဲ ရွှေ့ပြောင်းချင်နေတာ၊ တော်သေးတယ်... သခင် သတိပေးပေလို့... မဟုတ်ရင်... ကျွန်တော် ဘဝပျက်တော့မှာ”
ပဋိပက္ခထဲက သက်ရှိ အကုန်လုံးကို လက်တစ်ချက် ဝှေ့ယမ်းပြီး အသက်ပြန်သွင်းနိုင်တဲ့လူက ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
“မင်း လုံအောင် ဝှက်ထားနိုင်လိမ့်မယ်လို့ ငါ ယုံတယ်၊ ဒီနှစ်တွေမှာ ငါ မင်းကို ကြည့်နေခဲ့တာ၊ မင်းလုပ်တာ ကောင်းတယ်၊ သက်ရှိတွေက ရှုံဟွာအင်အားစုကို အရင်လိုမျိုး မကြောက်ကြတော့ဘူး၊ မင်း ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်မှာလား...”
“ဟုတ်ကဲ့... ဝင်ပြိုင်မှာပါ၊ ကျွန်တော်သာ မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်နိုင်ရင် ရှုံဟွာအင်အားစုက လုံးဝ အလင်းထဲ ရောက်သွားလိမ့်မယ်၊ သခင် မစိုးရိမ်ပါနဲ့၊ ကျွန်တော် အနှိုင်းမဲ့ထိပ်ဆုံးနေရာကို မထိပါဘူး”
ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ် “မင်းမှာ အရည်အချင်းရှိရင် တိုက်ခိုက်ချည်၊ မင်း ငါ့မျက်နှာကို ထောက်စရာ မလိုဘူး၊ ဟန်ဟွမ်က ငါ့သားဆိုပေမဲ့ မင်းကိုလည်း ငါ အမြင့်ကြီး တွေးထားတာ၊ ငါ မင်းကို သိလာတာ သူတို့အသက် မကတော့ဘူး”
ဟွမ်ဇွမ်တျန်ဟာ ရင်ထဲ ထိရှသွားပြီး ဒူးထပ်ထောက်လိုက်ပါတယ်။
ဟန်ကျွယ် “လီတောက်ခုံးနဲ့ ရှီတုတောက်ကို ငါ့အတွက် ဂရုစိုက်ပေးချည်၊ ဒါပေမဲ့ ငါလုပ်ခိုင်းတာ မသိစေနဲ့”
“ကျွန်တော် နားလည်ပါပြီ၊ သခင် မစိုးရိမ်ပါနဲ့” ဟွမ်ဇွမ်တျန်က ချက်ချင်း သတိပေးလိုက်ပါတယ်။
အဲဒီနောက် အိပ်မက်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ် ‘ဟွမ်ဇွမ်တျန်... ဟွမ်ဇွမ်တျန်... မင်းက တကယ့်လူပဲ... ဒီအခြေအနေအထိကို ကိုယ့်စွမ်းကိုယ်စနဲ့ ရောက်နိုင်တယ်’
ကျန်းကျွယ်ရှီရဲ့ အနာဂတ်က တာအိုဖန်တီးရှင်ပါ။ ဟွမ်ဇွမ်တျန်ကရော တာအိုဖန်တီးရှင် ဖြစ်လာမှာလား။ ဒီမေးခွန်းရဲ့ အဖြေကို သိရဖို့ ဟန်ကျွယ်ဟာ တွက်ချက်မှု လုပ်ဆောင်ချက်ကို မသုံးပါဘူး။ ဘာပဲဖြစ်ဖြစ် ဟွမ်ဇွမ်တျန်မှာ အရည်အချင်းရှိရင် ဟန်ကျွယ်က တတ်နိုင်သလောက် ကူညီပေးမှာပါ။
တာအိုဖန်တီးရှင် တစ်ယောက်ပိုသွားလည်း ကိစ္စမရှိပါဘူး။ ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က ဖန်တီးရှင်သခင် မဟုတ်ပါလား။
သူ့အစွမ်းအထက်ဆုံး ဖြစ်နိုင်သမျှ ကာလပတ်လုံး ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် ဘယ်နှစ်ပါးပါးရှိရှိ ဂရုမစိုက်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ရှီတုတောက်၊ နတ်ဒေါင်းအရှင်နဲ့ ကျင်းတျန်ကုန်းတို့ဆီကို အမှောင်သခင်ကြီးအသွင်နဲ့ အိပ်မက်ပေးပြီး စိတ်ဓာတ်မကျဖို့ အားပေးပါတယ်။ အမှောင်သခင်ကြီးက ဆက်ရှိဖို့ လိုပါတယ်။ အကြွင်းမဲ့ ပြိုင်ဘက် မကင်းသမျှ ကာလပတ်လုံး အမှောင်သခင်ကြီးနာမည်က ဟန်ကျွယ်အတွက် အများကြီး အကူအညီပေးနိုင်ပါသေးတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားပါတယ်။
‘ငါ ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိကို အိပ်မက်ပေးပြီး အမှောင်သခင်ကြီးမျက်နှာနဲ့ သူတို့ကို ပျိုးထောင်သင့်လား၊ နောက်ဆုံးကျရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ပစ်မှတ်ထားဖို့ သူတို့နှစ်ယောက်ကို ညွှန်ကြားရမယ်၊ ဒီလိုဆို တာအိုဖန်တီးရှင် ဘယ်လိုထင်မလဲ’
ဟန်ကျွယ်ဟာ တန်ရာတန်ကြေးကို အရင်ဆုံး ပေးထားနိုင်ပါတယ်။ ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိ စွမ်းအားကြီးလာမှ သူ့ရဲ့ တကယ့်အတွေးကို ပြောလိုက်ရင် ရန်သူဖြစ်လာနိုင်လားဆိုတဲ့ အချက်ကိုလည်း စစ်ဆေးပြီးသား ဖြစ်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် ဘယ်လောက်ပဲ စွမ်းအားကြီးကြီး သူ့ကို လိုက်မီနိုင်မှာ မဟုတ်ပါဘူး။
‘ဒီနည်းလမ်းက အဆင်တော့ပြေတယ်၊ ဒါပေမဲ့ ဒီလိုလုပ်ဖို့ မလိုဘူးထင်တယ်..’
‘ကျင့်ကြံတာပဲ ကောင်းပါတယ်လေ... ဘာတွေပဲဖြစ်ဖြစ် ကျင့်ကြံမှုက အဓိကသော့ချက်ပဲ’
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှု အခြေအနေထဲ ဝင်ရောက်သွားပါတယ်။
နှစ်တစ်သောင်း ကြာတဲ့အခါ ဟန်ကျွယ်ရဲ့ အသက် ၁၁ သန်းပြည့် မွေးနေ့ကို ရောက်လာပါတယ်။ ဒါပေမဲ့ စနစ်ရဲ့ ရွေးချယ်မှုက ပေါ်မလာပါဘူး။ ဒါကို ထောက်ဆခြင်းအားဖြင့် အနာဂတ်မှ စနစ်က နှစ်ဆယ်သန်းမှ တစ်ခါပဲ ရွေးချယ်မှု ပေးတော့မှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။