မဟာတာအိုကမ္ဘာ စစ်ပွဲ
Vol. 93 Ch. 979
ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာ နှစ်ငါးသိန်း ရှိသွားပါပြီ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အများကြီး တိုးတက်လာသလို လောကဦးကမ္ဘာထဲက အန္တိမမူလချီဟာလည်း တိုးပွားလာပါတယ်။
ခပ်စောစော မွေးဖွားလာခဲ့တဲ့ တချို့ ပဋိပက္ခ နတ်ဘီလူးတွေဆိုရင် သူတို့ရဲ့ ကိုယ်ပိုင် ဂလက်ဆီမှာ သက်ရှိတွေ စပြီးတော့ ဖန်တီးလာပါတယ်။ သူတို့တွေ အကုန်လုံး မအောင်မြင်ကြပေမဲ့ ဆက်ပြီးတော့ ကြိုးစားကြပါတယ်။ သက်ရှိတွေကို ဖန်တီးဖို့ဆိုရင် ဖန်တီးမှု မဟာတာအိုကို အသုံးပြုဖို့ လိုအပ်ပါတယ်။
မဟာတာအို သုံးထောင်ရဲ့ စွမ်းအားကို ဟန်ကျွယ်က ခဲပြီးပါပြီ။ ပဋိပက္ခနတ်ဘီလူးတွေ ရှာတွေ့ဖို့ပဲ လိုနေတာပါ။
ဖန်တီးမှု နတ်ဘီလူးကတော့ ခုထိ မမွေးသေးပါဘူး။ နတ်ဘီလူးချီအလုံးပဲ ရှိပါသေးတယ်။ ဒီနတ်ဘီလူးက ဟန်ကျွယ် နောက်ဆုံး သုံးသပ်နားလည်ခဲ့တဲ့ နတ်ဘီလူးဓမ္မရုပ်တုထဲ ပါဝင်တာမလို့ နောက်ကျနေတာပါ။
ဟန်ကျွယ်ဟာ သူ့ဘေးမှာ ထိုင်နေတဲ့ ဟန်လင်ကို ကြည့်လိုက်ပါတယ်။ ဟန်လင်ဟာ မဟာတာအိုနဲ့ အတော်လေး နီးကပ်နေပါပြီ။ ဟန်လင်သာ အဆင့်ထိုးဖောက်သွားရင် ဧကရာဇ်စစ်သား တစ်သန်းက တော်တော်ကို ကြောက်ဖို့ကောင်းမှာပါ။
လောကဦး ဧကရာဇ်ကြယ်က လောကဦးနတ်ဘီလူးနဲ့ အတော်လေး ဆင်တူပါတယ်။ ကျင့်ကြံမှု မြင့်လေလေ စွမ်းအားပိုကြီးလေလေပါပဲ။
မဟာတာအိုပညာရှိ တစ်သန်း၊ မဟာတာအို ပညာရှိချုပ် ဆယ်သန်း... ဒီခုန်တက်မှုက ဘယ်လိုကြည့်ကြည့် ယုတ္တိကို မရှိပါဘူး။
ဟန်ကျွယ်ဟာ နောက်လာမဲ့ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကိုတောင် မျှော်လင့် တောင့်တသွားပါတယ်။ မိုးကောင်းကင် ပါရမီရှင် တစ်ရာကျော်ကို စုစည်းမိရင် စိတ်လှုပ်ရှားဖို့ကောင်းမယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ အဲဒီတာအိုဖန်တီးရှင်တွေ အကုန်လုံးက သူတို့ကိုယ်ပိုင်အင်အားစုတွေကို ပျိုးထောင်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ပဋိပက္ခသိစိတ်မှာ သိစိတ်မဲ့ မဟာတာအိုကမ္ဘာရှိသလိုမျိုး သဏ္ဌာန်မဲ့နတ်မင်းနဲ့ တခြားတာအိုဖန်တီးရှင်နှစ်ပါးလည်း ရှိနေမှာပါ။
နောက်ကျရင် မဟာတာအိုကမ္ဘာ စစ်ပွဲတောင် ဖြစ်ပေါ်လာနိုင်ခြေ ရှိပါတယ်။ လောက အသီးသီးမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမှာက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းမှာပါ။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ် အနေနဲ့ လောကဦးကမ္ဘာအတွက် ပြင်ဆင်ထားရပါမယ်။
ဟန်ကျွယ်ဟာ လောကဦးကမ္ဘာက အန္တိမမူလကမ္ဘာအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ ဖန်တီးရှင်သခင် အဆင့်ကို ရောက်သွားရင် သူ့တပည့်တွေနဲ့ မျိုးဆက်တွေကို အန္တိမမူလကမ္ဘာထဲ ရွှေ့ပြောင်းဖို့ စီစဉ်ထားပါတယ်။ အန္တိမမူလ ကမ္ဘာက လောကဦးကမ္ဘာထက် အဆင့် ပိုမြင့်ပါတယ်။ အန္တိမမူလကမ္ဘာထဲမှာ ရှိနေတဲ့ စိတ်ဝိညာဉ်ချီက ပဋိပက္ခချီ နှိုင်းယှဉ်လို့ရတဲ့အရာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ လောကဦးကမ္ဘာကို ဒီနေ့ကစပြီး အန္တိမမူလကမ္ဘာလို့ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နိမိတ်ရှိသွားအောင် နာမည်ကို ကြိုပြောင်းလိုက်တာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ အရင်ကနဲ့ နှိုင်းယှဉ်ရင် ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက သိပ်ပြောင်းလဲမှု မရှိပါဘူး။ ဒါပေမဲ့ တာအိုအရှင်သခင်တို့ လေးယောက်ကတော့ အခွင့်အရေးတွေ အများကြီး ရကြပါတယ်။ အခွင့်အရေး အကုန်လုံးက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာနဲ့ ပတ်သက် ဆက်နွှယ်နေပါတယ်။
‘မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက ခုနစ်ပါးပဲ ရှိတာပါ၊ ဒီလေးကောင်က လေးပါးကို မောင်ပိုင်စီးမလို့လား... မဟုတ်သေးဘူး... တစ်ခုခုမှားနေပြီ... သိစိတ်မဲ့ မဟာတာအိုကမ္ဘာမှာလည်း မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ရှိနေတာလား... ဒါ ဖြစ်နိုင်ခြေရှိတယ်’
မဟာတာအိုကမ္ဘာတွေရဲ့ အနှစ်သာရ ဆင်တူပါတယ်။ အကုန်လုံးက မဟာတာအိုသုံးထောင်ကို အခြေခံပြီး သူတို့ကိုယ်ပိုင် နိယာမစနစ်ကို ဖန်တီးကြတာပါ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲက ထွက်ကာ ရှင်းဟုန်ရွှမ်ဆီ သွားလည်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို မတွေ့ရတာ နှစ်တစ်သန်းလောက်ရှိပြီမလို့ တော်တော်လေး သတိရနေပါတယ်။
အဲဒီနောက် ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ နှစ်ချီအောင် စကားပြောဆိုကြပါတယ်။
“မင်း ဒီမှာနေရတာ မပျင်းဘူးလား၊ အပြင်ထွက်ချင်ရင် ရတယ်နော်၊ လင်အာနဲ့အတူတူ ကောင်းကင်တာအိုကို သွားကြည့်မလား၊ ကောင်းကင်တာအိုက အခုဆို တော်တော်လေး ပြောင်းလဲသွားပြီ” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ခေါင်းခါလိုက်ပါတယ် “ထားလိုက်ပါတော့... အဲဒါက ဘာအဓိပ္ပာယ်မှ မရှိဘူး၊ နောက်ပြီး လင်အာက ယောက်ျားလိုပဲ၊ ကျင့်ကြံဖို့ပဲ သိတာ၊ မိန်းမရဲ့ တာအိုပညာရှိအာရုံနဲ့ ကြယ်စကြဝဠာကို လိုက်ကြည့်တာက အပျင်းပြေပါတယ်၊ ဒီစကြဝဠာထဲမှာ သေမျိုး မျိုးနွယ်စုတွေ အများကြီး ပေါ်လာပြီ၊ တချို့ဂြိုဟ်တွေဆို တော်တော်လေး စည်ကားနေပြီ၊ ဒီနေရာမှာတော့ လျူပေ့က တော်တယ်”
“နှစ်သုံးသန်းကျော်ရင် ပဋိပက္ခအစည်းအဝေးကို ရောက်ပြီ၊ အဲဒီပွဲကိုရော သွားကြည့်မလား၊ ထော်အာ ဟွမ်အာနဲ့ ချင်အာရော ဒီပွဲမှာ ဝင်ပြိုင်မှာ”
ဟန်ကျွယ်ရဲ့ စကားကြောင့် ရှင်းဟုန်ရွှမ်ရဲ့ မျက်လုံးတွေဟာ ဝင်းလက် တောက်ပသွားပါတယ် “သွားမှာပေါ့... မိန်းမရဲ့သားက အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရောက်မှာဆိုတော့ မိန်းမက အမေတစ်ယောက်အနေနဲ့ သွားပြီး အားပေးရမှာပေါ့”
“အနှိုင်းမဲ့ထိပ်ဆုံးနေရာလား... အဲဒီနေရာက မသေချာသေးပါဘူး”
“ပဋိပက္ခထဲမှာ သားထက် စွမ်းအားကြီးတဲ့လူ ရှိလို့လား”
“ဟွမ်အာက အရည်အချင်းချင်းယှဉ်ရင် ပြိုင်ဘက်ကင်းတာ အမှန်ပဲ၊ ဒါပေမဲ့ အခွင့်အရေးကိုလည်း ထည့်တွက်ရဦးမယ်၊ ဟွမ်အာ လုပ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့၊ ဟွမ်အာ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရောက်ရင် ငါ အတော်လေး ဝမ်းသာမိမှာ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
ဒီအတောအတွင်း အင်အားကြီးနောက်ခံ ရှိသူတွေ၊ အခွင့်အရေး ရသူတွေ ပဋိပက္ခထဲမှာ အများကြီး ပေါ်လာပါတယ်။ ဟန်ဟွမ်က လောကဦးနတ်ဘီလူးအနေနဲ့ ဒီပါရမီရှင်တွေကို မဖိနှိပ်နိုင်ဘူးဆိုရင် ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို စိတ်ပျက်မိမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟန်ဟွမ်အနေနဲ့ ဒီလူတွေကို အလွယ်လေး အနိုင်မယူနိုင်လောက်ဘူးလို့လည်း ခံစားနေရပါတယ်။ သူတို့ရဲ့ တိုက်ပွဲက တကယ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ရမဲ့ တိုက်ပွဲတွေ ဖြစ်လာမှာပါ။
ရှင်းဟုန်ရွှမ်ဟာ အတွေးနက်နေရင်းက ရုတ်တရက် မေးလိုက်ပါတယ် “လင်အာရဲ့ အရည်အချင်းကို ဟွမ်အာနဲ့ ယှဉ်ရင်ရော...”
“အရည်အချင်းချင်းဆိုရင် ဟွမ်အာရဲ့ အရည်အချင်းက ပိုထက်မြက်တယ်”
“စွမ်းအားချင်း ယှဉ်ရင်ရော... အဆင့်က အတူတူပဲ ဆိုရင်...”
“ပြောဖို့ခက်တယ်”
ရှင်းဟုန်ရွှမ်ရဲ့ သမင်မျက်လုံးတွေဟာ ပြူးကျယ်သွားပါတယ် ‘လင်အာလေးက အဲဒီလောက်တောင် စွမ်းအားကြီးတာလား’
ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပါတယ် “ယောက်ျား... ယောက်ျား တစ်ခုခု လုပ်လိုက်တာမလား၊ ယောက်ျားက ဟန်ယွီနဲ့ ဟွမ်အာကို အိမ်ထောင်ပြုပြီး ကလေးမွေးခိုင်းတယ်ဆိုတော့ ယောက်ျားက မျိုးဆက်တွေရဲ့ သွေးစည်းကို ထိန်းချုပ်နိုင်လို့မလား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ့ရဲ့ ရှင်းအာလေးက ဉာဏ်ကောင်းသားပဲ၊ ဒါပေမဲ့ ဉာဏ်ကောင်းလွန်းတာ မဟုတ်ဘူး”
ရှင်းဟုန်ရွှမ်ဟာ စကားမှားသွားပြီဆိုတာကို သိလိုက်တာကြောင့် ပါးစပ်ကို လက်နဲ့ကာပြီး ပြောလိုက်ပါတယ် “ယောက်ျားပြောတာ မှန်တယ်၊ ပြဿနာတွေက ပါးစပ်ကနေလာတာ၊ မိန်းမ နည်းနည်းပဲသိလေ မိန်းမအတွက် လုံခြုံလေလေပဲ၊ ဘယ်သာလွန်တည်ရှိမှုက မိန်းမရဲ့ အတွေးတွေကို ထောက်လှမ်းမနေဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို မကြောက်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ရန်သူတွေက သူမဆီကနေ သတင်းအချက်အလက် ရသွားတာကိုတော့ ရှင်းဟုန်ရွှမ် ကြောက်ပါတယ်။
“အဲဒါဆို ဟွမ်အာကို ကြိုးစားကျင့်ကြံခိုင်း... နောက်ကျရင် မိန်းမကို ဟွမ်အာနဲ့တွေ့ဖို့ ခေါ်သွားချည်”
“အင်း...”
ဟန်ကျွယ်ဟာ သဘောတူလိုက်ပါတယ်။ ပဋိပက္ခက ကျယ်ပြောတယ် ဆိုပေမဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ ဘယ်နေရာကိုမဆို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလာလို့ရပါတယ်။
အတန်ကြာ စကားပြောပြီးတဲ့နောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းထဲက ထွက်ပြီး ချင်းလွမ်အာနဲ့ ရွှမ်ချင်းကျွင်းဆီ သွားပါတယ်။ နှစ်အနည်းငယ် အတူတူနေပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး ဆက်လက် ကျင့်ကြံ အားထုတ်ပါတယ်။
နှစ်တစ်သိန်းကြာပြီးနောက်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အန္တိမဒဏ်ခတ်နတ်မင်းကို အိပ်မက်ပေးလိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ လွန်ခဲ့တဲ့ နှစ်သုံးလေးသောင်းတုန်းက ဟန်ကျွယ်ကို အကြိမ်ပေါင်းများစွာ အိပ်မက်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း အလုပ်ရှုပ်နေတာကြောင့် အန္တိမဒဏ်ခတ်နတ်မင်း အိပ်မက်ပေးတာကို လက်မခံခဲ့ပါဘူး။
ဒါက ဟန်ကျွယ်ရဲ့ စည်းမျဉ်းပါ။ ဟန်ကျွယ်ဟာ အိပ်မက်ထဲကို အမြဲတစေ လျှောက်မလည်ပါဘူး။ သူ့ကျင့်ကြံမှုစက်ဝန်းကို လိုက်နာပါတယ်။
အိပ်မက်နယ်မြေ။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ကို မြင်တာနဲ့ ဦးညွှတ်လိုက်ပါတယ် “သခင်... ပဋိပက္ခ အစည်းအဝေးက တဖြည်းဖြည်း နီးကပ်လာပြီ၊ ဘယ်နေရာမှာ ကျင်းပမယ်ဆိုတာ ခုထိ မဆုံးဖြတ်ရသေးဘူး”
“မင်း ဘယ်နေရာမှာ ကျင်းပဖို့ ရွေးချယ်ထားလဲ”
“ပထမနေရာက ကောင်းကင်တာအိုနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာနားမှာရှိတဲ့ နတ္ထိနယ်မြေမှာ”
“မကောင်းဘူး... အဲဒီနေရာက ကောင်းကင်တာအိုနဲ့ နီးလွန်းတယ်”
“ဒုတိယနေရာက ပဋိပက္ခအောက်ခြေ၊ ကျွန်တော် အငြိုးမိစ္ဆာတွေကို ပါရမီရှင်တွေအတွက် ဓားသွေးကျောက်အဖြစ် စီစဉ်ထားတယ်”
“ကောင်းတယ်”
“တတိယနေရာက မဟာပဋိပက္ခ အက်ကြောင်းပဲ၊ ဒီအက်ကြောင်းက ပဋိပက္ခရဲ့ မြောက်ပိုင်းနယ်မြေမှာ တည်ရှိတဲ့ ဧရာမအာကာသ အက်ကြောင်းကြီး၊ ကောင်းကင်တာအို ပဋိပက္ခလမ်း တစ်သောင်း ပေါင်းထားသလို ရှည်လျားတယ်၊ အဲဒီမှာ နိယာမ စနစ်ကျမှုတွေ မရှိဘူး၊ ရှေးခေတ်က ချန်ထားခဲ့တဲ့ အခွင့်အရေးတွေလည်း အများကြီးရှိတယ်”
“ဒီနေရာလည်း ထည့်စဉ်းစားဖို့ တန်တယ်”
အန္တိမဒဏ်ခတ်နတ်မင်းက တစ်နေရာပြီးတစ်နေရာ ပြောပါတယ်။ ဟန်ကျွယ်ကတော့ စပြီးတော့ စဉ်းစားပါတယ်။ အရင်တုန်းကဆိုရင် ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ကြိုက်တဲ့နေရာ ရွေးခိုင်းလိုက်မှာပါ။ ဒါပေမဲ့ အခုအချိန်မှာ ပဋိပက္ခသိစိတ်က ငြိမ်ငြိမ်မနေတဲ့အတွက် ဟန်ကျွယ်ဟာ ထောင်ချောက်ဆင်ခံရမှာကို နည်းနည်း စိုးရိမ်နေပါတယ်။
“ကျွန်တော်တို့တွေ ပဋိပက္ခအောက်ခြေကို ရွေးရင် အဲဒီမှာ မြို့တည်လို့ရတယ်၊ နောက်ကျရင် ပဋိပက္ခ အောက်ခြေကို ကာကွယ်ဖို့ နယ်မြေအကုန်လုံးက အဲဒီမြို့မှာ နေရာပြောင်း အစီအမံ တည်ဆောက်ရမှာ၊ ကျွန်တော် အဲဒီနေရာကို စိတ်မချနိုင်သေးဘူး”
ဟန်ကျွယ် “ကောင်းပြီလေ၊ မင်း အပြင်ဘက်ကိုတော့ ဒီနေရာကို မင်း ရွေးချယ်လိုက်တာလို့ ပြောရလိမ့်မယ်၊ ငါပြောတာ နားလည်တယ်လား”
အန္တိမဒဏ်ခတ်နတ်မင်းဟာ သဘောတူလိုက်ပြီး တွေးတွေးဆဆ ဖြစ်သွားပါတယ် ‘ပဋိပက္ခအောက်ခြေမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကြောက်အောင်လုပ်နိုင်တဲ့ တည်ရှိမှုတစ်ခု ရှိနေတာလား...’
အန္တိမဒဏ်ခတ်နတ်မင်း “ပဋိပက္ခအစည်းအဝေးရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ကျွန်တော်တို့တွေ ကြိုပြီးတော့ သတ်မှတ်ထားဖို့ လိုတယ်၊ ဒီပွဲတော်မှာ ဝင်ပြိုင်မဲ့ ပါရမီရှင် အရေအတွက်က နည်းနည်းနောနော မဟုတ်ဘူး၊ ပထမအဆင့်မှာ လူအများကြီးကို ဖယ်ထုတ်ရလိမ့်မယ်၊ ဒါပေမဲ့ ကြီးကြီးမားမား ထိခိုက်မှုမရှိရင် အကောင်းဆုံးပဲ”
ဟန်ကျွယ်က မေးလိုက်ပါတယ် “ပြောမှာသာ ပြောပါ... မင်းမှာ အကြံရှိနေတယ်မလား”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပြီး သူ့စိတ်ထဲက အကြံကို စပြီးတော့ ပြောပြပါတယ်။
အတော်ကြာသွားလို့ အန္တိမဒဏ်ခတ်နတ်မင်း ပြောလို့ ပြီးသွားတဲ့အခါ ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီး ပြောလိုက်ပါတယ် “အစအပိုင်းက ကိစ္စမရှိဘူး၊ ဒုတိယ နောက်ဆုံးအဆင့်က နည်းနည်း မလွန်လွန်းဘူးလား”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ် “တစ်တောင်ထက် တစ်တောင်က ပိုမြင့်တယ်ဆိုတာကို သူတို့တွေ သိစေချင်လို့ပါ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။