← Chapters

ဓားတာအိုမြစ်

Vol. 94 Ch. 981

ဓားတာအိုမြစ်

Vol. 94 Ch. 981

ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသမီးကို အကဲခတ်လိုက်ပါတယ်။ ဟန်လင်က တကယ်ကို သူ့လိုပါပဲ။ ရုပ်ရည်ရော စရိုက်ရော ပြောစရာ မရှိပါဘူး။

ဟန်ကျွယ်ဟာ ဆက်ခံသူ ရှိပြီလို့တောင် ရုတ်တရက် ခံစားမိလိုက်ပါတယ်။ ဟန်ဟွမ်က ဟန်ကျွယ်ကို ဒီလိုခံစားချက်မျိုး ဘယ်တုန်းကမှ မပေးခဲ့ပါဘူး။

‘ငါ သမီးလေးကို သေချာ ပျိုးထောင်ရမယ်၊ ဒါမှ အပြင်ကကောင်တွေ ပုန်ကန်ရဲရင် လင်အာ ရှင်းနိုင်မှာ’ ဟန်ကျွယ်ဟာ တွေးရင်း ပြုံးမိလိုက်ပါတယ်။

ဟန်လင်က မေးလိုက်ပါတယ် “ဖေဖေ... သမီးကို ပဋိပက္ခအစည်းအဝေးဆီ ခေါ်သွားလို့ရလား၊ သမီး ဝင်မပြိုင်ပေမဲ့ ပဋိပက္ခ ပါရမီရှင်တွေရဲ့ စွမ်းအားကို မြင်ချင်တယ်”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ပဋိပက္ခအစည်းအဝေးကို သူ့မိသားစုနဲ့အတူ သွားကြည့်ဖို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီနောက် သားအဖနှစ်ယောက်ဟာ စကားခဏ ပြောကြပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။

ပဋိပက္ခအစည်းအဝေး နီးကပ်လာတာနဲ့ ဟန်ကျွယ် မိတ်ဆွေအသိုင်းအဝိုင်းထဲမှာ တိုက်ပွဲတွေကလည်း တိုးလာပါတယ်။ အများစုက တိုက်ခိုက်ခံရပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာ သိပ်မရကြပါဘူး။ ကြည့်ရတာ လက်ရည်စမ်းရုံနဲ့ တူပါတယ်။

အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဝိညာဉ်နက်ထဲက အန္တိမမူလကမ္ဘာဆီ ရောက်သွားပါတယ်။

ပထမ ပဋိပက္ခနတ်ဘီလူး၊ အသက်နတ်ဘီလူးဟာ တာအိုရရှိသွားပါပြီ။ အန္တိမမူလကမ္ဘာက လောကဦးကမ္ဘာနဲ့ ပဋိပက္ခထက် အဆင့်ပိုမြင့်တာကြောင့် အသက်နတ်ဘီလူးဟာ တာအိုရရှိသွားပေမဲ့ သက်ရှိတွေ မဖန်တီးနိုင်သေးပါဘူး။

အသက်နတ်ဘီလူးဟာ သက်ရှိတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ စဉ်းစားမရသေးပါဘူး။ အဓိက အကြောင်းရင်းကတော့ အသိဉာဏ်ပညာ ကင်းမဲ့တာကြောင့်ပါ။ အသက်နတ်ဘီလူး သက်ရှိတွေကို ဖန်တီးချင်တာက တစ်ယောက်တည်း အထီးကျန်နေလို့ပါ။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် စိတ်ဆန္ဒ တစ်စွန်းတစ်စကို အန္တိမမူလကမ္ဘာထဲ ပို့လိုက်ပါတယ်။

ဒီအချိန်မှာ အသက်နတ်ဘီလူးဟာ ဂြိုဟ်တစ်လုံးပေါ် ကျင့်ကြံအားထုတ်နေပါတယ်။ ဒီဂြိုဟ်ပေါ်မှာ ပင်လယ်သမုဒ္ဒရာ ကုန်းမြေနဲ့ တောတောင်သစ်ပင်တွေ ရှိပါတယ်။

အသက်နတ်ဘီလူးရဲ့ ခန္ဓာကိုယ်ဟာ တောင်တစ်လုံးထက် ကြီးမားပါတယ်။ တောင်တွေပေါ်မှာ ထိုင်နေတဲ့ အသက်နတ်ဘီလူးရဲ့ အသက်ရှူချက်တိုင်းဟာ တောအုပ်တွေကို ယိမ်းယိုင်ထွက်သွားစေပါတယ်။ အသက်နတ်ဘီလူးဟာ ခေါင်းသုံးလုံးရှိတဲ့ မြွေတစ်ကောင်လိုပါပဲ။ အလယ်ကခေါင်းဟာ ယောက်ျားမျက်နှာရှိပြီး ကြမ်းတမ်းတဲ့ မျက်ခုံးနဲ့ မျက်လုံးတွေ ရှိပါတယ်။ ဘေးနှစ်ဖက်က ခေါင်းနှစ်လုံးကတော့ မိန်းမနဲ့တူပြီး မျက်နှာသွင်ပြင်က နတ်ဆိုးဆန်ကာ ဆံပင်ရှည်တွေက လေထဲမှာ လူးလွန့်နေပါတယ်။

အသက်နတ်ဘီလူး အလယ်ခေါင်းရဲ့ရှေ့မှာ နတ်အလင်းရောင်တွေ တပြိုးပြိုး တလက်လက် တောက်ပနေတဲ့ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။ ဒီရုပ်သွင်က ဟန်ကျွယ်ကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

အသက်နတ်ဘီလူးဟာ မျက်လုံးဖွင့်ပြီး ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။

လောလောဆယ် အန္တိမမူလကမ္ဘာထဲမှာ တိုက်ပွဲတွေ မရှိတဲ့အတွက် အသက်နတ်ဘီလူးဟာ ဟန်ကျွယ်ကို မကြောက်ပါဘူး။ ပဟေဠိပဲ ဖြစ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ ‌ရောင်ဝါကို အာရုံမခံနိုင်တာကြောင့်ပါ။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “မင်း ဘာတွေ နားမလည်နိုင်အောင် ဖြစ်နေတာလဲ”

အသက်နတ်ဘီလူး “ငါ ငါ့လိုမျိုး တည်ရှိမှုတွေကို ဖန်တီးချင်တယ်၊ များလေ ကောင်းလေပဲ... ဒါပေမဲ့ ငါဘယ်လိုမှ ဖန်တီးလို့ မရဘူး”

ပဋိပက္ခနတ်ဘီလူးတွေက အလွန်တရာမှ ရိုးသားတယ်လို့ ပြောလို့ရပါတယ်။ ဘယ်သူမှန်းမသိတဲ့ ဟန်ကျွယ်ရဲ့ မေးခွန်းကိုတောင် အမှန်အတိုင်း ဖြေပါတယ်။ သံသယ၊ သတ်ချင်စိတ်နဲ့ မနာလိုဝန်တိုမှုတွေ မရှိပါဘူး။ ဒီလိုအယူအဆတွေက ဒီလူမှုအဖွဲ့အစည်းမှာ မပေါ်ပေါက်သေးပါဘူး။

ဟန်ကျွယ် “ငါ့မှာ နည်းလမ်းရှိတယ်၊ မင်း ဖန်တီးမှုစွမ်းအားကို သုံးဖို့လိုတယ်”

ဟန်ကျွယ်ဟာ အသက်နတ်ဘီလူးကို ဖန်တီးမှုစွမ်းအား သုံးသပ်နားလည်နိုင်အောင် လမ်းပြပေးပါတယ်။ မဟာတာအို သုံးထောင်က ဖြစ်ပေါ်ပြီးပါပြီ။ သူတို့က အန္တိမမူလကမ္ဘာရဲ့ အထက်မှာ တည်ရှိပါတယ်။ အသက်နတ်ဘီလူးက မဟာတာအိုကို လမ်လှမ်းမမီသေးတာကြောင့် မခံစားနိုင်တာပါ။

ပဋိပက္ခနတ်ဘီလူးတွေအတွက် အန္တိမမူလကမ္ဘာက အဆုံးမရှိပါဘူး။ ဒီလိုကျယ်ပြောလှတဲ့ လောကကြီးက အထီးကျန်မှုတွေ ပြည့်နေတဲ့အတွက် ကျင့်ကြံမှုကို အဓိပ္ပာယ်မရှိသလို ဖြစ်စေပါတယ်။ ကျင့်ကြံတာကလွဲရင် ပဋိပက္ခ နတ်ဘီလူးအများစုက ငေးမောနေကြတာချည်းပါပဲ။ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေကနေ အထီးကျန်ဆန်တဲ့ အန္တိမမူလ စကြဝဠာကို ငေးမောကြည့်ကြတာပါ။

အချိန်အတန်ကြာသွားတဲ့ အခါမှာတော့...

ဟန်ကျွယ်ဟာ တိတ်တဆိတ် ပျောက်ကွယ်သွားပါတယ်။ အသက်နတ်ဘီလူးကတော့ ထိုးထွင်းသိမြင်တဲ့ အခြေအနေကို ဆိုက်ရောက်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်ပါဘူး ‘ဟင်း... ငါ တိုးတက်မှု ဖြစ်စဉ်ကို ကိုယ်တိုင် တွန်းရလိမ့်မယ်လို့ ထင်မထားဘူး’

လက်ရှိမှာ အန္တိမမူလကမ္ဘာရဲ့ အန္တိမမူလချီက တိုးပွားနေတယ်ဆိုပေမဲ့ ဝိုးတိုးဝါးတား လောကဦးချီနဲ့ယှဉ်ရင် တစ်ရာခိုင်နှုန်းတောင် မရှိပါဘူး။ လောကဦးကမ္ဘာ တစ်ခုလုံးက အန္တိမမူလကမ္ဘာအဖြစ် အသွင်ပြောင်းလဲဖို့က အချိန်အကြာကြီး ယူရဦးမှာပါ။

အခုအချိန်မှာ ဟန်ကျွယ် မလိုအပ်ဆုံးကလည်း အချိန်ပါပဲ။ ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာ လုံးဝ ဖြစ်တည်လာမဲ့နေ့ကို မျှော်လင့်မိလိုက်ပါတယ်။ အဲဒီနောက် သူ တာအိုဖန်တီးရှင် ဖြစ်လာမလား ဆိုတာကိုတော့ ဟန်ကျွယ်လည်း မသိပါဘူး။

.....

ပဋိပက္ခ၊ ဓားတာအိုမြစ်၊ ဖျော့တော့တဲ့ အချိန်-အာကာသ။

ဓားချီတွေက ဖြစ်ပေါ်နေတဲ့ မြစ်တစ်စင်းဟာ အဝေးကို စီးဆင်းနေပြီး ဘယ်တော့မှ ပြန်မလာပါဘူး။

အဖြူရောင်ဝတ်ရုံနဲ့ လီတောက်ခုံးဟာ ဓားတာအိုမြစ်ပေါ်မှာ မတ်တတ်ရပ်နေပါတယ်။ နှစ်သန်းချီကြာပြီးနောက် လီတောက်ခုံးဟာ ရှေးကျလာပါတယ်။ သူ့ရဲ့ ဆံပင်အများစုက အဖြူရောင် ပြောင်းသွားပြီး မျက်လုံးတွေကတော့ ပိုပြီးတော့ စူးရှလာပါတယ်။

လီတောက်ခုံးဟာ လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူ့ဝတ်ရုံက ဓားချီနဲ့ လူးလွန့်နေပါတယ်။

အဝေးတစ်နေရာမှာ ရုပ်သွင်တစ်သွင် ပေါ်လာပြီး ဒီရုပ်သွင်ဟာလည်း ဓားတာအိုမြစ်ပေါ်မှာ မတ်တတ်ရပ်နေပါတယ်။ ဒီရုပ်သွင်ကတော့ လောင်ဇီပါ။ လောင်ဇီဟာ လီတောက်ခုံးကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “အတော်အားကောင်းတဲ့ ဓားတာအိုစိတ်ဆန္ဒပဲ၊ မင်းက မဟာတာအိုကို ရယူပြီးရုံ ရှိသေးတယ်၊ ဒီလောက်ထိ စွမ်းအားရှိနေပြီ”

လီတောက်ခုံးဟာ လောင်ဇီကို ပြန်ကြည့်လိုက်ပါတယ် “ဆရာဘိုးဘိုး... မတွေ့တာ ကြာပြီနော်”

လောင်ဇီက တည်ငြိမ်တဲ့ မျက်နှာနဲ့ “ငါက မင်းရဲ့ ဆရာဘိုးဘိုး မဟုတ်ဘူး၊ မင်းက ဆရာရဲ့ ဆက်ခံသူ ဖြစ်နေပြီပဲ၊ ဝါစဉ်အတိုင်းဆိုရင် ငါတို့က မျိုးဆက်တစ်ခုတည်းပဲ”

လီတောက်ခုံးဟာ ပြုံးပြီး ခြေထောက်အောက်က ဓားတာအိုမြစ်ကို ကြည့်လိုက်ပါတယ် “ဆရာဘိုးဘိုး... ဒီဓားတာအိုမြစ်က ကောင်းကင်တာအို ဓားတာအိုမြစ်နဲ့ လုံးဝ မတူဘူး၊ အဆုံးမဲ့ဓားချီတွေက အသက်ဓာတ်ပါပုံရတယ်၊ အထဲမှာ တခြားကမ္ဘာတစ်ခု ရှိနေတာလား”

လောင်ဇီဟာ မျက်နှာအမူအရာ ပြောင်းလဲသွားပါတယ် “မင်း ဒါကို ခံစားနိုင်တာလား”

လီတောက်ခုံး ညာလက်ကို မြှောက်လိုက်တဲ့အခါ လီတောက်ခုံးရဲ့ လက်ဝါးထက်မှာ ရွှေ‌ရောင်မြစ်တစ်စင်းရဲ့ ပုံရိပ်ယောင် ပေါ်လာပါတယ် “ဒါက ကျွန်တော် ဖန်တီးထားတဲ့ ဓားတာအိုမြစ်ပဲ၊ ဓားတာအိုမြစ်က အနန္တကမ္ဘာမှာရှိတဲ့ သက်ရှိတွေကို ဓားတာအို သုံးသပ်နားလည်နိုင်စေတဲ့အပြင် ဓားတာအို ပိုင်ဆိုင်တဲ့ သက်ရှိတွေကိုလည်း ဖန်တီးနိုင်တယ်၊ ကျွန်တော် ကြိုးစားကြည့်တော့ အောင်မြင်သွားတယ်”

လောင်ဇီဟာ တိတ်ဆိတ်သွားပါတယ်။

လီတောက်ခုံး လက်သီးဆုပ်လိုက်တဲ့အခါ ရွှေရောင်မြစ်ဟာ ပျောက်ကွယ်သွားပါတယ် “ဆရာဘိုးဘိုး... ကြည့်ရတာ ဆရာဘိုးဘိုးမှာ ဆန္ဒတွေ ရှိသေးတဲ့ပုံပဲ၊ ဓားတာအိုမြစ်ထဲမှာ နောက်ထပ် ကောင်းကင်တာအိုတစ်ခု တကယ်ကြီး ရှိနေတာပဲ၊ ပိုပြီး အင်အားကြီးတဲ့ ကောင်းကင်တာအို တစ်ခုပေါ့၊ ဆရာဘိုးဘိုးရဲ့ ကျင့်ကြံမှုက ဒီလောက်ထိ စွမ်းအားကြီးတာ အံ့ဩစရာ မရှိ‌တော့ပါဘူး၊ သက်ရှိအားလုံးရဲ့ ယုံကြည်မှုကို ဆွဲယူနိုင်တာကို... အထင်ကြီးဖို့ကောင်းတယ်”

အဲဒီနောက် လီတောက်ခုံးဟာ လောင်ဇီဆီက စကားကို မစောင့်ဘဲ ကြယ်တွေအသွင် ပြောင်းလဲကာ ပျောက်ကွယ်သွားပါတယ်။

လီတောက်ခုံးရဲ့ နောက်ဆုံးစကားက ဓားတာအိုမြစ်ထဲမှာ ပဲ့တင်ထပ်ပြီး ကျန်နေခဲ့ပါတယ် “ဆရာဘိုးဘိုး... ဆရာဘိုးဘိုးက ဓားတာအိုကို ဖန်တီးခဲ့တာဆိုပေမဲ့ ကျွန်တော် ဆရာဘိုးဘိုးကို ကျော်တက်ပြမယ်၊ ကျွန်တော် အထွတ်အထိပ်အဆင့်ကို ရောက်ရင် ဆရာဘိုးဘိုးကို စိန်လာခေါ်မယ်၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ တိုက်ပွဲပဲ မဟုတ်ဘူး၊ ဓားတာအိုမြစ်နှစ်စင်းရဲ့ တိုက်ပွဲလည်း ဖြစ်လိမ့်မယ်”

လောင်ဇီဟာ လီတောက်ခုံး ထွက်မသွားအောင် မတားပါဘူး။ လောင်ဇီရဲ့အကြည့်ဟာ သူ့ခြေထောက်အောက်က ကျယ်ပြောလှတဲ့ ဓားတာအိုမြစ်ဆီ ရောက်ရှိသွားပါတယ် “ဓားတာအိုမြစ်... ဒါက မင်းရဲ့ ကျဉ်းမြောင်းလှတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုပဲ”

.....

ဧရာမနန်းတော်ကြီး တစ်ဆောင်မှာ မီးနဂါးတွေ ပတ်ထားတဲ့ ကျောက်တိုင် နှစ်တန်းဟာ ခန်းမကို အလင်းရောင် ပေးနေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ထိပ်ဆုံးမှာ ထိုင်နေပြီး သူနဲ့ ခြေလှမ်းဒါဇင်ကျော်အောက်က နေရာမှာတော့ အားကောင်းတဲ့ ရောင်ဝါတွေ ထုတ်လွှတ်နေတဲ့ တည်ရှိမှုတွေ မတ်တတ်ရပ်နေကြပါတယ်။ ဒီလူတွေက ဘိုးဘေးရှီတျန်၊ လီတောက်ခုံး၊ ရှီတုတောက်၊ ကျန်းတျန်ကုန်းနဲ့ တခြားလူတွေပါ။ အားအနည်းဆုံးက လွတ်လပ် တာအိုပညာရှိအဆင့်ပါ။

ဟွမ်ဇွမ်တျန်က မျက်နှာသေနဲ့ မေးလိုက်ပါတယ် “အခြေအနေ ဘယ်လိုရှိလဲ”

ဆံပင်ဖြူ တာအိုကျင့်ကြံသူအိုကြီးက ပထမဆုံး လျှောက်တင်ပါတယ် “ရှုံဟွာအရှင်... စန့်ချွမ်အဂ္ဂကမ္ဘာမှာ လွတ်လပ် တာအိုပညာရှိ တစ်ရာကျော်နဲ့ မဟာတာအိုပညာရှိ ခုနစ်ပါး ရှိပါတယ်၊ သူတို့အကုန်လုံးက ရင်ဆိုင်ဖို့ မလွယ်ဘူး”

တခြားလူတွေကလည်း သူတို့အမြင်ကို တင်ပြကြပါတယ်။

“ဟုတ်တယ်၊ စန့်ချွမ်အဂ္ဂကမ္ဘာရဲ့ လောင်ဇီက ပဋိပက္ခရဲ့ ထိပ်ဆုံးတည်ရှိမှုတွေထဲမှာ တစ်ပါး အပါအဝင်ပဲ”

“သူတင် မဟုတ်ဘူး၊ ကောင်းကင်ဂိုဏ်းချုပ်ကလည်း လွယ်တာ မဟုတ်ဘူး”

“ကျွန်တော် စုံစမ်းကြည့်ပြီးပြီ၊ စန့်ချွမ်အဂ္ဂကမ္ဘာ ပျိုးထောင်ထားတဲ့ ပါရမီရှင်က ရွမ်လိန့်ကျောင်းတော်၊ ကျယ်ကျောင်းတော်နဲ့ ချန်ကျောင်းတော် သုံးကျောင်းလုံးရဲ့ သင်ကြားမှုတွေကို အမွေဆက်ခံထားတာ၊ လောင်ဇီက တာအိုဘိုးဘေး လက်ဆင့်ကမ်းထားတဲ့ ကျင့်ကြံမှု ပညာရပ်ကိုတောင် ကိုယ်တိုင် သင်ကြားပေးတယ်လို့ ပြောတယ်”

“အဲဒီပါရမီရှင်က တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ သူသာ ပဋိပက္ခရဲ့ အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးထဲက တစ်ပါးဖြစ်လာပြီး မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်သွားရင် ရင်ဆိုင်ဖို့လွယ်မှာ မဟုတ်ဘူး”

“ကျွန်တော် အကြံပြုချင်တာကတော့ ပဋိပက္ခအစည်းအဝေး မတိုင်ခင် တိုက်ခိုက်ဖို့ပါ”

ဟွမ်ဇွမ်တျန်ဟာ သူ့နောက်လိုက်တွေရဲ့ စကားကို နားထောင်ပြီး ပလ္လင်လက်တန်းကို လက်ညှိုးနဲ့ စည်းချက်ညီညီ တောက်လိုက်ပါတယ်။

ဘိုးဘေးရှီတျန်က ရှေ့တစ်လှမ်း ထွက်ပြီး “ရှုံဟွာအရှင်က စန့်ချွမ်အဂ္ဂကမ္ဘာကို ရင်ဆိုင်ချင်တယ်ဆိုရင် လောင်ဇီကို အရင်ဆုံး ရင်ဆိုင်ရလိမ့်မယ်၊ ရှုံဟွာအရှင် ကျေးဇူးပြုပြီး ပြန်တွေးပေးပါ”

ဟွမ်ဇွမ်တျန်ဟာ ခါးမတ်ပြီး ပြုံးလိုက်ပါတယ် “စန့်ချွမ်အဂ္ဂကမ္ဘာက ထိန်းချုပ်ဖို့ လိုတယ်၊ လောင်ဇီကို ရင်ဆိုင်ဖို့တော့ ငါ့မှာ နည်းလမ်းရှိတယ်၊ လောင်ဇီသာ စန့်ချွမ်အဂ္ဂကမ္ဘာမှာ မရှိဘူးဆိုရင် မင်းတို့တွေ စန့်ချွမ်အဂ္ဂကမ္ဘာကို ပြားပြားဝပ်အောင်လုပ်ပြီး သူတို့မျိုးဆက်ကို သိမ်းယူနိုင်မှာလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters