← Chapters

စန့်ချွမ်အဂ္ဂကမ္ဘာ ပျက်သုဉ်းခြင်း၊ တာအိုဘိုးဘေး ပြန်လည်မွေးဖွားခြင်း

Vol. 94 Ch. 982

စန့်ချွမ်အဂ္ဂကမ္ဘာ ပျက်သုဉ်းခြင်း၊ တာအိုဘိုးဘေး ပြန်လည်မွေးဖွားခြင်း

Vol. 94 Ch. 982

“လောင်ဇီမရှိတဲ့ စန့်ချွမ်အဂ္ဂကမ္ဘာက ဘာမှမဟုတ်ဘူး” ကပ်ဘေးထိန်းချုပ်သူ တစ်ဦးက ကျယ်လောင်စွာ ပြောလိုက်ပါတယ်။ သူ့စကားက စန့်ချွမ်အဂ္ဂကမ္ဘာကို မျက်လုံးထဲ လုံးဝ မထည့်တာပါ။

လီတောက်ခုံးက ထပ်ပေါင်း ပြောလိုက်ပါတယ် “ကျွန်တော် ကောင်းကင်ဂိုဏ်းချုပ်ကို ရင်ဆိုင်နိုင်တယ်”

တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း သူတို့ပြိုင်ဘက်တွေကို တစ်ယောက်ပြီး တစ်ယောက် ရွေးချယ်ကြပါတယ်။ ဒီလိုယှဉ်ကြည့်ရင် စန့်ချွမ်အဂ္ဂကမ္ဘာရဲ့ အမြင့်ပိုင်း တိုက်ခိုက်နိုင်စွမ်းက ရှုံဟွာကို မမီပါဘူး။

ဘိုးဘေးရှီတျန်ဟာ မုတ်ဆိတ်မွေးသပ်ပြီး ဟွမ်ဇွမ်တျန်ကို ကြည့်လိုက်ပါတယ်။ ဘိုးဘေးရှီတျန်ဟာ ဘာမှ ဝင်မပြောပါဘူး။ ဘိုးဘေးရှီတျန်ဟာ ဟွမ်ဇွမ်တျန်ကို ယုံကြည်ပါသေးတယ်။ ဟွမ်ဇွမ်တျန် ရှုံဟွာအင်အားစုကို စုစည်းပြီးကတည်းက ရှုံဟွာအင်အားစုဟာ တစ်နေ့တစ်ခြား ပိုမို တိုးတက်ကောင်းမွန်လာပါတယ်။ ရှုံဟွာအင်အားစုဟာ အရင်လိုမျိုး လူတိုင်းမုန်းတဲ့ အမှောင်ဂိုဏ်း မဟုတ်တော့တဲ့အတွက် အမှောင်ထဲမှာချည်း ပုန်းနေစရာ မလိုတော့ပါဘူး။ နာမည်ကျော် အင်အားစုကြီးတစ်စု ဖြစ်လာပါတယ်။ ခေါင်းဆောင်တဲ့နေရာမှာ ဟွမ်ဇွမ်တျန်ကို မမီဘူးလို့ ဘိုးဘေးရှီတျန် ခံစားလိုက်ရပါတယ်။

ဘိုးဘေးရှီတျန်ဟာ အင်အားစုတစ်စုကို တိုးတက်လာအောင် ခေါင်းဆောင်ဖို့ အတွေ့အကြုံ သိပ်မရှိပါဘူး။ အရင်တုန်းက ဘိုးဘေးရှီတျန်ဟာ ကောင်းကင်တာအိုကို စောင့်ကြပ်ရုံသာ စောင့်ကြပ်ခဲ့ပြီး ကောင်းကင်တာအိုရဲ့ စီမံမှုကိစ္စတွေကို တစ်ခါမှ ဝင်မပါခဲ့ပါဘူး။

ဟွမ်ဇွမ်တျန်ဟာ မတ်တတ်ရပ်ပြီး ပြုံးလိုက်ပတယ် “ရှုံဟွာအင်အားစုက တိတ်ဆိတ်နေတာ အတော်ကြာသွားပြီ၊ အခု ငါတို့ရဲ့ အသွားကို ပြဖို့ အချိန်တန်ပြီ၊ စန့်ချွမ်အဂ္ဂကမ္ဘာကို ဖျက်ဆီးတာနဲ့ ပတ်သက်ပြီး ကောင်းကင်တာအိုက ဘာကန့်ကွက်မှုမှ ရှိမှာ မဟုတ်ဘူး၊ ငါတို့တွေ စန့်ချွမ်အဂ္ဂကမ္ဘာကို ဖျက်ဆီးပြီး သူတို့မျိုးဆက်ကို သိမ်းပိုက်ပြီးတာနဲ့ ထွက်ခွာမယ်၊ ငါတို့တွေ စန့်ချွမ်အဂ္ဂကမ္ဘာမှာ ကြာကြာနေလို့ မရဘူး”

“အရှင်ရဲ့ ညွှန်ကြားမှုကို နာခံပါတယ်”

ရှုံဟွာအဖွဲ့သားအားလုံး ချက်ချင်း အမိန့်ကို လက်ခံကြပါတယ်။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ မြစ်ဘေးမှာထိုင်ပြီး ကြည့်နေတဲ့ လူတွေအတွက် မြစ်ရေစီးက နှေးတယ်လို့ ထင်ရပေမဲ့ ‌ရေထဲက ငါးအတွက်တော့ ရေစီးက သန်လွန်းလှပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ နောက်ထပ် နှစ်ငါးသိန်း ကုန်ဆုံးသွားပါပြီ။ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ပထမဆုံးဝင်ပြီး ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို စိန်ခေါ်ပါတယ်။ ဟန်ကျွယ်ဟာ ငါးမိနစ် မပြည့်ခင်မှာပဲ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို လွယ်လင့်တကူ သတ်ပစ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စိန်ခေါ်ပါတယ်။ ဒါဇင်ကျော် တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို အသက်ရှူကြိမ် နှစ်ဆယ်အတွင်း သတ်ဖြတ်နိုင်သွားပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်အတွက်တော့ ဒီအချိန်က မလုံလောက်သေးပါဘူး။ ဟန်ကျွယ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို တစ်ချက်တည်း သတ်ချင်တာပါ။

တာအိုဖန်တီးရှင်အတွက်တော့ ဟန်ကျွယ်ဟာ လောလောဆယ် ဘာအစီအစဉ်မှ မရှိသေးပါဘူး။ အန္တိမမူလကမ္ဘာ လုံးဝ ပြီးပြည့်စုံအောင် ဖြစ်တည်တဲ့အထိ စောင့်ရပါဦးမယ်။

ဟန်ကျွယ်ဟာ ဟန်လင်ကို ကြည့်လိုက်ပါတယ်။ ဟန်လင်ဟာ ကျင့်ကြံမှုကို အာရုံစိုက်နေတုန်းပါ။ ဟန်လင်ရဲ့ ကျင့်ကြံမှုက ဆက်တိုက် တိုးတက်လာတဲ့အတွက် ဟန်လင်ရဲ့ ကျင့်ကြံမှုအလျင်က ဟန်ဟွမ်ထက်တောင် မြန်တယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။

‘ဒါ ငါ့ရဲ့ လွှမ်းမိုးမှုများကြောင့်လား...’

ဟန်လင်နဲ့ မတူတာက ဟန်ဟွမ်ဟာ ဟန်ကျွယ်နောက်ကို မလိုက်ပါဘူး။ တတိယ တာအိုစက်ကွင်းကနေ ထွက်ခွာသွားပြီးတဲ့နောက် ဟန်ဟွမ်ဟာ မိစ္ဆာကောင်းကင်ဧကရာဇ်အတွက် တိုက်ခိုက်ပေးရပါသေးတယ်။ ဒါက ဟန်ဟွမ်ရဲ့ ကျင့်ကြံမှုအလျင်ကို နှေးကွေးစေတာ ဖြစ်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဟန်လင်ရဲ့ ကျင့်ကြံမှု လျင်မြန်တာက ကောင်းတဲ့ကိစ္စပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။ စာစောင်တွေဖတ်ရင်း ဟန်ကျွယ် လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မိတ်ဆွေတွေ အချင်းချင်း တိုက်ခိုက်ကြလို့ပါ။

[သင့်မိတ်ဆွေ လောကဦး ကောင်းကင်အရှင်သည် သင့်မိတ်ဆွေ ရှီတုတောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ လောကဦး ကောင်းကင်အရှင်သည် တိုက်ခိုက်ခံခဲ့ရ၏။] x၄၉

[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ လောင်ဇီသည် သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်မိတ်ဆွေ လောင်ဇီ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ လောင်ဇီသည် ကျိန်စာတိုက်ခံရပြီး ဓမ္မစွမ်းအား ဖရိုဖရဲ ဖြစ်သွား၏။]

[သင့်မိတ်ဆွေ ကျန်းတျန်ကုန်းသည် ကျိန်စာတိုက်လွန်းသောကြောင့် ကံရေစက်များပြီး ဝိညာဉ် ထိခိုက်သွား၏။]

ရှုံဟွာအင်အားစုနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာတို့ တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ အောက်မှာ စာစောင်တွေ အများကြီး ရှိသေးတဲ့အတွက် ဒီတိုက်ပွဲ ပြီးသွားတာ အတော်ကြာသွားပြီလို့ ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး စန့်ချွမ်အဂ္ဂကမ္ဘာကို ကြည့်လိုက်ပါတယ်။ ကောင်းကင်တာအိုက စန့်ချွမ်အဂ္ဂကမ္ဘာနဲ့ နီးကပ်တဲ့အတွက် တစ်ချက်ကြည့်ရုံနဲ့ အသာလေး မြင်တွေ့နိုင်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ စန့်ချွမ်အဂ္ဂကမ္ဘာ မရှိတော့ပါဘူး။ ဟင်းလင်းပြင်မှာ အပျက်အစီးတွေ အလောင်းကောင်တွေ ကျိုးပဲ့နေတဲ့ ကျွန်းတွေနဲ့ ပြည့်နှက်နေပြီး အရင်လို စည်စည်ကားကား မရှိတော့ပါဘူး။

အလွန့်အလွန် ကြီးမားလှတဲ့ အာကာသ အက်ကြောင်းတစ်ကြောင်းဟာ စန့်ချွမ်အဂ္ဂကမ္ဘာရဲ့ အထက်မှာ တည်ရှိနေပါတယ်။ ဒီအာကာသ အက်ကြောင်းက ဓားရာနဲ့ ပိုတူပါတယ်။ ဟန်ကျွယ်လည်း သိချင်တာကြောင့် တွက်ချက်ကြည့်လိုက်တဲ့အခါ လီတောက်ခုံးရဲ့ ဓားချက်မှန်း သိလိုက်ရပါတယ်။

လက်ရှိမှာ လီတောက်ခုံးက မဟာတာအိုပညာရှိ ဖြစ်နေပြီမလို့ အလွန်တရာမှ စွမ်းအားကြီးနေပါပြီ။

ဟွမ်ဇွမ်တျန်ရဲ့ လောင်ဇီရဲ့ တိုက်ပွဲကိုတော့ ဟန်ကျွယ် တွက်ချက်လို့ မရပါဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ ထူးခြားနယ်မြေတစ်ခုမှာ တိုက်ခိုက်ခဲ့တာ ဖြစ်လိမ့်မယ်လို့ ဟန်ကျွယ် ခန့်မှန်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ အကြည့်ကို ပြန်ရုပ်သိမ်းပြီး သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်က ဒီအခြေအနေအထိ ရောက်အောင် ကြီးထွားလာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ခုန်တက်ကာ စကြဝဠာခန်းမထဲ ဝင်လိုက်ပါတယ်။

ပါးကွပန်းချီကို လေ့လာနေတဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်ပါတယ်။

ဟန်ကျွယ်ဟာ ပါးကွပန်းချီကို စိတ်မဝင်စားပါဘူး။ နေရာမှာထိုင်ပြီးတာနဲ့ “စန့်ချွမ်အဂ္ဂကမ္ဘာရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

“ဘာမှ မကျန်တော့ဘူး၊ သုံးပါးအရှင်ဂိုဏ်းချုပ်တွေ ဒီနယ်မြေကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြတယ်၊ ရှုံဟွာအင်အားစုကလည်း ရင်းမြစ်တွေကို လုယူပြီးတာနဲ့ ကြာကြာမနေဘဲ ထွက်ခွာသွားကြတယ်၊ အကျဉ်းချုပ်ရရင် ကောင်းကင်တာအိုက ကြားထဲကနေ အကျိုးအမြတ် ရလိုက်တယ်၊ အနည်းဆုံး စန့်ချွမ်အဂ္ဂကမ္ဘာမှာ ကောင်းကင်တာအိုအတွက် အဟန့်အတားဖြစ်စေမဲ့အရာ တစ်ခုမှ မရှိတော့ဘူး၊ ရှုံဟွာအရှင်ကလည်း ဒါကို တွေးမိတယ်နဲ့ တူပါတယ်၊ ဒါကြောင့်လည်း စန့်ချွမ်အဂ္ဂကမ္ဘာကို တိုက်ခိုက်ရဲတာ ဖြစ်လိမ့်မယ်”

လက်ရှိပဋိပက္ခမှာ ဘယ်အင်အားစုမှ ကောင်းကင်တာအိုကို မတိုက်ခိုက်ရဲပါဘူး။ ရှုံဟွာအင်အားစုလည်း ဒီထဲမှာပါပါတယ်။

ဒါကြောင့် ကောင်းကင်အရှင်ရွှမ်တုဟာ ဟွမ်ဇွမ်တျန်နဲ့ ဟန်ကျွယ်ကို အတူတူ မတွေးမိပါဘူး။

ဟန်ကျွယ် “လောင်ဇီက မင်းကို လာရှာသေးလား”

ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော် ဆရာနဲ့ မဆက်သွယ်ဖြစ်တာ အတော်ကြာပြီ”

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တုပြောတာ အမှန်ပဲလား”

[သက်တမ်း သန်း ၉၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အမှန်ဖြစ်သည်။]

ဟန်ကျွယ်ဟာ ကျေနပ်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာသာပေးမှုက ထိပ်ဆုံးက ရောက်ခါနီးနေတာတောင် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို တထစ်ချ မယုံကြည်ပါဘူး။

အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုရဲ့ နောက်ထပ် အစီအစဉ်တွေကို ပြောပြပါတယ်။ စန့်ချွမ်အဂ္ဂကမ္ဘာ ပျက်သုန်းသွားပြီ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုဟာ ဒီပဋိပက္ခနယ်မြေကို ဝါးမျိုလို့ ရသွားပါပြီ။

ဒီနောက်ပိုင်း ကောင်းကင်တာအိုက လျင်မြန်စွာ ကျယ်ပြန့်တော့မှာပါ။ ရှန်ပေါင် တာအိုကျင့်ကြံသူ လက်အောက်က ပဋိပက္ခနယ်မြေမှာရှိတဲ့ ကမ္ဘာအားလုံး ရွေးချယ်စရာမရှိ ကောင်းကင်တာအိုနဲ့ မိတ်ဆွေဖွဲ့ရမှာပါ။

ဒါပေမဲ့ ကောင်းကင်တာအိုက ပဋိပက္ခ နယ်မြေတစ်ခုလုံးကို အုပ်စိုးချင်တယ်ဆိုရင်တော့ အချိန်ယူရဦးမှာပါ။ ပဋိပက္ခနယ်မြေက အလွန်တရာမှ ကျယ်ပြန့်လွန်းပါတယ်။ ကောင်းကင်တာအိုက သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိတာပါ။ အများဆုံး သူ့နယ်မှာ ပြိုင်ဘက်ကင်းရုံပါ။

လေးငါးနာရီ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စကြဝဠာခန်းမထဲကနေ ထွက်ခွာလာခဲ့ပါတယ်။

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းကို ပြန်ရောက်တာတောင် အတွေးများနေတုန်းပါ ‘ဒါ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး... ကောင်းကင်တာအို လျင်လျင်မြန်မြန် တိုးတက်လာတာက နဝမပဋိပက္ခကို ရန်စမိရင် ရတာနဲ့ ကုန်တာ တန်မှာ မဟုတ်ဘူး’

ကောင်းကင်တာအိုက နယ်မြေအဆင့်ကို ရောက်ခါနီးရင် ဟန်ကျွယ်အနေနဲ့ ကောင်းကင်တာအိုကို ကန့်သတ်ဖို့ နည်းလမ်းရှာရပါလိမ့်မယ်။ အဲဒီအချိန်ကျလို့ ဟန်ကျွယ်က နဝမပဋိပက္ခကို လွယ်လင့်တကူ ထိန်းချုပ်နိုင်ရင်တော့ တစ်မျိုးပေါ့။ မဟုတ်ရင်တော့ ဟန်ကျွယ်အနေနဲ့ ကောင်းကင်တာအိုကို ကန့်သတ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာရှိမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို မကြောက်ပါဘူး။ မနိုင်ရင် အများဆုံး တာအိုစက်ကွင်းထဲ ပုန်းနေရုံပါ။ ဒါပေမဲ့ ကောင်းကင်တာအိုကတော့ လုံးဝ ဖျက်ဆီးခံရဖို့ သေချာသလောက် ရှိပါတယ်။

ဟန်ကျွယ် ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်စဉ်မှာပဲ...

[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇာစ်မြစ်ကို စစ်‌ဆေးနေသည်။]

ဟန်ကျွယ်ဟာ မှင်တက်သွားပါတယ်။ ဟန်ကျွယ် ဒီလိုစာကြောင်းကို မမြင်ရတာ အတော်ကြာခဲ့ပါပြီ။

ဟန်ကျွယ်ဟာ ချက်ချင်း စစ်ဆေးကြည့်လိုက်ပါတယ်။

[ဟုန်ကျွင်း: မူလဆန်းကြယ် နတ်စွမ်းအား တစ်ပါး၊ တာအိုဘိုးဘေး လူဝင်စား၊ မွေးရာပါ မဟာဖန်တီးမှု၊ တာအိုကမ္ဘာ နတ်စိတ်ဝိညာဉ်၊ ပြိုင်ဘက်ကင်း တာအိုအသီး၊ ဖန်တီးမှု ကံတရား အထောက်ပံ့။]

‘တာအိုဘိုးဘေး ပြန်မွေးဖွားတာလား...’

ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ငယ်ရွယ်ပြီး ချောမောတဲ့ တာအိုကျင့်ကြံသူတစ်ဦးဟာ ကြယ်စကြဝဠာအစွန်းမှာ ပျံသန်းနေတာကို တွေ့လိုက်ရပါတယ်။ တစ်ချက်ပဲကြည့်ရုံ ဒီတာအိုကျင့်ကြံသူက ဘာထူးခြားမှုမှ မရှိပါဘူး။ သူ့ဓမ္မစွမ်းအားနဲ့ ကျင့်ကြံမှုကလည်း သာမန်ပါပဲ။ ဒီလူက တာအိုဘိုးဘေး လူဝင်စားဆိုတာကို ယုံကြည်ဖို့ ခက်ခဲလွန်းပါတယ်။

‘ဒီကောင် ဒီကို ဘာလို့ ရောက်လာတာလဲ’

ဟန်ကျွယ်ရဲ့ ပထမဆုံးအတွေးက ထောင်ချောက်ပါ။

သာမန်မဟာတာအိုပညာရှိတွေက ကြယ်စကြဝဠာနဲ့ ဟန်ကျွယ်ရဲ့ ဆက်ဆံရေးကို မတွက်ချက်နိုင်ပေမဲ့ မဟာတာအိုပညာရှိကတော့ ကျိန်းသေပေါက် တွက်ချက်နိုင်မှာပါ။ ဒီကြယ်စကြဝဠာဟာ အရင်တုန်းက မရှိခဲ့ဘဲ ဟန်ကျွယ် ပုံရိပ်ယောင်ကို အစစ်ပြောင်းတဲ့ နည်းလမ်းသုံးပြီး ဖန်တီးခဲ့တာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဟုန်ကျွင်းကို စပြီးတော့ အာရုံစိုက်ပါတယ်။

ဟုန်ကျွင်းဟာ လေးငါးရက် ပျံသန်းပြီးနောက် နေထိုင်ဖို့ ကြယ်တစ်စင်းကို ရှာတွေ့သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟုန်ကျွင်းဟာ လျူပေ့ရဲ့ အာရုံကိုလည်း ဆွဲ‌ဆောင်လိုက်ပါတယ်။

လျူပေ့ဟာ ဟုန်ကျွင်းဆီသွားပါတယ်။ ဟုန်ကျွင်းဟာ လျူပေ့နဲ့ ဆက်ဆံပြီးနောက် တကယ်ကြီးကို လျူပေ့ရဲ့တပည့် ဖြစ်သွားပါတယ်။

‘ဒါက တာအိုဘိုးဘေးရဲ့ အစီအစဉ်လား...’

ဟန်ကျွယ်ဟာ လျူပေ့ကို ဟန်ကျွင်း ဘယ်သူဆိုတာ မပြောပါဘူး။ ဟုန်ကျွင်း ဘာလုပ်ချင်လဲ ဆိုတာကို သိချင်တာကြောင့်ပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters