ဟန်ထော်နဲ့ တွေ့ဆုံခြင်း
Vol. 94 Ch. 987
“အရင်တုန်းက မင်း ငါ့နယ်မြေထဲကို မတော်တဆ ဝင်လာခဲ့လို့သာ ဒီနေ့ ဒီလိုမျိုး တွေ့ဆုံနိုင်တာ၊ မဟုတ်ရင် တွေ့နိုင်မှာ မဟုတ်ဘူး၊ ငါ မင်းကို အကဲခတ်နေခဲ့တာ” သဏ္ဍာန်မဲ့နတ်မင်းရဲ့ စကားတစ်လုံးချင်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို နှလုံးခုန် မြန်သွားစေပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အတွေ့အကြုံများသူမလို့ သဏ္ဍာန်မဲ့နတ်မင်းက ဘာကိုဆိုလိုချင်လဲဆိုတာ နားလည်လိုက်ပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းက သူ့ကို လူယုံအဖြစ် စည်းရုံး သိမ်းသွင်းနေတာပါ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တိတ်ဆိတ်သွားပြီး ချက်ချင်း အဖြေ ပြန်မပေးပါဘူး။ ဒါက ဧရာမ အခွင့်အရေးကြီးလို့ ထင်ရပေမဲ့ အလွန်ကြီးမားတဲ့ ဘေးအန္တရာယ်လည်း ပါဝင်နေပါတယ်။
သဏ္ဍာန်မဲ့နတ်မင်း သူ့ကို သိမ်းသွင်းတယ်ဆိုတာကတည်း သဏ္ဍာန်မဲ့နတ်မင်းဆီမှာ အဆင့်တူ ရန်သူ ရှိရပါမယ်။ ဒါကြောင့် ဒီလမ်းက သဘောတူလိုက်တာနဲ့ ပြန်လမ်း မရှိပါဘူး။ အဆုံးထိအောင် ဆက်လျှောက်ရမှာပါ။
သဏ္ဍာန်မဲ့နတ်မင်းကလည်း အလျင်မလိုပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီက အဖြေကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အတိတ်က အတွေ့အကြုံတွေကို ပြန်တွေးလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အမြဲတမ်း အားကြီးတဲ့ နောက်ခံကို ရွေးချယ်နေကျပါ။ အခုဒီအားကြီးတဲ့ နောက်ခံက သူ့ရှေ့ကို ရောက်နေပါပြီ။ ဒါကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တုံ့ဆိုင်းနေတဲ့ သူ့စိတ်ကို သိပ်တော့ အားမရပါဘူး။
ဟန်ကျွယ်က ပဋိပက္ခမှာ အစွမ်းအထက်ဆုံးလို့ လူသိများပေမဲ့ သူ့ရှေ့မှာရှိနေတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ သာမန်မဟုတ်ဘူးဆိုတာကို မိစ္ဆာ ကောင်းကင်ဧကရာဇ် သိပါတယ်။ သူ့ရှေ့ကပုဂ္ဂိုလ်က ပဋိပက္ခထဲမဝင်ဘဲ အခွင့်ကောင်းကို အပြင်ဘက်မှာ စောင့်ဆိုင်းနေတာ မဟုတ်ပါလား။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး မေးလိုက်ပါတယ် “ကြီးလူ... ကျွန်တော်ဆီက ဘာလိုချင်တာလဲ”
အရင်တုန်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သဏ္ဍာန်မဲ့နတ်မင်းနဲ့ သိပ်ပြီးတော့ မဆက်နွှယ်ချင်ပါဘူး။ ဒါပေမဲ့ အခုတော့ သဏ္ဍာန်မဲ့နတ်မင်းရဲ့ လက်အောက်ကို ခိုဝင်လိုက်ပြီ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေ နှိမ့်ချရပါမယ်။
“ငါ မင်းကို မဟာတာအို အထွတ်အထိပ်အဆင့် ရောက်အောင်၊ ပဋိပက္ခလိုမျိုး အခွင့်အရေးအကြီးကြီး တစ်ခုရအောင် ကူညီပေးမယ်၊ အဲဒီမတိုင်ခင် ကောင်းကင်ရုံးတော်က ပါရမီရှင်တွေ စုဆောင်းပြီး အင်အားကြီးလာအောင် လုပ်ရမယ်” သဏ္ဍာန်မဲ့နတ်မင်းရဲ့ စကားကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“ဟန်ဟွမ်နဲ့ တခြားလူတွေကို မစိုးရိမ်နဲ့၊ ငါလိုချင်တာကလည်း ဟန်ကျွယ် လိုချင်တာပဲ၊ ဒီကိစ္စကို မဟာတာအိုအထက်အဆင့်ကနေ စရလိမ့်မယ်...”
သဏ္ဍာန်မဲ့နတ်မင်းဟာ တာအိုဖန်တီးရှင်အကြောင်း စပြီးတော့ ပြောပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နားထောင်ရင်း မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားပါတယ် ‘ပဋိပက္ခအထက်မှာ ဒီလိုမျိုး အဆင့် တကယ်ကြီး ရှိနေတာလား...’
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပဋိပက္ခ ဘယ်လောက် ကြီးတယ်ဆိုတာတောင် မသိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ပဋိပက္ခဖန်တီးမှုအကြောင်း ကြားလိုက်ရတဲ့အခါ ဘယ်လိုလုပ်ပြီး မအံ့ဩဘဲ နေနိုင်မှာလဲ။
‘ဟန်ကျွယ်က ဒီလိုအဆင့်ကိုတောင် ရောက်သွားပြီလား... လောင်ဇီ၊ တာအိုဘိုးဘေးနဲ့ ပဋိပက္ခအောက်က မဟာတာအိုကမ္ဘာရော...’
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်တောင်ခတ်ရင်း ကိစ္စတွေကို နားလည်သွားပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းက ပဋိပက္ခရဲ့ အရှင်သခင်ကို တော်လှန်တဲ့နေရာမှာ သူ့ကို နယ်ရုပ်အဖြစ် အသုံးချချင်တာပါ။ အလုပ်မဖြစ်ရင် သူက အပြစ်တင်ခံရမှာ ဖြစ်ပြီး အောင်မြင်ခဲ့ရင်တော့ ဧရာမ အခွင့်အရေးကြီး ဖြစ်သွားမှာပါ။
“ကောင်းပါပြီ... ကျွန်တော် ကြီးလူပြောတဲ့အတိုင်း လုပ်ပေးမယ်၊ ဒါပေမဲ့ ဟန်ဟွမ်၊ ဟန်ချင်းအာ၊ ကျန်းကျွယ်ရှီ၊ ကျောက်ရွှမ်ချွမ်၊ ဝေ့လန်ရှန်မိနဲ့ စစ်ဗုဒ္ဓတို့က ကျွန်တော် စကားကိုပဲ နားထောင်ရလိမ့်မယ်”
သဏ္ဍာန်မဲ့နတ်မင်း “ကောင်းကင်ရုံးတော်ရဲ့ ကိစ္စအကုန်လုံးက မင်းလက်ထဲမှာ၊ ငါ့ရဲ့ ညွှန်ကြားချက်က မင်းအောင်မြင်ခဲ့ရင် ကောင်းကင်ရုံးတော်က မင်းရဲ့ မဟာတာအိုကမ္ဘာ ဖြစ်လာလိမ့်မယ်၊ ပါရမီရှင်တွေ အင်မော်တယ်တွေကို မင်းပိုင်တုန်းပဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဂရုတစိုက် မေးလိုက်ပါတယ် “ကြီးလူဆီမှာလည်း...”
“ဟုတ်တယ်... ငါ့မှာလည်း နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိခဲ့တဲ့ မဟာတာအိုကမ္ဘာတစ်ခု ရှိတယ်၊ ပဋိပက္ခရဲ့ နှောင့်ယှက်မှုကို ခံထားရရုံပဲ၊ မင်း စိုးရိမ်စရာ မလိုဘူး၊ ငါ ပဋိပက္ခက ပါရမီရှင်တွေကို စိတ်မဝင်စားဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သဏ္ဍာန်မဲ့နတ်မင်းရဲ့ စကားကြောင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ် တွေးတောနေတုန်းမှာပဲ ကျယ်ပြောလှတဲ့ အင်အားကြီးတစ်ခုဟာ သူ့ကိုယ်ပေါ်ကို ရုတ်တရက် ဆင်းသက်လာတဲ့အတွက် မိစ္ဆာ ကောင်းကင်ဧကရာဇ် တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ သိစိတ်ဟာ ဖရိုဖရဲ ဖြစ်သွားပြီး မကုန်ဆုံးနိုင်တဲ့ မှတ်ဉာဏ်တွေ သုံးသပ်နားလည်မှုတွေက မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စိတ်ထဲမှာ ပေါ်လာကာ သူ့ဝိညာဉ်ကို တုန်လှုပ်သွားစေပါတယ်။
နောက်ထပ် နှစ်ငါးသိန်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အသက် ၁၅ သန်း ပြည့်သွားပါပြီ။ အန္တိမမူလကမ္ဘာထဲမှာရှိတဲ့ အန္တိမမူလချီက ၃၀ ရာခိုင်နှုန်း ကျော်သွားပါပြီ။ ပဋိပက္ခနတ်ဘီလူးတွေဟာ အန္တိမမူလချီနဲ့ တစ်ယောက်ပြီး တစ်ယောက် တွေ့ကြုံလာကြကာ အန္တိမမူလချီကို အသုံးပြုပြီး ကျင့်ကြံအားထုတ်လာကြပါတယ်။
ဟန်ကျွယ်ရဲ့ စွမ်းအားကလည်း အများကြီး တိုးတက်လာပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် ငါးရာကို စိန်ခေါ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အန္တိမမူလ ဝိညာဉ်ချွေဓားက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ငါးရာကို အသက်ရှူကြိမ် တစ်ကြိမ် မပြည့်ခင်မှာပဲ ချေမှုန်းလိုက်နိုင်ပါတယ်။
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ်ရဲ့ ပြိုင်ဘက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဓားသွေးကျောက်ကောင်းတော့ ဖြစ်နေတုန်းပါ။ ဟန်ကျွယ်ရဲ့ နောက်ထပ် စိန်ခေါ်မှုက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် တစ်ထောင်ပါ။
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် တစ်ထောင်ရဲ့ ရောင်ဝါက ပဋိပက္ခတစ်ခုလုံးကို ချေမွပစ်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲမှာရှိတဲ့ အာကာသ အဆုံးမရှိပါဘူး။ ဒါကြောင့် စိတ်ကြိုက် တိုက်ခိုက်လို့ ရပါတယ်။
အသွင်တူ လက်ရည်စမ်းပွဲဟာ တစ်နာရီ မပြည့်ခင်မှာပဲ အဆုံးသတ်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့စွမ်းအားကို နားလည်သွားပြီမလို့ တိုက်ခိုက်တာ ရပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
ပဋိပက္ခ အစည်းအဝေး ကျင်းပဖို့က နှစ်တစ်သိန်းခွဲပဲ လိုပါတော့တယ်။ ဟန်ကျွယ်အတွက် ဒီအချိန်က အတော်လေး နီးကပ်နေပါပြီ။ စာစောင်တွေကလည်း ဒါကို သက်သေပြနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ငါးသိန်းအတွင်း စာစောင်တွေက အရင်တုန်းကထက် အဆပေါင်းများစွာ ပိုပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေ ရူးသွပ်သွားသလိုပါပဲ။ မုရုံချီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးတောင် စပြီးတော့ လှုပ်ရှားလာကြပါတယ်။ သူတို့တွေဟာ ဆက်တိုက် တိုက်ခိုက်ကြပြီး အခွင့်အရေးတွေ ရရှိသွားခဲ့ကြပါတယ်။
စာစောင်တွေ ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ်ကာ ပြောလိုက်ပါတယ် “လင်အာ... သမီးအစ်ကိုတွေကို သွားကြည့်ရအောင်”
ကျင့်ကြံအားထုတ်နေတဲ့ ဟန်လင်ဟာ မျက်လုံးဖွင့်ပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် သားအဖနှစ်ယောက်ဟာ တာအိုဘုံကျောင်းထဲကနေ ပျောက်ကွယ်သွားပါတယ်။
မိုးကြိုးတိမ်တိုက်တွေ ထူထပ်နေပြီး မြေပြင်က ကျယ်ပြောလှပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနေတဲ့ ယီတျန်ဟာ လျှပ်စီးတွေရဲ့ ဆေးကြောမှုကို ခံစားနေပါတယ်။
မိုင်တစ်သန်း အဝေးမှာတော့ ဟန်ထော်ဟာ အဆုံးမဲ့ပင်လယ်ထက်မှာ ထိုင်နေပါတယ်။ အားကောင်းတဲ့ လေပြင်းတွေရဲ့ ဝန်းရံမှုကြောင့် ဟန်ထော်ရဲ့ ဝတ်ရုံဟာ လူးလွန့်သွားပါတယ်။ ဟန်ထော်ဟာ မောက်မာလွန်းတဲ့ ကောင်းကင်ထက်က တကယ် နတ်ဘုရားလိုပါပဲ။
ဟန်ကျွယ်နဲ့ ဟန်လင်ဟာ အဝေးက ပင်လယ်ထက်မှာ ပေါ်လာပြီး ဟန်ထော်ကို ကြည့်လိုက်ပါတယ်။
ဟန်လင်ဟာ သက်ပြင်းချလိုက်ပါတယ် “အဲဒါ အစ်ကိုကြီးလား... တော်တော် စွမ်းအားကြီးတာပဲ”
ဟန်လင်ဟာ လောကဦး ဧကရာဇ်ကြယ်ရှိတာမလို့ သူ့အာရုံခံနိုင်စွမ်းကလည်း သာမန်မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ထော်ရဲ့ စွမ်းအားကို အာရုံခံနိုင်တာပါ။ သူ မနိုင်နိုင်ဘူးလို့လည်း ခံစားလိုက်ရပါတယ်။
“တော်သင့်ရုံပါပဲ... ဒါပေမဲ့ သမီးရဲ့ အစ်ကိုနှစ်ကို မမီသေးဘူး”
သားအဖနှစ်ယောက်ရဲ့ စကားသံကို အန္တိမမူလစွမ်းအားက သီးခြားထားတာကြောင့် ဒဏ်ခတ်သမားငါးဖော်ဟာ လုံးဝ မကြားပါဘူး။
ဟန်လင်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “ဖေဖေ အစ်ကိုကြီးကို လမ်းညွှန်ပေးဖို့ လာတာ မဟုတ်ဘူးလား... ပဋိပက္ခ အစည်းအဝေးက စခါနီးနေပြီလေ”
ဟန်ကျွယ်ဟာ ပြုံးပြီး ဟန်ထော်ကို အသံလွှင့်စကား ပြောလိုက်ပါတယ်။
ဟန်ထော်ဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ဟန်ထော်ဟာ ရင်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းလိုက်ပါတယ် “အဖေ့ကို ဂါရဝ ပြုပါတယ်”
ဟန်ထော်ရဲ့အသံက ကျယ်လွန်းတဲ့အတွက် ယီတျန်နဲ့ တခြားဒဏ်ခတ်သမား သုံးဖော်ဟာ အပြေးရောက်လာကြပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြုံးလိုက်ပါတယ် ‘ဒီကောင်လေး ပရိယာယ်သုံးရဲတယ်’
“ထပါ...”
“ဟီးဟီး... ကြီးလူ... ကျွန်တော်က ကြီးလူရဲ့ မွေးစားသားလို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ခေါ်ခဲ့တာ၊ ကျွန်တော်ကို စိတ်မဆိုးဘူးမလား... ကျွန်တော်ကို လက်ခံပေးပါ၊ ကျွန်တော်က ပဋိပက္ခနတ်ဘီလူးဆိုတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်ကို အရှက်မရစေရပါဘူး”
ယီတျန်ဟာ တဟားဟား ရယ်မောပြီး လက်နှစ်ဖက်ကို ပွတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အပြုံးမပျက်ပါဘူး “မင်း ပဋိပက္ခရဲ့ အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးထဲက တစ်ပါး ဖြစ်လာရင် ငါ မင်းကို လက်ခံမယ်”
ယီတျန်ရဲ့ မျက်လုံးဟာ အရောင် တောက်သွားပါတယ်။ ယီတျန်ဟာ အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် ယုံကြည်ချက်မရှိပေမဲ့ အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးနေရာထဲက တစ်နေရာကို အရယူဖို့တော့ စိတ်ကူး ရှိပါတယ်။
ယီတျန်ဟာ စပြီးတော့ ကြွားလုံးထုတ်ပါတော့တယ်။ သူ့စကားကြားပြီး ဒဏ်ခတ်သမားလေးလေးဖော်နဲ့ ဟန်လင်ဟာ မရယ်အောင် မထိန်းနိုင်ပါဘူး။
ဟန်ထော်ဟာ သူတို့စကားကို ဖြတ်ပြောပြီး ဟန်လင်နဲ့ သူတို့ကို မိတ်ဆက်ပေးလိုက်ပါတယ် “ဒါက ညီမလေးဟန်လင်ပဲ၊ ငါ သူ့အကြောင်းကို ချင်းအာဆီက ကြားထားတယ်”
ဟန်ထော်ဟာ အတော်လေး ပြုံးနေပါတယ်။ တခြားဒဏ်ခတ်သမားတွေကတော့ စိတ်ထဲမှာ လန့်သွားပါတယ်။ သူတို့တွေဟာ ဟန်ထော်မှာ နောက်ထပ် ညီမလေးတစ်ယောက် ရှိလာမှန်း သိထားကြပါတယ်။ ဒါပေမဲ့ ဒီအချိန်လေးအတွင်းမှာ သူမက မဟာတာအိုကို ရရှိသွားပြီး ရောင်ဝါကလည်း မဟာတာအို လောကဦး ပဋိပက္ခ ကနဦးအဆင့်ရဲ့ ရောင်ဝါ မဟုတ်ပါဘူး။
“ညီမလင်အာကလည်း ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်မှာလား” ယီတျန်က စပ်စုလိုက်ပါတယ်။
ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “ကျွန်မ ဝင်မပြိုင်ရဲပါဘူး၊ ကျွန်မ တိုက်ခိုက်ရတာ မကြိုက်ဘူး၊ ရှင့်ကိုလည်း မနိုင်လောက်ဘူး”
ဒါကို ကြားလိုက်ရတဲ့ ဒဏ်ခတ်သမားတွေဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ သူတို့တွေဟာ ဟန်လင်ရဲ့ စကားကိုတော့ မယုံပါဘူး။ သူတို့တွေဟာ တိုက်ပွဲရာချီ တိုက်ခိုက်ခဲ့တဲ့ မဟာတာအိုပညာရှိတွေပါ။ ဒါတောင် သူတို့တွေဟာ ဟန်လင်ကို ထိုးဖောက် မမြင်နိုင်ကြပါဘူး။ ဒီအချက်က ဘာကိုဆိုလိုနေလဲဆိုတာ သူတို့တွေ ကောင်းကောင်းကြီး သိကြပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။