နံပါတ်တစ်နတ်မင်း နားမလည်နိုင်ခြင်း
Vol. 95 Ch. 993
ဟန်ကျွယ်ရဲ့ စကားကို ကြားလိုက်ရတဲ့ ပါရမီရှင်အကုန်လုံး အလွန်တရာမှ ရင်ထိတ်သွားကြပါတယ် ‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကြီး အစွမ်းကုန် တိုက်မှာလား... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ...’
ဟန်ကျွယ်ဟာ ပါရမီရှင်တွေ ဘာတွေးဆယ်ဆိုတာကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်ဟာ ပါရမီရှင်အကုန်လုံးကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ စရေတော့မယ်၊ အသက်ရှူကြိမ် သုံးကြိမ်ပြည့်ရင် ငါ တိုက်ခိုက်မယ်”
“သုံး...”
ပါရမီရှင်တွေဟာ လန့်ဖျပ်သွားပြီး သူတို့ရဲ့ ဓမ္မရတနာတွေကို ထုတ်ယူကာ ခံစစ်နဲ့ ရှောင်လွှဲ ဆန်းကြယ်စွမ်းအားတွေကို အသုံးပြုကြပါတယ်။
ဒီမြင်ကွင်းက ရှုမငြီးအောင် လှပလွန်းပါတယ်။ အရောင်မျိုးစုံဟာ ဟင်းလင်းပြင်မှာ လင်းထိန် တောက်ပသွားပြီး အကြွင်းမဲ့ဆယ်ပါးမြို့တော်ထဲက သက်ရှိတွေရဲ့ နှလုံးသားကို တထိတ်ထိတ် ခုန်သွားစေပါတယ်။
“နှစ်...”
ကျန်းကျွယ်ရှီဟာ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှုကို အသုံးပြုလိုက်ပါတယ်။ ဟွမ်ဇွမ်တျန်နဲ့ ဝေ့လန်ရှန်မိကလည်း မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို နှိုးလိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ကလည်း နတ်အလင်းရောင်တွေ ထုတ်လွှတ်လာပြီး ဟန်ထော်ကတော့ သူ့ရဲ့ နတ်ဘီလူးဓမ္မရုပ်တုကို ခဲလိုက်ပါတယ်။
အကုန်လုံးက သူတို့ကိုယ်ပိုင် အစွမ်းအထက်ဆုံး ဆန်းကြယ်စွမ်းအားကို ထုတ်သုံးလိုက်တာလို့ ပြောလို့ရပါတယ်။
“တစ်...”
ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ ညာလက်ကို ကောက်ကာငင်ကာ မြှောက်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ပါရမီရှင်နှစ်သောင်းကျော်ဟာ အလိုလို သူတို့ရဲ့ ကိုယ်ရွှေ့ ဆန်းကြယ်စွမ်းအားတွေ ထုတ်သုံးဖို့ ပြင်လိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့က နှေးကွေးလွန်းပါတယ်။
တန်ခိုးကြီးမား မဟာလက်ဝါး။
ဟန်ကျွယ်ဟာ ဒီလက်ဝါးကို ရိုက်ထုတ်လိုက်တဲ့အခါ မမြင်နိုင်တဲ့ အန္တိမမူလစွမ်းအားလည်း ပေါက်ကွဲ ထွက်လာပါတယ်။
ပါရမီရှင်နှစ်သောင်းကျော်ဟာ တစ်ချက်တည်း အမြစ်ပြတ် သုတ်သင်ခံလိုက်ရပါတယ်။ ရုပ်နာမ်နှစ်ပါးစလုံး ပျက်သုန်းပြီး လက်ကျန်ဝိညာဉ် တစ်စွန်းတစပဲ ကျန်ရှိပါတော့တယ်။ သူတို့တွေဟာ ထွက်ပြေးဖို့ အချိန်တောင် မရလိုက်ပါဘူး။ မဟာတာအိုပညာရှိချုပ်ဖြစ်တဲ့ ဟန်ဟွမ်နဲ့ မဟာတာအို ကံတရား အထာက်အပံ့ နတ်အခွင့်အာဏာရထားတဲ့ ဟွမ်ဇွမ်တျန်လည်း တစ်ခါတည်း ဖျက်ဆီးခံလိုက်ရတာပါ။
ဗိုလ်ကျလွန်းပါတယ်။
စွမ်းအားကြီးလွန်းပါတယ်။
ဟင်းလင်းပြင်ဟာ တိတ်ကျသွားပါတယ်။
အကြွင်းမဲ့ဆယ်ပါးမြို့တော်လည်း အတူတူပါပဲ။ ဒါက သက်ရှိတွေ မျှော်လင့်ထားတာနဲ့ တခြားစီပါ။ သူတို့တွေဟာ ရှုမငြီးတဲ့ ဆန်းကြယ်စွမ်းအားတွေကို မြင်တွေ့ရလိမ့်မယ်လို့ ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ အန္တိမမူလစွမ်းအားက ဘာအသွင်သဏ္ဍာန်မှ မရှိပါဘူး။ ဒါကြောင့် သက်ရှိတွေရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ် လက်ဝါး ဝှေ့ယမ်းလိုက်တာနဲ့ ပါရမီရှင်တွေအကုန်လုံး ပြာအတိ ဖြစ်ကုန်တာပါ။
ဒီမြင်ကွင်းက သူတို့ကို ပိုပြီးတော့ တုန်လှုပ်ချောက်ချားသွားစေပါတယ်။
ပါရမီရှင်နှစ်သောင်းကျော်ရဲ့ လက်ကျန်ဝိညာဉ်တွေဟာ စပြီးတော့ ပြန်ကောင်းလာပါတယ်။ ပါရမီရှင် ဒါဇင်ကျော်ဟာ ရုတ်ခြည်းနီးပါး အကောင်းပကတိ ပြန်ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြပါတယ်။
အမြန်ဆုံး ပြန်ကောင်းလာတာက ဟန်ဟွမ်မဟုတ်ပါဘူး။ ဝူရှင်းရှစ်ကျဲ့ပါ။
ဟန်ကျွယ်ဟာ ဝူရှင်းရှစ်ကျဲ့ကို လျှို့ဝှက်ပြီး အာရုံစိုက်နေတာပါ။ ဝူရှင်းရှစ်ကျဲ့က တကယ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။ ပုံရိပ်ရော ကျင့်ကြံမှုရော ပြောစရာမရှိပါဘူး။ အနှိုင်းမဲ့ထိပ်ဆုံး နေရာကို အရယူနိုင်ဖို့ အခွင့်အရေး ရှိပါတယ်။
ပဋိပက္ခမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်နဲ့ ဟန်ကျွယ်ရဲ့ အတွေးတွေက အလွန်တရာမှ စွမ်းအားကြီးပါတယ်။ ပါရမီရှင်တွေ အသက်ပြန်ရှင်နေတုန်းမှာ ဟန်ကျွယ်ဟာ စစ်ဆေးမှုရဲ့ ရလဒ်ကို အရူးအမူး စပြီးတော့ တွက်ချက်ပါတယ်။
အသက်ရှူကြိမ် နှစ်ကြိမ် အကြာမှာ ဟန်ကျွယ်ဟာ အခုထိ ခန္ဓာကိုယ် ပြန်မရသေးတဲ့ လက်ကျန် ပါရမီရှင်တွေကို အကြွင်းမဲ့ဆယ်ပါး မြို့တော်ဆီ ပို့ဆောင်လိုက်ပါတယ်။ ဟင်းလင်းပြင်ထဲမှာ ပါရမီရှင်တစ်သောင်းပဲ ကျန်နေခဲ့ပါတယ်။
တိတ်ဆိတ်ဂိုဏ်းနဲ့ ကောင်းကင်တာအိုက ပါရမီရှင် တော်တော်များများလည်း အရှင်းခံရတဲ့အထဲမှာ ပါသွားပါတယ်။ ထိပ်တန်းတစ်သောင်းထဲမှာ အနိမ့်ဆုံးကျင့်ကြံမှုက လွတ်လပ် တာအိုပညာရှိ နောက်ဆုံးအဆင့်ပါ။
“မင်းတို့က ပထမဆုံး ပဋိပက္ခအစည်းအဝေးရဲ့ ထိပ်တန်းတစ်သောင်း စာရင်းဝင်တဲ့လူတွေပဲ” ဟန်ကျွယ်က တစ်လုံးချင်း ပြောလိုက်ပါတယ်။
ဒါကို ကြားလိုက်ရတဲ့ ပါရမီရှင်တစ်သောင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ကြပါတယ်။
အသက်ရှူကြိမ် နှစ်ကြိမ်ပဲ ရှိပါသေးတယ်။ သူတို့တွေသာ နည်းနည်းလေး သတိလက်လွတ် ဖြစ်သွားတာနဲ့ အရှင်းခံရတဲ့အထဲ ပါသွားမှာပါ။ ပါရမီရှင်တွေဟာ လန့်လည်း လန့်သွားကြပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကြီး တစ်ကွက်ပဲသုံးပြီး သူတို့ကို ရှင်းပစ်ခဲ့တယ် မဟုတ်ပါလား။
ဟန်ဟွမ်ရဲ့ မျက်နှာကလည်း ဘီလူးမ သံပရာသီး ကိုက်ထားတဲ့ အတိုင်းပါပဲ။ ဟန်ဟွမ်ဟာ သူ့အဖေက အတော်လေး စွမ်းအားကြီးမှန်း သိပေမဲ့ နှစ်တွေကြာသွားပြီ ဖြစ်တဲ့အတွက် အနည်းဆုံး သူ့အဖေရဲ့ အကွက်တစ်ကွက်ကိုတော့ တောင်ခံနိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ အတွေးနဲ့ လက်တွေ့က တခြားစီ ဖြစ်နေပါတယ်။
အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိတဲ့ တချို့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ရှုံးသွားတဲ့ ပါရမီရှင်တွေကို လူစုခွဲပြီးတဲ့ အချိန်အထိ တမင်စောင့်ပြီးမှ ထိပ်တန်းတစ်သောင်းဝင် ပါရမီရှင်တွေကို ပြန်ပို့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အများကြီး မပြောပါဘူး။ ပြောလည်း အသုံးဝင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်အနေနဲ့ ဒီပါရမီရှင်တွေကို စည်းရုံး သိမ်းသွင်းစရာမှ မလိုတာ။
ဟန်ကျွယ်ဟာ ခန်းမထဲကို ပြန်ပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးဟာ ဟန်ကျွယ်ကို တလေးတစား ကြည့်ကြပေမဲ့ ဒီတစ်ခါတော့ ဘယ်သူမှ မြှောက်ပင့်မပြောဆိုတော့ပါဘူး။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဟန်ကျွယ်က ပဋိပက္ခ အစည်းအဝေးမှာ ဝင်ပြိုင်ရင်တောင် အငယ်ဆုံး ပါရမီရှင် ဖြစ်နေမယ်ဆိုတာကို တွေးမိတိုင်း ခံစားချက်တွေ ရှင်းမရတဲ့အထိ ရှုပ်ယှက်ခက်သွားပါတယ်။ ဒါတင်မကသေးပါဘူး။ ဟန်ကျွယ်ရဲ့ တပည့်တွေနဲ့ ကလေးတွေကလည်း စွမ်းအားကြီးနေပါသေးတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ မျိုးဆက်သစ်တွေကိုလည်း ဒီလိုမျိုး စွမ်းအားကြီးချင်ကြပါတယ်။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူတို့မျိုးဆက်သစ်တွေ ဒီလောက်ထိ စွမ်းအားကြီးရင် ထိန်းချုပ်လို့ မရမှာကို တွေးမိလိုက်ကြပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းက ပြုံးလိုက်ပါတယ် “ပင်ပန်းသွားပြီ”
ဟန်ကျွယ် “နောက်ပဋိပက္ခ အစည်းအဝေးကျရင် ငါ ဝင်မပါတော့ဘူး”
“ဟားဟား... ဟုတ်တာပေါ့၊ ဒါက ပထမဆုံး အစည်းအဝေးဆိုတော့ တစ်မူ ထူးခြားနေရမယ်လေ”
အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်တစ်ခွင့် ပဲ့တင်ထပ်သွားပါတယ် “တတိယအဆင့်ဖြစ်တဲ့ သခင်တစ်ထောင်အတွက် ယှဉ်ပြိုင်မှုကို နှစ်ဝက်ကြာရင် စတင်မယ်”
ပါရမီရှင်တွေဟာ နောက်ထပ် နှစ်ဝက် အနားယူလို့ ရသွားပါတယ်။ ဒီတစ်ခါက တကယ်နားရမှာပါ။ ပါရမီရှင်တွေဟာ ဒီနှစ်ဝက်မှာ တာအိုနှလုံးသားကို ပြန်တည်ငြိမ်အောင် လုပ်ရမှာပါ။ ဒီဒုတိယအဆင့်က တိုတောင်းလွန်းပေမဲ့ ပါရမီရှင်တွေကို ပေးလိုက်တဲ့ အံ့ဩတုန်လှုပ်မှုက သူတို့တစ်သက် မေ့မပျောက်နိုင်တဲ့အရာပါ။
ပါရမီရှင်တွေဟာ ဒီအဖြစ်အပျက်ကို သူတို့တစ်သက်မေ့မှာ မဟုတ်ပါဘူး။
အကြွင်းမဲ့ဆယ်ပါး မြို့တော်က သတင်းတွေဟာ ပဋိပက္ခတစ်ခွင် ပျံ့နှံ့သွားပါတယ်။ ဒီသတင်းတွေကို ကြားရတဲ့ ပဋိပက္ခထဲက သက်ရှိအားလုံးဟာ စိတ်လှုပ်ရှားသွားကြပြီး ကိုယ်တိုင်ဝင်ပါချင်စိတ် ပေါက်သွားပါတယ်။
.....
ပဋိပက္ခအောက်ခြေရဲ့ အောက်။
သိစိတ်မဲ့ မဟာတာအိုကမ္ဘာ။
အဖြူရောင်သားမွေးကို လုံးဝ အရေခွံလဲထားတဲ့ နံပါတ်တစ်နတ်မင်းဟာ ဧရာမကျောက်တုံးကြီး တစ်တုံးပေါ် ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်နေပါတယ်။ သူ့မျက်နှာဟာ ချောမောလှပပြီး ခွန်အားကြီးတဲ့ ယောက်ျားပျိုရဲ့ မျက်နှာမျိုးပါ။ နံပါတ်တစ်နတ်မင်းဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ် “ဘယ်လောက်တောင် စည်ကားလိုက်လဲ၊ ပဋိပက္ခ... မင်း ဘယ်လောက်ကြာအောင် ဆက်ပြီးတော့ စည်ကားနိုင်မှာလဲ”
ဓားချီတစ်ချီဟာ ကောင်းကင်ပေါ်ကနေ ထိုးဆင်းလာပြီး နံပါတ်တစ်နတ်မင်းရှေ့ ဆင်းသက်လာပါတယ်။ ဒီဓားချီဟာ ဓားအရိပ်အသွင် ပြောင်းလဲသွားပြီး လောင်ဇီရဲ့ မျက်နှာတစ်ဝက်က ဓားသွားထဲမှာ ပေါ်လာပါတယ်။
နံပါတ်တစ်နတ်မင်းဟာ လောင်ဇီကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်း အဆင်သင့် ဖြစ်ပြီလား”
လောင်ဇီက ပြန်မေးပါတယ် “ငါနဲ့ မင်းကလွဲပြီး တခြား ဘယ်သူတွေ ရှိသေးလဲဆိုတာ ငါ သိချင်တယ်၊ ငါ့ကို အကုန်လုံး ပြောပြ”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ၊ တာအိုဘိုးဘေး၊ နာမည်ပြောလို့မရတဲ့ တည်ရှိမှုတစ်ခု၊ မိစ္ဆာဘိုးဘေးနဲ့ မြောက်ပိုင်းပဋိပက္ခ ရှန့်သခင်၊ ငါတို့တွေ အတူတူ ပူးပေါင်းရင် ပဋိပက္ခထဲက သက်ရှိ ၉၀ ရာခိုင်နှုန်းကို ဆင့်ခေါ်နိုင်လိမ့်မယ်”
လောင်ဇီဟာ မျက်လုံးကျဉ်းပြီး ထပ်မေးပါတယ် “မင်းနောက်မှာ ဘယ်သူရှိနေလဲဆိုတာ သိလို့ရမလား၊ မင်းက ဒီနေရာမှာ ချိပ်ပိတ်ခံထားရတာ ပဋိပက္ခကို သွားလို့မရဘူးလား”
“မင်း ခန့်မှန်းမိနေပြီမလား၊ ဘာလို့ မေးနေသေးတာလဲ၊ ငါတို့မှာ ဘုံအကျိုးအမြတ်ရှိရင် ပြီးတာပဲမလား၊ တချို့ကိစ္စတွေကို မေးနေစရာ မလိုဘူး၊ လမ်းတစ်လမ်း ချန်ထားရုံပဲ”
နံပါတ်တစ်နတ်မင်းရဲ့ အဖြေကြောင့် လောင်ဇီဟာ တိတ်ဆိတ်သွားပါတယ်။ နံပါတ်တစ်နတ်မင်းက ဆက်ပြောပါတယ် “အနာဂတ်မှာ ပိုပြီးတော့ များလာလိမ့်မယ်၊ တစ်ခုခု ဖြစ်လာမယ်ဆိုရင်တောင် ငါတို့တွေ အခွင့်ကောင်းကို စောင့်ဖို့လိုသေးတယ်”
“တာအိုရောင်းရင်းလီ... မဟာတာအိုကမ္ဘာ တည်ထောင်ထားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ ဆက်ပြီးတော့ ဆက်သွယ်ပါ၊ သူတို့တွေမှာ ရည်မှန်းချက်ရှိရင် ငါတို့ဆီကို ရောက်လာလိမ့်မယ်”
လောင်ဇီက ပြန်ဖြေလိုက်ပါတယ် “ငါ သိပြီ”
စကားဆုံးတာနဲ့ ဓားအရိပ်ဟာ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
နံပါတ်တစ်နတ်မင်းဟာ ပဋိပက္ခအောက်ခြေကို ထပ်ပြီးတော့ လှမ်းကြည့်လိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကို စွမ်းအားကြီးတာပဲ၊ သူက အဲဒီအဆင့်ကိုရောက်ဖို့ အခွင့်အရေး အများဆုံးပဲလို့ ပြောတာ အံ့ဩစရာ မရှိတော့ပါဘူး”
“ဒါပေမဲ့ သူတောင် ဒါကို သိရင် ပဋိပက္ခရဲ့အရှင်လည်း သိမှာပဲ၊ ပဋိပက္ခအရှင်ကို ဒါကိုသိရင် ဘာဖြစ်လို့...”
နံပါတ်တစ်နတ်မင်းဟာ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။
ပဋိပက္ခ အစည်းအဝေးရဲ့ တတိယအဆင့်ကို သတ်မှတ်အချိန်အတိုင်း စတင်ပါတယ်။ ဒါက ပဋိပက္ခအစည်းအဝေးရဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။ ဒီအဆင့်မှာ သခင်တစ်ထောင်၊ ဘုရင်တစ်ရာ၊ အကြွင်းမဲ့ဆယ်ပါးနဲ့ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တတိယအဆင့်ရဲ့ စည်းကမ်းကတော့ ရိုးရှင်းပါတယ်။ တစ်ဦးချင်း တိုက်ခိုက်ရမှာဖြစ်ပြီး ရှုံးထွက်ပါ။
အန္တိမဒဏ်ခတ်နတ်မင်းက စီစဉ်မှုတွေ လုပ်တဲ့နေရာမှာ တော်တော်လေး ထူးချွန်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ပထမဆုံး လွတ်လပ် တာအိုပညာရှိတွေကို ပြိုင်ဆိုင်စေပါတယ်။ အနိုင်ရတဲ့ လွတ်လပ် တာအိုပညာရှိ အရေအတွက်က မဟာတာအိုပညာရှိ အရေအတွက်နဲ့ ညီမျှသွားတဲ့အခါ အန္တိမဒဏ်ခတ်နတ်မင်းဟာ မဟာတာအိုပညာရှိချုပ်တွေကိုပါ ဝင်ပြိုင်ခိုင်းပါတယ်။
ပဋိပက္ခထဲမှာ မဟာတာအိုပညာရှိချုပ်တွေကို မဟာတာအိုပညာရှိလို့ပဲ ထင်ထားကြတာပါ။ သက်ရှိအများစုက ဒီအဆင့်ရှိမှန်းတောင် မသိကြပါဘူး။
ဒီအဆင့်က အချိန်တော်တော်ကြာမှာပါ။
တိုက်ပွဲယှဉ်ပြိုင်ရမဲ့ နေရာကတော့ အန္တိမဒဏ်ခတ်နတ်မင်း တည်ဆောက်ထားတဲ့ အာကာသနက် တစ်ရာကျော်ပါ။ ဒီထဲကို ဝင်လိုက်တာနဲ့ ဘာစည်းကမ်းမှ မရှိတော့ပါဘူး။ အနိုင်ရတဲ့လူ မထွက်ပေါ်မချင်း နည်းလမ်းမျိုးစုံသုံးပြီး တိုက်ခိုက်လို့ရပါတယ်။
ဒီတိုက်ပွဲဝင်နေရာ တစ်ရာကျော်ဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော် အထက်က အလင်းရောင် မျက်နှာပြင်မှာ ပေါ်လာပါတယ်။ မြို့ထဲက သက်ရှိတွေဟာလည်း ကျင့်ကြံသူတွေ ဖြစ်တဲ့အတွက် ဘယ်လောက်ဝေးဝေး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။
ဟန်ကျွယ်ကလည်း လေးလေးနက်နက်ထားပြီး တိုက်ပွဲတွေကို ကြည့်ပါတယ်။ ဟန်ကျွယ် အဓိက အာရုံစိုက်တာကတော့ သူ့ပတ်ဝန်းကျင်က လူတွေပါ။
ငရဲကြက်နက်ဟာ ပထမဆုံး တိုက်ပွဲတစ်ရာမှာ ယှဉ်ပြိုင်ရပါတယ်။ ပြိုင်ဘက်တွေက အားနည်းလို့နဲ့ တူပါတယ်။ ငရဲကြက်နက်ဟာ လွယ်လင့်တကူပဲ အနိုင်ရသွားပါတယ်။
ငရဲကြက်နက်ဟာ ပဋိပက္ခ နတ်ဘီလူးဖြစ်နေပြီမလို့ မဟာတာအိုပညာရှိဖြစ်ဖို့ သိပ်မလိုတော့ပါဘူး။ တခြား နတ်ဘီလူးတွေလိုသာ ကျင့်ကြံရင် ငရဲကြက်နက်က မဟာတာအိုပညာရှိ အဆင့်ကို ရောက်တာ ကြာလှပါပြီ။
အနိုင်ရသွားတယ်ဆိုပေမဲ့ ငရဲကြက်နက်ရဲ့ သောက်ပါးစပ်က ဟန်ကျွယ်ကို အရှက်ရစေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။