ပဋိပက္ခ ကံတရားမြစ်
Vol. 95 Ch. 996
“ဝုန်း...”
အဆုံးမဲ့ ဟင်းလင်းပြင်ဟာ အာကာသ ခေါင်းလောင်းလိုမျိုး တုန်ခါသံတွေ ပဲ့တင်ထပ်သွားပါတယ်။ ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်ရဲ့ ရုပ်သွင်တွေဟာ အရူးအမူး ယှက်ဖြာသွားပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေကို ဆက်တိုက် ထုတ်သုံးပါတယ်။ ဓမ္မစွမ်းအားနဲ့ နတ်အလင်းရောင်ဟာ ဟင်းလင်းပြင်အနှံ့ ဖြာထွက်သွားပါတယ်။ ဓမ္မရုပ်တုမျိုးစုံလည်း ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနေတဲ့ ကမ္ဘာတစ်ခုလိုမျိုး ထင်မြင်သွားစေပါတယ်။
ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်ဟာ တစ်ချိန်တည်းမှာ တန်ခိုးကြီးမား မဟာလက်ဝါးကို ထုတ်သုံးပြီး တစ်ဖက်လူရဲ့ ဓမ္မရုပ်တုတွေကို ဖျက်ဆီးလိုက်ကြပါတယ်။ ဒါပေမဲ့ တစ်ဖက်လူကိုတော့ ထိခိုက်အောင် မလုပ်နိုင်ပါဘူး။
‘ဆရာသခင်က သူ့ကိုလည်း သင်ပေးထားပါ့လား...’ ဒီအတွေးက ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင် နှစ်ယောက်စလုံးမှာ ပေါ်လာပါတယ်။ ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်ရဲ့ ကျင့်ကြံမှုအဆင့်တွေက စွမ်းအားကြီးတယ်ဆိုပေမဲ့ ဖျက်ဆီးနိုင်စွမ်းမှာ သူတို့ရဲ့ ဘယ်ဆန်းကြယ်စွမ်းအားကမှ တန်ခိုးကြီးမား မဟာလက်ဝါးကို မမီပါဘူး။
တန်ခိုးကြီးမား မဟာလက်ဝါးရဲ့ စွမ်းအားက ခန်းမထဲမှာရှိနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဆွေးနွေးစရာအကြောင်း ရသွားစေပါတယ်။
“ဒီဆန်းကြယ်စွမ်းအားက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပါရမီရှင်တွေကို စမ်းသပ်ဖို့သုံးတဲ့ ဆန်းကြယ်စွမ်းအားမလား”
“ကြည့်ရတာတော့ သာမန်ပဲ၊ ဒါပေမဲ့ ဖျက်ဆီးနိုင်စွမ်းက တကယ်ကို ကြောက်ဖို့ကောင်းတယ်”
“ငါ ဒီဆန်းကြယ်စွမ်းအားကို ကြားဖူးတယ်၊ တန်ခိုးကြီးမား မဟာလက်ဝါးလို့ခေါ်တယ်၊ ဒီထဲမှာ ဖန်တီးမှု မဟာတာအို ပါဝင်နေတော့ မဟာတာအို ဆန်းကြယ်စွမ်းအားလို့ ပြောလို့ရတယ်၊ မဟာတာအိုနဲ့ ယှဉ်နိုင်တဲ့ ဆန်းကြယ်စွမ်းအားဆိုမှတော့ စွမ်းအားကြီးမှာပေါ့”
“တိတ်ဆိတ်ဂိုဏ်း မျိုးဆက်က ဒီဆန်းကြယ်စွမ်းအားနဲ့ဆို အဖျက်ဆီးခံရမှာ မဟုတ်တော့ဘူး”
“ဒီနှစ်ယောက်လုံးက အထင်ကြီးဖို့ကောင်းတယ်၊ နယ်မြေတစ်ခုကို အသာလေး ထိန်းချုပ်နိုင်မှာ”
ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေပဲ ဆွေးနွေးနေကြတာ မဟုတ်ပါဘူး။ အကြွင်းမဲ့ဆယ်ပါး မြို့တော်တစ်ခုလုံး စိတ်လှုပ်ရှားသံတွေ အာမေဍိတ်သံတွေနဲ့ သောသောညံနေပါတယ်။ သူတို့တွေဟာ ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်ရဲ့ နာမည်ကို သိထားတာ ကြာပါပြီ။ အကြွင်းမဲ့ဆယ်ပါး မြို့တော်ကို လာနိုင်တဲ့လူတွေ အကုန်လုံးက ထူးချွန်ထက်မြက်တဲ့ လူတွေချည်းပါပဲ။ နောက်ပြီး ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်က ပဋိပက္ခမှာလည်း နာမည် တော်တော်ကြီးတယ် မဟုတ်ပါလား။
တိတ်ဆိတ်ဂိုဏ်းကလည်း ဒီတိုက်ပွဲကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီတိုက်ပွဲရလဒ်ကို သူတို့လည်း မခန့်မှန်းတတ်ပါဘူး။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ယုတ္တိကျကျ ပြောရရင် ဟန်ဟွမ်ဟာ တာအိုအရှင်သခင်နဲ့ သိပ်မရင်းနှီးတဲ့အတွက် ကျန်းကျွယ်ရှီ အနိုင်ရဖို့ မျှော်လင့်ပါတယ်။
ဟန်ဟွမ်ဟာ ကျန်းကျွယ်ရှီ စွမ်းအားကို ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ဟန်ဟွမ် ထင်မထားခဲ့တာက တိတ်ဆိတ်ဂိုဏ်းထဲမှာ ကျန်းကျွယ်ရှီကို ယှဉ်နိုင်တဲ့လူ ရှိနေတာပါ။ ဟန်ဟွမ်ဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်လိုက်ပါတယ် ‘ဒီပဋိပက္ခ နတ်ဘီလူးတွေ အကုန်လုံးက ဒီလောက်တောင် စွမ်းအားကြီးတာလား...’
ဟန်ဟွမ်ဟာ ရုတ်တရက်ဆိုသလို နားမလည်နိုင်အောင် ဖြစ်သွားပါတယ် ‘ဖေဖေ... ငါ့ရဲ့ တိုးတက်မှုကို ကြားရတုန်းက တည်တည်ငြိမ်ငြိမ် ရှိနေတာ အံ့ဩစရာ မရှိတော့ပါဘူး’ ဟန်ဟွမ်ဟာ အခုမှ မျက်နှာပူလာပါတယ် ‘ငါ အဲဒီလို ကြွားတုန်းက ဖေဖေ ဘာတွေများ တွေးနေပါလိမ့်’
“သူတို့တွေ အတည်တိုက်ပြီ” ကျောက်ရွှမ်ယွမ်က ရုတ်တရက် စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။
ကျန်းယီလည်း တိုက်ပွဲကို မျှော်လင့်ချက်အပြည့်နဲ့ အာရုံစိုက်လိုက်ပါတယ်။
တာအိုအရှင်သခင်၊ ကျန်းယီနဲ့ ကျောက်ရွှမ်ယွမ်က ခွဲလို့မရတဲ့ ညီအစ်ကိုတွေဆိုတာကို တိတ်ဆိတ်ဂိုဏ်း တပည့်တွေအကုန်လုံး သိပါတယ်။ ဒါကြောင့် ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ရဲ့ မျက်နှာ အမူအရာတွေကို မြင်လိုက်ရတဲ့အခါ တာအိုအရှင်သခင်က ဘာစွမ်းအား ထုတ်သုံးမလဲဆိုတာ သိချင်သွားကြပါတယ်။
ဝေ့လန်ရှန်မိဟာ အလင်းရောင် မျက်နှာပြင်ထဲက တာအိုအရှင်သခင်ကို စိုက်ကြည့်ရင်း နှလုံးခုန် မြန်လာပါတယ်။
ကွေ့ကောက်စီးဆင်းနေတဲ့ မြစ်တစ်စင်းဟာ တာအိုအရှင်သခင်ရဲ့ ပတ်လည်မှာ ခဲလာပြီး ဟင်းလင်းပြင်ရဲ့ ထက်ဝက်ကျော်ကို နေရာယူလိုက်ပါတယ်။ တာအိုအရှင်သခင်က ဒီမြစ်နဲ့ယှဉ်ရင် ဆူနာမီလှိုင်းလုံးအောက်က ဖုန်မှုန့်လေးတစ်မှုန့်လိုပါပဲ။ ဒါပေမဲ့ ဒီမြစ်ပေါ်လာတဲ့အခါ တာအိုအရှင်သခင်ရဲ့ ရောင်ဝါက ထိုးတက်သွားပြီး ဟင်းလင်းပြင်ကိုတောင် အရောင်ပြောင်းသွားစေပါတယ်။
ကျန်းကျွယ်ရှီဟာ နှလုံးလှုပ်သွားပါတယ် ‘ဘာလဲဟ...’
ကျန်းကျွယ်ရှီဟာ ဒီလိုစွမ်းအားမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးတာမလို့ သတိလက်လွတ်မနေရဲဘဲ သူ့ရဲ့ မဟာဖန်တီးမှုဖြစ်တဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်ကို ချက်ချင်း ထုတ်သုံးလိုက်ပါတယ်။
ချက်ချင်းဆိုသလို ကျန်းကျွယ်ရှီရဲ့ ခန္ဓာကိုယ်ထဲကနေ နတ်အလင်းရောင်တွေ ဖြာထွက်လာပြီး ဖန်တီးမှု ရောင်လျှံစက်ဝန်းတွေဟာ ခြေထောက်အောက်ကနေ မြင့်တက်လာကာ ကျယ်ပြန့်သွားပါတယ်။ တစ်ချိန်တည်းမှာ ကျန်းကျွယ်ရှီရဲ့ ရောင်ဝါလည်း ပိုပြီးတော့ အားကောင်းလာပါတယ်။
“ဂိုဏ်းတူညီလေးကျန်း... ဝမ်းနည်းပါတယ်၊ ငါက ညီလေးဟွမ်ကို ဖိအားပေးရုံတင်မဟုတ်ဘူး၊ အနှိုင်းမဲ့ထိပ်ဆုံးနေရာကိုလည်း အရယူမှာ... ဟားဟား...” တာအိုအရှင်သခင်ဟာ အရူးပမာ ရယ်မောလိုက်ပါတယ်။
အဲဒီနောက် ကောက်ကွေ့စီးဆင်းနေတဲ့ မြစ်မှာ ပေတစ်သန်းကျော် မြင့်မားတဲ့ ဧရာမလှိုင်းလုံးကြီး ဖြစ်ပေါ်လာပါတယ်။ မရေမတွက်နိုင်တဲ့ အရိပ်တွေဟာ လှိုင်းလုံးတွေထဲက ထွက်ပေါ်လာပြီး ကျန်းကျွယ်ရှီကို တိုက်ခိုက်ရင်း အော်ဟစ်ကြပါတယ်။
ခန်းမထဲမှာရှိတဲ့ လူတစ်ယောက်က အံ့ဩတကြီး ပြောလိုက်ပါတယ် “ကံတရားမြစ်”
တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ် ‘တာအိုအရှင်သခင်က ပဋိပက္ခ ကံတရားမြစ်ကို တကယ်ကြီး ထိန်းချုပ်နိုင်တာလား’
ကောင်းကင်တာအိုမှာလည်း ကံတရားမြစ် ရှိပါတယ်။ ဒါပေမဲ့ ပဋိပက္ခရဲ့ ကံတရားမြစ်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ ပဋိပက္ခ ကံတရားမြစ် တည်ရှိလာတာ နှစ်ပေါင်း မရေတွက်နိုင်တော့ပါဘူး။ ဒါကြောင့် ပဋိပက္ခ ကံတရားမြစ်ထဲမှာ ပါဝင်တဲ့ ကံတရားစွမ်းအားက စိတ်ကူးယဉ်လို့မရတဲ့အထိပါပဲ။
လှိုင်းလုံးတွေထဲက အရိပ်တွေဟာ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ ကျင့်ကြံသူတွေရဲ့ အရိပ်တွေပါ။ ဒီအရိပ်တွေက အလွန်တရာ များပြားလှပါတယ်။
ကျန်းကျွယ်ရှီဟာ လက်နှစ်ဖက်မြှောက်ပြီး ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်ကို အစွမ်းကုန် လှည့်ပတ်လိုက်ပါတယ်။ ကျန်းကျွယ်ရှီနဲ့ ဆင်တူတဲ့ ဓမ္မရုပ်တုကိုးပါးဟာ သူ့ခေါင်းထက်မှာ ပေါ်လာပြီး တန်ခိုးကြီးမား မဟာလက်ဝါးနဲ့ ဘက်ပေါင်းစုံကို တိုက်ခိုက်ပါတော့တယ်။
“ဝုန်း... ဝုန်း... ဝုန်း...”
ဘက်ပေါင်းစုံက ဝိုင်းအုံလာတဲ့ ကံတရားမြစ်ရဲ့ လှိုင်းလုံးတွေဟာ တစ်လှိုင်းပြီးတစ်လှိုင်း လွင့်ပါး ပျောက်ကွယ်ကုန်ပါတယ်။ ဒါပေမဲ့ ကံတရားမြစ်က အဆုံးမရှိတဲ့အတွက် လက်ဝါးလေးငါးဆယ်ချက်နဲ့ တားဆီးလို့ မရပါဘူး။
ကျန်းကျွယ်ရှီဟာ တစ်ခါမှ မခံစားဖူးတဲ့ ဖိအားကို ခံစားလိုက်ရပါတယ်။ ဒီဖိအားက ဟန်ဟွမ်ကို ရင်ဆိုင်ရတုန်းကထက်တောင် ကြီးမားပါတယ်။ ဟန်ဟွမ် သူ့ကို အနိုင်ယူနိုင်တယ်ဆိုတာက ဓမ္မစွမ်းအား ခြားနားမှုကြောင့်ပါ။
ဒါပေမဲ့ တာအိုအရှင်သခင် သူ့ကို ပေးနေတဲ့ ဖိအားက ဓမ္မစွမ်းအားလိုမျိုး ရိုးရှင်းတာ မဟုတ်ပါဘူး။ ပဋိပက္ခတစ်ခုလုံးကို ခုခံနေရသလိုမျိုး ခံစားနေရတာပါ။
“ကံတရားမြစ်...” ဟန်လင်ဟာ အင်္ကျီလက်စကို ဖမ်းဆုပ်ရင်း ရေရွတ်လိုက်ပါတယ်။ ဟန်လင်ဟာ သူမရဲ့ ဧကရာဇ်စစ်သားတွေက ကံတရားမြစ်နဲ့ ဘယ်လိုဝင်တိုက်မလဲဆိုတာကို တွေးနေတာပါ။
ဟန်ကျွယ်လည်း နည်းနည်း အံ့အားသင့်သွားပါတယ် ‘ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ’ ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို ကျန်းကျွယ်ရှီ အနိုင်ရလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ မသိကိန်း ပေါ်လာပါပြီ။
ဟန်ကျွယ်တောင် မသိကိန်းလို့ ခံစားရရင် တခြားလူတွေက ပြောမနေပါနဲ့။ ကျန်းကျွယ်ရှီက ကောင်းကင်ရုံးတော်ရဲ့ မဟာစစ်သူကြီးပါ။ သူက ကောင်းကင်ရုံးတော်အတွက် အများကြီး အကျိုးဆောင်ခဲ့တာကြောင့် နာမည်လည်းကြီးပါတယ်။ တာအိုအရှင်သခင်ကတော့ နှစ်သန်းချီအောင် သိုသိုသိပ်သိပ် နေခဲ့တဲ့အတွက် ပဋိပက္ခ အစည်းအဝေးမတိုင်ခင် သူ့ကိုသိတဲ့လူ သိပ်မရှိပါဘူး။
မြင်းနက်လို့ ပြောလို့ရပါတယ်။
တာအိုအရှင်သခင်ဟာ ပဋိပက္ခ ကံတရားမြစ်ကို ထိန်းချုပ်ရုံတင် မဟုတ်ပါဘူး။ မန္တန်တွေ ဆက်တိုက်သုံးပြီး ကံတရားမြစ်ကို ဆက်ကြီးအောင် လုပ်တဲ့အတွက် ဟင်းလင်းပြင်တစ်ခုလုံး ကံတရားမြစ်နဲ့ ပြည့်ကျပ်သွားပါတယ်။
“ဂိုဏ်းတူညီလေးကျန်း... မင်းက တကယ်ကို စွမ်းအားကြီးပါတယ်၊ ဒါပေမဲ့ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီ ပေါင်းတိုက်ရင်တောင် ငါ့ကို တားနိုင်တာ မဟုတ်ဘူး... ဟားဟား...”
တာအိုအရှင်သခင်ရဲ့ ရယ်မောသံဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော် တစ်ခွင် ပဲ့တင်ထပ်သွားပြီး ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီရဲ့ မျက်နှာပေါ်က အပြုံးတွေကို အေးခဲသွားစေပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ စားပွဲကို လက်ဝါးနဲ့ ဖြန်းခနဲမြည်အောင် ရိုက်ပြီး မတ်တတ်ရပ်ကာ အော်ပြောလိုက်ပါတယ် “ဂိုဏ်းတူညီလေးကျန်း... ဒီခွေးမသားကို ဆော်လိုက်စမ်းပါ”
ငရဲကြက်နက်ဟာ ပြုံးလိုက်ပါတယ် “လာစမ်းပါ... ကျန်းကျွယ်ရှီ မနိုင်လောက်ဘူး”
ကျောက်ရွှမ်ယွမ်ဟာ ပိုပြီးတော့ ဒေါသထွက်သွားပါတယ်။
“မဟုတ်ဘူး” ချူရှီရန်ရဲ့ ရုတ်တရက် ပြောလိုက်တဲ့ အသံကြောင့် လူတိုင်းဟာ ကောင်းကင်ယံက အလင်းရောင် မျက်နှာပြင်ကို ကြည့်လိုက်ကြပါတယ်။
ပဋိပက္ခ ကံတရားမြစ်ရဲ့ လှိုင်းလုံးတွေဟာ နှစ်ခြမ်းကွဲထွက်သွားပြီး အလယ်ကနေ နတ်အလင်းရောင် ဖြာထွက်နေတဲ့ ကျန်းကျွယ်ရှီ လှမ်းထွက်လာပါတယ်။ ကျန်းကျွယ်ရှီရဲ့ ရုပ်သွင်ဟာ ခြေလှမ်းတိုင်းမှာ ပိုပိုမြင့်မားလာပါတယ်။ အလင်းကွင်းတွေကလည်း ကျန်းကျွယ်ရှီရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဝင်သွားတဲ့အခါ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်သင်္ကေတတွေ ကျန်းကျွယ်ရှီရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ ပေါ်လာပါတယ်။ ဒီမှော်သင်္ကေတတွေက စကားလုံးလိုလို ပုံစံတစ်ခုခုလိုပါပဲ။
ကျန်းကျွယ်ရှီရဲ့ ဆံပင်ရှည်တွေဟာ လူးလွန့်သွားပြီး နတ်အလင်းရောင်တွေအောက်မှာ အနက်ရောင်ကို ဆုံးရှုံးသွားပါတယ်။ ကျန်းကျွယ်ရှီရဲ့ မျက်လုံးတွေကနေလည်း မျက်ဆံကို ဆုံးရှုံးသွားပြီး မျက်ခုံးကြားထဲမှာ စက်ဝိုင်းနက်တစ်ခု ပေါ်လာပါတယ်။ အနက်ရောင် ရောင်ဝါတွေဟာ လျှံထွက်လာပြီး အလျှံညီးညီး မီးလျှံလိုမျိုး ဆက်ပြီးတော့ အားကောင်းလာပါတယ်။
ရောင်ဝါ ထပ်တိုးသွားတဲ့အခါ ကျန်းကျွယ်ရှီရဲ့ ဝတ်ရုံဟာ တဖျပ်ဖျပ် ခတ်သွားပါတယ်။
“ဂိုဏ်းတူအစ်ကိုတာအို... အစ်ကိုက တကယ်ကို စွမ်းအားကြီးပါတယ်၊ ကျွန်တော် ဒီအကွက်ကို ညီလေးဟွမ်အတွက် ချန်ထားတာ၊ ဒါပေမဲ့ အစ်ကို့ကို ထုတ်သုံးရလိမ့်မယ်လို့ ထင်မထားဘူး၊ အစ်ကိုရဲ့ ကံတရားမြစ်က တကယ်ကို စွမ်းအားကြီးပါတယ်၊ ဒါပေမဲ့ ကျွန်တော်ရဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်ကလည်း သာမန်မဟုတ်ဘူး၊ ဒီနေ့ ကျွန်တော်ရဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှုပညာရပ်က ပဋိပက္ခမှာ ဟိုလေးတကျော်ကျော် ဖြစ်သွားစေရမယ်”
ကျန်းကျွယ်ရှီရဲ့အသံဟာ ပဲ့တင်ထပ်သွားပါတယ်။ ကျယ်လောင်လှတဲ့ ကျန်းကျွယ်ရှီရဲ့ အသံဟာ တာအိုအရှင်သခင်ရဲ့ မောက်မာပြီး ဘဝင်ခိုက်နေတဲ့ အသံထက်စာရင် ပိုပြီးတော့ မြင့်မြတ်လှပါတယ်။
ကျန်းကျွယ်ရှီဟာ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ဘေးပတ်လည်က ရွှေရောင်မှော်သင်္ကေတွေဟာ လေဆင်နှာမောင်းလို တိုက်ခတ်လာပါတယ်။ သူ့မျက်ခုံးကြားက စက်ဝိုင်းနက်ဟာလည်း အနက်ရောင် ရောင်ဝါတွေ လျှံထွက်ပြီး လေဆင်နှာမောင်းရဲ့ မျက်စိ ဖြစ်လာပါတယ်။ ဒီဟာက အရှေ့ကို ဆက်သွားတဲ့ ဓားချီနက်လိုပါပဲ။ တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ပဋိပက္ခ ကံတရားမြစ်ကို လွင့်ပါး ပျောက်ကွယ်စေပါတယ်။
တာအိုအရှင်သခင်ရဲ့ မျက်နှာဟာ မသိမသာ ပျက်သွားပါတယ်။ တာအိုအရှင်သခင်ဟာ ချက်ချင်း လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်တဲ့အခါ ကံတရားမြစ်ရဲ့ ဘေးနှစ်ဖက်ကနေ နတ်လက်နက်နှစ်ပါး ပျံထွက်လာပါတယ်။ ဒီလက်နက်နှစ်ပါးက စစ်လှံနဲ့ဆင်တူပြီး တစ်လက်က အဖြူ တစ်လက် အမည်းပါ။ ဒီလက်နက်နှစ်ပါးဟာ ပေတစ်သောင်းအကွာမှာ ကြက်ခြေခတ်ပြီး ကျန်းကျွယ်ရှီရဲ့ မဟာဖန်တီးမှု ဆန်းကြယ်စွမ်းအားကို ကာဆီးလိုက်ပါတယ်။
ဖြူမည်း စစ်လှံနှစ်စင်းဟာ ကျန်းကျွယ်ရှီရဲ့ စွမ်းအားနဲ့ တိုက်မိတဲ့အခါ ပြင်းထန်စွာ တုန်ခါသွားပြီး နားကွဲမတတ် စူးရှလှတဲ့အသံတွေ ထွက်ပေါ်လာပါတယ်။
လျှပ်တစ်ပြက်အတွင်း ဖြူမည်းစစ်လှံနှစ်စင်းဟာ ရုတ်တရက် ပေါင်းစပ်သွားပြီး ကြောက်စရာကောင်းတဲ့ အင်အားတစ်ခုကို ထုတ်လွှတ်ကာ ကျန်းကျွယ်ရှီရဲ့ မဟာဖန်တီးမှု ဆန်းကြယ်စွမ်းအားကို ခြေဖျက်တဲ့အတွက် ဟင်းလင်းပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်သွားပါတယ်။
“အို... မကောင်းတော့ဘူး...” အန္တိမဒဏ်ခတ်နတ်မင်းဟာ ခန်းမထဲကနေ ရုတ်တရက် ကွယ်ပျောက်သွားပြီး တိုက်ပွဲစစ်မြေပြင်ထဲမှာ ပေါ်လာကာ ဓမ္မစွမ်းအားနဲ့ အာကာသကို တည်ငြိမ်အောင် ထိန်းလိုက်ပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်း ဟင်းလင်းပြင် စစ်မြေပြင်ထဲမှာ ပေါ်လာတာက အကြွင်းမဲ့ဆယ်ပါးမြို့တော်ထဲက လူတွေကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေပါတယ်။
‘ဒီနှစ်ယောက်ရဲ့ တိုက်ပွဲက အန္တိမဒဏ်ခတ်နတ်မင်း သတ်မှတ်ထားတဲ့ နိယာမစွမ်းအားကို တကယ်ကြီး ချိုးဖျက်နိုင်တာလား...’
မြန်မာပြည် ငြိမ်းချမ်းပါစေ။