ငါးကွာဒလီယံ
Vol. 95 Ch. 997
အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာတာကြောင့် ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်ဟာ တိုက်ခိုက်တာ ရပ်ပြီး အန္တိမဒဏ်ခတ်နတ်မင်းကို ကြည့်လိုက်ပါတယ်။
“ဆက်ပြီးတော့ တိုက်ပါ၊ မင်းတို့တွေ စိတ်ကြိုက် တိုက်ခိုက်နိုင်အောင် ငါ ဒီအာကာသကို ခိုင်မြဲအောင် လုပ်လိုက်မယ်” အန္တိမဒဏ်ခတ်နတ်မင်းက မျက်နှာသေနဲ့ ပြောလိုက်ပေမဲ့ ရင်ထဲမှာတော့ မုန်တိုင်းထန်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းကျွယ်ရှီနဲ့ တာအိုအရှင်သခင်က မဟာတာအိုပညာရှိ အဆင့်မှာတောင် ဒီလောက် စွမ်းအားကြီးနေရင် မဟာတာအိုပညာရှိချုပ် ဖြစ်လာတဲ့အခါ ဘယ်လောက်ထိ စွမ်းအားကြီးမယ်ဆိုတာကို မတွေးရဲလို့ပါ။
တာအိုအရှင်သခင်ဟာ ပြုံးလိုက်ပါတယ် “ဒါဆိုလည်း ဆက်တိုက်တာပေါ့... ဂိုဏ်းတူညီလေးကျန်း... မင်းက ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ်၊ ဆရာသခင်လို့ မပြောရဘူး၊ တပည့်တွေက ပိုပိုပြီးတော့ စွမ်းအားပိုကြီးလာတယ်”
ဒီစကားလုံးတွေက ရန်ထျန်တုန်း၊ စုချီ၊ လုံဟောင်၊ ဖန်းလျန်၊ ရွှင်ချန်အန်းနဲ့ တခြားတပည့်တွေကို ရန်စလိုက်တဲ့ စကားလုံးတွေပါ။
ကျန်းကျွယ်ရှီဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဆက်ပြီး တိုက်ခိုက်ပါတယ်။
ကျန်းကျွယ်ရှီက ရှေ့ကို ဆက်လျှောက်ပြီး ညာလက်နဲ့ မန္တန်တွေ ဆက်တိုက် ထုတ်သုံးပါတယ်။ သူ့ ဘေးပတ်လည်က ရွှေရောင်သင်္ကေတတွေဟာလည်း အလင်းရောင် တောက်ပလာပြီး တာအိုအရှင်သခင်ကို ဆက်တိုက်ပါတယ်။
ဒါပေမဲ့ ကျန်းကျွယ်ရှီ ဘယ်လိုပဲတိုက်ခိုက် တိုက်ခိုက် ဖြူမည်းလှံက အချိန်မီ တားဆီးပစ်ပါတယ်။ ဖြူမည်းလှံက အလွန်လျင်မြန်စွာ လှုပ်ရှားတဲ့အတွက် ပုံရိပ်ဝါးတွေပဲ ကျန်နေခဲ့ပါတယ်။ တစ်ချက်ကြည့်ရင် ဧရာမစက်ဝိုင်းကြီးက တာအိုအရှင်သခင်ကို ကာကွယ်ထားသလိုပါပဲ။
တာအိုအရှင်သခင်ဟာ သေမှာကို ထိုင်မစောင့်နေပါဘူး “ဒီလိုဆိုမှတော့ ငါ အကြင်နာတရားမဲ့ပြီး ဒီနှစ်ဆယ်သန်းမှာ ငါ တွေ့ကြုံခဲ့ရတဲ့ အန္တရာယ်တွေက အလကား မဟုတ်ဘူးဆိုတာကို ပြပေးမယ်”
“ဆရာသခင်... ဘယ်သူက အထူးချွန်ဆုံး တပည့်လဲဆိုတာကို သေချာကြည့်ပါ”
တာအိုအရှင်သခင်ဟာ စကားဆုံးတာနဲ့ ညာလက်ကို ဖြောင့်တန်းနေအောင် မြှောက်ပြီး လက်သီးဆုပ်လိုက်ပါတယ်။ ချက်ချင်းဆိုသလို အဆုံးမဲ့ ပဋိပက္ခ ကံတရားမြစ်ဟာ လျင်မြန်စွာ လိမ့်တက်လာပြီး တာအိုအရှင်သခင်ကို နှစ်မြှုပ်ပစ်လိုက်ပါတယ်။
ဒီအချိန်မှာ ကျန်းကျွယ်ရှီက ပေတစ်သန်းကျော် မြင့်မားလာပြီး သူ့ခန္ဓာကိုယ်ပေါ်ဟာ အလင်းရောင်ဟာ ပဋိပက္ခ နတ်ဘုရားတစ်ပါး နိုးထလာသလိုမျိုး တလက်လက် တောက်ပနေပါတယ်။ အခုအချိန်မှာ ကျန်းကျွယ်ရှီဟာ ခမ်းနားထည်ဝါပြီး တန်ခိုးစွမ်းအား ကြီးမားလှပါတယ်။
ဒီအချိန်မှာ ကျန်းကျွယ်ရှီရဲ့ ရောင်ဝါက ထိပ်ဆုံးကို ရောက်သွားပါတယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ ကောင်းကင်ခြားနားတာတောင် ကျန်းကျွယ်ရှီရဲ့ ပြိုင်ဘက်ကင်း ရောင်ဝါကို ခံစားနိုင်ကြပါတယ်။
“ဘယ်လောက်တောင် စွမ်းအားကြီးလိုက်လဲ၊ ဒါက တိတ်ဆိတ်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်လား”
“သူတို့က အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်ချင်ကြတာ”
“နတ်စိတ်ဝိညာဉ် ခေါင်းဆောင်တောင် ကိုယ်တိုင် ကာကွယ်ရတဲ့အထိ တွန်းအားပေးနိုင်တယ်ဆိုတော့ တကယ်ကို အထင်ကြီးလောက်ပါပေတယ်”
“ငါ သခင်တစ်ထောင်ထဲ မဝင်နိုင်တာက အဓိပ္ပာယ်ရှိတယ်လို့ ရုတ်တရက်ကြီး ခံစားလိုက်ရတယ်”
“ကျန်းကျွယ်ရှီက ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူရဲ့ ရောင်ဝါရှိတယ်”
“တာအိုအရှင်သခင်ကလည်း မဆိုးပါဘူး၊ ဒီတိုက်ပွဲက အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်တယ်ဆိုရင်တောင် ငါ ဘာမှ စောဒကတက်မှာ မဟုတ်ဘူး”
ဟန်လင်ဟာ သူ့အဖေကို ကြည့်လိုက်ပါတယ် “ဖေဖေ ဘယ်သူနိုင်မှာလဲ”
ဟန်ကျွယ် “ကျန်းကျွယ်ရှီက နည်းနည်း လိုသေးတယ်”
‘သေစမ်း... ဒီကောင်က ဘာဖြစ်လို့ ဒီလောက်ကြမ်းနေရတာလဲ’ ဟန်ကျွယ်ဟာ တကယ်ကို အံ့အားသင့်သွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တာအိုအရှင်သခင်က အင်အားစုစည်းနေတာကို ခံစားမိလို့ပါ။ တာအိုအရှင်သခင် စုစည်းနေတဲ့ အင်အားက သာမန်မဟာတာအိုပညာရှိချုပ်ကို တော်လှန်လို့ရပါတယ်။
တစ်ခုသိထားရမှာက ကျန်းကျွယ်ရှီဟာ အနာဂတ်မှာ တာအိုဖန်တီးရှင် ဖြစ်လာမှာပါ။ တာအိုအရှင်သခင်က ပုံမှန်ဆိုရင် ကျန်းကျွယ်ရှီကို နိုင်နိုင်စရာအကြောင်း လုံးဝ မရှိပါဘူး။
ရုတ်တရက် ဟန်ကျွယ်ဟာ သူ တာအိုအရှင်သခင်ရဲ့ အနာဂတ်ကို ဘယ်တုန်းကမှ မတွက်ချက်ထားတာ သတိရသွားပါတယ်။
အနာဂတ်ကံကြမ္မာက အမြဲတမ်း ပြောင်းလဲနေပါတယ်။ တာအိုအရှင်သခင် သိစိတ်မဲ့ မဟာတာအိုကမ္ဘာထဲ ဝင်လိုက်တာကြောင့် သူ့ကံကြမ္မာ ပြောင်းလဲသွားတာ ဖြစ်မယ်လို့ ဟန်ကျွယ် ခန့်မှန်းလိုက်ပါတယ်။
ဒီအချိန်မှာပဲ...
စုစည်းနေတဲ့ ပဋိပက္ခ ကောင်းကင်မြစ်ဟာ ရုတ်တရက် ပေါက်ကွဲထွက်ပြီး လှိုင်းလုံးတွေကြားထဲကနေ ကြောက်မက်ဖွယ် ရုပ်သွင်တစ်သွင် ခုန်ထွက်လာပါတယ်။ ဒီရုပ်သွင်က ကျန်းကျွယ်ရှီကို လက်သီးနဲ့ ထိုးလိုက်တာ လက်သီးချက်က ကျန်းကျွယ်ရှီရဲ့ ရင်ဘက်ကို ထိုးဖောက်သွားပြီး လေထဲမှာ သွေးစတွေ လွှင့်စဉ်ထွက်သွားစေပါတယ်။
မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ သေချာဂရုတစိုက် ကြည့်လိုက်တဲ့အခါ ဒီကြောက်မက်ဖွယ် ရုပ်သွင်က လုံးဝမည်းနက်ပြီး မထင်မရှား ရှိနေတာကို တွေ့လိုက်ရပါတယ်။ သက်ရှိတွေဟာ ဒီရုပ်သွင်က ရက်စက်ပြီး ကြောက်ဖို့ကောင်းတယ် ဆိုတာပဲ မြင်နိုင်ကြပါတယ်။
ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တဲ့အခါ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ ထိတ်လန့်ချောက်ချားမှုကို တွေ့မြင်လိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရုပ်သွင်က ဖျက်ဆီး အာဏာရှင် စစ်သူကြီး ဖြစ်နေလို့ပါပဲ။
ကျန်းယီ “ဒီကောင်လေးက သူ့ညီအစ်ကိုတွေကိုတောင် အသိမပေးဘူး...”
ကျောက်ရွှမ်ယွမ်လည်း တော်တော်လေး မပျော်မရွှင် ဖြစ်သွားပါတယ်။ တခြားလူတွေဟာ တိုက်ပွဲကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေတာမလို့ ကျန်းယီနဲ့ ကျောက်ရွှမ်ယွမ်ရဲ့ ခံစားချက်တွေကို သတိမထားမိပါဘူး။
ရုတ်တရက် တိုက်ခိုက်မှုက ရင်ဘက်ကို ထိုးဖောက်သွားပေမဲ့ ကျန်းကျွယ်ရှီဟာ အထိတ်တလန့် မဖြစ်ပါဘူး။ ကျန်းကျွယ်ရှီရဲ့ ရင်ဘက်မှာ အာကာသ ဝဲကတော့တစ်ခု ပေါ်လာပြီး တာအိုအရှင်သခင်ရဲ့ လက်ကို ခြေမွပစ်လိုက်ပါတယ်။ အဲဒီနောက် ကျန်းကျွယ်ရှီရဲ့ ရင်ဘက်ဟာ ပြန်ကောင်းလာပါတယ်။
ဖျက်ဆီး အာဏာရှင် စစ်သူကြီးဟာ ထပ်တိုက်ခိုက်ဖို့ ပြင်လိုက်ပေမဲ့ မမြင်နိုင်တဲ့ အင်အားက သူ့ကို တွန်းထုတ်ပစ်လိုက်ပါတယ်။ ဖျက်ဆီး အာဏာရှင် စစ်သူကြီးဟာ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လုပ်ပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်ကာ ပျောက်ကွယ်သွားပါတယ်။
တခြားတစ်ဖက်မှာတော့ ကျန်းကျွယ်ရှီဟာ ခမ်းနားထည်ဝါတုန်းဖြစ်ပြီး ဘာဒဏ်ရာမှ ရမထားပါဘူး။
ကျန်းကျွယ်ရှီဟာ ရှေ့ဆက်လျှောက်ဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိတာကြောင့် နောက်လှည့်ကြည့်လိုက်တဲ့အခါ တာအိုအရှင်သခင်က သူ့နောက်မှာ ဘယ်အချိန်က ရောက်မှန်းမသိ ရောက်နေတာကို တွေ့လိုက်ရပါတယ်။
တာအိုအရှင်သခင်ဟာ ဖြူမည်းစစ်လှံနှစ်စင်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ကျန်းကျွယ်ရှီကို ခုတ်ချလိုက်တဲ့အခါ လှံနှစ်စင်း တိုက်မိပြီး နားကွဲမတတ် အလွန်တရာစူးရှတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဒီအသံကြောင့် ကျန်းကျွယ်ရှီတောင် မှင်သေသွားပါတယ်။
အဲဒီနောက် အခြေအနေဟာ ရုတ်တရက် ပြောင်းလဲသွားပါတယ်။
“ဝုန်း...”
ဖြူမည်းစစ်လှံနှစ်စင်းကနေ ကြောက်မက်ဖွယ် အနက်ရောင်လေပြင်းနဲ့ အဖြူရောင်ဓားသွားတွေ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို ဖြတ်သန်းသွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ချပ်ဝတ်ဟာ တုန်ခါသွားပြီး ဝတ်ရုံလည်း တဖျပ်ဖျပ် ခတ်သွားပါတယ်။
ဒီပြင်းထန်တဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့ ကျန်းကျွယ်ရှီဟာ ခေါင်းပဲကျန်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ ကျန်းကျွယ်ရှီဟာ တာအိုအရှင်သခင်ကို ကြည့်ပြီး မျက်လုံးနည်းနည်း ပြူးသွားပါတယ်။
တာအိုအရှင်သခင်ရဲ့ မျက်နှာက ခံစားချက် ကင်းမဲ့နေတုန်းပါ။ တာအိုရှင်သခင်ဟာ စစ်လှံနှစ်စင်းကို ပစ်လိုက်ပြီး ကျန်းကျွယ်ရှီရဲ့ ခေါင်းကို ဝန်းရံလိုက်ပါတယ်။ စစ်လှံသွားတစ်လျှောက် လျှပ်စီးနက်တွေ ထွက်ပေါ်လာပြီး လျှပ်စီးကွန်ရက် ဖြစ်ပေါ်ကာ ကျန်းကျွယ်ရှီကို ပိတ်လှောင်ပါတယ်။
ကျန်းကျွယ်ရှီဟာ သူ့ခန္ဓာကိုယ်ကို ပြန်ခဲလိုက်ပါတယ်။ မရေမတွက်နိုင်တဲ့ လျှပ်စီးတွေက သူ့ခန္ဓာကိုယ်မှာ ယှက်ဖြာနေတာကြောင့် ကျန်းကျွယ်ရှီဟာ အလွန့်အလွန် နာကျင်မှုကို ခံစားလိုက်ရပါတယ်။ ဒါကြောင့် ကျန်းကျွယ်ရှီဟာ ရွေးချယ်စရာ မရှိဘဲ ဖန်တီးမှုစွမ်းအားကို သုံးပြီး လျှပ်စီးနက်တွေကို ဟန့်တားလိုက်ရပါတယ်။
တာအိုအရှင်သခင်ဟာ ခုန်ပျံလိုက်ပါတယ်။ တာအိုအရှင်သခင်ဟာ သူ့အထက်မှာ ဘယ်အချိန်က ပေါ်နေမှန်းမသိတဲ့ မိုးကြိုးတိမ်တိုက်တွေထဲ ခုန်ပျံဝင်လိုက်တာ ဖြစ်ပါတယ်။ မိုးကြိုးတိမ်တိုက်ထဲ တာအိုအရှင်သခင် ဝင်ရောက်သွားတာနဲ့ မိုးကြိုးတိမ်တိုက်တွေဟာ လိမ့်တက်လာပြီး အဆုံးမဲ့အောင် ကျယ်ပြန့်သွားပါတယ်။ ဘယ်လောက်ထိတောင် ကျယ်ပြန့်သွားလဲဆိုရင် ပဋိပက္ခတစ်ခုလုံးကို ဖုံးအုပ်လို့ရတဲ့အထိပါပဲ။
“ဝှစ်...”
မိုးကြိုးတိမ်တိုက်တွေဟာ ရုတ်တရက် ပေါက်ထွက်သွားပြီး အရင်ကထက် ဒါဇင်ကျော် ပိုကြီးမြတ်တဲ့ ဖျက်ဆီး အာဏာရှင်စစ်သူကြီးတစ်ပါး ထွက်ပေါ်လာပါတယ်။ ပေတစ်သန်းကျော် မြင့်မားတဲ့ ကျန်းကျွယ်ရှီက ဒီဖျက်ဆီး အာဏာရှင်စစ်သူကြီးရဲ့ မျက်လုံးတစ်လုံးကိုတောင် မမီရှာပါဘူး။
ဖျက်ဆီး အာဏာရှင် စစ်သူကြီးက လက်သီး ထိုးထုတ်လိုက်တဲ့အခါ အာကာသ ပြိုလဲပြီး ပဋိပက္ခအောက်ခြေဟာ ငလျင်လှုပ်သလိုမျိုး တုန်လှုပ်သွားပါတယ်။
ကျန်းကျွယ်ရှီဟာ ရုတ်တရက် ခေါင်းမော့ပြီး ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှုကနေ ကြောက်စရာကောင်းတဲ့ အလင်းရောင် ထွက်ပေါ်လာပြီး ဟင်းလင်းပြင် စစ်မြေပြင်ကို နေ့ခင်းအလား လင်းထိန်သွားစေပါတယ်။
ဗိုလ်ကျလွန်းတဲ့ ဖျက်ဆီး အာဏာရှင်စစ်သူကြီးရဲ့ လက်သီးချက်ကို ရင်ဆိုင်ရတဲ့ ကျန်းကျွယ်ရှီဟာ လက်ဝါးနဲ့ ပြန်ရိုက်ထုတ်လိုက်ပါတယ်။ ဒီလက်ဝါးက တန်ခိုးကြီးမား မဟာလက်ဝါးပါ။ ကျန်းကျွယ်ရှီ လက်ဝါးရိုက်ချက် ထုတ်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ထဲကနေ မရေမတွက်နိုင်တဲ့ ကိုယ်ခွဲပေါင်း မြောက်မြားစွာ ခွဲထွက်ပြီး ဖျက်ဆီး အာဏာရှင်စစ်သူကြီးဆီ ပြေးထွက်သွားပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာ အကြွင်းမဲ့ဆယ်ပါးမြို့တော်က သက်ရှိအားလုံး လျှပ်စီးလက်သွားသလို ခံစားလိုက်ရပြီး အင်အားနှစ်ခု ဝင်တိုက်တာကို ခံစားလိုက်ကြရပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ တံတွေးမျိုချလိုက်ပါတယ် “မဆိုးဘူး... ဂိုဏ်းတူညီလေးကျန်းက တကယ် ကြမ်းတာပဲ”
ကျောက်ရွှမ်ချွမ်နဲ့ ဝေ့လန်ရှန်မိဟာ နည်းနည်း မှင်တက်သွားပါတယ်။
စုချီဟာ ကျောက်ရွှမ်ချွမ်ကို ပုခုံးပုတ်ပြီး အားပေးလိုက်ပါတယ် “သူတို့က မင်းထက် နှစ်အများကြီး အသက်ရှင်ခဲ့တာ၊ သူတို့ကို မယှဉ်နိုင်လို့ ဘာမှ အားငယ်စရာ မရှိဘူး”
ဝေ့လန်ရှန်မိဘေးမှာ ရပ်နေတဲ့ ဂျိရှင်းရှန်ကလည်း သက်ပြင်းချလိုက်ပါတယ် “အခုအချိန်မှာ မင်း အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရယူနိုင်ရင် ပဋိပက္ခက မင်းအတွက် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
ဝေ့လန်ရှန်မိဟာ သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်ပါတယ်။ သူ့မျက်လုံးတွေကတော့ အလင်းရောင် မျက်နှာပြင်ကနေ တစ်ချက်ကလေးတောင် ခွာမသွားပါဘူး။ ဝေ့လန်ရှန်မိရဲ့ မျက်လုံးတွေဟာ ပြင်းပြင်တောက်လောင်တဲ့ ဆန္ဒတွေနဲ့ ပြည့်နှက်နေပါတယ်။
ကောင်းကင်က တောက်ပတဲ့ အလင်းရောင်ဟာ လွင့်ပါးပျောက်ကွယ်သွားပါတယ်။ မိုးကြိုးတိမ်တိုက်တွေကတော့ ပျောက်ကွယ်သွားပြီးပါပြီ။ တာအိုအရှင်သခင်ဟာ ဟင်းလင်းပြင်ထဲမှာ ဝင့်ကြွားစွာ မတ်တတ်ရပ်ပြီး ကျန်းကျွယ်ရှီကို ငုံ့ကြည့်နေပါတယ်။
ကျန်းကျွယ်ရှီဟာ ပေတစ်သန်းကျော် မြင့်မားတဲ့ ခန္ဓာကိုယ်မရှိတော့ဘဲ ဝိညာဉ်ပဲ ကျန်ရှိပါတော့တယ်။ ကျန်းကျွယ်ရှီရဲ့ ဝိညာဉ်ကို လျှပ်စီးနက်တွေ ဝန်းရံထားတာကြောင့် မလှုပ်ရှားနိုင်ပါဘူး။
ကျန်းကျွယ်ရှီဟာ တာအိုအရှင်သခင်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “ခုနက အဲဒါ ဘာလဲ”
တာအိုအရှင်သခင်ဟာ ကျန်းကျွယ်ရှီကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ် “မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ၊ အဲဒါရဲ့စွမ်းအားက မဟာတာအိုသုံးထောင်ထက် ကျော်လွန်တယ်”
တာအိုအရှင်သခင်ရဲ့ စကားဆုံးတာနဲ့ ကျန်းကျွယ်ရှီရဲ့ ဝိညာဉ်ဟာ မီးခိုးလိုမျိုး လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
“တိတ်ဆိတ်ဂိုဏ်း တာအိုအရှင်သခင်က တိတ်ဆိတ်ဂိုဏ်း ကျန်းကျွယ်ရှီကို အနိုင်ရသွားပါပြီ” အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော်တစ်ခွင် ပဲ့တင်ထပ်ပြီး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “တာအိုအရှင်သခင်က အနာဂတ် အစွမ်းအထက်ဆုံးအချိန် ဘယ်အဆင့်မှာ ရှိနေမလဲ”
[သက်တမ်း ၅ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဝိုး... တာအိုဖန်တီးရှင် တန်ဖိုးရဲ့ ငါးဆပါလား...’
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ အနာဂတ် တာအိုအရှင်သခင်က ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို မြင်ချင်ပါသေးတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။