မဟာတာအိုကမ္ဘာလောင်းများ တိုက်ပွဲ
Vol. 95 Ch. 1000
ကွမ်းပုပိုင်ဟာ ကျောက်ရွှမ်ချွမ်ကို အနိုင်ယူပြီး အကြွင်းမဲ့ဆယ်ပါးရဲ့ ပထမဆုံး ပါရမီရှင် ဖြစ်လာပါတယ်။ ဒီတိုက်ပွဲရလဒ်က မမျှော်လင့်ထားတာတော့ မဟုတ်ပါဘူး။ ကျောက်ရွှမ်ချွမ် အနိုင်ရလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားတာပါ။
လီယောင်ဟာ တိတ်ဆိတ်ဂိုဏ်းက လူကို စိန်မခေါ်ပါဘူး။ လီယောင်စိန်ခေါ်လိုက်တဲ့လူက စကြဝဠာဘုရင်ပါ။
လီယောင်ကို တိတ်ဆိတ်ဂိုဏ်းတပည့်တွေက ဟန်ကျွယ်ရဲ့ မိန်းမအသွင်လို့ အမြဲတမ်း တွေးထားခဲ့တာပါ။ လီယောင်က တစ်နှစ်ပတ်လုံး ကြိုးစားကျင့်ကြံတဲ့အတွက် သူ့ကျင့်ကြံမှုက တပည့်ရင်းတွေထဲမှာ ထိပ်တန်းလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် လီယောင်ရဲ့ ဓားတာအိုဟာ ပိုမိုနက်ရှိုင်းတဲ့အဆင့်ဆီ ရောက်ရှိသွားပြီး ကိုယ်ပိုင်အဆင့်တောင် ရှိပါတယ်။
စကြဝဠာဘုရင်ကလည်း မဟာတာအိုပညာရှိ ထိပ်ဆုံးအဆင့်ဆိုတော့ စွမ်းအားကြီးတယ်လို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ တိုက်ပွဲက တော်တော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းပြီး အချိန်တိုအတွင်း ဘယ်သူက စွမ်းအားပိုကြီးတယ်ဆိုတာကို ပြောဖို့ခက်ပါတယ်။
အကြွင်းမဲ့ဆယ်ပါးမြို့တော် ခြံဝင်းအတွင်း။
ကျောက်ရွှမ်ချွမ်ဟာ စုချီကို ရင်ဆိုင်ရတဲ့အခါ ရှက်ရွံ့သွားပါတယ်။
စုချီဟာ ကျောက်ရွှမ်ချွမ်ကို နှစ်သိမ့်လိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ မင်း အကောင်းဆုံး ကြိုးစားခဲ့ပြီပဲ၊ မင်းရဲ့ရလဒ်က ငါ့ကို အတော်လေး ပျော်ရွှင်စေတယ်”
တခြားတိတ်ဆိတ်ဂိုဏ်း တပည့်တွေကလည်း ကျောက်ရွှမ်ချွမ်ကို ဝိုင်းနှစ်သိမ့်ပေးကြပါတယ်။ သူတို့အတွက် ကျောက်ရွှမ်ချွမ်က ငယ်လူတစ်ယောက် မဟုတ်ပါလား။
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “ငါက မင်းထက် အကြာကြီး ကျင့်ကြံအားထုတ်ခဲ့တာ၊ သခင်တစ်ထောင်ထဲတောင် မဝင်ဘူး၊ ကောင်စုတ်လေး... ငါ့ရှေ့မှာလာပြီး မျက်နှာစူပုတ်မနေနဲ့”
ဝေ့လန်ရှန်မိဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “ဟုတ်တယ်၊ မင်းက အနည်းဆုံး အကြွင်းမဲ့ဆယ်ပါးကို ထိသေးတယ်၊ မင်း တကယ် ကံကောင်းတယ်” ဝေ့လန်ရှန်မိဟာ ရှုံးပြီး ထွက်လိုက်ရတဲ့အတွက် တော်တော်လေးကို စိတ်ပျက်လက် ဖြစ်နေပါတယ်။
ကျောက်ရွှမ်ချွမ်ဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်လိုက်တဲ့အခါ အကုန်လုံး အရှုံးသမားချည်း ဖြစ်နေတာကို တွေ့လိုက်ရတဲ့အတွက် နည်းနည်း နေသာထိုင်သာ ရှိသွားပါတယ်။
ယီတျန် “စိတ်ပျက်မနေနဲ့၊ တကယ်စိတ်ပျက်ရမှာကငါ၊ ဟိုခွေးကောင် ဝူရှင်းရှစ်ကျဲ့ကြောင့် ငါ အကြွင်းမဲ့ဆယ်ပါး စာရင်းထဲ မဝင်နိုင်တော့ဘူး”
ဝူရှင်းရှစ်ကျဲ့အကြောင်း ပြောတဲ့အခါ အကုန်လုံး တိတ်ဆိတ်သွားပါတယ်။ သူတို့ရဲ့ အကြည့်တွေဟာ သစ်ပင်အောက်မှာထိုင်ပြီး ကောင်းကင်ကို တိတ်တဆိတ် ကြည့်နေတဲ့ ဟန်ထော်ဆီ ရောက်သွားပါတယ်။ ယီတျန်တစ်ယောက်တည်း ဝူရှင်းရှစ်ကျဲ့ကို ရှုံးတာ မဟုတ်ပါဘူး။ ဟန်ထော်လည်း အတူတူပါပဲ။
တိုက်ဆိုင်မှုပဲလား မပြောတတ်ပါဘူး။ ဝူရှင်းရှစ်ကျဲ့ဟာ ဒဏ်ခတ်သမားသုံးပါးနဲ့ ရင်ဆိုင်တွေ့ပြီး သူတို့ပေါ် တက်နင်းကာ အပေါ်တက်သွားပါတယ်။ ဒါကြောင့်လည်း ဝူရှင်းရှစ်ကျဲ့ကို အားပေးတဲ့လူက အများဆုံး ဖြစ်နေတာပါ။
လူတိုင်းဟာ ဟန်ထော်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ ဟန်ထော်ရဲ့ ကျင့်ကြံမှုနဲ့ အနှိုင်းမဲ့ထိပ်ဆုံးနေရာကို မရရင်တောင် အကြွင်းမဲ့ဆယ်ပါးနေရာက ကျိန်းသေပါတယ်။ ဒါပေမဲ့ ကံဆိုးမိုးမှောင်ကျပြီး ဝူရှင်းရှစ်ကျဲ့နဲ့ တိုးမိသွားပါတယ်။
အကြွင်းမဲ့ဆယ်ပါးဖြစ်သွားရင် မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်လာမှာပါ။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ကြီးကြပ်ရတဲ့ ဒဏ်ခတ်သမားငါးဖော် အကုန်လုံးက အကြွင်းမဲ့ဆယ်ပါးကို ရှုံးနိမ့်သွားပါတယ်။ ဒဏ်ခတ်သမားတွေရဲ့ ခေါင်းဆောင်အနေနဲ့ ဟန်ထော်ရဲ့ ဖိအားက ပိုများပါတယ်။
သူတို့တွေဟာ ဟန်ထော်ကို ဘယ်လိုနှစ်သိမ့်ပေးရမှန်း မသိတဲ့အတွက် သူတို့ရဲ့ ပညာသင်ရောင်းရင်းတွေ ဟန်ထော်အတွက် ကလဲ့စားချေပေးနိုင်ဖို့ပဲ ဆုတောင်းပေးကြပါတယ်။
လေးငါးဆယ်နာရီ ကြာသွားတဲ့အခါ...
လီယောင် ရှုံးနိမ့်သွားပါတယ်။ စကြဝဠာဘုရင်က တကယ်ကို စွမ်းအားကြီးပါတယ်။ စကြဝဠာဘုရင်က ကိုယ်ပိုင်မဟာတာအိုကမ္ဘာကို ဖန်တီးဖို့ ပဏာမအကြံ ရထားပြီဆိုတာကို ဟန်ကျွယ် ပြောနိုင်ပါတယ်။ စကြဝဠာဘုရင်က မဟာကမ္ဘာစွမ်းအားနဲ့ လီယောင်ရဲ့ ဓားတာအိုကို ဖိနှိပ်ပြီး ရှင်းရှင်းလင်းလင်း အနိုင်ရသွားတာပါ။
စကြဝဠာဘုရင်က လီယောင် ဘယ်သူလဲဆိုတာ သိလို့လား မပြောတတ်ပါဘူး။ လီယောင်ကို ဝမ်းနည်းတပန်း အခြေအနေရောက်အောင် မတိုက်ခိုက်ပါဘူး။ အနိုင်ရသွားတာနဲ့ ဦးညွှတ်ပြီး တိုက်ပွဲကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ စကြဝဠာဘုရင်ကြောင့် ပဋိပက္ခထဲမှာရှိတဲ့ မဟာတာအိုပညာရှိ တော်တော်များများက ကိုယ်ပိုင် မဟာတာအိုကမ္ဘာ ဖန်တီးဖို့ အတွေးရှိနေတယ်ဆိုတာကို သဘောပေါက်သွားပါတယ်။ ဒါပေမဲ့ ဒီမဟာတာအိုပညာရှိတွေက စူးစမ်းရှာဖွေတုန်း ရှိပါသေးတယ်။ အောင်မြင်သွားတဲ့လူတွေကိုတော့ နဝမပဋိပက္ခ ဖိနှိပ်တာကို ကျိန်းသေပေါက် ခံရမှာပါ။
စကြဝဠာဘုရင် အကြွင်းမဲ့ဆယ်ပါးစာရင်းထဲ ဝင်သွားပြီးနောက် တတိယတိုက်ပွဲ စတင်ပါတယ်။ ချူရှီရန်ဟာ လီယောင်လိုပဲ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို စိန်မခေါ်ဘဲ မဟာတာအိုကောင်းကင်က ကျိုးစုန်ကို စိန်ခေါ်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအိုကောင်းကင်က ကျိုးစုန်ရဲ့ ကျင့်ကြံမှုဟာ အပေါ်ယံမှာ မဟာတာအိုပညာရှိ ထိပ်ဆုံးအဆင့်ဆိုပေမဲ့ တကယ်တော့ မဟာတာအို အထွတ်အထိပ်အဆင့်မှာ ရှိနေတာကြောင့်ပါ။
ဟန်ကျွယ်ဟာ ဒီအကြောင်းကို ချူရှီရန်သိအောင် သတိမပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ရိုးရိုးတန်းတန်း တိုက်ပွဲဖြစ်ပြီး သူသေကိုယ်သေ တိုက်ပွဲ မဟုတ်တာကြောင့်ပါ။
တိုက်ပွဲစတာနဲ့ ကျိုးစုန်ဟာ အရင်လိုမျိုး ပြိုင်ဘက်ရဲ့ စွမ်းအားကို စမ်းကြည့်မနေတော့ဘဲ အစွမ်းကုန် ထုတ်တိုက်ပါတယ်။ ချူရှီရန်ဟာ ကျိုးစုန်က ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ မျှော်လင့်မထားခဲ့တာ သိသာလှပါတယ်။
ကျိုးစုန်ကလည်း မဟာတာအိုကမ္ဘာကို တည်ထောင်တော့မဲ့ပုံစံ ရှိပါတယ်။ ဒါပေမဲ့ ချူရှီရန်က သူ့ဝိညာဉ်နက်ထဲမှာ နောက်ထပ် ဗုဒ္ဓကမ္ဘာတစ်ခုကို တည်ထောင်ပြီးပါပြီ။
မဟာတာအိုကမ္ဘာလောင်းတွေရဲ့ တိုက်ပွဲလို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ပါရမီရှင်တွေလို့ မပြောရဘူး... တာအိုရယူမှုရဲ့ မြင့်မားတဲ့အဆင့်ကို စပြီးတော့ ထိတွေ့မိနေကြပြီ... အံ့ဖွယ်ပဲ’
ချူရှီရန်ဟာ တိုက်ခိုက်လေလေ လန့်လေလေပါပဲ။ ချူရှီရန်ဟာ ဗုဒ္ဓကမ္ဘာရဲ့ စွမ်းအားကို အားကိုးပြီး ဒီနေရာအထိ ရောက်အောင် လာနိုင်ခဲ့တာပါ။ ချူရှီရန်ဟာ အကြွင်းမဲ့ဆယ်ပါးက ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးတဲ့နောက် ကျင့်ကြံမှုကွာခြားချက်ကြောင့် ချူရှီရန် ရှုံးနိမ့်သွားပါတယ်။
ဒါကြောင့် ပဋိပက္ခအစည်းအဝေးရဲ့ အကြွင်းမဲ့ဆယ်ပါး ပေါ်လာပါတယ်။ သူတို့တွေကတော့ ဟန်ဟွမ်၊ တာအိုအရှင်သခင်၊ ကွမ်းပုပိုင်၊ မုရုံချီ၊ ကောင်းကင်နက္ခ နတ်ဘီလူး၊ ဟွမ်ဇွမ်တျန်၊ ဝူရှင်းရှစ်ကျဲ့၊ မဟာကောင်းကင် နတ်ဘုရားဘုရင်၊ စကြဝဠာဘုရင်၊ ကျိုးစုန်တို့ ဖြစ်ပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဒီဆယ်နာမည်ကို ကိုယ်တိုင် ကြော်ငြာပါတယ်။ သူ့အသံဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော်တစ်ခွင် ပဲ့တင်ထပ်သွားပြီး မြို့တစ်ခုလုံး ကြွေးကြော်သံတွေနဲ့ ဆူညံသွားစေပါတယ်။
ဒီဆယ်ယောက်က မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖြစ်လာမှာပါ။ သူတို့တွေကို ပါရမီရှင်တွေလို့ခေါ်ပေမဲ့ သူတို့တွေက ပဋိပက္ခရဲ့ ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်တွေဆိုတာကို သက်ရှိတိုင်း သိကြပါတယ်။
“အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် တိုက်ပွဲက တစ်လကြာရင် စမယ်၊ ငါ ပါရမီရှင်ဆယ်ပါးစလုံးကို နယ်မြေတစ်ခုထဲမှာ အတူထားဖို့ စီစဉ်ထားတယ်၊ နောက်ဆုံး ရှင်ကျန်ရစ်တဲ့လူက အနှိုင်းမဲ့ပါရမီရှင်ပဲ” အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်တစ်ခွင် ပဲ့တင်ထပ်သွားပြီး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေပါတယ်။
ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း မှင်တက်သွားကြပါတယ် ‘အရင်က တစ်ဦးချင်းတိုက်မှာလို့ ပြောထားတာ မဟုတ်ဘူးလား...’
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစည်းကမ်းက တိတ်ဆိတ်ဂိုဏ်းအတွက် အခွင့်သာလွန်းနေလို့ပါပဲ။ နောက်ပြီး ပြိုင်ပွဲစည်းကမ်းကို အခုလိုမျိုး ရုတ်တရက်ကြီး ပြောင်းလဲလိုက်မယ်ဆိုရင် ပဋိပက္ခက တိတ်ဆိတ်ဂိုဏ်းကို အမြင်ကြည်တော့မှာ မဟုတ်ပါဘူး။
‘ဒီကောင်ရဲ့ မျက်နှာသာပေးမှုက အမြင့်ဆုံးပါ၊ ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ရတာလဲ’ ဟန်ကျွယ်ဟာ ပဟေဠိ ဖြစ်သွားပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်း “ဒီစည်းကမ်းကို ငါအစောကြီးကတည်းက သတ်မှတ်ထားခဲ့တာ၊ ထုတ်မပြောခဲ့ရုံပဲ၊ ငါ ပဋိပက္ခအစည်းအဝေးကို ဦးဆောင်ကျင်းပတာက ဒီအကြောင်းကြောင့်ပဲ၊ ငါလိုချင်တာက ပါရမီရှင်တွေ ကြီးမြတ်မှုအတွက် တိုက်ခိုက်တာ မဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးသိကျွမ်းပြီး တစ်ယောက်ကို တစ်ယောက် စိတ်ခွန်အားပေးစေချင်တာ၊ အတိတ်မှာတုန်းက ပဋိပက္ခက အဆုံးမဲ့ကျယ်ပြောပြီး နယ်မြေအသီးသီးက ဘာသိဘာသာ နေကြတယ်၊ ပဋိပက္ခ ဟင်းလင်းပြင်ကလည်း ခြောက်ကပ်နေတယ်၊ ဒီလိုပဋိပက္ခမျိုးက အနာဂတ် ရှိတယ်လို့ မင်းတို့ထင်လား”
ဒီစကားလုံးတွေက ခန်းမထဲမှာပဲ ပျံ့နှံ့သွားပါတယ်။ အကြွင်းမဲ့ဆယ်ပါးမြို့တော်ထဲမှာရှိတဲ့ သက်ရှိတွေကတော့ ဒီစည်းကမ်းအသစ်နဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတုန်းပါ။ လူထုအမြင်က တိတ်ဆိတ်ဂိုဏ်းကို တော်တော်လေး မကြည်တော့ပါဘူး။
အကြွင်းမဲ့ဆယ်ပါးကလည်း ခန်းမထဲမှာပါ။ သူတို့တွေဟာ အန္တိမဒဏ်ခတ်နတ်မင်းဆီက ဖြေရှင်းချက်ကို ကြားချင်တဲ့အတွက် သေချာဂရုတစိုက် နားထောင်ကြပါတယ်။
“အရင်ဆုံး ငါ့အတိတ်ကို ပြောပြမယ်၊ ဟိုးအရင်တုန်းက ငါက အခုခန်းမထဲမှာရှိတဲ့ ပါရမီရှင်တွေလိုမျိုး တက်ကြွတဲ့လူငယ်တစ်ယောက်ပဲ၊ ပြီးခဲ့တဲ့ နတ်စိတ်ဝိညာဉ်ခေါင်းဆောင်က ငါ့ကို ဖိနှိပ်ခဲ့တယ်ဆိုတာ ရှေးကျတဲ့တည်ရှိမှုတချို့ သိလိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ ပန်ကူးနဲ့ တာအိုဘိုးဘေးလိုမျိုး ဖိနှိပ်ခံခဲ့ရတာ၊ ဒါပေမဲ့ ငါ့ကို ဖိနှိပ်ထားတဲ့နေရာက ပဋိပက္ခအောက်ခြေ ဖြစ်နေတယ်”
“အဲဒီမှာ သရဲတွေ မရေတွက်နိုင်အောင် ရှိတယ်၊ အမုန်းတရားတွေက လျှံထွက်နေတယ်၊ အဲဒီမှာ ငါ့ကိုယ်ငါ ပျောက်ဆုံးပြီး ပဋိပက္ခကို ကလဲ့စားချေဖို့ပဲ စဉ်းစားခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ငါ မုန်းသင့်တာက ပဋိပက္ခမဟုတ်ဘဲ ပဋိပက္ခရဲ့ ဖွဲ့စည်းပုံဆိုတာကို ရုတ်တရက် နားလည်သွားခဲ့တယ်”
“အဲဒီနောက်ပိုင်း ငါဖိနှိပ်ခဲ့ထားရတဲ့ နှစ်တွေမှာ ပဋိပက္ခအောက်ခြေက တကယ့်အောက်ခြေ မဟုတ်ဘူးဆိုတာကို ငါ ရှာတွေ့လိုက်ရတယ်”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဒီနေရာမှာ ခဏရပ်လိုက်ပါတယ်။
ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်အကုန်လုံးဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့စကားကို သေချာ အာရုံစိုက်နေကြပါတယ် ‘ဒါက ပဋိပက္ခရဲ့ အောက်ခြေမဟုတ်ဘူး... ဒီစကားက ဘာကိုဆိုလိုတာလဲ’
ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ် ‘ဒီကောင်က သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ တည်ရှိမှုကို သိနေတာလား...’
အန္တိမဒဏ်ခတ်နတ်မင်းဟာ ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဝေ့ကြည့်ပြီး ဆက်ပြောပါတယ် “ပဋိပက္ခရဲ့ အောက်ခြေမှာ ပဋိပက္ခထက် မသေးတဲ့ မဟာကမ္ဘာတစ်ခု ရှိနေတာကို ငါ ရှာတွေ့ခဲ့တယ်၊ အဲဒီမဟာကမ္ဘာက ပဋိပက္ခနဲ့ လုံးဝ မတည့်ဘူး၊ ကမ္ဘာနှစ်ခုရဲ့ စိတ်ဝိညာဉ်ချီက တစ်ခုနဲ့တစ်ခု ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ်၊ ပဋိပက္ခက ဒီမဟာကမ္ဘာကို ဖိနှိပ်ထားလို့သာ မဟုတ်ရင် အဲဒီကမ္ဘာက ပဋိပက္ခကို ဝါးမျိုသွားမှာ ကြောက်ရတယ်၊ မင်းတို့တွေ လောကဦးပဋိပက္ခ ဒဏ္ဍာရီကို ကြားဖူးကြမှာပါ”
“လောကဦးပဋိပက္ခ ကွဲကြေသွားမှပဲ ပဋိပက္ခဆိုတာ ရှိလာနိုင်ခဲ့တာ၊ ငါ့အထင် ပဋိပက္ခ ကွဲကြေသွားရင် အဲဒီအောက်မှာရှိတဲ့ကမ္ဘာရဲ့နေ့ကို ရောက်လာလိမ့်မယ်၊ မင်းတို့တွေက ဒါကို အပိုတွေ ပြောနေတာလို့ ထင်ချင်ထင်လိမ့်မယ်၊ ဒါပေမဲ့ မင်းတို့တွေ လောကဦးသက်ရှိတွေရဲ့ တည်ရှိမှုကို ကြားဖူးလား၊ အဲဒီလောကဦးနတ်ဘီလူးတောင် ဝိုးတိုးဝါးတား ဒဏ္ဍာရီတစ်ပုဒ်မလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။