← Chapters

ပြိုင်ဘက်ကင်း

Vol. 96 Ch. 1002

ပြိုင်ဘက်ကင်း

Vol. 96 Ch. 1002

ဝူရှင်းရှစ်ကျဲ့ဟာ ဟန်ဟွမ်ရဲ့ စိန်ခေါ်မှုကို မငြင်းပါဘူး။ သူတို့တွေ အကုန်လုံးဟာ လောကကြီးရဲ့ ထိပ်ဆုံးနေရာကို လိုချင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်တဲ့အတွက် စိန်ခေါ်မှုကို ငြင်းဆန်မှာ မဟုတ်ပါဘူး။ တခြားပါရမီရှင်တွေလည်း သူတို့ပြိုင်ဘက်ကို ရှာကြပါတယ်။

တာအိုအရှင်သခင်က ဟွမ်ဇွမ်တျန်ကို စိန်ခေါ်ပါတယ်။

ကွမ်းပုပိုင်က မဟာကောင်းကင် နတ်ဘုရားဘုရင်ကို စိန်ခေါ်ပါတယ်။

မုရုံချီက စကြဝဠာဘုရင်ကို စိန်ခေါ်ပါတယ်။

ကောင်းကင်နက္ခ နတ်ဘီလူးကတော့ ကျိုးစုန်နဲ့ တိုက်ခိုက်ပါတယ်။

ဒါကို ကြည့်ပြီး အကြွင်းမဲ့ဆယ်ပါးမြို့တော်ထဲက ပွဲကြည့်ပရိသတ်တွေဟာ တိတ်ဆိတ်ဂိုဏ်းကို အမြင်ကြည်ကာ ပြန်ပြီးတော့ ချီးကျူးလာကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းက အုပ်စုဖွဲ့ပြီး တိုက်လို့ရရဲ့သားနဲ့ တစ်ဦးချင်း စိန်ခေါ်တယ် မဟုတ်ပါလား။ ဒါက ရိုးသားဖြောင့်မတ်မှုပါ။

“တိတ်ဆိတ်ဂိုဏ်းလို့ မပြောရဘူး”

“တိတ်ဆိတ်ဂိုဏ်းက တခြားလူတွေကို ဖိနှိပ်တယ်လို့ ဘယ်သူက ပြောတာလဲ”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်လောက် စွမ်းအားကြီးလဲ၊ သူက ဒီလိုမျိုး နည်းလမ်း သုံးစရာလား”

“ကျွတ်..ကျွတ်... ဒါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ အစီအစဉ် ဖြစ်လောက်တယ်၊ တကယ်တော့ ဒါက တိတ်ဆိတ်ဂိုဏ်း အမှားလည်း မဟုတ်ပါဘူး၊ ဘယ်သူက သူတို့ပါရမီရှင်တွေကို အဲဒီလောက်ထိ စွမ်းအားကြီးခိုင်းလို့လဲ၊ ငါ့အမြင်မှာတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဂုဏ်သတင်းကို ဂရုစိုက်လွန်းတယ်၊ ငါသာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုရင် ငါ့တပည့်ကို တစ်ခါတည်း အနှိုင်းမဲ့ထိပ်ဆုံးနေရာ ပေးတယ်”

“ဒီပွဲက ကြည့်လို့ကောင်းမှာ... ဒါနဲ့ အဲဒါက ဘယ်နေရာလဲ၊ ပြိုင်ဘက်ကင်း ပါရမီရှင်ဆယ်ပါးရဲ့ ဓမ္မစွမ်းအားတွေကို တကယ်ကြီး တောင့်ခံနိုင်တယ်”

တာအိုအရှင်သခင်ဟာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို သုံးပြီး ပဋိပက္ခ ကံတရားမြစ်ကို ဆင့်ခေါ်လိုက်ပါတယ်။ ကွေ့ကောက်နေတဲ့ ပဋိပက္ခ ကံတရားမြစ်ဟာ တာအိုအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး မိုင်ပေါင်းဆယ်သန်းကို ဖုံးအုပ်လိုက်တဲ့အတွက် တခြားပါရမီရှင်တွေကို နောက်ဆုတ်သွားစေပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ကောင်းကင်ပြင်ကို ငါးခုခွဲပြီး စစ်မြေပြင်ငါးခုကို ပြသပါတယ်။

“ဟားဟား... ရှုံဟွာအရှင်... ငါ မင်းကို သိတယ်၊ ကပ်ဘေးထိန်းချုပ်သူက တကယ် အထင်ကြီးဖို့ကောင်းတယ်၊ မင်းက လီတောက်ခုံးကိုတောင် သိမ်းသွင်းနိုင်တယ်၊ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းကနေ ခိုးယူရင် ဘာဖြစ်မယ်ဆိုတာ သိလား” တာအိုအရှင်သခင်က မောက်မာစွာ ပြောလိုက်ပါတယ်။ တာအိုအရှင်သခင်ဟာ ဒီစကားကို ပြောချင်နေတာ ကြာပါပြီ။ အခွင့်အသာလို့ မပြောဘဲ နေခဲ့ရတာပါ။

‘တကယ်တော့ ငါကလည်း တိတ်ဆိတ်ဂိုဏ်းကပဲ... ငါတို့တွေက တစ်ဖက်တည်းမှာ...’ ဟွမ်ဇွမ်တျန်ဟာ ဒီစကားကို စိတ်ထဲမှာပဲ ပြောလိုက်ပါတယ်။ လက်ရှိမှာ ဟန်ကျွယ်က ဘာမှမပြောတဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ သူနဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ပတ်သက်မှုကို ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဒီအတိုင်း ဆက်ပြီးတော့ သရုပ်ဆောင်မှာပါ။

“မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက အထင်ကြီးဖို့ ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ မင်းဆီမှာ ရှိသလို ငါ့ဆီမှာလည်း ရှိတယ်”

ဟွမ်ဇွမ်တျန်ဟာ တဟားဟား ရယ်မောပြီး လက်နှစ်ဖက် ဖြန့်ထုတ်လိုက်တဲ့အခါ နဖူးက အနက်ရောင် သင်္ကေတဟာ ရောင်ဝါနက်အဖြစ် ပြောင်းလဲပြီး သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာ လွှမ်းခြုံသွားပါတယ်။

အကြွင်းမဲ့ဆယ်ပါးမြို့တော်၊ ခြံဝင်းတစ်ခုအတွင်း။

ဝေ့လန်ရှန်မိဟာ မျက်နှာပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအပါအဝင် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ဖမ်းဆုပ်ထားတဲ့ လူသုံးယောက်ထဲမှာ နှစ်ယောက်က အနှိုင်းမဲ့ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်နေကြပြီး သူကတော့ ပွဲကြည့်ပရိသတ် လုပ်နေရလို့ပါပဲ။ ဝေ့လန်ရှန်မိဟာ ဒီကိစ္စကို ကြိတ်မနိုင်ခဲမရ ဖြစ်နေပါတယ်။

တာအိုအရှင်သခင်လည်း မှင်တက်သွားပါတယ်။ တာအိုအရှင်သခင်ဟာ ဟွမ်ဇွမ်တျန်ကလည်း မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

ဟွမ်ဇွမ်တျန်ရဲ့ မျက်လုံးတွေဟာ ရုတ်တရက် မည်းနက်သွားပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ခေါင်းထက်က သရဖူဟာ ကွဲကြေသွားပြီး ဆံပင်ရှည်တွေက လေထဲမှာ လူးလွန့်သွားပါတယ်။ မိစ္ဆာသခင် ဝင်ပူးနေတဲ့အတိုင်းပါပဲ။ ဟွမ်ဇွမ်တျန်ရဲ့ ခန္ဓာကိုယ်ထဲကနေ ကြောက်မက်ဖွယ်ရောင်ဝါ ပေါက်ကွဲထွက်လာပြီး တာအိုအရှင်သခင်ဆီ ရွှေ့လျားသွားပါတယ်။

ဒီရောင်ဝါက ပဋိပက္ခအစည်းအဝေးမှာ တာအိုအရှင်သခင် ရင်ဆိုင်ခဲ့ရတဲ့ ပါရမီရှင်တွေ အကုန်လုံးထက် ပိုအားကောင်းပါတယ်။ မြင်သာအောင် ပြောရရင် အဆင့်တူ မဟုတ်ပါဘူး။

“အရမ်းကောင်းတယ်... ဒါမျိုးကို အနိုင်ယူတာကမှ ပိုပြီးတော့ ကျေနပ်ဖို့ကောင်းတာ”

တာအိုအရှင်သခင်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။ ချက်ချင်းဆိုသလို ပဋိပက္ခ ကံတရားမြစ်ထဲကနေ အရိပ်တွေ ပြေးထွက်လာပါတယ်။ ဒီအရိပ်တွေက အတိတ်နဲ့ ပစ္စုပ္ပန်က တိုက်ခိုက်ရတာကို နှစ်ခြိုက်ကြတဲ့ ထိပ်သီးကျင့်ကြံသူတွေပါ။

တခြားကျင့်ကြံသူတွေကလည်း စိတ်ဆိုးမာန်ဆိုး တိုက်ခိုက်ကြတဲ့အတွက် သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ မြေပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေပါတယ်။ မြေပြင်က ကမ္ဘာပျက်တော့မဲ့အတိုင်း ဆက်တိုက် တုန်ခါနေတာပါ။

ဟန်ဟွမ်နဲ့ ဝူရှင်းရှစ်ကျဲ့က သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အသုံးပြုပြီး တိုက်ခိုက်ပါတယ်။ သူတို့နှစ်ယောက်က ဆက်တိုက်ရွှေ့လျားနေတဲ့ အလင်းတန်း နှစ်တန်းလိုပါပဲ။ သူတို့တွေ ဖြတ်သွားတဲ့ နေရာတိုင်းက တည်ရှိမှုအကုန်လုံးဟာ အမှုန့်အတိ ဖြစ်ကုန်ပါတယ်။ ကောင်းကင်တောင် စုတ်ပြဲပြီး ချောက်ချားဖွယ်ကောင်းတဲ့ အာကာသ အက်ကြောင်းတွေ ပေါ်လာပါတယ်။

သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက အကြမ်းဆုံးပါ။ ပါရမီရှင်တွေထဲမှာ နှစ်ယောက်စလုံးက ရုပ်ရည် ချောမောတဲ့အပြင် သွင်ပြင်လက္ခဏာကလည်း သာမန်မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းအားက ကျန်တဲ့ပါရမီရှင်တွေထက် ပိုလို့တောင် ကြမ်းပါသေးတယ်။ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတိုင်းမှာ သူတို့နှစ်ယောက်က စိုးမိုးခြယ်လှယ်နိုင်လွန်းပြီး တားမရဆီးမရတဲ့ အရှိန်အဟုန်တွေ ရှိခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲဟာ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက်က နောက်ထပ် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက်နဲ့ တိုက်ခိုက်တာလို့ ပြောလို့ရပါတယ်။

ဟန်ဟွမ်ရဲ့ ရောင်ဝါဟာ သက်တန့်လိုပါပဲ။ ဟန်ဟွမ်ဟာ တန်ခိုးကြီးမား မဟာလက်ဝါးကို ဆက်တိုက် ထုတ်သုံးတဲ့အတွက် မြေပြင်လေပြင်ကို ပြိုလဲစေပြီး တိမ်တိုက်တွေလည်း မီးခိုးငွေ့လို ပျောက်ကွယ်ကုန်ပါတယ်။

လေထဲမှာ ဝတ်ရုံတဖျပ်ဖျပ် ခတ်နေတဲ့ ဝူရှင်းရှစ်ကျဲ့ကိုတော့ ရောင်စုံ ကျောက်စိမ်းပုတီးစေ့ ၃၆ စေ့က ဝန်းရံထားပါတယ်။ ‌ရောင်ခြည်ခုနစ်ပါးက သူ့ကို ရစ်ပတ်ထားတဲ့ အတိုင်းပါပဲ။ ဝူရှင်းရှစ်ကျဲ့ဟာ ဟန်ဟွမ်ရဲ့ ဗိုလ်ကျလွန်းတဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရှောင်တိမ်းရင်း တန်ပြန်တိုက်ခိုက်ပါတယ်။

ဟန်ဟွမ်က ပြိုင်ဘက်ကင်း စစ်နတ်ဘုရားဆိုရင် ဝူရှင်းရှစ်ကျဲ့က နတ်ဘုရားတွေကို အစိုးရတဲ့ ဧကရာဇ်တစ်ပါးပါ။ ဝူရှင်းရှစ်ကျဲ့ရဲ့ လှုပ်ရှားမှုတိုင်းက ဧကရာဇ်ရောင်ဝါရှိပြီး လောကမှာရှိတဲ့ တာအိုပညာရပ်တိုင်းကို ချေဖျက်နိုင်သလိုပါပဲ။

ကွမ်းပုပိုင်၊ မဟာကောင်းကင် နတ်ဘုရားဘုရင်၊ မုရုံချီ၊ စကြဝဠာဘုရင်၊ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ ကျိုးစုန်တို့ရဲ့ တိုက်ပွဲက ရေတိုအတွင်း ရလဒ်ထွက်လာဖို့ ခက်ပါတယ်။ ဒီပြိုင်ဆိုင်မှုက အချိန်တိုအတွင်း ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။

ခန်းမထဲမှာ ဟန်ကျွယ်က စိတ်အေးလက်အေး ကြည့်နေပေမဲ့ ဟန်လင်ကတော့ နည်းနည်း ရင်ထိတ်နေပါတယ်။

“ဖေဖေ... ဒီဝူရှင်းရှစ်ကျဲ့က ဒီလောက် စွမ်းအားကြီးတာ၊ အစ်ကိုနှစ်က အစ်ကိုကြီးနဲ့ တခြားလူတွေအတွက် ကလဲ့စားချေပေးနိုင်ပါ့မလား” ဟန်လင်က အသံလွှင့်ပြီး မေးလိုက်ပါတယ်။ ဟန်လင်ဟာ ဒီစကားကို စွမ်းအားကြီးပုဂ္ဂိုလ်တွေ ကြားရင် အတွေးလွန်မှာစိုးလို့ အသံလွှင့်ပြီး မေးလိုက်တာပါ။

“ဝူရှင်းရှစ်ကျဲ့က အထင်ကြီးဖို့ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ ဒီလောက်နဲ့ သမီးရဲ့ အစ်ကိုနှစ်ကို အနိုင်ယူလို့ မရဘူး”

လောကဦးနတ်ဘီလူးရဲ့ မူလဇာစ်မြစ်က သဏ္ဍာန်မဲ့နတ်မင်းထက်တောင် ပိုမြင့်ပါတယ်။ ဘယ်လိုလုပ်ပြီး လောကဦး နတ်ဘီလူးက သူ့လောက်တောင် အဆင့်မရှိတဲ့ သဏ္ဍာန်မဲ့နတ်မင်းရဲ့ ဆက်ခံသူကို ဘယ်လိုလုပ်ပြီး ရှုံးနိုင်မှာလဲ။

ဝူရှင်းရှစ်ကျဲ့မှာ ဝှက်ဖဲတွေ ရှိနေသေးတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမဲ့ သူ့မှာရှိသလို ဟန်ဟွမ်မှာလည်း ရှိပါတယ်။ ဟန်ဟွမ်က အခုအချိန်အထိ လောကဦးနတ်ဘီလူးရဲ့ စွမ်းအားကို အသုံးမပြုရသေးပါဘူး။

တခြားလူတွေကိုတော့ ဟန်ကျွယ်က မျှော်လင့်ချက် မရှိပါဘူး။ ဝူရှင်းရှစ်ကျဲ့က ဟန်ဟွမ်နဲ့ အတူတူ ပျက်စီးမှပဲ တခြားလူတွေ ကြားထဲကအမြတ်ထုတ်ဖို့ အခွင့်အရေးရမှာပါ။

ထိပ်တန်း ပါရမီရှင်ဆယ်ပါး အစွမ်းကုန် တိုက်ခိုက်တာက တကယ်ပဲ ကြည့်လို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲအကုန်လုံးထက် အများကြီး သာပါတယ်။ ဒီတိုက်ပွဲကို ကြည့်နေတဲ့ အကြွင်းမဲ့ဆယ်ပါး မြို့တော်က သက်ရှိတွေဟာ ပါးစပ်တောင် မစေ့နိုင်ပါဘူး။ အံ့အားသင့်ရလွန်းလို့ပါ။ တချို့သက်ရှိတွေဆို သူတို့ ကြည်ညိုလေးစားတဲ့ ပါရမီရှင်ရဲ့ နာမည်ကို အော်ဟစ်ပြီးတော့တောင် အားပေးကြပါတယ်။

ဒီအချိန်မှာပဲ ခြံဝင်းထဲမှာ...

တိုက်ပွဲကို ကြည့်နေတဲ့ ဝေ့လန်ရှန်မိရဲ့ နားထဲမှာ အသံတစ်သံ ပဲ့တင်ထပ်သွားပါတယ် “လာ... လာ...”

ဒီအသံကြောင့် ဝေ့လန်ရှန်မိဟာ ဘေးဘီဝန်းကျင်ကို အလိုလို ကြည့်မိလိုက်ပါတယ်။ အားလုံးက တိုက်ပွဲဆီပဲ အာရုံရောက်နေပြီး သူ့ကို ဘယ်သူမှ မခေါ်ပါဘူး။

‘မဟုတ်ဘူး... ဒါ အသံလွှင့်စကားလား...’

ဝေ့လန်ရှန်မိဟာ မျက်မှောင်ကြုတ်သွားပြီး ဒီအသံကို လျစ်လျူရှုဖို့ ပြင်လိုက်ပေမဲ့ သူ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားတွေ ရုတ်တရက် အေးခဲသွားတာကို ရှာတွေ့သွားပါတယ်။ ဝေ့လန်ရှန်မိဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး စကားပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ သူ့အမူအရာက အရင်အတိုင်း ပြန်ဖြစ်သွားပါတယ်။ သူ့မျက်လုံးတွေကတော့ ဟာလာဟင်းလင်း ဖြစ်သွားပါတယ်။

အဲဒီနောက် ဝေ့လန်ရှန်မိဟာ တိတ်တဆိတ် ထွက်ခွာသွားပါတယ်။

ကျောက်ရွှမ်ချွမ်ဟာ ဝေ့လန်ရှန်မိကို တစ်ချက် ကြည့်လိုက်ပေမဲ့ ဝေ့လန်ရှန်မိ စိတ်ဓာတ်ကျနေတယ်လို့ ထင်တဲ့အတွက် ဂရုမစိုက်ဘဲ တိုက်ပွဲကို ဆက်ကြည့်ပါတယ်။

ဂျိရှင်းရှန်ကလည်း ဝေ့လန်ရှန်မိ ထွက်သွားတာကို သတိထားမိပါတယ်။ ဂျိရှင်းရှန်ဟာ တစ်ဒင်္ဂ တုံ့ဆိုင်းသွားပြီးနောက် နောက်ကနေ လိုက်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဝေ့လန်ရှန်မိကို သူ ဒီနေရာဆီ ခေါ်လာခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဆရာတပည့် ဆက်ဆံရေး မဟုတ်တော့ပေမဲ့ ရင်းနှီးမှုကတော့ ရှိနေပါသေးတယ်။

ပထမတော့ ဂျိရှင်းရှန်ဟာ ဝေ့လန်ရှန်မိက စိတ်ပျက်လက်ပျက် ဖြစ်နေလို့ ပြန်ပြီးတော့ အနားယူတယ်ပဲ ထင်တာပါ။ ဒါပေမဲ့ ဝေ့လန်ရှန်မိက မြို့ထဲကနေ ထွက်သွားတဲ့အတွက် တစ်ခုခု မှားနေပြီဆိုတာကို ဂျိရှင်းရှန် သိလိုက်ပါတယ်။

‘ဝေ့လန်ရှန်မိက ‌မာနကြီးတယ်ဆိုပေမဲ့ ပါရမီရှင်ဆယ်ပါးရဲ့ တိုက်ပွဲထဲ အတင်းမဝင်လောက်ပါဘူး... ဘာတွေ ဖြစ်ကုန်တာလဲ’

ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်သွားပြီး ချီတုံချတုံ ဖြစ်သွားပေမဲ့ နောက်ကနေ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“ဝုန်း...”

ဟန်ဟွမ်ဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်ပြီး မိုင်ပေါင်း တစ်ဘီလီယံ ပတ်လည်ကို ပြိုလဲသွားစေပါတယ်။ မရေမတွက်နိုင်တဲ့ ကျောက်စိုင်ကျောက်ခဲတွေဟာ ကောင်းကင်ပေါ် မြှောက်တက်သွားပြီး ဝူရှင်းရှစ်ကျဲ့ရဲ့ ရုပ်သွင်က ကျောက်စိုင်ကျောက်ခဲတွေကြားထဲ လျှပ်တစ်ပြက် ခရီးနှင်ပါတယ်။

ဟန်ဟွမ်ဟာ မော့ကြည့်ပြီး သရော်လိုက်ပါတယ် “မင်း ဘယ်အချိန်အထိ ပုန်းနေဦးမှာလဲ”

ဝူရှင်းရှစ်ကျဲ့ဟာ ဟန်ဟွမ်ကို ငုံ့ကြည့်ပြီး ပြန်ဖြေပါတယ် “ငါက မင်းရဲ့ အကန့်အသတ်ကို စမ်းသပ်နေတာ၊ ကြည့်ရတာ မင်းက ဘာမှမဟုတ်သလိုဘဲ၊ မင်း မစောင့်နိုင်မှတော့ ထွက်ဖို့ ပြင်တော့”

ကျောက်စိမ်းပုတီးစေ့ ၃၆ စေ့ဟာ ရုတ်တရက် စုစည်းပြီး ခုနစ်ရောင်ခြယ် ဓားတစ်လက် ဖြစ်သွားပါတယ်။ ဝူရှင်းရှစ်ကျဲ့ဟာ ခုနစ်ရောင်ခြယ်ဓားကို မြှောက်ပြီး ခုတ်ချလိုက်တဲ့အခါ ဓားချီက လောကတစ်ခုလုံးကို ဖြတ်သန်းသွားပါတယ်။

ဟန်ဟွမ်ဟာ ဒီဓားချက်ကို မရှောင်ပါဘူး။ လက်မြှောက်ပြီး ပြန်ရိုက်ထုတ်လိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ တန်ခိုးကြီးမား မဟာလက်ဝါးက ဝူရှင်းရှစ်ကျဲ့ရဲ့ ဓားချီကို တစ်ခါးတည်း နှစ်ပိုင်း ပိုင်းပစ်လိုက်ပါတယ်။

ဒါပေမဲ့ ဓားချီဟာ ပျောက်ကွယ်မသွားပါဘူး။ ပိုင်းဖြတ်ခံရတဲ့ ဓားချီနှစ်စဟာ ကွဲကြေပြီး မရေမတွက်နိုင်တဲ့ ဓားချီတွေအဖြစ် ပြောင်းလဲကာ မိုးပေါ်ကနေ ‌မြေပြင်ဆီ တရစပ် ထိုးဆင်းပါတယ်။

ဟန်ဟွမ်ဟာ လက်နှစ်ဖက်နဲ့ တိုက်ခိုက်ပြီး ဓားချီတွေကို ဖယ်ထုတ်ပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ ကောင်းကင်ယံ ထိုးတက်ပြီး ဝူရှင်းရှစ်ကျဲ့ကို စိုက်ကြည့်လိုက်ပါတယ်။

ဝူရှင်းရှစ်ကျဲ့ဟာ မှင်တက်သွားပါတယ်။ အကြောင်းတချို့ကြောင့် ဝူရှင်းရှစ်ကျဲ့ဟာ ဟန်ဟွမ်ရဲ့ အကြည့်ကို ရင်ဆိုင်ရတဲ့အခါမှာ အသည်းယားသွားပါတယ်။

‘မဖြစ်နိုင်ဘူး... ငါက ပြိုင်ဘက်ကင်းတယ်... ပဋိပက္ခထက် သာလွန်တဲ့ အထွတ်အထိပ်တည်ရှိမှု ကိုယ်တိုင် ငါ့ကို ပြောထားတာ...’ ဝူရှင်းရှစ်ကျဲ့ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပြီး မျက်နှာမှာ ထူးဆန်းတဲ့အပြုံတစ်ခု ပေါ်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters