လွယ်ကူလွန်းတဲ့ ရွေးချယ်မှု
Vol. 96 Ch. 1003
“ဟန်ဟွမ်... မင်း ငါ့ရဲ့ စွမ်းအားအမှန်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား”
ဝူရှင်းရှစ်ကျဲ့ဟာ ကောင်းကပ်မှာ ရပ်ရင်း ညာလက်နဲ့ စက်ဝိုင်းတစ်ဝိုင်း ဆွဲလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို သူ့နောက်က ကောင်းကင်ပြင်ဟာ ရုတ်တရက်ကြီး ပြောင်းလဲသွားပါတယ်။ တခြားကမ္ဘာတစ်ခုက သိစိတ်မဲ့ မဟာတာအိုကမ္ဘာနဲ့ ချိတ်ဆက်မိလိုက်သလိုပါပဲ။
ဒီကမ္ဘာက ခမ်းနားထည်ဝါပါတယ်။ တောင်ထိပ်တွေ စုဝေးပြီး တောင်တွေက မတ်စောက်လှပါတယ်။ ကောင်းကင်ကို ထိုးဖောက်နေတဲ့ ဧရာမဓားကြီးတွေလိုပါပဲ။ ဒီကမ္ဘာက ဗိုလ်ကျစိုးမိုးလွန်းတဲ့အတွက် အဝေးမှာ တိုက်ခိုက်နေတဲ့ အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးတောင် လှမ်းကြည့်ကြပါတယ်။
တခြားပါရမီရှင်တွေလည်း ပြီးခဲ့တဲ့တိုက်ပွဲမှာ မဟာကမ္ဘာ စွမ်းအားကို သုံးပြီးပါပြီ။ ဒါပေမဲ့ ဝူရှင်းရှစ်ကျဲ့လောက်တော့ မခမ်းနားပါဘူး။ သူတို့ရဲ့ရောင်ဝါက ကမ္ဘာခြားနေပါတယ်။
အကြွင်းမဲ့ဆယ်ပါးမြို့တော်က ပွဲကြည့်ပရိသတ်တွေဟာ လန့်သွားကြပါတယ်။
ဟန်ကျွယ်လည်း တစ်ချက် ကြည့်လိုက်ပါတယ်။ ဝူရှင်းရှစ်ကျဲ့ရဲ့ မဟာကမ္ဘာက ကိုယ်ပိုင်သွင်ပြင် ရှိပါတယ်။ ဒါပေမဲ့ မဟာတာအိုကမ္ဘာ ဖြစ်လာဖို့တော့ အဝေးကြီး အဝေးကြီး လိုပါသေးတယ်။
မဟာတာအိုကမ္ဘာက ကမ္ဘာတစ်ခု ဖန်တီးတာလောက် မရိုးရှင်းပါဘူး။ ဖွဲ့စည်းပုံစနစ်ကျဖို့ မဟာတာအိုသုံးထောင်ကို လိုအပ်ပါတယ်။ ပဋိပက္ခနဲ့ နှိုင်းယှဉ်နိုင်တဲ့ စိတ်ဝိညာဉ်ချီ ရှိရမဲ့အပြင် ဆင်ကဲ့ပြောင်းလဲ ဖြစ်စဉ်ကို တွန်းပေးနိုင်တဲ့ သက်ရှိတွေကိုလည်း လိုအပ်ပါတယ်။
ဟန်ဟွမ်ဟာ ဝူရှင်းရှစ်ကျဲ့ရဲ့ မဟာကမ္ဘာကို ရင်ဆိုင်ရပေမဲ့ ထိတ်လန့်ခြင်း မရှိပါဘူး။ ခရမ်းရောင်ချီက ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ကို ဝိုင်းပတ်လိုက်ပါတယ်။ ဒီခရမ်းရောင်ချီက ဝိုးတိုးဝါးတား လောကဦးချီဆိုတာကို ဟန်ကျွယ်ပဲ သိပါတယ်။
ဟန်ဟွမ်ရဲ့ ရုပ်သွင်ဟာ စပြီးတော့ ပြောင်းလဲသွားပါတယ်။ ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ ခရမ်းရောင် ဖြစ်သွားပြီး အနက်ရောင် ဆံပင်တွေကလည်း အဖြူရောင် ပြောင်းသွားပါတယ်။ ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ကလည်း ပိုပြီးတော့ သန်မာလာပါတယ်။ ဝိုးတိုးဝါးတား လောကဦးချီဟာ ခရမ်းရောင် အေးစက်ပြီး တောက်ပတဲ့ ချပ်ဝတ်အဖြစ် ခဲသွားပါတယ်။ ဟန်ဟွမ်ဟာ လုံးဝကို တခြားလူ တစ်ယောက်လို ဖြစ်သွားပါတယ်။
ဟန်ဟွမ်ရဲ့ ပြောင်းလဲမှုက ဝူရှင်းရှစ်ကျဲ့ကို နှလုံးလှုပ်သွားစေပါတယ်။ ဝူရှင်းရှစ်ကျဲ့ဟာ ဟန်ဟွမ်ဆီကနေ အရင်ကထက် ပိုအားကောင်းတဲ့ လုံးဝ ကွဲပြားခြားနားတဲ့ ရောင်ဝါတစ်ဝါကို ခံစားမိလိုက်ပါတယ်။ ဒီရောင်ဝါက ပဋိပက္ခ အစည်းအဝေးရဲ့ ပါရမီရှင် အကုန်လုံးကို ဘေးထိုင်သွားစေဖို့ လုံလောက်ပါတယ်။
‘ဒီကောင်က ဘယ်သူလဲ...’ ဝူရှင်းရှစ်ကျဲ့ဟာ လန့်သွားပါတယ်။ ဝူရှင်းရှစ်ကျဲ့ဟာ ပဋိပက္ခ နတ်ဘီလူး အများကြီးကို မြင်ဖူးပါတယ်။ ဒါပေမဲ့ ဘယ်ပဋိပက္ခ နတ်ဘီလူးဆီကမှ ဝူရှင်းရှစ်ကျဲ့ဟာ ဒီလိုမျိုး ဖိအားကို မခံစားခဲ့ရပါဘူး။
ဟန်ဟွမ်ဟာ ခုန်ပျံပြီး ဝူရှင်းရှစ်ကျဲ့ရှေ့ကို ရုတ်တရက် ရောက်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ အကြည့်ချင်းဆုံသွားပြီး တစ်ယောက်ကို တစ်ယောက် ရှစ်လက်မသာသာပဲ ဝေးပါတော့တယ်။ ဝူရှင်းရှစ်ကျဲ့ဟာ ပတ်ဝန်းကျင် အာကာသက အေးခဲသွားပြီး သူ နည်းနည်းလေးတောင် မလှုပ်ရှားနိုင်တာကို ရှာတွေ့သွားပါတယ်။
ဟန်ဟွမ်ရဲ့ မျက်လုံးတွေကနေ ခရမ်းရောင် အလင်းတန်း ထွက်ပေါ်လာပြီး ဝူရှင်းရှစ်ကျဲ့ရဲ့ နားကို ဖြတ်ကျော်ကာ မဟာကမ္ဘာကို တစ်ချက်တည်း ထိုးဖောက်သွားပါတယ်။ မဟာကမ္ဘာဟာ မှန်တစ်ချပ်လိုမျိုး ကွဲကြေသွားပါတယ်။ ကျန်နေသေးတဲ့ တိမ်တိုက်တွေကလည်း လေပြင်းရဲ့ တိုက်ခိုက်မှုကြောင့် စုတ်ပြတ်သပ်သွားပါတယ်။ ကောင်းကင်ပြင်ကြီး ကွဲကြေသွားတဲ့ အတိုင်းပါပဲ။
ဝူရှင်းရှစ်ကျဲ့ရဲ့ ခန္ဓာကိုယ်ဟာ တဆတ်ဆတ် တုန်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
ဟန်ဟွမ် လှည့်ကြည့်လိုက်တဲ့အခါ ဝူရှင်းရှစ်ကျဲ့က မိုးကုပ်စက်ဝိုင်းမှာ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဝူရှင်းရှစ်ကျဲ့နောက်က သင်္ကေတနက်တွေဟာ စပြီးတော့ လှည့်ပတ်လာပါတယ်။ ဒီသင်္ကေတနက်တွေက မျက်နှာတစ်ခုနဲ့ ဆင်တူပါတယ်။ ဘယ်လိုမျက်နှာမျိုးလဲဆိုတော့ ကြည့်ရုံနဲ့ သွေးလေ ချောက်ချာသွားစေမဲ့ မထင်မရှား မျက်နှာမျိုးပါ။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစွမ်းအားက ဝူရှင်းရှစ်ကျဲ့ရဲ့ စွမ်းအား မဟုတ်လို့ပါပဲ။ ဝူရှင်းရှစ်ကျဲ့ရဲ့ ဒီဆန်းကြယ်စွမ်းအားက ဟန်ကျွယ်ရဲ့ ဖိတ်ခေါ်ပညာရပ်နဲ့ ဆင်တူပါတယ်။
ဒါပေမဲ့ ဒီစွမ်းအားက ဝူရှင်းရှစ်ကျဲ့ရဲ့ အပိုင်မဟုတ်တာကို ဟန်ကျွယ်ပဲ သိပါတယ်။ ကျန်တဲ့ မဟာတာအိုပညာရှိတွေနဲ့ မဟာတာအိုပညာရှိချုပ်တွေဟာ တာအိုဖန်တီးရှင်ရဲ့ စွမ်းအားကို မသိကြပါဘူး။ ဒီစွမ်းအားက မဟာတာအိုပညာရှိချုပ်ထက် မြင့်မားတဲ့ စွမ်းအားဖြစ်တဲ့အတွက် တာအိုဖန်တီးရှင်ရဲ့ စွမ်းအားကလွဲရင် ဘာများ ဖြစ်နိုင်ဦးမှာလဲ။
“ဒါက သဏ္ဍာန်မဲ့ သာလွန်ပညာရပ်ပဲ... မင်းရှုံးသွားပြီ” ဝူရှင်းရှစ်ကျဲ့ဟာ ဟန်ဟွမ်ကို ငုံ့ကြည့်ရင်း အေးစက်စွာ ပြောလိုက်ပါတယ်။
ဟန်ဟွမ်က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “မင်း ဘယ်လိုလုပ်ပြီး ဒီလိုနည်းလမ်းတွေ သုံးရဲတာလဲ”
ဟန်ဟွမ်ဟာ ဝူရှင်းရှစ်ကျဲ့ကို ထပ်ပြီးတော့ တိုက်ခိုက်လိုက်ပါတယ်။
တိမ်တွေထက်က အန္တိမဒဏ်ခတ်နတ်မင်းဟာ ဝူရှင်းရှစ်ကျဲ့ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ... ဘာဖြစ်လို့ ဒီကောင်ရဲ့ ဆန်းကြယ်စွမ်းအားက ငါ့ကို စိတ်လေးစေတာလဲ... တစ်ခုခုတော့ မဟုတ်သေးဘူး...’
အန္တိမဒဏ်ခတ်နတ်မင်းဟာ ပဟေဠိ ဖြစ်သွားပါတယ် ‘ဝူရှင်းရှစ်ကျဲ့က အကြွင်းမဲ့ဆယ်ပါးမြို့တော်ထဲ စိမ့်ဝင်လာတဲ့ ပဋိပက္ခအပြင်ဘက် အင်အားစုထဲက တစ်ယောက်လား...’
ဒီအချိန်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် လှည့်ကြည့်လိုက်တဲ့အခါ သူတို့လာခဲ့တဲ့ ဝင်ပေါက်ကနေ ရုပ်သွင်တစ်သွင် ပျံဝင်လာတာကို တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင်က ဝေ့လန်ရှန်မိပါ။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဝေ့လန်ရှန်မိကို မှတ်မိပါတယ်။ ဝေ့လန်ရှန်မိက ဒီပဋိပက္ခအစည်းအဝေးမှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေထဲက တစ်ပါး မဟုတ်ပါလား။
‘ဒီကောင် ဘာလို့ ဒီရောက်လာတာလဲ... အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးရဲ့ တိုက်ပွဲထဲ အတင်းဝင်ပြီး နာမည်ကြီးအောင် လုပ်ချင်တာလား...’
‘မဟုတ်သေးဘူး... တစ်ခုခုတော့ မှားနေပြီ... ဒီကောင်ရဲ့ ကျင့်ကြံမှုနဲ့ အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးရဲ့ တိုက်ပွဲထဲဝင်ရင် တစ်စက္ကန့်တောင်ခံမှာ မဟုတ်ဘူး’
ဝေ့လန်ရှန်မိဟာ သိစိတ်မဲ့ မဟာတာအိုကမ္ဘာထဲ ရောက်လာပြီးနောက် စစ်မြေပြင်ဆီ ပြေးမသွားဘဲ နေရာမှာ တရားထိုင်ပါတယ်။ အဲဒီနောက် မိုးမြေတစ်ခွင်မှာရှိတဲ့ အဆုံးမဲ့ စိတ်ဝိညာဉ်ချီတွေဟာ ဝေ့လန်ရှန်မိရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်ပါတယ်။ ဒီလိုတိုးဝင်တဲ့နှုန်းက တဖြည်းဖြည်း မြန်လာတဲ့အတွက် ဟာရီကိန်းမုန်တိုင်းတောင် ဖြစ်လာပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်နှာ မသိသာ ပျက်သွားပါတယ်။ ဝေ့လန်ရှန်မိ ဒီကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီကို စုပ်ယူနိုင်တာက ဒီကမ္ဘာနဲ့ ပတ်သက် ဆက်နွှယ်မှု ရှိတာကို ပြနေပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းတောင် ဒီကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီကို စုပ်ယူနိုင်တာ မဟုတ်ပါဘူး။
‘ဝူရှင်းရှစ်ကျဲ့ပြီးရင် အခု ဝေ့လန်ရှန်မိ... ပဋိပက္ခအစည်းအဝေးမှာ အင်အားစု ဘယ်လောက်များများတောင် စိမ့်ဝင်ခံထားရတာလဲ’
အန္တိမဒဏ်ခတ်နတ်မင်းဟာ လှုပ်ရှားဖို့ ပြင်လိုက်ပေမဲ့ နားထဲကို ဝင်လာတဲ့ အသံကြောင့် ရပ်လိုက်ပါတယ်။
အကြွင်းမဲ့ဆယ်ပါးရဲ့ တိုက်ပွဲဟာ လေးငါးဆယ်ရက် ကြာပါတယ်။ ပထမဆုံး ထွက်သွားရတဲ့ ပါရမီရှင်ကတော့ တာအိုအရှင်သခင်ပါ။ တာအိုအရှင်သခင်ဟာ ဟွမ်ဇွမ်တျန်ကို ရှုံးသွားပြီး သေလုမျောပါး ဖြစ်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ အန္တိမဒဏ်ခတ်နတ်မင်းက အချိန်မီ လှုပ်ရှားပြီး တာအိုအရှင်သခင်ကို အကြွင်းမဲ့ဆယ်ပါး မြို့တော်ဆီ ပြန်ပို့လိုက်ပါတယ်။
ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ လောင်တန်နဲ့ တခြားလူတွေက ဝိုင်းနှစ်သိမ့်တာတောင် ဒီရှုံးနိမ့်မှုကြောင့် တာအိုအရှင်သခင်ဟာ တော်တော်လေး စိတ်ဓာတ်ကျသွားပါတယ်။
“တစ်ဖက်လူက နာမည်ကျော် ရှုံဟွာအရှင်လေ... လီတောက်ခုံးနဲ့ ဘိုးဘေးရှီတျန်တောင် သူ့လက်အောက်မှာ အလုပ်လုပ်နေတာ၊ သူ့ကိုရှုံးတာ ဘာများ စိတ်ဓာတ်ကျစရာရှိလို့လဲ” ဖန်းလျန်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ်။
ဖန်းလျန်ရဲ့ မျက်လုံးတွေက မနာလိုမှုနဲ့ ပြည့်ပါတယ်။ ဖန်းလျန်ဟာ ထိပ်တန်းတစ်သောင်းထဲတောင် မဝင်ပါဘူး။ ဒါကြောင့် ဖန်းလျန်ရဲ့ အမြင်မှာ တာအိုအရှင်သခင်ရဲ့ အောင်မြင်မှုက စိတ်ကူးနဲ့ မျှော်မှန်းလို့မရတဲ့အထိ ကြီးမားနေပါပြီ။
တခြားလူတွေကလည်း တာအိုအရှင်သခင်ကို ဝိုင်းနှစ်သိမ့်ကြပါတယ်။ ဒါပေမဲ့ ဒီလိုနှစ်သိမ့်ပေးလေလေ တာအိုအရှင်သခင်ဟာ ပိုပြီးတော့ မကျေမနပ် ဖြစ်လေလေပါပဲ။ တာအိုအရှင်သခင်ဟာ ဆဲဆိုကြိမ်းမောင်းဖို့ ပြင်လိုက်ပေမဲ့ နားထဲဝင်လာတဲ့ အသံကြောင့် ရုတ်တရက် ငြိမ်ကျသွားပါတယ်။
“အကြွင်းမဲ့ဆယ်ပါး မြို့တော်ကနေ ချက်ချင်း ထွက်သွားချည်”
နံပါတ်တစ်နတ်မင်းရဲ့ စကားကြောင့် တာအိုအရှင်သခင်ဟာ စိတ်ပျက်လက်ပျက် ဖြစ်နေရာကနေ ရင်ထိတ်သွားပါတယ် ‘ဘာဖြစ်သွားတာလဲ... သူပြောတော့ ပဋိပက္ခအစည်းအဝေးရဲ့ ပါရမီရှင်တွေကိုပဲ စည်းရုံးသိမ်းသွင်းဖို့ လိုတာဆို’
တာအိုအရှင်သခင်ဟာ နံပါတ်တစ်နတ်မင်းက အကြွင်းမဲ့ဆယ်ပါး မြို့တော်ကို တိုက်ခိုက်ချင်တယ်လို့ တွေးမိလိုက်ပါတယ်။ တာအိုအရှင်သခင်တင် မဟုတ်ပါဘူး။ ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လောင်တန်တို့လည်း မျက်နှာပျက်သွားကြပါတယ်။ သူတို့တွေလည်း နံပါတ်တစ်နတ်မင်းဆီကနေ အသံလွှင့်စကားကို လက်ခံရရှိလိုက်ပါတယ်။
တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ အချင်းချင်း အသံလွှင့်ပြီး ဆွေးနွေးကြပါတယ်။
“ငါတို့တွေ ဟန်ဆောင်နေတာမလား”
“ထင်ထားတဲ့အတိုင်းပဲ... နံပါတ်တစ်နတ်မင်းက အကြံဆိုး ရှိတယ်၊ ဒါပေမဲ့ ဆရာသခင် ဘေးနားမှာ ရှိနေမှတော့ ငါတို့တွေက ဘာကို ကြောက်ရမှာလဲ”
“ဟုတ်တယ်... ငါတို့တွေသာ ဒီလိုထွက်သွားရင် တိတ်ဆိတ်ဂိုဏ်း ဘယ်လို ဖြစ်သွားမလဲ”
“ငါတို့တွေက ဘာကိစ္စနဲ့ တိတ်ဆိတ်ဂိုဏ်းကို တကယ် သစ္စာဖောက်မှာလဲ”
“နံပါတ်တစ်နတ်မင်းက ဂိုဏ်းချုပ်အကြောင်း ပြောပေမဲ့ ဂိုဏ်းချုပ်က ငါတို့ကို ဘာမှမှ မပြောထားတာ”
တာအိုအရှင်သခင်တို့ သုံးယောက်ဟာ ခပ်မြန်မြန် ဆွေးနွေးပြီး ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တာအိုအရှင်သခင်ဟာ ဟန်ကျွယ်ရဲ့ နာမည်ကို စိတ်ထဲကနေ ခေါ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ သူ့နာမည်ခေါ်တာကို အာရုံခံနိုင်မယ်လို့ တာအိုအရှင်သခင်က စမ်းကြည့်လိုက်ပါတယ်။
တာအိုအရှင်သခင်ရဲ့ အတွေး မှန်သွားပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့အသံက တာအိုအရှင်သခင်ရဲ့ နားထဲ ဝင်လာပါတယ် “ဘာကိစ္စလဲ... ငါ့ကို အိပ်မက်ထဲမှာပြော...”
တာအိုအရှင်သခင်ဟာ ချက်ချင်း တရားထိုင်ပြီး အိပ်မက်ထဲ ဝင်လိုက်ပါတယ်။
အိပ်မက်နယ်မြေထဲမှာ တာအိုအရှင်သခင်ဟာ အကြောင်းစုံ ရှင်းပြလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ နံပါတ်တစ်နတ်မင်းက သူ့နာမည်ကို သုံးပြီး သူ့တပည့်တွေကို လှည့်စားခဲ့တယ် မဟုတ်ပါလား။ ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်ကို ပိုပြီးတော့ အထင်သေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုနည်းလမ်းတွေက ပွဲမဝင်တာကြောင့်ပါ။
“ငါ နားလည်ပြီ၊ လောလောဆယ် မြို့ထဲမှာပဲ ဆက်နေ၊ ငါ ကြည့််လုပ်လိုက်မယ်”
အဲဒီနောက် အိပ်မက်ဟာ ကွဲကြေသွားပါတယ်။ ဟန်ကျွယ်ဟာ အပေါ်ယံမှာ တိုက်ပွဲကို ဆက်ကြည့်နေရင်း စိတ်ထဲနေက စနစ်ကို မေးလိုက်ပါတယ် “ငါ ပဋိပက္ခသိစိတ်ကို ကူညီရင် ပဋိပက္ခကို တော်လှန်နိုင်လား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မတော်လှန်နိုင်ပါ။]
‘ကျွတ်..ကျွတ်... တိကျလှချည်လား... ကြည့်ရတာ ပဋိပက္ခသိစိတ်က နဝမပဋိပက္ခကို လျှော့တွက်ထားပုံပဲ’
သေလမ်းဆိုမှတော့ ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ် အစီအစဉ်အတိုင်း လျှောက်လုပ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် နဝမပဋိပက္ခက ကောင်းကင်တာအို လုံခြုံစေရမယ်လို့ သူ့ကို ကတိပေးထားပါတယ်။ ဒီရလဒ်နှစ်ခုကို ချိန်ထိုးကြည့်လိုက်ရင် ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာက အလွယ်လေး ဆုံးဖြတ်ချက် ချနိုင်ပါတယ်။
တခြားတာအိုဖန်တီးရှင်တွေက တာအိုဖန်တီးရှင် ဖြစ်တာနဲ့ နဝမပဋိပက္ခ ရှာတွေ့တာခံရပြီး သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေ ဖိနှိပ်တာ ခံရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်မှာက နဝမပဋိပက္ခရန်ကနေ အကာအကွယ်ပေးနိုင်တဲ့ တာအိုစက်ကွင်း ရှိနေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။