ပဋိပက္ခအစည်းအဝေး ပြီးဆုံးခြင်း
Vol. 96 Ch. 1009
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အနှိုင်းမဲ့ထိပ်ဆုံးနေရာ အကြောင်း ဆွေးနွေးနေကြတုန်းပါ။ ဟန်လင်လည်း အတူတူပါပဲ။
‘တော်သေးတယ်... ကပ်သီးကပ်သတ်လေး...’ ဟန်ကျွယ်ဟာ မျက်နှာတစ်ချက် မပျက်ပေမဲ့ ရင်ထဲမှာတော့ ကြောက်ရွံ့မှုတွေ ပြည့်နှက်သွားပါတယ်။
နဝမပဋိပက္ခက အိပ်မက် အဆုံးမသတ်ခင် အရမ်းကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုကို ပြောပြခဲ့ပါတယ်။
“တကယ်တော့ ငါ့အမြင်မှာ မင်းက လောကဦး နတ်ဘီလူးနဲ့ ပိုတူတယ်၊ ခဏလေးနဲ့ အမြင့်ကို ရောက်လာတာ၊ သက်ရှိအားလုံးက မင်းပါရမီရှင်ဆိုတာကိုသာ လျစ်လျူမရှုထားရင် မင်းက လောကဦး နတ်ဘီလူး အဖြစ်နိုင်ဆုံးပဲ၊ မင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်ပါရမီရှင်မဆို သာမန်ဖြစ်သွားတယ်၊ ကံမကောင်းချင်တော့ မင်းက ပဋိပက္ခ နတ်ဘီလူး ဖြစ်နေတယ်”
ဒီစကားအဆုံးမှာ နဝမပဋိပက္ခဟာ ဟန်ကျွယ်ကို ရှင်းပြဖို့ အခွင့်အရေး မပေးဘဲ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ပြီးဆုံးသွားပါပြီ။ ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းက နောက်နှစ်သန်းရာချီအတွင်း ထပ်ပြီးတော့ ပြဿနာရှာနိုင်မှာ မဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ နဝမပဋိပက္ခနဲ့ စကားပြောပြီးနောက် ပဋိပက္ခအစည်းအဝေးကို မျှော်လင့်ချက် မရှိတော့ပါဘူး။ ဟန်ဟွမ် အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရရင်တောင် သူ မျက်နှာပျက်ဦးမှာပါ။ တန်ခိုးစွမ်းအားကြီးမားတဲ့ လောကဦးနတ်ဘီလူးကို လောကဦး နတ်ဘီလူးလို့တောင် မထင်ကြဘူး မဟုတ်ပါလား။
ဒီအချက်ကြောင့် ရှင်သန်ခဲ့တယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ အစော်ကားခံရတယ်လို့ ခံစားလိုက်ရပါတယ်။
သဏ္ဍာန်မဲ့နတ်မင်း ဖိနှိပ်ခံလိုက်ရတဲ့အတွက် ဝူရှင်းရှစ်ကျဲ့ဟာ ကြီးမားတဲ့ စွမ်းအားကို ရုတ်တရက် ဆုံးရှုံးပြီး အရေးနိမ့်သွားပါတယ်။ မကြာခင်မှာ ပြိုင်ပွဲထဲက ထွက်ရဖို့ ကျိန်းသေနေပါပြီ။ ဝူရှင်းရှစ်ကျဲ့ရဲ့ ရုတ်တရက် ပြောင်းလဲမှုကြောင့် အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲမှာရှိတဲ့ သူ့ကို အားပေးတဲ့ ပရိသတ်တွေဟာ ဆဲဆို ကြိမ်းမောင်းပါတော့တယ်။
“ဒီကောင်က တမင်ရှုံးအောင် လုပ်နေတာပဲ”
“ဟုတ်တယ်... စွမ်းအားက ရုတ်တရက်ကြီး အလုပ်မလုပ်တော့ဘူး”
“အဓိပ္ပာယ်လုံးဝ မရှိဘူး၊ ဟွမ်ဇွမ်တျန်လည်း အတူတူပဲ”
“ဒါကလည်း သာမန်ပါပဲ၊ သူတို့နှစ်ယောက်က အားပေးတဲ့လူ အများဆုံးလေ၊ သူတို့နိုင်သွားရင် ဒိုင်ထွက်ပြေးရဖို့ များတယ်”
“ငါ့အထင် ဟန်ဟွမ်က အဖြောင့်မတ်ဆုံးပဲ”
“ဟုတ်တယ်... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားလို့ မပြောရဘူး၊ ပွင့်ပွင့်လင်းလင်းပဲ”
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “နဝမပဋိပက္ခက ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းကို ဘာဖြစ်လို့ မသတ်တာလဲ”
[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[တာအိုဖန်တီးရှင်သည် တာအိုဖန်တီးရှင်ကို မသတ်နိုင်ပါ။]
‘ဒီလိုကိုး... ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းက ဒီလောက်ထိ သတ္တိကောင်းနေတာ အံ့ဩစရာ မရှိတော့ပါဘူး... နဝမပဋိပက္ခ ဒီလောက်ထိ ကရုဏာတရား ကြီးမားနေတာလည်း အံ့ဩစရာ မရှိတော့ပါဘူး... တစ်ယောက်ကို တစ်ယောက် ဖိပဲဖိနှိပ်နိုင်ပြီး သတ်မှ မသတ်နိုင်တာကို’
ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် ဖြစ်ဖို့ ပိုပြီးတော့ စိတ်အားထက်သန်သွားပါတယ် ‘ဒီပဋိပက္ခအစည်းအဝေးပြီးရင် တာအိုစက်ကွင်းဆီ ပြန်ပြီး ဂူအောင်းကျင့်ကြံရမယ်၊ နောက်တစ်ခါ ဂူအောင်းကျင့်ကြံရာက ထွက်လာရင် ငါ တာအိုဖန်တီးရှင် ဖြစ်နေရမယ်’
တစ်နာရီ မပြည့်ခင်မှာပဲ...
သဏ္ဍာန်မဲ့နတ်မင်းရဲ့ စွမ်းအားကို ဆုံးရှုံးသွားတဲ့ ဝူရှင်းရှစ်ကျဲ့ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ရဲ့ လက်ချက်နဲ့ ပြိုင်ပွဲထဲက ထွက်လိုက်ရပါတယ်။ မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ အလွန်တရာမှ စိတ်လှုပ်ရှားသွားပါတယ်။ မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ ပြိုင်ဘက်ကင်းတယ်လို့ ခံစားလိုက်ရပြီး မုရုံချီနဲ့ ဟန်ဟွမ်ကို အပြင်းအထန် တိုက်ခိုက်ပါတော့တယ်။
ဒီအခြေအနေမှာတော့ မဟာကောင်းကင် နတ်ဘုရားဘုရင်က အကြီးမားဆုံး အနိုင်ရသူပါ။ အရင်ကတည်းက မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ နာမည်ကြီးနေခဲ့တာဆိုပေမဲ့ နေရာတိုင်းမှာရှိတဲ့ ကျင့်ကြံသူတွေဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်က အများဆုံး သခင်တစ်ထောင်စာရင်းထဲပဲ ဝင်လိမ့်မယ်လို့ တွက်ထားခဲ့ကြတာပါ။ ဒီအဆင့်အထိ ရောက်အောင် လာနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။
ဝူရှင်းရှစ်ကျဲ့ ထွက်သွားရတဲ့အခါ ဟန်ဟွမ်ဟာ ဓမ္မရုပ်တု ၁၈ ပါးကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်လိုက်တဲ့အတွက် ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ဟာ ကြီးထွားသွားပြီး ပေတစ်သန်းအမြင့်ကို ရောက်ရှိသွားပါတယ်။ အဲဒီနောက် လက် ၁၈ ဖက် ကြီးထွားလာပြီး လက်တိုင်းမှာလည်း ဝိုးတိုးဝါးတား လောကဦးချီကနေ ဖြစ်တည်လာတဲ့ နတ်လက်နက်တွေကို ကိုင်ဆောင်ထားကြပါတယ်။ ဟန်ဟွမ်ရဲ့ရောင်ဝါဟာ ထိပ်ဆုံးကို ရောက်သွားပါတယ်။
မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ လန့်သွားပါတယ် “ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဟန်ဟွမ်ရဲ့ ရောင်ဝါဟာ အရင်ကထက် စွမ်းအားပိုကြီးသွားပါတယ်။
ဟန်ဟွမ်ဟာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို ဂရုမစိုက်ဘဲ အတင်းတိုက်ခိုက်ပါတယ်။ ဟန်ဟွမ်ဟာ နတ်လက်နက် ၁၈ ပါးကို ဝှေ့ယမ်းပြီး မဟာကောင်းကင် နတ်ဘုရားဘုရင်ရဲ့ ဆန်းကြယ်စွမ်းအား အကုန်လုံးကို ချေဖျက်ကာ မဟာကောင်းကင် နတ်ဘုရားဘုရင်ကို ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်လိုက်ပါတယ်။
မုရုံချီလည်း လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ဟွမ်ရဲ့ ရောင်ဝါက အားကောင်းလွန်းလို့ပါ။ ရောင်ဝါနဲ့တင် မုရုံချီဟာ ဟန်ဟွမ်နားကို မကပ်ရဲတော့ပါဘူး။ မုရုံချီရဲ့ မဟာတာအို စွမ်းအားဟာလည်း အလိုလို တုန်ယင်သွားပါတယ်။
ဟန်ဟွမ်ရဲ့ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားက အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲမှာရှိတဲ့ ပွဲကြည့်ပရိသတ်တွေကို ပျော်ရွှင်သွားစေပါတယ်။ သက်ရှိအားလုံးဟာ အနှိုင်းမဲ့ပါရမီရှင်ကို တွေ့မြင်လိုက်ရသလိုပါပဲ။
ဟန်ကျွယ်ဟာ သူများတွေလို အံ့အားသင့်ခြင်း မရှိပါဘူး။ အစကတည်းက ဟန်ဟွမ် တစ်ခုခုကို ဝှက်ထားတယ်ဆိုတာ ဟန်ကျွယ် သိပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်က သူ့ကိုယ်သူ ယုံကြည်ချက်မရှိတဲ့အတွက် ထုတ်မသုံးရဲဘဲ နောက်ဆုံးအချိန်အထိ စောင့်နေခဲ့တာပါ။
ကြမ်းတမ်းတဲ့ ဟန်ဟွမ်ကို ရင်ဆိုင်ရတဲ့အခါ မဟာကောင်းကင် နတ်ဘုရားဘုရင်ဟာ နောက်ကို တစ်လှမ်းချင်း ဆုတ်သွားရပါတယ်။ ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိပါဘူး။ နောက်ဆုံးမှာတော့ သူ ဟွမ်ဇွမ်တျန်ကို လုပ်ခဲ့သလိုမျိုး သံမှိုရိုက်ခံရပြီး ပြိုင်ပွဲက ထွက်သွားရပါတယ်။ တကယ်ကို ဝဋ်လည်တာပါ။
နောက်ဆုံးတိုက်ပွဲက ဟန်ဟွမ်နဲ့ မုရုံချီ တိုက်ခိုက်ရမှာပါ။
ဟန်လင်ဟာ ပြုံးလိုက်ပါတယ်။ ဘယ်သူပဲနိုင်နိုင် တိတ်ဆိတ်ဂိုဏ်းကချည်း မဟုတ်ပါလား။
အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲမှာရှိတဲ့ သက်ရှိအားလုံးလည်း ဝေခွဲမရ မဖြစ်တော့ပါဘူး။ မုရုံချီက စွမ်းအားကြီးပေမဲ့ သူနိုင်မယ်လို့ ဘယ်သူမှ မထင်ကြပါဘူး။ သူနဲ့ ဟန်ဟွမ်ရဲ့ စွမ်းအားက တော်တော်လေး ကွာခြားတယ်ဆိုတာကို လူတိုင်း ပြောနိုင်ပါတယ်။
ဟုတ်ပါတယ်။ အဲဒီနေ့မှာပဲ မုရုံချီဟာ ပြိုင်ပွဲကနေ ထွက်သွားရပြီး ဟန်ဟွမ်ဟာ အနှိုင်းမဲ့ထိပ်ဆုံးနေရာဆိုတဲ့ အထွတ်အထိပ် ပလ္လင်ကို ရရှိသွားခဲ့ပါတယ်။
“တိတ်ဆိတ်ဂိုဏ်း ဟန်ဟွမ်က ပဋိပက္ခအစည်းအဝေးရဲ့ ပထမဆုံး အနှိုင်းမဲ့ပါရမီရှင် ဖြစ်လာခဲ့ပြီ” အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်ကိုသာမက ပဋိပက္ခတစ်ခုလုံးကိုပါ ပဲ့တင်ထပ်သွားပါတယ်။
ပဋိပက္ခတစ်ခုလုံး ဂယက်ထသွားပါတယ်။
“ဖေဖေ... အစ်ကိုနှစ် နိုင်သွားပြီ” ဟန်လင်က အံ့ဩတကြီး ပြောလိုက်ပေမဲ့ ဟန်ကျွယ်က ဘာမှ ပြန်မပြောပါဘူး။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ စကားကြောင့် ဟန်ဟွမ်ကို နည်းနည်း မကျေမနပ် ဖြစ်နေပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ပါရမီရှင်တွေကို အကြွင်းမဲ့ဆယ်ပါးမြို့တော်ရဲ့ ခန်းမဆီ ခေါ်ဆောင်လာပါတယ်။ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါးကို ဆုချဖို့ပါ။ သူတို့တွေအနေနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် မဖြစ်ဖို့ကို ငြင်းဆန်လို့ရပါတယ်။ ဒါပေမဲ့ ဘယ်ပါရမီရှင်က ငြင်းဆန်မှာလဲ။
မဟာတာအို နတ်စိတ်ဝိညာဉ် နေရာကလွဲရင် သူတို့တွေဟာ နယ်မြေနဲ့ ဆုလာဘ်တွေကိုလည်း အန္တိမဒဏ်ခတ်နတ်မင်းဆီကနေ ရဦးမှာပါ။ တစ်ယောက်ချင်းစီ ဆုပေးတာ ဖြစ်တဲ့အတွက် အတော်လေး ကြာပါတယ်။ ဒါပေမဲ့ လေထုက အတော်လေး တက်ကြွပါတယ်။
ဟန်ဟွမ်ကိုတော့ အန္တိမဒဏ်ခတ်နတ်မင်းဟာ တိုက်ရိုက် ဆုမပေးပါဘူး။ ဒါက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ပိုပြီးတော့ စိတ်ဝင်စားသွားစေပါတယ်။ အနှိုင်းမဲ့ထိပ်ဆုံးနေရာရဲ့ ဆုလာဘ်က ဘာများ ဖြစ်မလဲဆိုပြီးတော့ပေါ့။
“ပထမဆုံး ပဋိပက္ခ အစည်းအဝေးက ပြီးဆုံးသွားပြီ၊ နောက် ပဋိပက္ခ အစည်အဝေးကိုတော့ နှစ်သန်း ၅၀ ကြာရင် ကျင်းပမယ်” အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ကြော်ငြာချက်ကြောင့် အင်အားစုအသီးသီးဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ဝိုင်းပြီးတော့ ချီးကျူးကြပါတယ်။ နှစ်သန်းတစ်ရာက ရှည်ကြာလွန်းပြီး နှစ်သန်းငါးဆယ်က အနေတော်ပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ပဋိပက္ခ အစည်းအဝေး ပြီးဆုံးတာနဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ခေါ်ပြီး ကောင်းကင်တာအိုကို ခပ်သုတ်သုတ် ပြန်ပါတယ်။ လျှောက်သွားချင်သေးတဲ့ တပည့်တွေကိုတော့ ထားခဲ့ပါတယ်။ အတင်းမခေါ်ပါဘူး။
ပဋိပက္ခအစည်းအဝေးက တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို တော်တော်လေး လှုံ့ဆော်ပေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးအကုန်လုံးကို ဒုတိယ တာအိုစက်ကွင်းဆီ ပြန်ပို့ပြီး ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံစေပါတယ်။ ဒီကိစ္စကို ဘယ်သူမှ မကန့်ကွက်ကြပါဘူး။ သူတို့တွေဟာ ဒုတိယ ပဋိပက္ခ အစည်းအဝေးကိုတောင် မျှော်လင့်နေကြပါပြီ။
အရာအားလုံး စီစဉ်ပြီးတဲ့အခါ ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ရင်း သက်ပြင်းချလိုက်ပါတယ်။
ဟန်လင်ဟာ ဟန်ကျွယ်ဘေးမှာ ထိုင်ပြီး မေးလိုက်ပါတယ် “ဖေဖေ... ဖေဖေက အစ်ကိုနှစ် အနှိုင်းမဲ့ထိပ်ဆုံးနေရာ ရတာကို မပျော်ဘူးလား”
ဟန်ကျွယ် “ဒီပဋိပက္ခ အစည်းအဝေးမှာ ကိစ္စအကြီးကြီးတစ်ခု ဖြစ်သွားတယ်”
ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းရဲ့ အကြံအစည်တွေကို ပြန်ပြောင်း ပြောပြလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခ အကြောင်းကိုတောင် ထည့်ပြောလိုက်ပေမဲ့ လောကဦး နတ်ဘီလူး အကြောင်းကိုတော့ တစ်စက်မှ ထုတ်မပြောပါဘူး။
ဟန်ကျွယ်ဟာ သူ့သမီးကို အမြင်ပဲ ကျယ်စေချင်တာပါ။ အန္တရာယ်တောထဲ ဆွဲထည့်ချင်တာ မဟုတ်ပါဘူး။
ဟန်လင်ဟာ လန့်သွားပါတယ် ‘ငါ ဘာမှမသိလိုက်ဘဲ ပဋိပက္ခကို အန္တရာယ်ဖြစ်စေတဲ့ ကပ်ဘေးတစ်ခု ဖြစ်ပျက်သွားတာလဲ’
“ဖေဖေ... သူတို့က ဘယ်အဆင့်မှာလဲ၊ မဟာတာအို အထွတ်အထိပ်အဆင့်ရဲ့ အထက်မှာလား” ဟန်လင်က မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ဟန်လင်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ထပ်မမေးတော့ပါဘူး။
ဟန်ကျွယ် “လင်အာ... စွမ်းအားပိုကြီးတဲ့လူက အမြဲတမ်း ရှိတယ်၊ သမီး လျော့ရိလျော့ရဲ နေလို့ မရဘူး၊ ဖေဖေက သမီးလေးကို ဖေဖေနဲ့အတူ ထိပ်ဆုံးကို လိုက်တက်စေချင်တာ”
ဟန်လင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပြီး စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဟန်လင်ကတော့ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ ကျင့်ကြံမှုက နောက်ဆုံးအခြေအနေကို ရောက်နေပြီလားဆိုတာ ကြည့်ချင်တာကြောင့်ပါ။
ဟုတ်ပါတယ်။ ဟန်ကျွယ်ဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်မှာ ရှိတုန်းက သက်ရှိအားလုံးရဲ့ အချက်အလက်တွေကို ကူးယူခဲ့ပါတယ်။ ဒါကြောင့် တည်ရှိမှု တော်တော်များများရဲ့ ကျင့်ကြံမှုတွေက အသစ်ပြန်ဖြစ်သွားပါတယ်။ လက်ရှိ အသွင်တူ လက်ရည်စမ်းပွဲက အလွန်တရာမှ ခေတ်မီနေပြီလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခထဲမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ၉၀ ရာခိုင်နှုန်း ပါဝင်နေလို့ပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။