← Chapters

အန္တိမသတ်ဖြတ်ကြယ်

Vol. 97 Ch. 1014

အန္တိမသတ်ဖြတ်ကြယ်

Vol. 97 Ch. 1014

မျိုးဆက်ဟောင်း တာအိုပညာရှိတွေဟာ တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်ပြီး တရစပ် ငြင်းခုံပါတယ်။ အချိန်ကြာလာတာနဲ့ တာအိုပညာရှိအသစ်တွေလည်း ဘက်ရွေးလာကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းကိုက်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိနေတုန်းက အချိန်ကို သတိပြန်ရသွားပါတယ်။ အဲဒီတုန်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မျက်စိအောက်မှာ ငြင်းခုံဖို့ မဆိုထားနဲ့၊ စကားတောင် ကျယ်ကျယ် ပြောရဲကြတာ မဟုတ်ပါဘူး။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကောင်းကင်အရှင်ရွှမ်တု စိတ်ထဲက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ပုံရိပ်ဟာ ဝေဝါးလာပါတယ်။ နာမည်အရင်းကိုလည်း မေ့သွားပါတယ်။

နောက်ဆုံးမှာ ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ကောင်းကင်ပျံဂိုဏ်းချုပ်နဲ့ ဟန်မိသားစုဦးစီးကို ပုကျိုးနတ်တောင်ထိပ်မှာ တွေ့ခိုင်းလိုက်၊ တာအိုပညာရှိ ဟန်ယွီ... မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာအောင် ကိုယ်တိုင်သွားပြီး ကြီးကြပ်ပေးပါ”

ဟန်ယွီဟာ ခေါင်းညိတ်လိုက်ပါတယ်။

ပြောရရင် ဟန်မိသားစုဦးစီးနဲ့ ဟန်ယွီနဲ့က တစ်မျိုးဆက်တည်းပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက ကွာခြားလွန်းတဲ့အတွက် တစ်ခါမှ မတွေ့ဖူးပါဘူး။

ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကို ကြားလိုက်ရတဲ့အခါ တာအိုပညာရှိတွေဟာ မျက်နှာမသိမသာ ပြောင်းသွားကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ဟန်မိသားစုကို မျက်နှာသာပေးတယ်လို့ သူတို့တွေ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ယွီရဲ့ရှေ့မှာ သူတို့တွေ စိတ်လိုက်မာန်ပါ မလုပ်ရဲပါဘူး။

ဟန်ယွီက အေးအေးဆေးဆေး နေတဲ့လူဆိုပေမဲ့ သူ့မြေးတပည့် ချင်လင်းက ဆတ်ဆတ်ထိမခံပါ။ တစ်ခါက တာအိုပညာရှိတစ်ပါး ဟန်ယွီအကြောင်း မကောင်းပြောတာကို ချင်လင်း ကြားသွားတဲ့အခါ ရေမြေအဆုံးအထိ လိုက်သတ်ခဲ့ပါတယ်။ မျိုးဆက်ဟောင်း တာအိုပညာရှိတစ်ပါးကသာ ကြားဝင် မဖျန်ဖြေရင် အဲဒီတာအိုပညာရှိ အသက်နဲ့ကိုယ် အိုးစားကွဲမှာပါ။

ဒီကိစ္စ ပြီးသွားတဲ့အခါမှာတော့ တခြားတာအိုပညာရှိတစ်ပါးက နောက်ထပ် အရေးကြီးကိစ္စတစ်ခုကို တင်ပြပါတယ်။ ဒီနေရာက စကြဝဠာခန်းမပါ။ ဒီနေရာမှာ တာအိုပညာရှိတွေ စုဝေးမိပြီဆိုတာနဲ့ ပြဿနာတွေ ဖြေရှင်းတာမလို့ သူတို့ အစည်းအဝေးက တော်တော်ကြာပါတယ်။

ကောင်းကင်မှာ နေမင်းကြီး တောက်ပပြီး မြေပြင်မှာတော့ တောင်တန်းတွေ လှိုင်းထနေပါတယ်။ ဟန်ကျွယ်နဲ့ ဟန်လင်ဟာ တောအုပ်တစ်အုပ်ထဲ လမ်းလျှောက်နေကြပါတယ်။ ဒီတောအုပ်က သိပ်မထူထပ်ဘဲ ကျင့်ကြံသူအများကြီးဟာ သွားချည်လာချည်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ သူတို့တွေ အကုန်လုံး တစ်နေရာတည်းကို ဦးတည်ပြီး သွားနေကြတာပါ။

ဟန်ကျွယ်နဲ့ ဟန်လင်က သာလွန်အင်မော်တယ်တွေလိုမျိုး ဖြစ်နေတဲ့အတွက် တော်တော်လေး အာရုံစိုက်ခံရပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဘယ်သူမှ သူတို့ကို ပြဿနာလာမရှာပါဘူး။

ဟန်လင်က မေးလိုက်ပါတယ် “ဖေဖေ... ရှေ့ကရောင်ဝါက သိပ်အားမရှိဘူး၊ သွားလာနေတဲ့ တချို့ကျင့်ကြံသူတွေကိုတောင် မမီဘူး၊ အလိမ်အညာများလား မသိဘူး”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒါ ဖေဖေတို့နဲ့ ဘာဆိုင်လို့လဲ၊ အပျော်ဝင်ကြည့်တယ်လို့ပဲ သဘောထား... သွားကြရအောင်”

သားအဖနှစ်ယောက်ဟာ တောင်ပေါ်တက်ပြီး ကျောက်သား ဇရပ်တစ်ဆောင်မှာ ရပ်နားလိုက်ပါတယ်။ ဒီတောင်က အလွန်တရာ ကြီးမားပြီး အနီးအနားမှာရှိတဲ့ တောတောင်မြစ်ချောင်းတွေကို ငုံ့ကြည့်လို့ရပါတယ်။

ဒီနေရာကနေကြည့်ရင် တောင်ခါးပန်းမှာ တည်ရှိတဲ့ တာအိုဘုံကျောင်း တစ်ကျောင်းကို တွေ့မြင်နိုင်ပါတယ်။ ဒီတာအိုဘုံကျောင်းရှေ့မှာ စင်မြင့်တစ်ခုရှိပြီး ကျင့်ကြံသူ ဒါဇင်ကျော် ထိုင်နေပါတယ်။ အနီးအနားက တောင်တွေမှာလည်း ကျင့်ကြံသူတွေ ရှိနေပါတယ်။

ဟန်ကျွယ်ဟာ ကျောက်သားဇရပ်မှာ နားရင်း မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတစ်ကြိမ်ကို အသုံးပြုလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကို စုထားတာ နှစ်ကြိမ် ရှိပါပြီ။ အခု အခွင့်အရေး တစ်ကြိမ်ကို အသုံးပြုဖို့ အချိန်ကျပါပြီ။

[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုအား အသုံးပြုနေပါသည်။ သင့်မျိုးဆက်ထဲ၌ မဟာဖန်တီးမှုတစ်ခု ကျပမ်း ပေါ်ပေါက်လာလိမ့်မည်။]

[သင့်မျိုးဆက် ဟန်ယဲ့သည် ရှန်တျန်မဟာဖန်တီးမှု အန္တိမသတ်ဖြတ်ကြယ်အား နိုးထလိုက်သည်။]

[အန္တိမသတ်ဖြတ်ကြယ်: သတ်ဖြတ်ကြယ် ဝိညာဉ်ဖြင့် မွေးဖွားပြီး မောက်မာသော သဘောရှိ၏။ ပိုသတ်လေလေ ကျင့်ကြံမှု အားကောင်းလေလေ ဖြစ်ပြီး မိုးမြေတစ်ခွင်၌ရှိသော မည်သည့် ကံတရား အထောက်အပံ့ကိုမှ ခံယူနိုင်စွမ်း မရှိပါ။]

‘အန္တိမသတ်ဖြတ်ကြယ်...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သိချင်သွားတာကြောင့် ဟန်ယဲ့ကို စပြီးတော့ တွက်ချက်ကြည့်လိုက်ပါတယ်။

ဟန်ယဲ့က ဟန်ယွင်ကျင်းရဲ့ မျိုးဆက် မဟုတ်ပါဘူး။ ဟန်ယွီရဲ့ မျိုးဆက်ပါ။ သူတို့သွေးစည်းတွေက ပင်မမိသားစုကနေ မျိုးဆက်ပေါင်း ထောင်ချီ ကွာခြားသွားပါပြီ။ ဒါကြောင့် ဟန်ယွင်ကျင်းဟာ သေမျိုးကမ္ဘာရဲ့ ရွာတစ်ရွာမှာ မွေးဖွားလာပါတယ်။ ဟန်ယွင်ကျင်းရဲ့ မိဘတွေဟာ လယ်သမားတွေဖြစ်ပြီး သူတို့ဘိုးဘေးတွေရဲ့ ဇာစ်မြစ်ကို မသိကြပါဘူး။

ဟန်ယဲ့ဟာ နှစ်နှစ်သားလေးပဲ ရှိသေးပြီး အကြီးအကျယ် ပြောင်းလဲမှု ဖြစ်ပေါ်နေပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “အန္တိမသတ်ဖြတ်ကြယ်နဲ့ လောကဦး ဧကရာဇ်ကြယ်မှာ ဘယ်သူက စွမ်းအားပိုကြီးလဲ”

[ရှန်တျန် မဟာဖန်တီးမှုများအား နှိုင်းယှဉ်ရန် ခက်ခဲသည်။]

ဟန်ကျွယ်ဟာ ဟန်ယဲ့ကို စိတ်ဝင်စားသွားတာကြောင့် နှစ်အနည်းငယ် သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လေးငါးဆယ်နှစ်က ဟန်ကျွယ်အတွက် မျက်စိတစ်မှိတ်စာတောင် ရှိတာ မဟုတ်ပါဘူး။

တောထဲမှာ စူးရှတဲ့မျက်ခုံး တောက်ပတဲ့မျက်လုံးနဲ့ လူငယ်တစ်ယောက်ဟာ လေပေါ်ပျံသလို လမ်းလျှောက်နေပါတယ်။ သူ့ရှေ့မှာတော့ သာမန်လူတစ်ယောက်ထက် ပိုမြင့်တဲ့ တောဝက်တစ်‌ကောင် ရှိနေပါတယ်။

“ဝက်စုတ်... မင်း ငါ့လယ်ထဲကို ထပ်ကျူးကျော်ပြန်ပြီ၊ မင်း ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့ကွာ”

လူငယ်ဟာ တောဝက်ပေါ် ခုန်တက်ပြီး လက်သီးသေးသေးလေးနဲ့ ထိုးချလိုက်ပါတယ်။

“ဒုန်း...”

‌တောဝက်ဟာ မြေပြင်ပေါ်လဲကျပြီး ဆူဖြိုးလှတဲ့ခေါင်းဟာ မြေကြီးနဲ့ သွားဆောင့်တာကြောင့် အရိုးကျိုးကာ သွေးတွေ လွှင့်စဉ်ထွက်ကုန်ပါတယ်။

လူငယ်ဟာ မကျေနပ်သေးဘဲ ဆက်ပြီးတော့ လက်သီးထိုးတာကြောင့် တောဝက်ဟာ ခပ်မြန်မြန်ပဲ သေဆုံးသွားပါတယ်။ အဲဒီနောက် လူငယ်ဟာ မတ်တတ်ရပ်ပြီး သွားဖြဲရယ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လူငယ်ဟာ တောဝက်ကို သူ့အိမ်ဆီ ပြန်သယ်သွားပါတယ်။ လူငယ်နဲ့ တောဝက်ရဲ့ အရွယ်အစားက တော်တော်လေးကို ကွာခြားလွန်းပါတယ်။ ခါချဉ်ကောင် ပေါင်မုန့်ချပ်ကို ထမ်းထားသလိုပါပဲ။

ရွာဆီပြန်ရောက်တဲ့အခါ လူငယ်ဟာ တောဝက်ကို တံခါးရှေ့ ပစ်ချလိုက်တဲ့အတွက် ရွာသားတွေ ထွက်ကြည့်ကြပါတယ်။

“ဟန်ယဲ့က တကယ်ကို စွမ်းအားကြီးတာပဲ”

“ကျွတ်..ကျွတ်... ကိုးနှစ်သားကလေးရဲ့ စွမ်းအားက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေပြီ၊ ကောင်းကင်ကနေ မိစ္ဆာသခင် ဆင်းလာသလိုပဲ”

“ကောင်းတယ်... ဒီတောဝက် သေသင့်တယ်”

“ဟားဟား... ဟန်ယဲ့ ငါတို့ကို ဝက်သားနည်းနည်းပေးလို့ ရမလား”

“ကျွတ်..ကျွတ်... အရင်တစ်ခေါက်က ကျားကြီးတစ်ကောင် သတ်ခဲ့တယ်၊ အခုကျတော့ လှည်းလောက်ရှိတဲ့ တောဝက်ကို သတ်ပြန်ပြီ၊ တော်တော်ကြမ်းတာပဲ”

ဟန်ယဲ့ဟာ ခါးထောက်ပြီး ရယ်မောလိုက်ပါတယ် “မင်းတို့တွေ အသားကို မျှယူကြ၊ ငါ့အိမ်ကို ညာပေါင်ပို့လိုက်”

စကားဆုံးတာနဲ့ လူငယ်ဟာ ရွာဘယ်ဘက်မှာရှိတဲ့ တောင်ဆီ ပြေးသွားပါတယ်။ လူငယ်ဟာ တောထဲက မျောက်လိုမျိုး လျင်မြန်စွာ ခရီးနှင်တဲ့အတွက် ဆယ်မိုင်ကျော်ဝေးတဲ့ တောင်ကြားတစ်ခုကို မကြာခင်မှာပဲ ရောက်ရှိသွားပါတယ်။ ဒီတောင်ကြားဝကို ချုံနွယ်ပိတ်ပေါင်းတွေ ကာရံထားတဲ့အတွက် ဒီအတိုင်းကြည့်ရင် ဒီနေရာမှာ လမ်းရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဟန်ယဲ့ကတော့ ဝင်နေကျမလို့ တစ်ခါတည်း ပြေးဝင်သွားပါတယ်။ တောင်ကြားထဲ ရောက်တဲ့အခါ သစ်သားအိမ်လေးတစ်လုံး ရှိနေပါတယ်။ ဒီသစ်သားအိမ်လေးရဲ့ ရှေ့မှာတော့ ရေအိုင်လေးတစ်အိုင် ရှိနေပါတယ်။

ငယ်ရွယ်တဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီရေအိုင်ရှေ့မှာ ငါးမျှားနေပါတယ်။ အမျိုးသမီးက နတ်မိမယ်တမျှ လှပပြီး ပြည်ပျက်စေနိုင်လောက်ပါတယ်။ အမျိုးသားကတော့ ဒီထက်ပိုချောမောပြီး အမျိုးသမီးထက် အင်မော်တယ်ရောင်ဝါ ပိုရှိပါတယ်။

ဟန်ယဲ့ဟာ သူတို့နားကို ချဉ်းကပ်ပြီး စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “အင်မော်တယ်ဆရာတို့... ကျွန်တော် ဒီနေ့ အတော်လေးကြီးတဲ့ တောဝက်တစ်ကောင်ကို သတ်ခဲ့တယ်၊ အင်မော်တယ်ဆရာတို့ ဒီအိမ်လောက်ကြီးတဲ့ တောဝက်ကို မြင်ဖူးလား၊ ကျွန်တော် အဲဒီလောက်ကြီးတဲ့ တောဝက်ကို လက်သီးသုံးချက်၊ ခြေကန်ချက်နှစ်ချက်နဲ့ သတ်ခဲ့တာ”

ဟန်ကျွယ်ဟာ ဟန်ယဲ့ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်ပါတယ် “မင်းရဲ့ ခွန်အားရော တိုးလာလား”

ဟန်ယဲ့ဟာ စိတ်လှုပ်တရှား ခေါင်းညိတ်ပြီး လက်သီးဆုပ်လိုက်ပါတယ် “အင်မော်တယ်ဆရာ... အင်မော်တယ်ဆရာ သင်ပေးတဲ့ ကံကောင်းပညာရပ်က တော်တော်စွမ်းတယ်၊ ဒီတောဝက်ကို သတ်ပြီးတဲ့အခါမှာ ကျွန်တော်ခွန်အားက တကယ်ကြီး တိုးလာတယ်”

ဟန်လင်ဟာ မျက်မှောင်ကြုတ်လိုက်ပေမဲ့ ဘာမှ ဝင်မပြောပါဘူး။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “မင်း ငါတို့ကို ဒီအကြောင်း လာပြောတာလား”

ဟန်ယဲ့ဟာ ခေါင်းကုတ်ပြီး ရယ်မောလိုက်ပါတယ် “အင်မော်တယ်ဆရာတို့... ကျွန်တော် ခွန်အား ဒီထက်တိုးလာအောင် မိစ္ဆာသားရဲတွေကို ပိုပြီးတော့ သတ်ချင်တယ်၊ ဒါပေမဲ့ ဒီတောထဲမှာက သားရဲသိပ်မရှိဘူး၊ ကျွန်တော် ဘာလုပ်သင့်လဲ”

“နင်သိတာက သတ်ဖို့ပဲ၊ နင်က ငယ်ငယ်လေးနဲ့ ဒီလောက် ကြမ်းတမ်းနေပြီ” ဟန်လင်ဟာ ဟန်ယဲ့ကို ကြိမ်းမောင်းလိုက်ပါတယ်။

ဟန်ယဲ့ ဟန်ကျွယ်တို့ နှစ်ယောက်နဲ့ သိတာ လဝက် ရှိသွားပါပြီ။ ဟန်ယဲ့ အကြောက်ဆုံးက ဟန်လင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်လင်က သူ့ကို တစ်ခါမှ စကား ကောင်းကောင်း မပြောလို့ပါ။

ဟန်ယဲ့ဟာ ဟန်ကျွယ်ကို သနားစဖွယ်မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။

ဟန်ယဲ့ဟာ အသက်ကိုးနှစ်ပဲ ရှိသေးပေမဲ့ သူ့ခန္ဓာကိုယ်က ၁၃ နှစ် ၁၄ နှစ်လိုပါပဲ။ ဟန်ယဲ့ရဲ့ ရုပ်သွင်က ဟန်ကျွယ်နဲ့ လားလားမှ မဆင်ပေမဲ့ ဟန်ကျွယ်ရဲ့ သွေးစည်းရှိတာတော့ အမှန်ပါ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ မင်းကို လက်သီးပညာရပ်တစ်ခု သင်ပေးမယ်၊ မင်း ခွန်အားကြီးလာဖို့ သူတို့ကို လျှောက်သတ်စရာ မလိုဘူး၊ ပြန်သွားပြီး လအနည်းငယ်လောက် လေ့ကျင့်ချည်၊ မင်း ဒီလက်သီးပညာရပ်ကို တတ်မြောက်သွားရင် ငါတို့ကို ပြန်လာရှာချည်”

အဲဒီနောက် ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဟန်ယဲ့ရဲ့ နဖူးကို ညွှန်လိုက်ပါတယ်။ ဟန်ယဲ့ဟာ တဆတ်ဆတ်တုန်သွားပြီး ချက်ချင်း ငေးကြောင်ကြောင် ဖြစ်သွားပါတယ်။ ဟန်ယဲ့ သတိပြန်ဝင်လာတဲ့အခါမှာတော့ သူ့အိမ်ကို ပြန်ရောက်နေပါပြီ။ ဟန်ယဲ့ရဲ့ စိတ်ထဲမှာလည်း မှတ်ဉာဏ်တစ်ခု ပေါ်လာပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ယဲ့ဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားကာ ဟန်ကျွယ်က တကယ် အင်မော်တယ်ဆရာသခင်လို ယုံကြည်သွားပါတယ်။

တောင်ကြားထဲတွင်။

ဟန်လင်ဟာ နားမလည်နိုင်ဘဲ မေးလိုက်ပါတယ် “ဖေဖေ... ဖေဖေ ဘာဖြစ်လို့ သူ့ကို ဒီလောက်တောင် မျက်နှာသာပေးတာလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေ သူ့ကို မျက်နှာသာမပေးလို့ မရဘူးလား”

“သူက သမီးတို့သွေးစည်းရဲ့ မျိုးဆက်ဆိုပေမဲ့ ဝါစဉ်က အများကြီး ကွာခြားလွန်းတယ်၊ သူက သမီးတို့အတွက် သူစိမ်းလိုပဲ၊ နောက်ပြီး ဒီကလေးရဲ့ ပင်ကိုစရိုက်က ကြမ်းတမ်းလွန်းတယ်၊ သမီး သူ့ဆီမှာ ကောင်းတာ ဘာမှမမြင်ဘူး” ဟန်လင်ဟာ ခေါင်းခါလိုက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ‌ တွေးလိုက်ပါတယ် ‘ကြည့်ရတာ ဒီရှန်တျန်မဟာဖန်တီးမှုတွေက တစ်ယောက်ကို တစ်ယောက် မမြင်နိုင်ဘူးနဲ့ တူတယ်’

ဟန်လင် ကျန်းကျွယ်ရှီကို မြင်နိုင်တာက လောကဦး ဧကရာဇ်ကြယ်ရဲ့ အဆင့်မြင့်မှုကြောင့်ပါ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူက သတ်ဖြတ်ရတာကို နှစ်သက်ပေမဲ့ သူ့ရွာအပေါ် တော်‌တော်လေး ကောင်းတယ်၊ ကျင့်ကြံမှုလမ်းစဉ်မှာ မသတ်တဲ့လူ တစ်ယောက်မှ မရှိဘူး၊ သမီး မတွေ့ကြုံရသေးတာပဲ ရှိတာ၊ အဲဒါကြောင့်လည်း ဖေဖေတို့ ဒီကို ရောက်နေတာ၊ ဖေဖေကြောင့်သာ မဟုတ်ရင် လုံခြုံတဲ့ ကျင့်ကြံဖို့နေရာတစ်ခု ရဖို့အတွက် သမီး သူများတွေနဲ့ တိုက်ခိုက်နေရလိမ့်မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters