ဖန်တီးမှု စိတ်ဆန္ဒ
Vol. 97 Ch. 1016
‘ကောင်းကင်အောင်ပွဲကြယ်... နာမည်ကတော့ အထင်ကြီးဖို့ကောင်းသား...’
ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုရဲ့ ရွေးချယ်ခံရသူ အကုန်လုံးက ကြယ်တွေနဲ့ အဆုံးသတ်တာကို ရှာတွေ့သွားပါတယ်။
‘ဒါက ငါ့ရဲ့ လောကဦးကြယ်တာရာ ခန္ဓာကိုယ်နဲ့ ပတ်သက်နေတာလား... ဒီဖန်တီးမှုတွေက အန္တိမမူလကမ္ဘာရဲ့ ကြယ်တွေဆီက လာတာများလား...’
ဟန်ကျွယ်ဟာ ဟန်ယောင်ကို တွက်ချက်ကြည့်လိုက်ပါတယ်။ ဟန်ယောင်ဟာ လီယောင်ရဲ့သား ဟန်ယွင်ကျင်းရဲ့ မျိုးဆက်ပါ။ ဟန်ယောင်ဟာ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ပင်မ ဟန်မိသားစုကနေ မွေးဖွားလာတာပါ။ သူ့ရဲ့ စမှတ်က ဟန်ယဲ့ထက် အများကြီး မြင့်မားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယောင်ကို ဟန်ယဲ့လိုမျိုး ဆက်ဆံစရာ မလိုပါဘူး။ ဟန်ယဲ့က ဘာမှမရှိတဲ့အတွက် တစ်ယောက်ယောက်က သူ့ကို ကျင်ကြံမှုလမ်းဆီ ဦးဆောင်ပေးဖို့ လိုပါတယ်။ ဒါပေမဲ့ ဟန်ယောင်ကတော့ မတူပါဘူး။ ဟန်ယောင်က ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတာ ဖြစ်တဲ့အတွက် ကျင့်ကြံမှုလမ်းပေါ် လျှောက်လှမ်းဖို့ ဘာမှ မခက်ပါဘူး။ ဟန်ကျွယ်ဟာ ဟန်ယောင် အရွယ်ရောက်လာမှ ဘေးနားခေါ်ထားလိုက်မှာပါ။
‘ဟန်ယဲ့... ဟန်ယောင်...’ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး မနေနိုင်ဘဲ ပြုံးမိလိုက်ပါတယ်။
ဒါကို မြင်တဲ့ ဟန်လင်က မေးလိုက်ပါတယ် “ဖေဖေ... ဘာတွေးနေတာလဲ”
“ဟန်မိသားစုမှာ နောက်ထပ် မျိုးစေ့ကောင်းလေး ပေါ်လာပြီ”
ဟန်ကျွယ်ရဲ့ စကားကြောင့် ဟန်လင်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့သမီးမျက်နှာကို ကြည့်ပြီး တစ်ချက်ပြုံးကာ ဆက်ပြီးတော့ ခရီးနှင်ပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ပုကျိုးနတ်တောင်။
အင်အားစုအကုန်လုံး ဒီနေရာမှာ စုဝေးနေကြပါတယ်။ တောင်တစ်ခုလုံး မျိုးနွယ်စု အသီးသီးက ကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေပါတယ်။
တောင်ထိပ်မှာ ရုပ်သွင်နှစ်သွင်ဟာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ရပ်နေကြပါတယ်။ တစ်ယောက်က ကောင်းကင်ပျံဂိုဏ်းချုပ် ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဟန်မိသားစုဦးစီးပါ။ အဝေးမှာတော့ ဟန်ယွီဟာ သစ်ပင်အိုကြီးအောက်ထိုင်ပြီး တိတ်တဆိတ် စောင့်ကြည့်နေပါတယ်။
ဟန်မိသားစုနဲ့ ကောင်းကင်ပျံဂိုဏ်းချုပ် တပည့်တွေက ပုကျိုးနတ်တောင်ရဲ့ အပြင်ဘက် ကောင်းကင်ယံကနေ ကြည့်နေပါတယ်။ နှစ်ဖက်စလုံး အတော်လေး နိုးကြားနေကြပြီး အလွန်တရာမှ ရင်ထိတ်နေကြပါတယ်။
ကောင်းကင်ပျံဂိုဏ်းချုပ်က ပထမဆုံး စပြောပါတယ် “တာအိုရောင်းရင်းဟန်... ဒီကိစ္စရဲ့အစက မင်းရဲ့ ဟန်မိသားစုတပည့်တွေပဲ၊ မင်းက ကောင်းကင်ပျံဂိုဏ်း တပည့်တွေကို ဘာမှမလုပ်ဘဲ ငြိမ်ခံစေချင်တာလား”
ဟန်မိသားစုဦးစီးက နှာခေါင်းရှုံ့လိုက်ပါတယ် “ငါ့ရဲ့ ဟန်မိသားစုတပည့်ကြောင့်ဆိုတာ အမှန်ပဲ၊ ဒါပေမဲ့ မင်းတပည့်က သူ့ကို သင်ခန်းစာပေးလိုက်ရင် ပြီးတာပဲ၊ ဒီလောက်ထိ ရက်စက်ဖို့ လိုလို့လား”
ကောင်းကင်ပျံဂိုဏ်းချုပ် “သင်ခန်းစာပေးရုံနဲ့ ရမလား၊ မင်းတပည့်က ငါ့တပည့်ရဲ့ အခွင့်အရေးကို ဖျက်ဆီးလိုက်တာလေ၊ ဒီလိုအခြေအနေမျိုးက ကျင့်ကြံခြင်းလောကမှာ ကမ္ဘာမကျေရန်ငြိုးပဲ၊ မင်းတို့ ဟန်မိသားစုက စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့အထိ စွမ်းအားကြီးနေပြီလား”
“ကျင့်ကြံခြင်းလောကမှာ လက်စားချေဖို့လိုတယ်၊ အငယ်ကို တိုက်ရင် အကြီးက ပြန်တိုက်မှာပဲ၊ မင်းရဲ့ ကောင်ကင်ပျံဂိုဏ်းက ဘာကိစ္စနဲ့ တာအိုပညာရှိကို အကူအညီ တောင်းရတာလဲ၊ နောက်ပြီး ဒီအခွင့်အရေးက မင်းတပည့်တစ်ယောက်တည်း ပိုင်တာလည်း မဟုတ်ဘူး၊ အဲဒီအချိန်တုန်းက ဒီအခွင့်အရေးကို ဘယ်သူရမလဲဆိုတာ ဘယ်သူမှ မသိဘူး၊ ငယ်လူတွေ အခွင့်အရေးအတွက် တိုက်ခိုက်တာကို မင်းတပည့် ရှုံးသွားတာနဲ့ပဲ ငါ့ရဲ့ ဟန်မိသားစုတပည့်တွေကို အပြစ်တင်ရရောလား”
ဟန်မိသားစုဦးစီးရဲ့ သရော်စကားကြောင့် လေထုဟာ ရုတ်ခြည်း အေးခဲသွားပါတယ်။ ကောင်းကင်ပျံဂိုဏ်းချုပ်ရဲ့ မျက်နှာဟာ အေးစက်သွားပြီး မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ ပြည့်သွားပါတယ်။
ဟန်မိသားစု ဦးစီးကလည်း မကြောက်ပါဘူး။ မျက်နှာပေါ်က အထင်အမြင်သေးတဲ့ အမူအရာဟာ ပိုပြီးတော့တောင် ပေါ်လွင်လာပါတယ်။
ဟန်ယွီဟာ ရွေးချယ်စရာမရှိဘဲ ဝင်ပါလိုက်ရပါတယ် “မင်းတို့နှစ်ယောက်... ဒီပြဿနာကို ဖြေရှင်းဖို့ အချိန်တန်ပြီ၊ မင်းတို့တွေ ဘာရမှ ကျေနပ်ကြမှာလဲ... ငါ့ကိုပြော...”
ဟန်ယွီရဲ့ စကားကြောင့် ဟန်မိသားစုဦးစီးဟာ သူ့ရောင်ဝါကို ပြန်သိမ်းလိုက်ရပါတယ်။ အဲဒီနောက် အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ဦးဟာ ကလေးငယ်များပမာ အပြိုင်အဆိုင် ငြင်းခုံကြပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ပုကျိုးနတ်တောင် တစ်ဝက်ကို ရောက်နေတဲ့ ဟန်ကျွယ်နဲ့ ဟန်လင်လည်း ဒီပွဲကို ကြည့်နေပါတယ်။
ဟန်လင်ဟာ သက်ပြင်းချလိုက်ပါတယ် “သမီးတို့ ဟန်မိသားစုက တကယ်ကို ဗိုလ်ကျတာပဲ”
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ကံရေစက်ကို ဆုံးဖြတ်ဖို့ ခက်တယ်”
ဟန်ကျွယ်ဟာ ဒီကိစ္စထဲ ဝင်ပါဖို့ မစီစဉ်ထားပါဘူး။ ဟန်မိသားစုက အတော်လေး စွမ်းအားကြီးနေပါပြီ။ ဟန်ယွီ၊ ဟန်ထော်၊ ဟန်ဟွမ်နဲ့ ဟန်ချင်းအာတို့ကို ထည့်မတွက်ရင်တောင် တခြားလူတွေက သူတို့နောက်ခံ ဖြစ်နိုင်ပါသေးတယ်။
ပွဲကို ကြည့်နေရင်းနဲ့ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ စနစ်ရဲ့ ဇာစ်မြစ်ကို အခုသိချင်တယ်”
ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် ဖြစ်တာနဲ့ စနစ်ရဲ့ ဇာစ်မြစ်ကို နားလည်နိုင်စွမ်း ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ စနစ်ရဲ့ ဇာစ်မြင်ကို ခန့်မှန်းထားပြီးပါပြီ။ ဒါကြောင့် ဒီမေးခွန်းရဲ့ အဖြေအတွက် သိပ်ပြီးတော့ ရင်မခုန်ပါဘူး။
ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်ဖြစ်တာတောင် စနစ်ရဲ့ တည်ရှိမှုကို အာရုံမခံနိုင်သေးပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် စနစ်က နဝမပဋိပက္ခနဲ့ ဘာမှမပတ်သက်ပဲ လောကဦးပဋိပက္ခကို ဖန်တီးခဲ့တဲ့ လောကဦး နတ်ဘီလူးနဲ့သာ ပတ်သက်တယ်ဆိုတာ ထင်ရှားပါတယ်။
လောကဦးနတ်ဘီလူးက ဟန်ကျွယ် သိတဲ့ တည်ရှိမှုတွေထဲမှာ ရှေးအကျဆုံးပါ။
[စနစ်၏ ဇာစ်မြစ်ကို ခြေရာခံလိုပါသလား။ ကျေးဇူးပြု၍ ဂရုတစိုက် ရွေးချယ်ပါ။]
‘ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလို့ ငါ့ကို ဂရုတစိုက် ရွေးချယ်ခိုင်းရတာလဲ’
“ငါ သေမှာလား”
[မသေပါ။]
“ဒါဆို ငါ့ကို ထိခိုက်မှု ဖြစ်စေနိုင်လား”
[မဖြစ်စေနိုင်ပါ။]
ဟန်ကျွယ်ဟာ ဆွံ့အသွားပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
“ဝုန်း...”
ဟန်ကျွယ်ရဲ့ အတွေးတွေဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။ ခရမ်းရောင်က အမှောင်ထုကို ဖယ်ရှားပြီး ဟန်ကျွယ်ကို မျက်လုံးဖွင့်အောင် ဖိအားပေးလိုက်ပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ ခရမ်းရောင်ချီတွေ ပြည့်နှက်နေတဲ့ ဟင်းလင်းပြင်တစ်ခုထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ အလွန်တရာ ကြီးမားလာတဲ့ နေမင်းကြီးတစ်စင်းဟာ ဟင်းလင်းပြင်ထဲမှာ လင်းထိန် တောက်ပနေပါတယ်။ ဟန်ကျွယ် ဒီနေမင်းကြီးရဲ့ အပူရှိန်ကိုတောင် ခံစားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်တဲ့အခါ နေမင်းကြီးထဲမှာ ပုန်းနေတဲ့ ရုပ်သွင်တစ်သွင်ကို တွေ့လိုက်ရပါတယ်။ ဒါက လောကဦးပဋိပက္ခပါ။ ဒါကြောင့် နေမင်းကြီးထဲမှာ ရှိနေတာက လောကဦး နတ်ဘီလူးပဲ ဖြစ်နိုင်ပါတယ်။
“နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ”
ဘာခံစားချက်မှ မပါတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “လောကဦး နတ်ဘီလူးလား”
ခံစားချက်မပါတဲ့အသံက ပြန်ဖြေပါတယ် “မဟုတ်ဘူး... လောကဦး နတ်ဘီလူးက မင်းလိုပဲ ဆက်ခံသူတစ်ယောက်... ဒါပေမဲ့ အမွေဆက်ခံတဲ့လမ်းမှာ သူ သေသွားတယ်”
ဟန်ကျွယ်ဟာ နှလုံးလှုပ်သွားပါတယ် ‘လောကဦး နတ်ဘီလူး မဟုတ်ဘူးလား... ဒါဆို ဘာလဲ’
“ဒါဆို ခင်ဗျားက ဘယ်သူလဲ” ဟန်ကျွယ်က မတိုးမကျယ် မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရင်ထဲမှာ အတော်လေး လေးလံသွားပါတယ်။ ဒါက မသိမှုကို ရင်ဆိုင်ရတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူသားတွေရဲ့ သဘာဝပါ။
“ငါ့တည်ရှိမှုက နာမည်မရှိဘူး၊ မင်း ငါ့ကို နာမည်တစ်ခုပေးချင်ရင် ငါက အရာအားလုံးကို ဖန်တီးတဲ့ စိတ်ဆန္ဒပဲ”
‘ဖန်တီးမှု စိတ်ဆန္ဒ’
“အစတုန်းက ဘာမှမရှိဘူး၊ စိတ်ကူးတောင် မရှိဘူး၊ ဖန်တီးမှု ပေါ်မလာခင်အထိပေါ့၊ ဘယ်လို ပေါ်လာလဲဆိုတာတော့ ငါလည်း မသိဘူး၊ အဲဒါက လောကတစ်ခု ဖန်တီးလိုက်တယ်၊ အဲဒီလောက ဖြစ်တည်လာတဲ့အခါ ငါ မွေးဖွားလာတာပဲ၊ ဒါပေမဲ့ အဲဒီလောကက အရမ်းသေးတယ်၊ ငါ အဲဒီလောကကို ကြီးထွားလာအောင် ကူညီပေးချင်ပေမဲ့ ငါက အဲဒီဖန်တီးမှုတွေထဲ ဝင်ပါလို့မရဘူး၊ အဲဒါကြောင့် ငါ့စိတ်ဆန္ဒကို အခွင့်အရေး အကြီးကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲပြီး လောကထဲ ဝင်လိုက်တာ၊ လောကဦး နတ်ဘီလူး မွေးဖွားမလာခင် တခြား တည်ရှိမှု ဒါဇင်ကျော်လည်း ငါ့ကို ရခဲ့ဖူးတယ်၊ ကံဆိုးချင်တော့ သူတို့တွေ မအောင်မြင်ဘူး”
“လောကဦး နတ်ဘီလူးက ပထမဆုံး တစ်ဝက်အောင်မြင်တဲ့ ပုဂ္ဂိုလ်ပဲ၊ င့ါအကူအညီနဲ့ သူ လောကဦးပဋိပက္ခကို ဖန်တီးခဲ့တယ်၊ ဒါပေမဲ့ သူ အဲဒီလောကကို ထပ်ပြီးတော့ တိုးတက်အောင် မလုပ်နိုင်တော့ဘူး၊ ဒါပေမဲ့ သူ မသေခင် လောကဦးသက်ရှိတွေကို ဖန်တီးခဲ့တယ်၊ လောကဦးသက်ရှိတွေထဲက တည်ရှိမှုတစ်ခုက ပဋိပက္ခကို ဖန်တီးခဲ့တာ”
“ငါ ဒီမရေမတွက်နိုင်တဲ့ နှစ်တွေမှာ လောကဦး နတ်ဘီလူးပြီးရင် တခြား မရေမတွက်နိုင်တဲ့ တည်ရှိမှုတွေကိုလည်း ဘေးကနေ ကူညီခဲ့တယ်၊ ငါကူညီခဲ့တဲ့ လူအရေအတွက်က မင်း စိတ်ကူးယဉ်နိုင်တာထက် ပိုတယ်၊ မဟာပဋိပက္ခကိုးပါးမှာလည်း ငါ့ရဲ့ အမွေဆက်ခံသူတွေ ရှိတယ်၊ သူတို့အကုန်လုံး မအောင်မြင်ခဲ့ဘူး၊ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်က မဟာတာအို အထွတ်အထိပ်အဆင့်ပဲ ရောက်တယ်၊ အများစုက သူတို့ရဲ့ မောက်မာမှုကြောင့် ထာဝရပျက်စီးကိန်း ဆိုက်ခဲ့ရတယ်”
“ငါ မင်းကို မတွေ့ခင်အထိ ဒီအတိုင်း ဖြစ်နေခဲ့တာ၊ ငါက မင်းကြိုက်တဲ့ပုံစံအတိုင်း နေပြီး မင်း စွမ်းအားကြီးလာအောင် ကူညီပေးခဲ့တယ်၊ မင်းက တခြားသက်ရှိတွေနဲ့ မတူဘူး၊ ငါ့ကူညီမှုကြောင့် ပြိုင်ဘက်ကင်းနေတာတောင် အမြဲတမ်း သတိကြီးကြီးထားပြီး နေတယ်၊ ကံရေစက်ကို ရှောင်လွှဲနိုင်ရင် ဘယ်တော့မှ ရန်မစဘူး၊ ရန်စခဲ့ရင်လည်း အပြတ်ရှင်းပစ်တယ်၊ အဲဒါကြောင့် မင်း တာအိုဖန်တီးရှင် ဖြစ်လာနိုင်တာ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ခင်ဗျားက ဖန်တီးမှု စိတ်ဆန္ဒဆိုတော့ ခင်ဗျားရဲ့ ပန်းတိုင်က ကျုပ်ကို ဒါတွေအကုန်လုံး ကောင်းကောင်းမွန်မွန် တိုးတက်အောင် ကူညီစေချင်တာလား”
‘ဒါက ငါ့ရဲ့ ကံကြမ္မာလား...’ ဟန်ကျွယ် တွေးတောနေတုန်းမှာပဲ ဟန်ကျွယ်ရှေ့မှာ မရေမတွက်နိုင်တဲ့ ပုံရိပ်တွေ ပေါ်လာပါတယ်။
တချို့ အမွေခံတွေက ရွှေဇွန်းကိုက်ပြီး မွေးလာတော့ မောက်မာကြပါတယ်။ ဒီတော့ စွမ်းအားကြီးရန်သူတွေ ဝိုင်းတိုက်တာကို ခံရပြီး သေဆုံးကုန်ပါတယ်။
အမွေခံတစ်ယောက်ကျတော့ သတ်ဖြတ်ရတာ ကြိုက်တဲ့အတွက် နိယာမရဲ့ တန်ပြန်ဒဏ်ကို ခံလိုက်ရပါတယ်။
တချို့အမွေခံတွေကျတော့ ဆင်းဆင်းရဲရဲ မွေးဖွားလာတဲ့အတွက် သတိကြီးကြီးနဲ့ ကျင့်ကြံအားထုတ်ကြပါတယ်။ ဒါပေမဲ့ တာအိုရယူပြီးတဲ့နောက်ပိုင်း သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းပြီ ထင်ပြီး ထင်ရာစိုင်းတဲ့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖိနှိပ်တာကို ခံရပါတယ်။
တချို့အမွေခံတွေကျတော့ အခွင့်အရေး အကြီးကြီးတွေကို မှီခိုပြီး ကံတရား အထောက်အပံ့ အများကြီး ရှိတဲ့လူတွေကို ဆက်နွှယ်ကြပါတယ်။ သူတို့မှာ မိုးလောက်ကြီးတဲ့ စွမ်းအားတွေ ရှိပေမဲ့ ပြဿနာမျိုးစုံတက်ပြီး နောက်ဆုံးမှာ တပည့်တွေ ပြန်တိုက်တာကြောင့် ဘဝဇာတ်သိမ်းသွားရပါတယ်။
တချို့အမွေခံတွေကျတော့ ဟန်ကျွယ်လောက် သတိကြီးကြီး ထားကြပါတယ်။ သူတို့တွေဟာ အခွင့်အရေးကြုံတိုင်း ကျရှုံးနိုင်ခြေကို မေးမြန်းကြပါတယ်။ ဒါပေမဲ့ သူတို့ကျင့်ကြံမှုတွေ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်တဲ့အခါ ပဋိပက္ခထဲမှာ ပြိုင်ဘက်ကင်းတယ်ထင်ပြီး မောက်မာသွားကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျရှုံးနိုင်ခြေကိုတောင် မမေးကြတော့ပါဘူး။ ဒီလိုနဲ့ နဝမပဋိပက္ခက သူတို့တွေ တာအိုဖန်တီးရှင် ဖြစ်လာနိုင်ခြေရှိမှန်း သိသွားတဲ့အခါ နဝမပဋိပက္ခ ရှင်းပစ်တာကို ခံရပါတော့တယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။