ရှီထျန်
Vol. 99 Ch. 1032
“အဲဒါက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျင့်ကြံမှုကို တိုးတက်အောင် လုပ်တာက အရေးကြီးဆုံးပဲ၊ ပဋိပက္ခက အခုထိ မသေသေးပါဘူး” ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ညင်သာစွာ ပြောလိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ အများကြီးကို တွေးမိလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းငါးဆယ်က သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက ပဋိပက္ခကို တိုက်ခိုက်ခဲ့ပေမဲ့ ခပ်မြန်မြန်ပဲ ဖိနှိပ်ခံလိုက်ရပါတယ်။
‘ပဋိပက္ခမှာ စိတ်ကူးနဲ့တောင် မှန်းဆဖို့ မဖြစ်နိုင်တဲ့ သာလွန်တည်ရှိမှုတွေ ဘယ်လောက်တောင် ပုန်းနေတာလဲ’
ဟန်ကျွယ်နဲ့ ဟွမ်ဇွမ်တျန်ဟာ အတန်ကြာ စကားပြောပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်ပြီး ဘေးနားက တာအိုဘုံကျောင်းထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ပါရှန်ကို ကြည့်လိုက်ပါတယ်။ ဟန်ပါရှန်ဟာ မဟာတာအိုပညာရှိ ဖြစ်လာပါပြီ။
ဟန်ကျွယ် “လင်အာ... ဖေဖေ ဟန်ပါရှန်ကို အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ဖို့ အခွင့် ပေးလိုက်ပြီ၊ သမီး သူ့ကို သင်ပေးလိုက်ဦး”
ဟန်လင်ဟာ မျက်လုံးဖွင့်ပြီး ချက်ချင်း ဟန်ပါရှန်ဆီ သွားပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခအောက်ခြေကို ငုံ့ကြည့်လိုက်ပါတယ်။ နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးက ဖြစ်ပေါ်လာတဲ့ မိစ္ဆာနတ်ဆိုးတွေဟာ ကုန်မသွားဘဲ အရူးအမူး တိုးလာပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ဒီမိစ္ဆာနတ်ဆိုးတွေကို ကုန်စင်အောင် မသတ်နိုင်ပါဘူး။
ဟန်ထော်၊ ယီတျန်နဲ့ တခြားဒဏ်ခတ်သမားတွေလည်း ဒီမိစ္ဆာနတ်ဆိုးတွေကို ဝိုင်းရှင်းလင်းပေမဲ့ အခြေအနေက ပိုပိုဆိုးလာပါတယ်။
ပဋိပက္ခ အစည်းအဝေး ကျင်းပဖို့က နှစ် ၂၀၀,၀၀၀ ပဲ လိုပါတော့တယ်။ ဒီတစ်ခေါက် တာဝန်တွေထဲမှာ ဒီမိစ္ဆာနတ်ဆိုးတွေ ရှင်းလင်းဖို့ သေချာပေါက် ပါဝင်မှာပါ။
ဟန်ကျွယ်ဟာ ကိုယ်ပွားတစ်ခု ဖန်တီးလိုက်ပါတယ်။ အချိန်ကျရင် ဒီကိုယ်ပွားက သူ့တာအိုလက်တွဲဖော်တွေနဲ့ တပည့်တွေကို ခေါ်ဆောင်ပြီး ပဋိပက္ခအစည်းအဝေးကို သွားကြည့်မှာပါ။ ပင်မခန္ဓာကိုယ်ကတော့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်မှာပါ။
ဒါတွေ အကုန်လုံး လုပ်ပြီးတဲ့အခါ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ပါရှန်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဟန်လင်နဲ့ တိုက်ခိုက်ပါတယ်။
ဟန်လင်ဟာ ဟန်ပါရှင်နဲ့ အရင်ဆုံး လက်ရည်စမ်းတာက ရည်ရွယ်ချက် ရှိပါတယ်။
ဟန်ပါရှန်ဟာ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ပြီး နောက်ဆုံးမှာတော့ တိုက်ခိုက်ဖို့ အခွင့်အရေး ရလာခဲ့ပြီ မဟုတ်ပါဘူး။ ဟန်ပါရှန်ဟာ ဟန်လင်ရဲ့ စွမ်းအားကိုလည်း စမ်းသပ်ချင်နေပါတယ်။
အဲဒီနောက်...
ဟန်ပါရှန်ဟာ နိုးလာပြီး ဟန်လင်ကို ကြောက်ကြောက်ရွံရွံ ကြည့်လိုက်ပါတယ်။ ဟန်ပါရှန်ဟာ အပြင်ပန်းမှာ နူးညံ့သိမ်မွေ့တဲ့ ဘိုးဘေးဟန်လင်က တိုက်ပွဲထဲမှာ ဒီလောက်ထိ ကြောက်ဖို့ ကောင်းနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ လုံးဝကို တခြားလူတစ်ယောက် ပြောင်းသွားသလိုပါပဲ။
ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “ငါနဲ့ယှဉ်ရင် နင့်မှာ အများကြီး လိုသေးတယ်၊ ဒါပေမဲ့ နင် တခြားလူတွေနဲ့ လက်ရည်စမ်းလို့ ရတယ်၊ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ သက်ရှိအကုန်လုံး ရှိတယ်၊ ကျင့်ကြံမှုအဆင့်ကို ဂရုမစိုက်ဘဲ နင် ဘယ်သူ့ကိုမဆို ပြိုင်ဘက်အဖြစ် ရွေးချယ်နိုင်တယ်”
ဟန်ပါရှန်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ပါရှန်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ထပ်ဝင်ပြီး တခြားပြိုင်ဘက်တွေနဲ့ တိုက်ခိုက်ပါတယ်။
ဟန်ပါရှန်ဟာ မဟာတာအိုပညာရှိတွေကို ပြိုင်ဘက်အဖြစ် ရွေးချယ်ပါတယ်။ မဟာတာအိုပညာရှိ အဆင့်အောက်မှာရှိတဲ့ သက်ရှိတွေကို အနိုင်ကျင့်ဖို့ စိတ်မဝင်စားပါဘူး။
မကြာခင်မှာပဲ ဟန်ပါရှန်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ မျောသွားပါတယ်။
ဆယ့်လေးငါးရက် ကြာတဲ့အခါမှာတော့ ဟန်ပါရှန်ဟာ သူ့ကိုယ်သူ ယုံကြည်မှု ပြန်ရသွားပါတယ်။
‘ဘိုးဘေးဟန်လင် ငါ့ကို အနိုင်ယူနိုင်တာ ကျင့်ကြံမှုချင်း ကွာခြားလွန်းနေလို့ပဲ၊ အဆင့်တူတွေထဲမှာ ငါ့ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး’
ဟန်ပါရှန်ဟာ ရုတ်တရက်ဆိုသလို အကြံကြီးတစ်ခု ရသွားပါတယ် ‘ကနဦးဘိုးဘေး ဟန်ကျွယ်က ဘယ်လောက် စွမ်းအားကြီးမလဲ မသိဘူး’
ဟန်ပါရှန်ဟာ ချက်ချင်းပဲ ဟန်ကျွယ်ကို ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်ပါတယ်။
.....
ပဋိပက္ခအောက်ခြေ၊ အကြွင်းမဲ့ဆယ်ပါး မြို့တော်။
အကြွင်းမဲ့ဆယ်ပါး မြို့တော်ဟာ ဒုတိယအကြိမ် ပဋိပက္ခအစည်းအဝေး ကျင်းပတော့မှာမလို့ ပြန်ပြီးတော့ စည်ကားလာပါတယ်။ မြို့ပြင်မှာတော့ ဝုန်းခနဲ ဒိုင်းခနဲ ကြဲနေပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေ မိစ္ဆာနတ်ဆိုးတွေနဲ့ တိုက်ခိုက်နေကြတာပါ။
နှစ်သန်းချီအောင် ပဋိပက္ခအောက်ခြေဟာ လျှို့ဝှက်ဆန်းကြယ် မိစ္ဆာနတ်ဆိုးတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒီမိစ္ဆာနတ်ဆိုးတွေက အလွန်တရာမှ စွမ်းအားကြီးပြီး ဖျက်ဆီးရတာ သတ်ဖြတ်ရတာကို နှစ်ခြိုက်ကြပါတယ်။ ပါရမီရှင်တွေ စွမ်းအားကြီးပုဂ္ဂိုလ်တွေ တော်တော်များများ သူတို့လက်အောက်မှာ ကျဆုံးခဲ့ရပါပြီ။
ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ သူ့တာအိုလက်တွဲဖော်တွေနဲ့ တပည့်ရင်းတွေကိုခေါ်ပြီး ရောက်လာပါတယ်။ ထုံးစံအတိုင်းပဲ တိတ်ဆိတ်ဂိုဏ်း တပည့်တွေနဲ့ ကောင်းကင်တာအိုဟာ အတူစုဝေးပါတယ်။
တာအိုအရှင်သခင်တို့တတွေလည်း ရောက်လာကြပါတယ်။ လူအများစုဟာ တစ်ယောက်ကို တစ်ယောက် မမြင်ရတာ နှစ်ဆယ်သန်းချီခဲ့ပြီမလို့ အချင်းချင်း နှုတ်ဆက်ရင်း အာလာပသလ္လာပ ပြောဆိုကြပါတယ်။
အကြွင်းမဲ့ဆယ်ပါး မြို့တော်ကို စည်ကားသိုက်မြိုက်ခြင်းက အုပ်စိုးနေပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ကိုယ့်အဖွဲ့နဲ့ကိုယ် ရှိကြပေမဲ့ အနန္တကမ္ဘာ မြင်ကွင်းကျယ်ကြောင့် သူစိမ်းတွေ ဖြစ်မသွားကြပါဘူး။ သဘောထား ကွဲလွဲမှုတွေ အရှုပ်အရှင်းတွေ ရှိလာခဲ့ရင်တောင် အပြင်းအထန် ဒဏ်ရာရတဲ့နေရာမှာပဲ ရပ်ကြပါတယ်။ သေတဲ့အထိ ဘယ်တော့မှ မတိုက်ခိုက်ပါဘူး။
တကယ်တော့ သူတို့တွေ ဒီလောက်ထိ သဟဇာတ ဖြစ်နေရတဲ့ အဓိက အကြောင်းရင်းက ဟန်ကျွယ်ရဲ့ တည်ရှိမှုနဲ့ ဖိနှိပ်မှုကြောင့်ပါ။
ဟန်ချင်းအာဟာ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီး မေးလိုက်ပါတယ် “အစ်ကိုနှစ် ဘယ်မှာလဲ”
ယီတျန်ဟာ ပြုံးလိုက်ပါတယ် “မင်းရဲ့ အစ်ကိုနှစ်က ဒီအစည်းအဝေးကို စိတ်မဝင်စားတော့ဘူး၊ သူက အနှိုင်းမဲ့ထိပ်ဆုံးနေရာကို ရထားတော့ ထပ်ပြိုင်လို့ မရတော့ဘူးလေ၊ သူက လောလောဆယ် ပဋိပက္ခ တောင်ပိုင်းမှာရှိတဲ့ ရှေးဟောင်း သားရဲတစ်ကောင်ကို စိန်ခေါ်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်၊ ဒီသားရဲက ပဋိပက္ခမွေးဖွားကတည်းက တည်ရှိခဲ့တာဆိုတော့ ကာလ-ဒေသကို ဖျက်ဆီးနိုင်တဲ့ စွမ်းအား ရှိတယ်၊ အတိတ်နဲ့ အနာဂတ်မှာ ပုန်းနေပြီး ပစ္စုပ္ပန်မှာ ရှိမနေဘူး”
ဟန်ချင်းအာဟာ သူ့အစ်ကိုနှစ်က ဘာဖြစ်လို့ ဒီလောက်ထိ တိုက်ခိုက်ရတာကို ဝါသနာပါလဲဆိုတာ နားမလည်နိုင်တာကြောင့် နှုတ်ခမ်းမဲ့လိုက်ပါတယ်။
အဲဒီနောက် ဟန်ချင်းအာရဲ့ အကြည့်ဟာ ဟန်ယောင်နဲ့ ဟန်ယဲ့ဆီ ရောက်သွားပါတယ်။ ဟန်ယဲ့နဲ့ ဟန်ယောင်ဟာ ဟန်ယွင်ကျင်းဘေးမှာ ဝိုင်းပြီး သူတို့ရဲ့ ဘိုးဘေးတွေနဲ့ တွေ့ဆုံကြပါတယ်။
ဟန်မိသားစုထဲမှာ ပါရမီရှင်တွေ အများကြီး ပေါ်လာပေမဲ့ ပဋိပက္ခ အစည်းအဝေးမှာ ဝင်ပြိုင်နိုင်တဲ့လူက လက်ချိုးရေလို့ ရပါတယ်။ ဟန်ယွင်ကျင်းနဲ့ ဟန်ယွီဟာ လူတချို့ ခေါ်လာပေမဲ့ ဒီလူတွေက မဟာတာအိုပညာရှိတွေ မဟုတ်ပါဘူး။ အများစုက လွတ်လပ်တာအိုပညာ အဆင့်တောင် မရောက်ကြသေးပါဘူး။
ဒါပေမဲ့ ဟန်ယောင်နဲ့ ဟန်ယဲ့ကတော့ မဟာတာအိုပညာရှိစစ်စစ်တွေ ဖြစ်ကြပါတယ်။
ဒီအချိန်မှာပဲ ဟန်လင်ဟာ ဟန်ပါရှန်ကိုခေါ်ပြီး လျှောက်လာပါတယ်။ ဟန်ပါရှန်က လူသားပုံစံရှိတဲ့ သားရဲလိုမျိုး ထုထည်ကြီးတဲ့အတွက် အာရုံစိုက်တာ ခံရပါတယ်။
ဟန်ယွင်ကျင်းဟာ ဟန်ပါရှန်ကို မြင်တာနဲ့ သူ့သွေးစည်းဆိုတာ သိလိုက်ပါတယ်။
ဟန်လင်ဟာ ဟန်ပါရှန်ကို လူတိုင်းနဲ့ မိတ်ဆက်ပေးပါတယ်။ တပည့်ရင်းတွေဟာ ချက်ချင်းပဲ ဟန်ပါရှန်ကို ဝိုင်းလိုက်ကြပါတယ်။ ဟန်ကျွယ်ဘေးမှာ ကျင့်ကြံအားထုတ်နိုင်တဲ့လူက အလွန်ထက်မြက်တဲ့ အရည်အချင်း ရှိရမယ် မဟုတ်ပါလား။
ဟန်ယောင်နဲ့ ဟန်ယဲ့ဟာ ဟန်ပါရှန်ကို မြင်လိုက်ရတဲ့အခါ နှစ်ယောက်စလုံး မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်လေး ဘယ်ကနေ ရောက်လာတာလဲ’
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ပဋိပက္ခ အစည်းအဝေးရဲ့ အသေးစိတ်ကို အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ဆွေးနွေးနေပါတယ်။
ပထမ ပဋိပက္ခ အစည်းအဝေးရဲ့ အောင်မြင်မှု ရလဒ်ကြောင့် ဒုတိယ ပဋိပက္ခ အစည်းအဝေးဟာ ပိုပြီးတော့တောင် စည်ကားသိုက်မြိုက်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းငါးဆယ်အတွင်း ပဋိပက္ခမှာ ပါရမီရှင်တွေ အများကြီး ပေါ်လာပါတယ်။ မျိုးဆက်တိုင်းက အရင်မျိုးဆက်ထက် ကျော်လွန်တယ်လို့ ပြောလို့ရပါတယ်။
ရှေးဟောင်း တည်ရှိမှုတွေလည်း ပျော်စရာရှာတဲ့အနေနဲ့ ပဋိပက္ခ အစည်းအဝေးကို လာတက်ကြပါတယ်။
ဒီတစ်ခါ ပဋိပက္ခ အစည်းအဝေးက သိစိတ်မဲ့ မဟာတာအိုကမ္ဘာ နံပါတ်တစ်နတ်မင်းရဲ့ အကောက်ကြံမှု မရှိတာကြောင့် ပိုပြီးတော့ အဆင်ပြေ ချောမွေ့ပါတယ်။
ဗလာနယ်မြေ။
မင်လင်းမယ်တော်နဲ့ ဟန်ဟွမ်ဟာ ဘေးချင်းယှဉ် ရပ်နေပါတယ်။ မင်လင်းမယ်တော်ဟာ ကြီးမားပြီး ခမ်းနားထည်ဝါလှပါတယ်။ သူ့ဘေးမှာ ရပ်နေတဲ့ ဟန်ဟွမ်ကတော့ သေးကွေးလှပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ရဲ့ ရောင်ဝါက မင်လင်းမယ်တော်ရဲ့ ရောင်ဝါထက် အားပိုကောင်းပါတယ်။
နတ်စိတ်ဝိညာဉ် နှစ်ပါးဟာ တစ်မျက်နှာတည်းကိုပဲ ကြည့်နေကြပါတယ်။
သူတို့ရဲ့ အကြည့်နောက်ကို လိုက်ရင် ဗလာနယ်မြေထဲမှာ အနက်ရောင် အစက်လေးတစ်စက် ပေါ်လာပြီး ဖြည်းဖြည်းချင်း ကျယ်ပြန့်သွားပါတယ်။
ဒါက ပဋိပက္ခရဲ့ ကျယ်ပြန့်မှုထက် မနိမ့်ကျတဲ့ မဟာတာအိုကမ္ဘာတစ်ပါးပါ။
မင်လင်းမယ်တော် “နင် မြင်လား၊ ဒါက အဆုံးမဲ့ခေတ် အစပျိုးတာပဲ၊ မဟာတာအိုကမ္ဘာ နှစ်ပါး တိုက်မိပြီး ပေါင်းစပ်မှာ၊ မဟာတာအိုကမ္ဘာရဲ့ ပိုင်ရှင်တွေရော ပါရမီရှင်တွေရော တိုက်ခိုက်ကြလိမ့်မယ်၊ အဲဒီ ရည်မှန်းချက်ကြီးတဲ့ လူတွေက သူတို့ အကျိုးအမြတ်အတွက် တိုက်ခိုက်ပြီး မဟာတာအို အနန္တကပ်ဘေးကို စတင်လိမ့်မယ်”
ဟန်ဟွမ်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “လာပလေ့စေ၊ ငါ ပဋိပက္ခကို ကိုယ်စားပြုပြီး ကျူးကျော်သူ အကုန်လုံးကို တိုက်ထုတ်ပစ်မယ်”
မင်လင်းမယ်တော်ဟာ ပြုံးလိုက်ပါတယ် “ဒီ မဟာတာအိုကမ္ဘာရဲ့ ပိုင်ရှင်က ရှီထျန်လို့ခေါ်တယ်၊ သူ့မဟာတာအိုကမ္ဘာက ပဋိပက္ခပြီးရင် အရှည်ကြာဆုံး တည်ရှိမှုပဲ”
“ဒါက အားအကောင်းဆုံး မဟာတာအိုကမ္ဘာလား”
“မဟုတ်ဘူး... ဒီထက် ပိုအားကောင်းတဲ့ မဟာတာအိုကမ္ဘာက လမ်းမှာပဲ ရှိသေးတယ်၊ နှစ်သန်းတစ်ရာလောက်ဆိုရင် ပေါ်လာလိမ့်မယ်”
“မင်လင်းမယ်တော်... ခင်ဗျားက အန္တိမဒဏ်ခတ်နတ်မင်းထက် ပိုသိနေပါ့လား၊ ခင်ဗျားက ဘယ်လိုတည်ရှိမှုမျိုးလဲ”
မင်လင်းမယ်တော်ဟာ သူ့လောက် စွမ်းအားမကြီးပေမဲ့ သူထုတ်လွှတ်နေတဲ့ ရောင်ဝါက အတော်လေးက နက်နဲလှပါတယ်။
မင်လင်းမယ်တော်ဟာ ပြုံးလိုက်ပါတယ် “ငါက ပဋိပက္ခရဲ့ ဖွဲ့စည်းမှုပဲ ဟန်ဟွမ်၊ နင်က လောကဦး နတ်ဘီလူးဆိုတာကို ငါ ယုံတယ်၊ နင်က လောကဦးပဋိပက္ခကို သေချာပေါက် ဖန်တီးမှာ၊ ဒါပေမဲ့ နင် အဆုံးမဲ့ခေတ် ရောက်လာတာကို စောင့်သင့်တယ်၊ မဟုတ်ရင် လောကဦးပဋိပက္ခရဲ့ စွမ်းအားက ပဋိပက္ခကို ဝါးမျိုလိမ့်မယ်၊ ပဋိပက္ခက လောကဦးပဋိပက္ခကို အစားထိုးခဲ့သလိုမျိုးပေါ့၊ အဲဒီလိုဆို ပဋိပက္ခနဲ့ ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအကုန်လုံး ဘေးတွေ့လိမ့်မယ်”
ဟန်ဟွမ်ဟာ တိတ်ဆိတ်သွားပါတယ်။
ဒီအချိန်မှာပဲ...
ဟန်ဟွမ်ဟာ ရုတ်တရက် မော့ကြည့်လိုက်တဲ့အခါ အနက်ရောင် အလင်းတန်းတစ်ခု အဝေးကနေ ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။ ဟန်ဟွမ်ဟာ လက်မြှောက်ပြီး ဖမ်းလိုက်တဲ့အခါ လက်ညှိုးနဲ့ လက်ခလယ်ကြားမှာ ကွင်းတစ်ကွင်းကို မိလိုက်ပါတယ်။ ဒီကွင်းက လခြမ်းပုံစံရှိပြီး အပိုင်းအစ တစ်ခုပျောက်နေတဲ့အတွက် စက်ဝိုင်းပုံဖြစ်ဖို့ တစ်ခုလိုနေပါတယ်။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ဒါ ဘာလဲ”
“ရှီထျန်ရဲ့ ကွင်းတွေထဲက တစ်ကွင်းပဲ၊ သူက တိုက်ခိုက်ရတာကို ရူးသွပ်တယ်၊ ဒီကွင်းက နင့်ကို မဟာတာအိုကမ္ဘာ ဖန်တီးနိုင်အောင် ကူညီပြီး နင့်ရဲ့ သုံးသပ်နားလည်နိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ပေးလိမ့်မယ်၊ ဒါပေမဲ့ နင် သေသွားရင် ဒီကွင်းက နင်ရဲ့ ဖန်တီးမှု စွမ်းအားကို စုပ်ယူပြီး သူ့သခင်ကို ကူညီလိမ့်မယ်”
“သူက နင့်ကို စစ်ကြော်ငြာလိုက်တာ၊ နင်သေပြီး နင့်ရဲ့ ဖန်တီးမှုစွမ်းအားကို သူ ရရင်ရ မဟုတ်ရင် သူသေပြီး သူ့ရဲ့ ဖန်တီးမှု စွမ်းအားကို နင် ရလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။