အသက် သန်း ၇၀ ပြည့်ခြင်း
Vol. 99 Ch. 1034
ဟန်ဟွမ်ဟာ ဟင်းလင်းပြင်ထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ မတ်တတ်ရပ်နေပါတယ်။ လောကဦးချီက အချိန်မြစ်ကို လှိုင်းထန်စေတဲ့ ဟာရီကိန်းမုန်တိုင်းလို ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပါတယ်။ ကာလ-ဒေသကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားနဲ့ ဟန်ဟွမ်ဟာ သနားစရာကောင်းလှတဲ့ တစ်ဖက် စွမ်းအားကြီးပုဂ္ဂိုလ်ကို ငုံ့ကြည့်လိုက်ပါတယ်။
ဒီစွမ်းအားကြီးပုဂ္ဂိုလ်ဟာ ချပ်ဝတ်နက်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံက မီးလျှံလို လူးလွန့်နေပါတယ်။ ဒါ့အပြင် ဆံပင်ရှည်တွေကလည်း မဟာတာအိုရောင် စိုနေပါတယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်ဟာ ဟန်ဟွမ်ကို ဝါးစားမတတ် စိုက်ကြည့်နေပါတယ်။ အရပ်ဆယ်မျက်နှာက ပေါ်ထွက်လာတဲ့ လှောင်ပြောင်သံဟာ သူ့ကို အမျက်ချောင်းချောင်း ထွက်စေပါတယ်။
“ငါ ဒီနေ့ မင်းကို မသတ်ဘူး၊ မင်းလာခဲ့တဲ့နေရာ မင်းပြန်သွားပြီး ရှန်ထျန် ကျင့်ကြံသူတွေကို ပြောလိုက်၊ သူတို့တွေ ပဋိပက္ခကို လာရင် ငါနဲ့ အရင်ဆုံး တွေ့ရမယ်၊ မဟုတ်ရင် ငါ ဟန်ဟွမ်က ရှီထျန်ကို အမှုန့်ချေပစ်မယ်” စကားဆုံးတာနဲ့ ဟန်ဟွမ်ဟာ လက်ဝါးကို ဝေ့ယမ်းလိုက်ပါတယ်။
တန်ခိုးကြီးမား မဟာလက်ဝါး။
ဗိုလ်ကျလွန်းတဲ့ လက်ဝါးအားဟာ ဝတ်ရုံနက် စွမ်းအားကြီးပုဂ္ဂိုလ်ကို တစ်ချက်တည်း ပဋိပက္ခ အပြင်ဘက် လွင့်စဉ်သွားစေပါတယ်။ တိုက်ပွဲကို ကြည့်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဩဘာဝိုင်းပေးကြပါတယ်။ အဲဒီနောက် သူတို့တွေဟာ ဟန်ဟွမ်ရှေ့ ပျံသန်းပြီး ဟန်ဟွမ်ကို ချီးကျူးစကား ဝိုင်းပြောပါတယ်။
ဒါပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးကတော့ အခြေအနေနဲ့ မသင့်လျော်တဲ့ စကားတစ်ခွန်းကို ရုတ်တရက် ပြောလိုက်ပါတယ် “ဟန်ဟွမ်... ရှီထျန်က ရောက်မလာသေးဘူး၊ မင်း ဒီလိုလုပ်လိုက်တာက ရှီထျန်က ကျင့်ကြံသူတွေကို သေချာပေါက် ဒေါသထွက်စေလိမ့်မယ်၊ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ”
ဟန်ဟွမ်ဟာ မေးခွန်းထုတ်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပါတယ်။ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း တိတ်ဆိတ်သွားကြပါတယ်။
အခြေအနေက လေးနက်သွားပါတယ်။
မေးခွန်းထုတ်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ဟာ အကြောက်အလန့်မရှိ ဟန်ဟွမ်ရဲ့ အကြည့်ကို ပြန်စိုက်ကြည့်ပါတယ်။
ဟန်ဟွမ်ဟာ ဟွန်းခနဲ နှာမှုတ်ပြီး နေရာကနေ ပျောက်ကွယ်သွားပါတယ်။
ဒီတော့မှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ သူတို့တွေဟာ ဟန်ဟွမ်က ကိုယ့်လူတွေကို မရက်စက်တဲ့အတွက် ကံကောင်းတယ်လို့ ခံစားလိုက်ကြရပါတယ်။
ဟန်ဟွမ်ဟာ ရှုံဟွာအင်အားစုကို တစ်ကိုယ်တော် ဖိနှိပ်လိုက်ကတည်းက မဟာတာအို အထွတ်အထိပ်အဆင့်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လိုမျိုး ဖြစ်လာပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပေါ်မလာရင် သူ့ကို ယှဉ်နိုင်တဲ့ တည်ရှိမှုက ပဋိပက္ခထဲမှာ မရှိသလောက်ပါပဲ။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ပါးပြီးတစ်ပါး ထွက်ခွာသွားကြပါတယ်။ ဒီတိုက်ပွဲသတင်းကလည်း ပဋိပက္ခမှာ လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။
ပဋိပက္ခထဲမှာ ရှီထျန်နဲ့ ပတ်သက်တဲ့ သတင်းမျိုးစုံ ပေါ်လာပြီး ပဋိပက္ခ အစည်းအဝေးရဲ့ လူကြိုက်များမှုကို တိုက်စားသွားပါတယ်။ အနှိုင်းမဲ့ပါရမီရှင် ကျောက်ရွှမ်ကွမ်းရဲ့ ဂုဏ်သတင်းတောင် လျော့ကျသွားတဲ့အတွက် ကျောက်ရွှမ်ကွမ်းဟာ ရှီထျန်ကို အလွန်တရာမှ မကျေမနပ် ဖြစ်သွားပါတယ်။
နှစ်တစ်သန်းကြာတဲ့အခါမှာတော့...
ရှီထျန်ဟာ ပဋိပက္ခနဲ့ တိုက်မိပါတယ်။ ပဋိပက္ခ အာကာသ တစ်ခုလုံး ရေမျက်နှာပြင်လို လှိုင်းထပြီး လှုပ်ခတ်သွားပါတယ်။ မဟာတာအို သုံးထောင်လည်း တစ်ချိန်တည်းမှာ အသံမြည်ဟိန်းပြီး အနန္တကမ္ဘာမှာ ထူးဆန်းတဲ့ နိမိတ်တွေ ပေါ်ထွက်လာပါတယ်။
ရှီထျန်ဟာ ပဋိပက္ခထက် မသေးပါဘူး။ ဟင်းလင်းပြင်က ပဋိပက္ခနဲ့ အတူတူပါပဲ။ မဟာတာအိုကမ္ဘာ နှစ်ပါး တိုက်ပြီးတဲ့အခါ ပဋိပက္ခက ရုတ်တရက်ဆိုသလို အရွယ်အစား နှစ်ဆ ဖြစ်သွားပါတယ်။ ကမ္ဘာနှစ်ခုက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အချင်းချင်း နတ်အာရုံနဲ့ အကဲခတ်ကြပါတယ်။
ဟန်ကျွယ်လည်း ဂူအောင်းကျင့်ကြံရာက ထွက်လာပြီး တစ်ချက်ကြည့်ကာ နဂိုအတိုင်း ပြန်ကျင့်ကြံပါတယ်။
ရှီထျန်က အတော်လေး အားကောင်းပါတယ်။ ဒါပေမဲ့ ပဋိပက္ခကို တော်လှန်ဖို့က မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်က ဂရုမစိုက်တာပါ။
ရှီထျန်နဲ့ ပဋိပက္ခ ပေါင်းစပ်သွားတဲ့အခါ မဟာတာအိုကမ္ဘာနှစ်ပါးဟာ နှစ်တစ်သောင်းကြာတဲ့အထိ အချင်းချင်း မနှောင့်ယှက်ကြပါဘူး။ ဒါပေမဲ့ အဆင့်နိမ့် ကျင့်ကြံသူတွေကတော့ ဟင်းလင်းပြင်ကို စူးစမ်းရှာဖွေကြားပြီး တစ်ဖက် မဟာတာအိုကမ္ဘာအကြောင်း စူးစမ်းကြပါတယ်။ ဒီလိုနဲ့ မဟာတာအိုကမ္ဘာနှစ်ပါးဟာ တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး အချင်းချင်း ညှိုနှိုင်း ဆွေးနွေးကြပါတယ်။
နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အန္တိမဒဏ်ခတ်နတ်မင်းဟာ ရှီထျန် နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ဆီ သွားလည်ပါတယ်။ သူတို့နှစ်ယောက် ဘယ်လိုတွေ သဘောတူညီချက် ရသွားလဲတော့ အပြင်လူတွေ မသိပါဘူး။
အဲဒီနောက်ပိုင်း မဟာတာအိုကမ္ဘာနှစ်ပါးက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ဖက် မဟာတာအိုကမ္ဘာထဲ တစ်ပါးပြီးတစ်ပါး ဝင်ရောက်ကြပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာပါတယ်။
ပဋိပက္ခရဲ့ ဝရုန်းသုန်းကား ဖြစ်မှုက ရှီထျန်ကို စပြီးတော့ သက်ရောက်လာပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ရှီထျန်ကို ပိုပိုဦးတည်ပြီး နယ်မြေတွေ သိမ်းပိုက်ကြပါတယ်။ ရှီထျန်က နယ်မြေရှင်တွေလည်း ပဋိပက္ခကို ထိလာကြပါတယ်။ နှစ်ဖက်စလုံးက နတ်စိတ်ဝိညာဉ် ခေါင်းဆောင်တွေကတော့ တစ်ခါမှ ပေါ်မလာခဲ့ပါဘူး။ နှစ်ယောက်သား သဘောတူညီချက် ရထားတယ်ဆိုတာ သိသာ ထင်ရှားလှပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်နှစ်သန်း ကြာတဲ့အခါ ပဋိပက္ခထဲက သက်ရှိတွေဟာ ရှီထျန်ရဲ့ တည်ရှိမှုကို အသားကျသွားပါပြီ။ ရှီထျန် သက်ရှိတွေလည်း အတူတူပါပဲ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။
[သင်သည် အသက် သန်း ၇၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ ဗလာနယ်မြေ၌ အန္တိမမူလကမ္ဘာကို ဖွင့်လှစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိပါမည်။]
[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]
အချိန်ကျပါပြီ။
ဟန်ကျွယ်ဟာ စနစ်ကပေးမဲ့ ဆုလာဘ်ကို စောင့်နေတာပါ။ ဟန်ကျွယ်ဟာ နံပါတ်တစ်ကို ရွေးချယ်လိုက်ပြီး ကိုယ်ပွားရှိတဲ့ဆီ ခုန်သွားကာ အန္တိမမူလကမ္ဘာကို ထုတ်လွှတ်လိုက်ပါတယ်။
[သင်သည် ဗလာနယ်မြေ၌ အန္တိမမူလကမ္ဘာကို ဖွင့်လှစ်ရန် ရွေးချယ်ခဲ့သဖြင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိပါသည်။]
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
အန္တိမမူလကမ္ဘာဟာ အပြင်ကို ရောက်လာတာနဲ့ လျင်မြန်စွာ ကျယ်ပြန့်သွားပြီး အနီးအနားမှာရှိတဲ့ ဗလာနယ်မြေကို နေရာယူလိုက်ပါတယ်။ အမှောင်ထုကို ဖျော့တော့မှုက ရုတ်တရက် ဝါးမျိုသွားသလိုပါပဲ။ အဆုံးမဲ့ဂလက်ဆီဟာ အရွယ်အစား သေးသေးလေးကနေ ကျယ်ပြန့်သွားပါတယ်။ ငရဲပြည်မှာ ပန်းပွင့်သလိုပဲ အလွန်တရာ လှပပြီး တလက်လက် တောက်နေပါတယ်။
မကြာခင်မှာပဲ အန္တိမမူလကမ္ဘာဟာ ပဋိပက္ခနဲ့ ယှဉ်နိုင်တဲ့ နဂိုအရွယ်အစား အတိုင်း ပြန်ဖြစ်သွားပါတယ်။
အန္တိမမူလကမ္ဘာ ဗလာနယ်မြေထဲ ရောက်လာတဲ့အခါ အားကောင်းတဲ့ အင်အားတစ်ခုက အန္တိမမူလကမ္ဘာကို ပဋိပက္ခဆီ ဆွဲယူပါတယ်။
ဟန်ကျွယ်ဟာ ဒါကို တွေးထားပြီးပါပြီ။ ဒါကြောင့်လည်း အရမ်းဝေးကွာတဲ့ နေရာကို တမင် ပျံသန်းလာခဲ့တာပါ။ ဒီနှုန်းနဲ့ဆို အန္တိမမူလကမ္ဘာ ပဋိပက္ခဆီ ရောက်ဖို့က အနည်ဆုံး ဘီလီယံချီ ကြာမှာပါ။
ဟန်ကျွယ်ဟာ တခြားတာအိုဖန်တီးရှင်တွေ အန္တိမမူလကမ္ဘာကို တိုက်ခိုက်မှာစိုးတဲ့အတွက် သူ့ကိုယ်ပွားကို အန္တိမမူလကမ္ဘာထဲ ပို့လိုက်ပါတယ်။
“အို... ပဋိပက္ခထဲမှာ ခြောက်ယောက်မြောက် တာအိုဖန်တီးရှင်က တိတ်တိတ်လေး ပေါ်လာလိမ့်မယ်လို့ ငါ ထင်မထားဘူး”
ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံတစ်သံဟာ ဗလာနယ်မြေမှာ ပဲ့တင်ထပ်သွားပါတယ်။ ဒီအသံက ကောင်းကင်တန်ခိုးလိုမျိုး အတောမသတ်နိုင်အောင် ကျယ်လောင်လှပါတယ်။
ဟန်ကျွယ်ဟာ ဓမ္မရတနာ အကုန်လုံးကို နှိုးပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ ရန်သူက သူ ထင်ထားတာထက် ခပ်မြန်မြန် ရောက်လာတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာအထက်က ဗလာနယ်မြေမှာ ပေါ်လာပြီး အသံလာရာကို လှမ်းကြည့်လိုက်တဲ့အခါ တရကြမ်း အင်အားနဲ့ လာနေတဲ့ ရောင်ဝါနက် အလုံးတစ်လုံးကို တွေ့လိုက်ရပါတယ်။ ဒီဟာက အန္တိမမူလကမ္ဘာရဲ့ အရွယ်အစား တစ်ဝက်လောက် ရှိပါတယ်။
တစ်ဖက်လူက အနှောင့်အယှက်ပေးဖို့ ရောက်လာတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်နဲ့ ပြိုင်ဆိုင်ချင်တယ်ဆိုတာ သိသာလှပါတယ်။
ဟန်ကျွယ်ကလည်း ထိုင်ကြည့်မနေပါဘူး။ သူက အသစ်ဖြစ်တဲ့အတွက် အင်အားပြဖို့ လိုပါတယ်။ ဒါမှ တစ်ဖက်လူက စည်းမျဉ်း စည်းကမ်းတွေကို နားလည်သွားမှာပါ။
ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ရောင်ဝါနက် အလုံးရှေ့မှာ ရုတ်တရက် ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်သွားပါတယ်။ ရုတ်ခြည်းဆိုသလို အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ အန္တိမမူလကမ္ဘာတစ်ခုလုံးထက် ကြီးမားသွားပြီး ရောင်ဝါနက် အလုံးကို အတင်း တားဆီးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို အသုံးပြုပြီး တစ်ဖက်လူကို စစ်ဆေးလိုက်ပါတယ်။
[အနန္တဖျက်ဆီးရှင်သခင် ရှီထျန်: တာအိုဖန်တီးရှင် ကနဦးအဆင့်၊ ပဋိပက္ခနတ်မင်း၊ ပထမပဋိပက္ခ အမွေခံ၊ နဝမပဋိပက္ခ၏ တပည့်ရင်း။]
‘ကနဦးအဆင့် တာအိုဖန်တီးရှင်ကများ ငါ့ကို လာနှောင့်ယှက်ရဲတယ်’
ရောင်ဝါနက်ဟာ ပေါက်ကွဲထွက်ပြီး ပေပေါင်း တစ်ထရီလီယံကျော် မြင့်မားတဲ့ နတ်ဘုရားအသွင် ပြောင်းလဲသွားပါတယ်။ ဒါက အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ပါ။ ရှီထျန်ဟာ မီးလျှံ တောက်လောင်နေတဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ကြမ်းကြုတ်တဲ့ နဂါးနှစ်ကောင်ပေါ်မှာ ရပ်နေပါတယ်။ သူ့ပခုံးပေါ်မှာတော့ လင်းယုန်နဲ့တူတဲ့ ငှက်စိတ်ဝိညာဉ်တွေ ရှိနေပါတယ်။ ရှီထျန်ရဲ့ မျက်နှာဟာ မိန်းမမျက်နှာနဲ့ဆင်ပြီး ထူးဆန်းတဲ့ အပြုံးတစ်ခု ရှိနေပါတယ်။
အနန္တဖျက်ဆီးရှင်သခင်ဟာ လူသားလိုပါပဲ။ ရှီထျန်ရဲ့ မျက်နှာဟာ သိက္ခာရှိပြီး မျက်ခုံးကြားမှာတော့ သေးငယ်ပြီး ရုပ်ဆိုးတဲ့ မျက်နှာတစ်ခု ထပ်ရှိနေပြန်ပါတယ်။ ဒီမျက်နှာငယ်က သရဲမျက်နှာလိုမျိုး ရက်စက် ကြမ်းတမ်းပြီး ကြောက်ဖို့ကောင်းပါတယ်။
‘ဘယ်လောက်တောင် ချောက်ချားဖို့ ကောင်းလိုက်တဲ့ သတ်ဖြတ်ငွေ့လဲ...’
ဟန်ကျွယ်ဟာ ဒီလောက် အားကောင်းတဲ့ သတ်ဖြတ်ငွေ့ကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးတာပါ။
“ဟန်ကျွယ်၊ ပဋိပက္ခ နတ်ဘီလူး၊ မင်း နှစ်သန်းတစ်ရာတောင် မပြည့်သေးဘဲနဲ့ တာအိုဖန်တီးရှင် ဖြစ်လာတာလား၊ မင်းနဲ့ နဝမပဋိပက္ခက ဘယ်လိုဆက်ဆံရေးလဲ၊ ငါ့ကို ပြောစမ်း...” အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး အေးစက်စွာ မေးလိုက်ပါတယ်။ မကုန်ဆုံးနိုင်တဲ့ သတ်ဖြတ်ငွေ့တွေဟာ ရှီထျန်ကို ဗဟိုထားပြီး ဒြပ်မဲ့ကနေ ဒြပ်ရှိပြောင်းကာ သွေးလိုနီရဲတဲ့ အရောင် ဖြစ်နေပါတယ်။ ဒီသတ်ဖြတ်ငွေ့ဟာ ဘေးနားဝန်းကျင်က ဗလာနယ်မြေကို ဖုံးအုပ်ပြီး အန္တိမမူလကမ္ဘာကိုပါ အုပ်ဆိုင်းနေပါတယ်။
ဟန်ကျွယ်ဟာ ခပ်တည်တည်ပါပဲ “မင်းက ငါ့ကို စစ်ကြော်ငြာနေတာလား”
“ဟားဟား... လေသံက မာလှချည်လား၊ ဟုတ်တယ်၊ တာအိုဖန်တီးရှင် စွမ်းအားက လူတွေကို ဘဝမေ့သွားအောင် လုပ်နိုင်တယ်၊ ကောင်လေး... မင်းက မင်းကိုယ်မင်း ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား”
ဟန်ကျွယ်ဟာ အန္တိမမူလ ဝိညာဉ်ချွေဓားကို ခဲလိုက်တဲ့အခါ နတ်ဒဏ်ခတ် ဓားခုနစ်စင်း ဘေးပတ်လည်မှာ ပေါ်လာပါတယ်။
“ပြိုင်ဘက်ကင်းဖို့က အဝေးကြီး လိုသေးတယ်၊ ဒါပေမဲ့ ငါ့ကိုယ်ငါ ကာကွယ်ဖို့တော့ လုံလောက်တယ်”
အခြေအနေဟာ အလွန်တရာမှ တင်းမာ ခက်ထန်သွားပါတယ်။
တာအိုဖန်တီးရှင်နှစ်ပါးရဲ့ ရောင်ဝါက ဆက်တိုက် မြင့်တက်လာတာကြောင့် ပတ်ဝန်းကျင်က နယ်မြေကို စုတ်ပြဲလာစေပါတယ်။
အနန္တဖျက်ဆီးရှင်သခင်ဟာ မျက်လုံးကျဉ်းသွားပြီး စိတ်ထဲမှာလည်း လန့်သွားပါတယ် ‘ဒီကောင်လေးရဲ့ ရောင်ဝါက ဘာဖြစ်လို့ ဒီလောက် အားကောင်းရတာလဲ’
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။ နှစ်သန်းတစ်ရာအတွင်း တာအိုဖန်တီးရှင် ဖြစ်လာဖို့က ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ။ နောက်ပြီး ပဋိပက္ခထဲမှာ နဝမပဋိပက္ခရဲ့ ဖိနှိပ်မှုကိုလည်း မခံရပါဘူး။
ရှီထျန်ဟာ အရင်တုန်းက နဝမပဋိပက္ခ ပြောခဲ့တာကို သတိရသွားပြီး ရုတ်တရက် မျက်နှာပြောင်းသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။