မျိုးနွယ်စု ဖန်တီးခြင်း
Vol. 99 Ch. 1035
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ သိပြီ၊ မင်း ဒီလောက်ထိ ယုံကြည်ချက်ရှိနေတာ အံဩစရာ မရှိတော့ပါဘူး၊ တာအိုဖန်တီးရှင်တစ်ပါးက တခြားတာအိုဖန်တီးရှင်တစ်ပါးကို သတ်မှမသတ်နိုင်တာ၊ ဒီလိုဆိုမှတော့ ဘယ်သူ့ရဲ့ မဟာတာအိုကမ္ဘာက နောက်ဆုံး ရယ်နိုင်မလဲ ကြည့်ကြတာပေါ့”
စကားဆုံးတာနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ လေထဲ ပျောက်ကွယ်သွားပါတယ်။ ဗလာနယ်မြေကို လွှမ်းမိုးထားတဲ့ သွေးရောင်ဝါလည်း ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန် ဘာတွေးနေလဲဆိုတာကို မသိပါဘူး။ သိလည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ကို မျက်လုံးထဲ မထည့်ပါဘူး။
[အနန္တဖျက်ဆီးရှင်သခင် ရှီထျန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
ဟန်ကျွယ်ဟာ ပြုံးပြီး ပဋိပက္ခထဲ ပြန်ခုန်ဝင်ကာ တတိယ တာအိုစက်ကွင်းရဲ့ တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။
ဟန်လင်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ဖေဖေ... စောစောက ဘယ်သွားတာလဲ”
“ဖေဖေရဲ့ မဟာတာအိုကမ္ဘာ ပဋိပက္ခ အပြင်ဘက် သွားထားတာ”
ဟန်လင်ဟာ နှလုံးလှုပ်သွားပြီး ချက်ချင်း မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ... ဖေဖေပြောတော့ အဲဒီလိုလုပ်တာက အရမ်းအန္တရာယ်များတယ်ဆို”
ဟန်ကျွယ်ဟာ ဘာမှမဖုံးကွယ်ဘဲ အခြေအနေကို အမှန်အတိုင်း ပြောလိုက်ပါတယ်။
“အဲဒါက ပဋိပက္ခရဲ့ စွမ်းအားလား၊ ပဋိပက္ခက မဟာတာအိုကမ္ဘာတွေကို စုပ်ယူဖို့ ကြိုးစားနေတယ်၊ ကြည့်ရတာ မဟာတာအိုကမ္ဘာတွေရဲ့ အင်အား ကွာခြားချက်က သမီးထင်ထားတာထက် အများကြီး ပိုကွာခြားနေပုံပဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ပဋိပက္ခက နောက်ကျရင် အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်၊ အခြေအနေကို စောင့်ကြည့်ကြရအောင်”
ဟန်လင်ဟာ ခေါင်းညိတ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်လင် ထွက်သွားတာက ဟန်ပါရှန်နဲ့ လက်ရည်စမ်းဖို့ဆိုတာ ဟန်ကျွယ် သိလိုက်ပါတယ်။ ဟန်လင်က သူအနိုင်ကျင့်ခံခဲ့ရတာကို ဟန်ပါရှန်ပေါ် ပုံချနေပုံပါပဲ။
ဟန်ကျွယ်ဟာ လောကဦး အပိုင်းအစ ကိုးစကို ထုတ်ယူပြီး အတွေးနက်သွားပါတယ်။
[လောကဦးပဋိပက္ခ မဟာဖန်တီးမှု: ကျင့်စဉ်များ၊ ကမ္ဘာများ၊ မျိုးနွယ်စုများနှင့် အရာအားလုံးကို ဖန်တီးနိုင်သည်။]
အခုအချိန် ဟန်ကျွယ်ဆီမှာ ကျင့်စဉ်ရော ဆန်းကြယ်စွမ်းအားရော မလိုတော့ပါဘူး။ ဒီဟာတွေနဲ့ သူ့ကိုယ်သူ စွမ်းအားကြီးလာအောင် မလိုတော့ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကို တွေးမိလိုက်ပါတယ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က အန္တိမမူလကမ္ဘာကို ပစ်မှတ်ထားပြီး သူ့မဟာတာအိုကမ္ဘာနဲ့ ယှဉ်ပြိုင်ချင်နေပါတယ်။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ အန္တိမမူလကမ္ဘာရဲ့ အင်အားကို တိုးချဲ့ဖို့ လိုပါတယ်။
အန္တိမမူလကမ္ဘာထဲမှာ ပဋိပက္ခနတ်ဘီလူး ၂,၉၀၀ ကျော် ရှိပေမဲ့ သူတို့ရဲ့ ကြီးပြင်းချိန်က ရှီထျန်ထက် နိမ့်ကျနေပါတယ်။ နောက်ပြီး ပဋိပက္ခ နတ်ဘီလူးတွေကလွဲရင် ကျန်တဲ့ အန္တိမမူလ သက်ရှိတွေကို ပျိုးထောင်ရုံပဲ ရှိသေးတာပါ။ လောလောဆယ် အန္တိမမူလကမ္ဘာထဲမှာ စွမ်းအားကြီး မျိုးနွယ်စုတွေ မရှိပါဘူး။
ဒါကြောင့် ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ မဟာဖန်တီးမှုကို အသုံးပြုပြီး မျိုးနွယ်စုတစ်စု ဖန်တီးဖို့ အကြံရသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအကြံက ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ လောကဦး အပိုင်းအစ ကိုးစကို ပေါင်းစပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူဖန်တီးမဲ့ မျိုးနွယ်စုကို စိတ်ထဲမှာ ပုံဖော်လိုက်ပါတယ်။ လောကဦး အပိုင်းအစ ကိုးစဟာ ပေါင်းစပ်သွားပြီး ခရမ်းရောင် တလက်လက် တောက်ပလာပါတယ်။
ဘေးနားက တာအိုဘုံကျောင်းထဲမှာတော့...
ဟန်ပါရှန်ဟာ လက်ရော ခေါင်းရော ယမ်းနေအောင် ခါနေပါတယ် “ဘိုးဘေး... ကျွန်တော် မဝင်ဘူး၊ ကျွန်တော် တကယ် မဝင်ဘူး၊ အသွင်တူ လက်ရည်စမ်းပွဲက ဘာပျော်စရာ ကောင်းလို့လဲ၊ ကျွန်တော် စိတ်မဝင်စားဘူး”
ဟန်လင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့လဲ၊ အရင်တုန်းက နင် စွဲစွဲလမ်းလမ်း ဖြစ်ခဲ့တာ မဟုတ်ဘူးလား”
“အဲဒါက ခဏလေးပဲ”
ဟန်လင်ဟာ ဟွန်းခနဲ နှာမှုတ်ပြီး တာအိုဘုံကျောင်းထဲက ထွက်သွားပါတယ်။
ဟန်လင်ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းထဲ ပြန်ဝင်ချင်ပေမဲ့ ဝင်လို့မရပါဘူး။ ဟန်လင်ဟာ ဘယ်လိုပဲကြိုးစား ကြိုးစား အထဲကို ဝင်လို့မရပါဘူး။ အဲဒါကြောင့် သူ့အဖေ တစ်ခုခုလုပ်နေတာ ဖြစ်လိမ့်မယ်လို့ ဟန်လင် ခန့်မှန်းမိလိုက်ပါတယ်။ အဲဒါကြောင့်ပဲ ဟန်လင်ဟာ တခြားလူတွေနဲ့ စကားသွားပြောပါတယ်။
ရှည်ကြာတဲ့ နှစ်တွေမှာ မကြာမကြာ အနားယူပြီး အပန်းဖြေတာက ကောင်းတဲ့ကိစ္စပါ။ တာအိုနှလုံးသားကို အတိုင်းအတာ တစ်ခုအထိ တိုးတက်စေနိုင်ပါတယ်။
လေးငါးဆယ်နှစ် ကြာတဲ့အခါမှာတော့ ဟန်လင်ဟာ တာအိုဘုံကျောင်းထဲ ပြန်ရောက်လာပါတယ်။၊
လောကဦးပဋိပက္ခ မဟာဖန်တီးမှုနဲ့ ဟန်ကျွယ် ဖန်တီးထားတဲ့ မျိုးနွယ်စုက ပျိုးထောင်တဲ့ အဆင့်မှာပဲ ရှိသေးတာမလို့ ဟန်ကျွယ်ဟာ အဲဒီမျိုးနွယ်စုကို ဝိညာဉ်နက်ထဲမှာပဲ ထားလိုက်ပါတယ်။
ဟန်လင်ဟာ သူ့အဖေ ဘာလုပ်လဲဆိုတာကို မမေးပါဘူး။ သူ့အဖေက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပါတယ်။ သူမရဲ့ ကျင့်ကြံမှုက ပဋိပက္ခရဲ့ အကန့်အသတ်ကို ရောက်နေတာတောင် သူမအဖေရဲ့ ကျင့်ကြံမှုကို ထိုးဖောက်မမြင်နိုင်ဘူး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မကျင့်ကြံဘဲ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် တာအိုအရှင်သခင်သည် ရှီထျန် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၉၂၈၇၆၃
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည်...]
[သင့်သား ဟန်ထော်သည် ဟင်းလင်းပြင်သို့ ခြေချပြီး ရှီထျန် ရတနာတစ်ပါးအား ရရှိခဲ့သည့်အတွက် ရှီထျန် ကံတရား အထောက်အပံ့ တိုးသွား၏။]
[သင့်မျိုးဆက် ဟန်ယောင်သည် သွေးဝိညာဉ် အစီအမံကို အသုံးပြုပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူသည် ရှီထျန် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၂၂
[သင့်မိတ်ဆွေ ပန်ကူးသည် ရှီထျန် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၂၀၃၃
[သင့်တပည့် ဂျိရှင်းရှန်သည် အချိန်မြစ်ထဲသို့ ဝင်ရောက်သွား၏။]
[သင့်တပည့် ရန်ထျန်တုန်းသည် ငရဲပြည် နတ်ဘုရား၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။]
‘ကျွတ်..ကျွတ်... ပဋိပက္ခနဲ့ ရှီထျန်ကြား တိုက်ပွဲကြီးပါလား...’
‘စိတ်ဝင်စားဖို့တော့ ကောင်းသား’
ဟန်ကျွယ်ဟာ ဘေးမှာ ထိုင်နေတဲ့ ဟန်လင်ကို ကြည့်လိုက်တဲ့အခါ ဟန်လင်က ပဋိပက္ခကို ကြည့်နေတာ တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယောင်ဆီ အိပ်မက်ထဲကနေ သွားလည်ပါတယ်။
ဟန်ယောင်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အတော်လေး စိတ်လှုပ်ရှားသွားပါတယ်။ ဟန်ယောင်ဟာ အရွယ်ရောက်လာတဲ့အခါ တတိယ တာအိုစက်ကွင်းထဲ ခေါ်ယူခံရပြီး ဟန်ကျွယ်ရှေ့မှာ ကျင့်ကြံအားထုတ်ခဲ့တာမလို့ ဟန်ကျွယ်ကို အလေးစားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပါတယ်။
အာလာပသလ္လာပ ပြောပြီးတဲ့နောက် ဟန်ကျွယ်က လာရင်း ရည်ရွယ်ချက်ကို ရှင်းပြလိုက်ပါတယ် “ပြန်လာခဲ့တော့... မင်းရဲ့ ဘိုးဘေးဟန်လင်ကို ကူညီဖို့ ပြင်ဆင်တော့”
ဟန်ယောင်ဟာ ပထမ မှင်တက်သွားပြီးနောက် ချက်ချင်း သဘောတူလိုက်ပါတယ်။ ဟန်ယောင်ဟာ ဒီအစီအစဉ်ကို အစောကြီးကတည်းက ဟန်ကျွယ် ပြောပြထားလို့ သိပြီးပါပြီ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီး သူက နယ်မြေတစ်ခုကို စိုးမိုးနိုင်နေပြီမလို့ ဟန်လင်ဆီမှာ အညံ့မချင်ပါဘူး။ ဒါပေမဲ့ ကနဦးဘိုးဘေးရဲ့ စကားကိုတော့ သူ မလွန်ဆန်ရဲပါဘူး။
ဟန်ကျွယ်ဟာ ဟန်ယောင်နဲ့ အိပ်မက်ကို အဆုံးသတ်ပြီး ဟန်ယဲ့ကို အိပ်မက်ပေးလိုက်ပါတယ်။
ဟန်ယဲ့ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အလွန်တရာ စိတ်လှုပ်ရှားသွားပါတယ်။
ဟန်ယဲ့ဟာ သူ့ရဲ့ ငယ်ဘဝ ဆရာသခင်ကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ သူ့ဆရာသခင်က ကနဦးဘိုးဘေးဆိုတာ သိလိုက်ရတာတောင် ဟန်ယဲ့ဟာ ဟန်ကျွယ်ကို ကနဦးဘိုးဘေးလို့ သဘောမထားဘဲ ဆရာသခင်လို့ပဲ အမြဲတမ်း သဘောထားခဲ့ပါတယ်။ ဒါပေမဲ့ ပဋိပက္ခ အစည်းအဝေးမှာတုန်းက စကားပြောဖို့ အခွင့်အရေး ရှာမရခဲ့ပါဘူး။
ဟန်ကျွယ်ဟာ လတ်တလော အခြေအနေတွေကို အရင်ဆုံး မေးမြန်းပါတယ်။ ဟန်ယဲ့ဟာ ဘာမှ မဖုံးကွယ်ဘဲ အမှန်အတိုင်း ဖြေပါတယ်။ တော်တော်ကြာအောင် စကားပြောပြီးတာတောင် ဟန်ယဲ့ရဲ့ စိတ်လှုပ်ရှားမှုက လျော့ကျမသွားသေးပါဘူး။
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ကြည့်ရတာ တာအိုအရှင်သခင်တို့တတွေက မင်းကို ကောင်းကောင်း ဂရုစိုက်ထားပုံပဲ၊ ငါက သူတို့တွေ အားရင် ပြန်လာခဲ့လို့ ပြောနေတယ်လို့ ပြောလိုက်”
ဟန်ယဲ့ဟာ ခေါင်းညိတ်လိုက်ပါတယ်။
“သူတို့ဆီက ထွက်လာခဲ့တော့၊ မင်းရဲ့ ဘိုးဘေးဟန်လင်ကို ကိစ္စကြီးအောင်မြင်အောင် ကူညီပေးချည်”
ဟန်ကျွယ်ရဲ့ စကားကြောင့် ဟန်ယဲ့ဟာ မှင်တက်သွားပါတယ် ‘ဘိုးဘေးဟန်လင်ကို ကူညီရမယ်’
ဟန်ယောင်နဲ့ မတူတာက ဟန်ယဲ့ဟာ ဗြောင်သမားပါ “ဆရာသခင်... ဘာဖြစ်လို့လဲ... ဘိုးဘေးဟန်လင်က ကျွန်တော့်ထက် စွမ်းအားကြီးလို့လား...”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း ပြန်ရောက်လာရင် သူနဲ့ လက်ရည်စမ်းကြည့်ချည်၊ ဒါက မင်းအတွက် အကြီးမားဆုံး အခွင့်အရေး ဖြစ်လိမ့်မယ်၊ မင်း တာအိုအရှင်သခင်တို့နောက်ကို ဆက်လိုက်ရင် မဟာတာအို အထွတ်အထိပ်အဆင့်က မင်းရဲ့ လမ်းဆုံးပဲ ဖြစ်လိမ့်မယ်၊ ဒါက မင်း မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်လွန်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ၊ ဒီအခွင့်အရေးက မင်းစိတ်ကူးနိုင်တာထက် ပိုကြီးမားတယ်”
ဟန်ယဲ့ဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ယဲ့ဟာ ဟန်ကျွယ် စကားကို ယုံပါတယ်။ ဟန်ယဲ့ဟာ ဟန်လင်ကို ပြန်တွေးမိလိုက်တဲ့အခါ ဘီလူးမမျက်နှာပဲ ပေါ်လာပါတယ်။
နောက်ဆုံးမှာတော့ ဟန်ယဲ့ဟာ ဟန်ကျွယ်ရဲ့ အဆိုကို လက်ခံလိုက်ပါတယ်။ ဟန်ကျွယ်လည်း ကြယ်စကြဝဠာရဲ့ တည်နေရာကို ပေးလိုက်ပါတယ်။
အဲဒီနောက် အိပ်မက်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သူ့သမီးကို ကြည့်လိုက်ပါတယ် “လင်အာ... ဖေဖေနဲ့ အပြင်ထွက်ချင်လား”
ဟန်လင်ဟာ မှင်တက်သွားပါတယ် “သမီးတို့တွေ ဘာဖြစ်လို့ အပြင်ထွက်မှာလဲ”
ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “သမီး ဒီနှစ်တွေမှာ ပဋိပက္ခကို အကဲခတ်နေတာမလား၊ သမီးရဲ့ ကျင့်ကြံမှုက အကန့်အသတ်ကို ရောက်နေပြီ၊ သမီးရဲ့ မဟာတာအိုကမ္ဘာကလည်း သူ့ဘာသာ ဆင့်ကဲပြောင်းလဲလိမ့်မယ်၊ သမီး ဒီထက် မြင့်မားတဲ့အဆင့်ကို ရောက်ချင်ရင် ဂူအောင်းကျင့်ကြံရုံနဲ့ မလုံလောက်တော့ဘူး၊ သမီးမှာ အစီအစဉ်ရှိပြီးသားမလား၊ ဖေဖေ့ကို ဘာလို့ ဖုံးကွယ်ထားတာလဲ”
ဟန်လင်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ပြုံးလိုက်ပါတယ် “ဖေဖေက ဖေဖေပဲ၊ ဖေဖေရဲ့ သမီး ဘာလုပ်ချင်တယ်ဆိုတာကို ခန့်မှန်းနိုင်တယ်”
“သမီးရဲ့ အစီအစဉ်ကိုပြောပြ”
“သမီးရဲ့ မဟာတာအိုကမ္ဘာက နောက်ကျမှ ဖန်တီးထားတာဆိုတော့ အဆုံးမဲ့ခေတ် ရောက်လာရင်တောင် တခြား မဟာတာအိုကမ္ဘာတွေထက် အားနည်းမှာပဲ၊ အဲဒါကြောင့် သမီး ပဋိပက္ခထဲက ပါရမီရှင်ကို စည်းရုံးသိမ်းသွင်းဖို့ စီစဉ်ထားတယ်၊ အဲဒါဆို အဆုံးမဲ့ခေတ် ရောက်လာရင် သမီးရဲ့ မဟာတာအိုကမ္ဘာက အုတ်မြစ်တစ်ခု ရှိသွားလိမ့်မယ်၊ နောက်ပြီး အဆုံးမဲ့ခေတ်က ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ပြိုင်ဆိုင်မှု ခေတ်တစ်ခေတ်လို့ သမီး ခန့်မှန်းထားတယ်၊ နယ်မြေတစ်ခုကို နေရာယူပြီး ဝါးမျိုမခံရချင်ရင် တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာရှိမှာ မဟုတ်ဘူး”
ဟန်လင်ဟာ အရင်ပုံစံနဲ့ မတူဘဲ လေးလေးနက်နက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့သမီးစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ တာအိုစက်ကွင်းထဲမှာ ရှိနေတဲ့ သူ့မဟာတာအိုကမ္ဘာတောင် ဝှက်ထားလို့မရရင် တခြား မဟာတာအိုကမ္ဘာတွေကတော့ ပြောမနေပါနဲ့။
ဟန်ကျွယ် “ဟန်ယဲ့ ဟန်ယောင်နဲ့ ဟန်ပါရှန်တို့က သမီးရဲ့ နောက်လိုက်တွေ ဖြစ်လိမ့်မယ်၊ သူတို့ကို ကောင်းကောင်း အသုံးချ”
ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “သူတို့က သမီးစကားကို နားထောင်ပါ့မလား၊ ဟန်ပါရှန်က ကိစ္စမရှိဘူး၊ ဒါပေမဲ့ တခြားနှစ်ယောက်က...”
“သမီးရဲ့ စွမ်းအားနဲ့ သူတို့ အညံ့ခံလာအောင် လုပ်ပေါ့၊ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်၊ အနိုင်ရတဲ့လူက ခေါင်းဆောင်လုပ်လေ”
“အဲဒါဆို သူတို့ရဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ကွဲကြေမသွားဘူးလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။