မူလကျိန်စာကြယ်
Vol. 99 Ch. 1039
ဟန်ဟွမ်ဟာ ဆန်းကြယ်ဘိုးဘေး လန့်သွားတာကို ဂရုမစိုက်ပါဘူး။ ဟန်ဟွမ်ဟာ အထွတ်အထိပ် စွမ်းအားနဲ့ အန္တိမမူလစွမ်းအားကို ဖိနှိပ်လိုက်တဲ့အတွက် သူ့ခန္ဓာကိုယ်ဟာ လျင်မြန်စွာ ကျုံ့သွားပြီး တစ်ခဏအတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။
ဟန်ဟွမ် လက်မြှောက်လိုက်တဲ့အခါ အန္တိမမူလ ဝိညာဉ်ချွေဓားနှစ်လက်က လက်ဖဝါးပေါ်မှာ ခဲလာပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ ဆန်းကြယ်ဘိုးဘေးကို အလွန်တရာ လျင်မြန်တဲ့ အလျင်နဲ့ တိုက်ခိုက်လိုက်ပါတယ်။
“မင်းက သေချင်နေပြီနဲ့ တူတယ်” မဟာတာအိုပညာရှိချုပ် တစ်ပါးဟာ ဆန်းကြယ်ဘိုးဘေးက တစ်ခုခု ဖြစ်နေတာကို တွေ့လိုက်ရတဲ့အတွက် ဟန်ဟွမ်ကို ချက်ချင်း ဟန့်တားပါတယ်။
ဟန်ဟွမ်ဟာ လက်ဝှေ့ယမ်းပြီး အန္တိမမူလ ဝိညာဉ်ချွေဓားနဲ့ ခုတ်ချလိုက်ပါတယ်။ မဟာတာအိုပညာရှိချုပ်ဟာ ရှေးဟောင်းမီးခွက်တစ်လုံးကို ထုတ်ယူလိုက်ပါတယ်။ ဒီရှေးဟောင်းမီးခွက်က တောက်ပတဲ့အလင်းရောင်ကို ထုတ်လွှတ်နေပေမဲ့ အန္တိမမူလ ဝိညာဉ်ချွေ ဓားချက်အောက်မှာ တစ်ခါတည်း ကွဲကြေသွားပါတယ်။
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
မဟာတာအိုပညာရှိချုပ်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ အဲဒီနောက် ရှောင်တိမ်းချိန်တောင် မရလိုက်ဘဲ ဟန်ဟွမ်ရဲ့ တခြား အန္တိမမူလ ဝိညာဉ်ချွေ ဓားချက်အောက်မှာ ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံလိုက်ရပါတယ်။
အဲဒီနောက် ဟန်ဟွမ်ဟာ ဆန်းကြယ်ဘိုးဘေးရှေ့ကို သွားပြီး အန္တိမမူလ ဝိညာဉ်ချွေ ဓားနှစ်လက်နဲ့ ခုတ်လိုက်ပါတယ်။
ဆန်းကြယ်ဘိုးဘေးက ရှောင်တိမ်းလိုက်တဲ့အတွက် ဟန်ဟွမ်ရဲ့ ဓားချက်က လွဲသွားပါတယ်။
ဒီအချိန်မှာပဲ ရှေးအန္တိမနတ်ဘုရားတွေဟာ မဟာတာအိုမြစ်ထဲက ပျံထွက်လာပြီး ကျိုင်းကောင်အုပ်ကြီးလိုမျိုး ဟန်ဟွမ်ကို ဝိုင်းအုံလာပါတယ်။
နတ်အလင်းရောင်တွေ တောက်ပစွာ ဖြာထွက်လာပြီး ဟန်ဟွမ်ဟာ ရှေးအန္တိမနတ်ဘုရားတွေကို အတင်းသတ်ပစ်ပါတယ်။
မဟာတာအိုမြစ်ကို ထိန်းချုပ်တဲ့ မဟာတာအိုပညာရှိချုပ်ဟာ အံကြိတ်ပြီး မန္တန်တွေ ဆက်တိုက်သုံးကာ ရှေးအန္တိမနတ်ဘုရားတွေကို မဟာတာအိုမြစ်ထဲကနေ ထပ်ပြီးတော့ ဆင့်ခေါ်ပါတယ်။
ရှေးအန္တိမနတ်ဘုရားတွေ များလာတာနဲ့ မဟာတာအိုပညာရှိချုပ်ရဲ့ ခန္ဓာကိုယ်ဟာ မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ ရှုံ့တွသွားပါတယ်။ သွေးတွေ စုပ်ယူခံလိုက်ရသလို ခြောက်ကပ်သွားပါတယ်။
မကြာခင်မှာပဲ မဟာတာအိုပညာရှိချုပ်ရဲ့ အရေပြားဟာ ခြောက်ကပ်လွန်းတာကြောင့် ကြေမွသွားပြီး အမှုန့်အဖြစ် လွင့်ပါးပျောက်ကွယ်ကာ အရိုးစုပဲ ကျန်နေခဲ့ပါတယ်။ သူ ဆင့်ခေါ်ထားတဲ့ ရှေးအန္တိမနတ်ဘုရားတွေကိုတော့ ဟန်ဟွမ်က သတ်လိုက်ပါပြီ။
ရှေးအန္တိမနတ်ဘုရားက တကယ်ကို စွမ်းအားကြီးပါတယ်။ သာမန် မဟာတာအိုပညာရှိချုပ်တစ်ပါးကို အသာလေး ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ အန္တိမမူလစွမ်းအား ရှေ့မှာတောင် သေမျိုးလိုပါပဲ။ တစ်ချက်ကလေးတောင် တောင့်ခံနိုင်စွမ်း မရှိပါဘူး။
ဟန်ဟွမ်ဟာ ဆန်းကြယ်ဘိုးဘေးရှေ့ ထပ်ရောက်သွားပြီး လူဆိုးပြုံး ပြုံးလိုက်ပါတယ် “ခင်ဗျားကို စွမ်းအားကြီးတယ်လို့ ထင်ထားတာ၊ ဘာဖြစ်လို့ ကြွက်လို ပြေးနေတာလဲ”
ဆန်းကြယ် ဘိုးဘေးဟာ ဘယ်လောက်ပဲ စိတ်ထားကောင်းကောင်း ဒီစကားကို ကြားလိုက်ရတဲ့အခါမှာတော့ ဒေါသအိုး ပေါက်ကွဲသွားပါတယ် “ကောင်စုတ်လေး... မင်းက တော်တော် မောက်မာတာပဲ”
“ဝုန်း...”
ဆန်းကြယ်ဘိုးဘေးရဲ့ မျက်လုံးတစ်စုံကနေ အဖြူရောင် အလင်းတန်းနှစ်တန်း ထွက်ပေါ်လာပြီး ဟန်ဟွမ်ကို လွှမ်းမိုးသွားပါတယ်။
အလင်းရောင်ထဲမှာ ဟန်ဟွမ်ဟာ အန္တိမမူလ ဝိညာဉ်ချွေ ဓားနှစ်လက်ကို သူ့ရှေ့မှာ ကြက်ခြေခတ်ထားလိုက်တဲ့အခါ အလင်းရောင်ရဲ့ အလယ်မှာ အပေါက်ဖြစ်သွားပါတယ်။
‘စွမ်းအားကြီးလိုက်တာ’
ဟန်ဟွမ်ဟာ ဆန်းကြယ်ဘိုးဘေးရဲ့ စွမ်းအားကို ချီးကျူးတာ မဟုတ်ပါဘူး။ သူ့လက်ထဲက စွမ်းအားကို ချီးကျူးတာပါ။ ဒီစွမ်းအားကို ကိုင်ဆောင်ထားရင် သူ့ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ မရှိနိုင်ဘူးလို့ ဟန်ဟွမ် ခံစားလိုက်ရပါတယ်။
ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ဒီစွမ်းအားရှေ့မှာ ဘာမှမဟုတ်ပါဘူး။
ဟန်ဟွမ်ဟာ စိတ်လှုပ်ရှားစွာ ဟားတိုက်ရယ်မောပြီး ဆန်းကြယ်ဘိုးဘေးနားကို ထပ်ချဉ်းကပ်ပါတယ်။
မဟာတာအိုပညာရှိတွေဟာ ဘက်ပေါင်စုံကနေ ပျံသန်းလာပြီး ဟန်ဟွမ်ကို တားဆီးဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အန္တိမမူလ ဝိညာဉ်ချွေဓားကြောင့် ဇီဝိန်ချုပ်သွားရရှာပါတယ်။ အန္တိမမူလဝိညာဉ်ချွေဓားနဲ့ ထိလိုက်တာနဲ့ မဟာတာအိုပညာရှိတွေဟာ ချက်ချင်း ပြာအတိကျကုန်ပါတယ်။
တိုက်ပွဲကို ကြည့်နေတဲ့ ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ် ‘ဒီကောင်လေးလုပ်တာနဲ့ ငါ့ရဲ့ အန္တိမမူလ ဝိညာဉ်ချွေဓားက ကြည့်မကောင်းတော့ဘူး’
ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်အတွက် အန္တိမမူလ ဝိညာဉ်ချွေဓားက ရန်သူတွေကို အလိုအလျောက် သတ်ဖြတ်နိုင်ပေမဲ့ ဟန်ဟွမ်အတွက်တော့ ဒီလို မဟုတ်ပါဘူး။ ဟန်ဟွမ်အတွက် အန္တိမမူလ ဝိညာဉ်ချွေဓားက ပြင်ပအား ဖြစ်တဲ့အတွက် လိုသလို အသုံးမချနိုင်ပါဘူး။
တိုက်ပွဲ အခြေအနေအရတော့ ဟန်ဟွမ်နိုင်ဖို့ သေချာနေပါပြီ။ အနန္တဖျက်ဆီးရှင်သခင် ရှီထျန် ကိုယ်တိုင် လှုပ်ရှားမှပဲ တိုက်ပွဲအခြေအနေကို ပြောင်းနိုင်မှာပါ။
ဒါပေမဲ့ ဒီတိုက်ပွဲက အနန္တဖျက်ဆီးရှင်သခင် ရှီထျန် ကိုယ်တိုင် လှုပ်ရှားရလောက်တဲ့အထိ မကြီးကျယ်ပါဘူး။ ဟန်ဟွမ် အနိုင်ရမယ်ဆိုပေမဲ့ အဲဒီမဟာတာအိုပညာရှိတွေ အကုန်လုံးက အသက်ကယ် နည်းလမ်းတွေ ရှိပါတယ်။ ဒီကောင်တွေက သူတို့ရဲ့ ပင်မခန္ဓာကိုယ်နဲ့ တိုက်ခိုက်မှာတော့ မဟုတ်ပါဘူး။ တကယ်လို့ တိုက်ခိုက်ခဲ့ရင်တောင် ဝိညာဉ်အပိုင်းအစတွေ ချန်ထားခဲ့မှာ ဖြစ်တဲ့အတွက် သေချာပေါက် ပြန်ရှင်သန်နိုင်ပါတယ်။
မဟာတာအိုပညာရှိ တစ်ပါးကို တကယ် သတ်ပစ်ဖို့က တော်တော်လေး ခက်ခဲပါတယ်။ ကံတရား ဆန်းကြယ်စွမ်းအားကပဲ သူတို့ကို အမြစ်ပြတ်နီးပါး သုတ်သင်နိုင်တာပါ။
ကြမ္မာဆိုးစာအုပ်က ကံတရားနဲ့ သက်ရောက်မှုကို မခံရပေမဲ့ အရင်းစစ်ကြည့်လိုက်ရင် ကံတရား တိုက်ခိုက်မှုပါ။ ဒါပေမဲ့ သူ့ကံတရားက အဆင့်မြင့်တဲ့အတွက် သာမန် ကံတရားတွေကို ကျော်လွန်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ ရန်သူတွေ သေအောင် ကြမ္မာဆိုးစာအုပ်နဲ့ ကျိန်စာတိုက်မှာတော့ မဟုတ်ပါဘူး။ ဘဝမှာ လူတိုင်းက နည်းလမ်းကိုယ်စီ ရှိကြပါတယ်။ ရှုံးရင် ရှုံးနိမ့်မှုဒဏ်ကိုတော့ ခံသင့်ပါတယ်။
ဟန်ဟွမ်ရဲ့ ရန်သူတွေက နည်းနည်းနောနော မဟုတ်ပါဘူး။ ဟန်ကျွယ်က သူတို့ကိုအကုန်လုံးကို ဘယ်လိုလုပ်ပြီး သေအောင် ကျိန်စာတိုက်နိုင်မှာလဲ။
ဟန်ကျွယ်က သူ့သားကိုတောင် ဒီလိုဆက်ဆံတာ ဖြစ်တဲ့အတွက် တခြားကလေးတွေနဲ့ တပည့်ရင်းတွေကတော့ ထည့်ပြောစရာတောင် မလိုပါဘူး။
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားတာကြောင့် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုအချိန် သူ့ဘေးနားမှာ တစ်ယောက်မှလည်း မရှိဘူး မဟုတ်ပါလား။
[မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးအား အသုံးပြုလိုက်ပါပြီ။ သင့်မျိုးဆက်ထဲ၌ မဟာဖန်တီးမှုတစ်ခု ကျပန်း ပေါ်ထွန်းလာလိမ့်မည်။]
[သင့်မျိုးဆက် ရှန်ဝေါ်သည် ရှန်တျန် မဟာဖန်တီးမှု မူလကျိန်စာကြယ် နိုးထသွား၏။]
[မူလကျိန်စာကြယ်: အန္တိမမူလ မဟာဖန်တီးမှု၊ သင်သည် ကျိန်စာများစွာ တိုက်ခဲ့သဖြင့် သင့်ဝိညာဉ်နက်ထဲ၌ အမှတ်တစ်ခု ကျန်ခဲ့ပြီး အန္တိမမူလကမ္ဘာကို သက်ရောက်သောကြောင့် ကျိန်စာတာအိုကို ထုတ်လွှတ်ပြီး ဖန်တီးရှင်ကြယ်အဖြစ် ပြောင်းလဲဖြစ်တည်စေခဲ့သည်။ ဤဖန်တီးမှုသည် ကံတရား မပါဝင်သော ကျိန်စာတိုက်နိုင်သည့် အရည်အချင်းကို ပေးစွမ်းနိုင်သည်။]
ဟန်ကျွယ်ဟာ မှင်တက်သွားပါတယ်။
ဒါက လူသားပုံစံ ကြမ္မာဆိုးစာအုပ် မဟုတ်ပါလား။
‘ဒီလိုမျိုးလည်း ရတာပဲလား’
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို စိတ်ဝင်စားသွားပါတယ်။ အမှောင်သခင်ကြီးအဖြစ် အထင်မှားမခံရအောင် ဟန်ကျွယ်အနေနဲ့ ရှန်ဝေါ်ကို ထိန်းချုပ်ဖို့ လိုပါတယ်။
ဟန်ကျွယ် ရှန်ဝေါ်ကို စပြီးတော့ တွက်ချက်ကြပါတယ်။
‘ဒီကောင်ရဲ့ မျိုးရိုးနာမည်က ဟန်မဟုတ်တာ အံ့ဩစရာ မရှိတော့ပါဘူး၊ ဟန်မိသားစုထဲမှာ မွေးဖွားတာ မဟုတ်ဘဲ ရှီထျန် မဟာတာအိုကမ္ဘာမှာ မွေးဖွားလာတာကို’
ကောင်းကင်တာအိုက ရှီထျန်ကို စုံစမ်းထောက်လှမ်းနေတာ နှစ်သန်းချီခဲ့ပါပြီ။ ဟန်မိသားစုထဲက တပည့်တချို့လည်း ရှီထျန်ကို စေလွှတ်ခံခဲ့ရပါတယ်။ ဟန်မိသားစုတပည့်တွေ ရှီထျန်မှာ စွန့်စားခရီးနှင်ရင်း တချို့က သေဆုံးပြီး တချို့က ပျောက်ကွယ်သွားခဲ့ပါတယ်။ ရှန်ဝေါ်က ပျောက်ဆုံးသွားတဲ့ တပည့်တွေကနေ ဆင်းသက်လာတာပါ။
ရှန်ဝေါ် ဘိုးဘေးရဲ့ မျိုးရိုးနာမည်က ဟန်ပါ။ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတုန်း ရှီထျန်က အမျိုးသမီးတစ်ဦး ကယ်တင်တာကို ခံရပြီး အဲဒီအမျိုးသမီးနဲ့ ချစ်ကျွမ်းဝင်ကာ ကလေးတွေ ရခဲ့ပါတယ်။
ဒါပေမဲ့ ရှန်ဝေါ်ရဲ့ မိဘတွေက ပဋိပက္ခကျင့်ကြံသူတွေ သတ်တာကို ခံလိုက်ရပါတယ်။
ပဋိပက္ခနဲ့ ကေင်းကင်တာအိုက အပြန်အလှန် ဓားပြတိုက်နေကြတာပါ။ ရှန်ဝေါ် မွေးဖွားတဲ့ ကမ္ဘာကို ပဋိပက္ခ ကျင့်ကြံသူတွေကို မျိုးတုံးအောင် သတ်ဖြတ်ခဲ့တဲ့အတွက် ရှန်ဝေါ် အပါအဝင် လူလေး လက်တစ်ဆုပ်စာပဲ ရှင်ကျန်ရစ်ခဲ့ပါတယ်။
မူလကျိန်စာကြယ်ကို မရခင်တုန်းက ရှန်ဝေါ်ဟာ ရှင်သန်ဖို့အတွက် အပျက်အစီးတစ်ခုကြားမှာ ပုန်းအောင်းနေခဲ့ရပါတယ်။ သူဟာ အခုဆိုရင် ၁၆ နှစ် ရှိနေပြီ ဖြစ်ပြီး ဆယ်နှစ်ကြာအောင် တစ်ဦးတည်း နေထိုင်ခဲ့ရပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ နောက်ထပ် ကံဆိုးရှာတဲ့ မျိုးဆက် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို ချက်ချင်း မခေါ်ဆောင်ဘဲ အသွင်ပြောင်းလဲမှု ပြီးတဲ့အထိ စောင့်ပါတယ်။
ရှန်ဝေါ်ဟာ မူလကျိန်စာကြယ် နိုးထသွားတာကြောင့် ကျိန်စာစွမ်းအားက ဥနက်တစ်လုံးလို သူ့ကို ရစ်ပတ်ထားပါတယ်။
လေးငါးဆယ်လ အကြာမှာတော့ ရှန်ဝေါ်ရဲ့ နိုးထမှု အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။ ဒီအတောအတွင်း ရှန်ဝေါ်ရဲ့ ခန္ဓာကိုယ်ဟာ မိုးကောင်းကင်နဲ့ မြေကြီးကြားက စိတ်ဝိညာဉ်ချီကို သူ့ဘာသာ စုပ်ယူတာမလို့ စွမ်းအားပိုကြီးလာပါတယ်။
အပျက်အစီးကြားထဲမှာ...
ရှန်ဝေါ်ရဲ့ အဝတ်အစားတွေဟာ စုတ်ပြတ်သပ်နေပါတယ်။ သူ့ဆံပင်တွေက ဖွာလန်ကြဲနေပြီး မျက်နှာကလည်း ချွေးတရွှဲရွှဲနဲ့ ညစ်ပတ် ပေကျံနေပါတယ်။ ရှန်ဝေါ်ဟာ သူ့လက်ကို တအံ့တဩ ကြည့်လိုက်ပါတယ်။
“ဒီစွမ်းအား... ဟုတ်တယ်... တကယ်ကြီး ရှိတာပဲ... ဒါက ကျင့်ကြံသူတွေရဲ့ ဓမ္မစွမ်းအားများလား...”
ရှန်ဝေါ်ဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ရှန်ဝေါ်ဟာ သူ့မိဘတွေ အသတ်ခံရတာကို ဘယ်တော့မှ မမေ့ပါဘူး။ ရှန်ဝေါ်ဟာ အမြဲတမ်း ကလဲ့စားချေချင်နေခဲ့တာပါ။ ဒါပေမဲ့ သူ့မှာ ကျင့်စဉ်တောင် မရှိတဲ့အတွက် အသက်ဆက်ဖို့တောင် အတော်လေးကို ခက်ခဲပါတယ်။
“ကောင်းတယ်... နောက်ဆုံးတော့ ငါ့မှာ ကလဲ့စားချေနိုင်ဖို့ အရည်အချင်း ရှိပြီ” ရှန်ဝေါ်ဟာ လက်သီးဆုပ်ရင်း သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ရှန်ဝေါ်ရှေ့က မြင်ကွင်းဟာ ရုတ်တရက် ပြောင်းလဲသွားပါတယ်။
သူ့ရှေ့မှာ အမျိုးသားတစ်ယောက် ပေါ်လာပါတယ်။
ရှန်ဝေါ်ဟာ မှင်တက်သွားပါတယ်။
ရှန်ဝေါ်ဟာ ဒီလောက် ချောမောတဲ့ အမျိုးသားကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီချောမောမှုက စကားလုံးနဲ့တောင် ဖော်ပြလို့ မရပါဘူး။
တစ်ခဏ မှင်တက်သွားပြီးနောက် ရှန်ဝေါ်ဟာ ရုတ်တရက် နောက်ဆုတ်ပြီး ဘေးဘီဝန်းကျင်ကို ကြောက်လန့်တကြား ကြည့်လိုက်ပါတယ်။ သူရောက်နေတဲ့ နေရာက တံခါးတွေ ပိတ်ထားတဲ့ တာအိုဘုံကျောင်း တစ်ကျောင်းဆိုတာကို ရှန်ဝေါ် သတိထားမိသွားတာကြောင့်ပါ။
နောက်ပြီး သူ့ကို ဒီနေရာဆီ ရုတ်တရက် ခေါ်လာနိုင်တာကြောင့် တစ်ဖက်လူက ကျင့်ကြံသူဆိုတာ သိသာထင်ရှားလှပါတယ်။
ရှန်ဝေါ်ဟာ ကျင့်ကြံသူတွေကို အလွန်တရာမှ ရန်လိုတဲ့လူပါ။ ဒါပေမဲ့ သူက အားနည်းလွန်းတာကြောင့် ဒီရန်လိုမှုဟာ ကြောက်ရွံ့မှုနဲ့ ရင်ဖိုမှုအဖြစ် ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ နွေးထွေးစွာ ပြုံးလိုက်ပါတယ် “မကြောက်ပါနဲ့၊ ငါ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး”
ရှန်ဝေါ်ဟာ တံတွေးမျိုချပြီး ဂရုတစိုက် မေးလိုက်ပါတယ် “ခင်ဗျား ဘာလုပ်တာလဲ”
ဟန်ကျွယ် “နောက်ကျရင် ငါ့ဘေးမှာ ကျင့်ကြံအားထုတ်ချည်”
ရှန်ဝေါ်ဟာ မျက်လုံးပြူးသွားပါတယ် ‘အင်မော်တယ်... ခုနက ငါ့မှာ နိုးထလိုက်တဲ့ စွမ်းအားကြောင့်လား... ဟုတ်တယ်၊ ဒါကြောင့်ပဲ ဖြစ်ရမယ်... ဒီလောကမှာ အလကားရတာမှ မရှိတာ’
ရှန်ဝေါ်ဟာ တိတ်ဆိတ်သွားပြီး ဘယ်လို ထွက်ပြေးရမလဲဆိုတာကို စပြီးတော့ ကြံစည်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းရဲ့ စွမ်းအားနဲ့ မင်း လာခဲ့တဲ့နေရာကို ပြန်ချင်ရင် နှစ်ပေါင်း ဗိန္ဒု ၇၀ ကြာလိမ့်မယ်၊ ဒီကြာချိန်က မင်း ပျံသန်းတတ်မှနော်”
ဗိန္ဒု = တစ်နောက်တွင် သုည ၅၆ လုံး ရှိသည်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။