အမုန်းတရား
Vol. 99 Ch. 1040
‘နှစ်ပေါင်း ဗိန္ဒု ၇၀ တောင်...’
ရှန်ဝေါ်ဟာ မှင်တက်သွားပါတယ်။ ဒီအရေအတွက်က ဘာကိုဆိုလိုလဲဆိုတာ ရှန်ဝေါ် စိတ်တောင် မကူးရဲပါဘူး။
ရှန်ဝေါ်ဟာ ဂရုတစိုက် မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ၊ ဘာဖြစ်လို့ ကျွန်တော်ကို ဖမ်းရတာလဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါလား... ငါက မင်းရဲ့ ဘိုးဘေးပဲ၊ မင်းကို ငါ ခေါ်လိုက်တာက မင်းဘဝက သနားစရာကောင်းတယ် ဆိုတာကို မြင်တွေ့ရလို့ပဲ”
‘ဘိုးဘေးလား’ ရှန်ဝေါ်ဟာ ချက်ချင်း ဒူးထောက်ပြီး ဦးချပါတယ်။
ဟန်ကျွယ် “မင်းရဲ့ ဘိုးဘေးက ကောင်းကင်တာအို ဟန်မိသားစုကပဲ၊ ပဋိပက္ခနဲ့ ရှီထျန်က လွန်ခဲ့တဲ့ နှစ်ဆယ်သန်းကျော်က ပေါင်းစပ်ခဲ့တယ်...”
ဟန်ကျွယ်ဟာ ရှန်ဝေါ်ရဲ့ ဘိုးဘေးရင်းမြစ်ကို ပြောပြလိုက်ပါတယ်။ ပဋိပက္ခအကြောင်းကို ကြားလိုက်ရတဲ့အခါ ရှန်ဝေါ်ရဲ့ မျက်လုံးတွေထဲမှာ မုန်းတီးမှုတွေ ယှက်သမ်းသွားပါတယ်။ ဒါပေမဲ့ ရှည်ကြာလွန်းတဲ့ အချိန်က သူ့ကို အံ့ဩတုန်လှုပ်စေပါတယ်။
ဟန်မိသားစုရဲ့ အကြောင်းကို သိလိုက်ရတဲ့ အခါမှာတော့ ရှန်ဝေါ်ရဲ့ ခံစားချက်တွေဟာ ပိုပြီးတော့ ရှုပ်ထွေသွားပါတယ်။ သူ့ဘိုးဘေးက သူသိပ်မုန်းတီးတဲ့ ရန်သူတွေနဲ့ နေရာတူနေတယ် မဟုတ်ပါလား။
ဒီအတိုင်းဆို သူ့မိဘတွေ ဆုံးပါးသွားရတာက နားလည်မှုလွဲတာ ဖြစ်သွားပါပြီ။ ရှန်ဝေါ်ဟာ တစ်ကိုယ်လုံး အားမရှိတော့သလို ခံစားလိုက်ရပါတယ်။
‘ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ... ကံကြမ္မာက ငါ့ကို လှည့်စားနေတာလား...’
ဟန်ကျွယ် “ဒါက လောကကြီးရဲ့ ကံရေစက်ပဲ၊ ဘယ်သူမဆို သူတို့ဘဝမှာ ကပ်ဘေးတွေ ရင်ဆိုင်ရမှာပဲ၊ မင်းရဲ့ မုန်းတီးမှုကို လွှတ်ချပြီး ငါ့ဘေးမှာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ချည်”
ရှန်ဝေါ်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး အံကြိတ်လိုက်ပါတယ် “မဖြစ်နိုင်ဘူး၊ ကျွန်တော် လက်စားချေရမယ်၊ ကျွန်တော် ဘိုးဘေးတွေက ဘယ်သူဆိုတာကို ကျွန်တော် ဂရုမစိုက်ဘူး၊ အဲဒီလူက ကျွန်တော် မိဘတွေကို သတ်သွားတာပဲ သိတယ်၊ ကျွန်တော် သူ့ကို တစ်နေ့ကျရင် သတ်ကို သတ်ပစ်မှာ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ့ဘေးမှာ ကျင့်ကြံအားထုတ်စမ်းပါကွာ၊ ငါ တစ်ခါ ဂူအောင်းကျင့်ကြံရင် နှစ်ငါးသန်း ကြာတယ်၊ နှစ်ငါးသန်းကြာသွားရင် မင်း သိပ်မုန်းတဲ့ကောင်က အရိုးတောင်ကျန်မှာ မဟုတ်တော့ဘူး၊ မင်းအခုနေ ပြန်ပြေးသွားရင်တောင် သူ အသက်ရှင်နေစဉ်အတွင်း ရောက်နိုင်မှာ မဟုတ်ဘူး”
ရှန်ဝေါ်ဟာ မှင်တက်သွားပါတယ်။ ရှန်ဝေါ်ဟာ အဓိပ္ပာယ်မရှိဘူးလို့ ခံစားလိုက်ရပေမဲ့ ဘိုးဘေးပြောတာက အမှန်တရားဆိုတာကို သိပါတယ်။
ဒီလောက် အကွာအဝေးနဲ့ ဒီလောက်အချိန်မှာ ကလဲ့စားက အဓိပ္ပာယ်မရှိတော့ပါဘူး။
ဒါပေမဲ့ ရှန်ဝေါ်ဟာ မခံမရပ်နိုင် ဖြစ်တုန်းပါပဲ။
ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ရှန်ဝေါ်ရဲ့ ခန္ဓာကိုယ်ကို မန္တန်သုံးကာ သန့်စင်လိုက်ပါတယ်။ အဲဒီနောက် သစ်လွင်တောက်ပတဲ့ အဝတ်အစားတစ်စုံ ပြောင်းဝတ်ပေးလိုက်ပါတယ်။
‘ငါ့မျိုးဆက်လို့ မပြောရဘူး၊ အကုန်လုံး လူချောချည်းပဲ’
ဟန်ကျွယ်ဟာ ဘေးနားမှာ ကော်ဇောတစ်ချပ် ဖန်တီးပြီး ရှန်ဝေါ်ကို ထိုင်ဖို့ လက်ပြလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ကြားပေးပါတယ်။
ရှန်ဝေါ်ရဲ့ ကျင့်ကြံမှုက အဆင့်တစ်ခုကို ရောက်သွားရင် ဆက်သွယ်ပြောဆိုဖို့ ဘာသာစကားကို လျစ်လျူရှုလို့ရပါပြီ။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို တတိယ တာအိုစက်ကွင်းထဲမှာရှိတဲ့ တခြားလူတွေနဲ့ မိတ်ဆက်ပေးမှာပါ။
ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံအားထုတ်ရင်း တစ်ချိန်တည်းမှာလည်း ရှန်ဝေါ်ကို မကြာမကြာ လမ်းညွှန်သင်ကြားပေးပါတယ်။
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
ရှန်ဝေါ်ဟာ ပထမတော့ ဟန်ကျွယ်က သူ့ကို ခြောက်လှန့်တာလို့ ထင်နေပါသေးတယ်။ ဒါပေမဲ့ အချိန်တွေ ကုန်ဆုံးလာတဲ့အခါ ခြောက်လှန့်တာ မဟုတ်ဘဲ အမှန်တရားဆိုတာကို သိလာပါတယ်။
ရှန်ဝေါ်ဟာ နှစ်လေးငါးဆယ် ကျင့်ကြံအားထုတ်ပြီးတာနဲ့ အထီးကျန်လာတာကြောင့် အပြင်ထွက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား တာအိုဘုံကျောင်းတံခါးကို ဖွင့်လို့မရပါဘူး။
ရှန်ဝေါ်လည်း ရွေးချယ်စရာ မရှိတာကြောင့် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ရပါတယ်။
နှစ်တစ်ထောင်ကြာတဲ့အခါမှာတော့ ရှန်ဝေါ်ဟာ ဆန်းကြယ်စွမ်းအားသုံးပြီး တာအိုဘုံကျောင်းရဲ့ တံခါးကို ဖွင့်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကန်ထွက်ပြီး နံရံကို သွားဆောင့်ပါတယ်။
ဒီလိုနဲ့ ရှန်ဝေါ်ဟာ လွတ်မြောက်ဖို့ ကျင့်ကြံအားထုတ်ရင်း မုန်းတီးမှုကို တဖြည်းဖြည်း မေ့လျော့ပါတယ်။
ဒီကမ္ဘာပေါ်မှာ အချိန်က မတိုက်စားနိုင်တဲ့အရာ ဘာတစ်ခုမှ မရှိပါဘူး။ မျှော်လင့်ချက်မဲ့ပြီး ဘဝက အဆင်မပြေတဲ့အခါ အမုန်းတရားကိုပဲ သတိရကြပါတယ်။ ဒါပေမဲ့ ဘဝက အဆင်ပြေပြီး တောက်ပတဲ့ အနာဂတ် ရှိတဲ့အခါမှာတော့ အမုန်းတရားတွေ အများကြီး လျော့ကျသွားပါတယ်။ ဒီလိုဆိုပေမဲ့ အနာဂတ်မှာ အောင်မြင်ရင်တော့ ကလဲ့စား ပြန်ချေကြပါသေးတယ်။
ရှန်ဝေါ်ရဲ့ စရိုက်ဟာ ဆက်တိုက် ပြောင်းလဲပါတယ်။ သူဟာ အရင်ကလို မအေးစက်တော့ပါဘူး။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ်ငါးသန်းနီးပါး ကြာသွားပါတယ်။
ဟန်ကျွယ်ဟာ စနစ်ရဲ့ အသိပေးချက်ကြောင့် ကျင့်ကြံရာက နိုးလာပါတယ်။
[သင်သည် အသက် သန်း ၈၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ အခြား မဟာတာအိုကမ္ဘာများကို ဖျက်ဆီးပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]
[၂။ မူလရည်ရွယ်ချက်အတိုင်း သိုသိုသိပ်သိပ် ဆက်လက် ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟတာာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]
ဟန်ကျွယ်ဟာ ကျိန်းသေပေါက် နံပါတ်တစ်ကို မရွေးပါဘူး။ ဒါက လူမုန်းများမဲ့ကိစ္စပါ။
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိသည်။]
မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု လုပ်ဆောင်ချက်က ဟန်ကျွယ်ရဲ့ အသက် ၁၀ သန်းမှာ အသက်စဝင်ခဲ့ပါတယ်။ နှစ်ဆယ်သန်းတိုင်းမှာ ဟန်ကျွယ်ဟာ ဒီလုပ်ဆောင်ချက်ကို အသုံးပြုဖို့ အခွင့်အရေးတစ်ကြိမ် ရရှိပါတယ်။
လက်ရှိမှာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကို ရရှိထားတဲ့ မျိုးဆက်တွေက ဟန်ဟွမ်၊ ဟန်လင်၊ ဟန်ယောင်၊ ဟန်ယဲ့၊ ဟန်ပါရှန်နဲ့ ရှန်ဝေါ်တို့ ဖြစ်ပါတယ်။ ဟန်ကျွယ်က အသက် သန်း ၈၀ ပြည့်ပြီ ဖြစ်တဲ့အတွက် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကလည်း ရှစ်ကြိမ် ရထားပြီးပါပြီ။ ခြောက်ကြိမ်ကို သုံးပြီးပြီ ဖြစ်တဲ့အတွက် နှစ်ကြိမ် ကျန်ပါသေးတယ်။
ဟန်ကျွယ်ဟာ ဘေးနားမှာ ရှိနေတဲ့ ရှန်ဝေါ်ကို ကြည့်လိုက်ပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှန်ဝေါ်ဟာ တာအိုရရှိပြီး လွတ်လပ်မှုအဆင့်တောင် ရောက်ခါနီးနေပါပြီ။ သူ့ကျင့်ကြံမှုအလျင်က ဟန်ကျွယ်ရဲ့ တခြားမျိုးဆက်တွေနဲ့ နှိုင်းယှဉ်ရင် နှေးကွေးတယ်လို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဆို ဒီအသက်အရွယ်မှာ လွတ်လပ်မှုအဆင့် မကတော့ပါဘူး။
ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကို လောလောဆယ် သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ကျလို့ ဆယ်ကြိမ်ပြည့်မှ တစ်ခါတည်း သုံးမယ်လို့ ကြံရွယ်ထားပါတယ်။
သူ့မျိုးဆက်တွေက သူတို့ခြေထောက်ပေါ် သူတို့ရပ်နိုင်ပြီး သူ့ကို မှီခိုစရာ မလိုတော့ရင် ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုနဲ့ မဟာဖန်တီးမှုရှိတဲ့ မျိုးဆက်တွေကို ဖန်တီးပြီး သူတို့ကို လှုံ့ဆော်ပေးမှာပါ။
ဟန်ကျွယ် မတ်တတ်ရပ်လိုက်တဲ့အတွက် ရှန်ဝေါ် နိုးသွားပါတယ်။ ရှန်ဝေါ်ဟာ ဟန်ကျွယ် မတ်တတ်ရပ်တာကို တွေ့လိုက်ရတဲ့အခါ တစ်ဘဝ ကုန်ဆုံးသွားသလိုမျိုး ခံစားလိုက်ရပါတယ်။
လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက ရှန်ဝေါ်ဟာ စိတ်မရှည်တော့ဘဲ စိတ်လေးလက်လံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျင့်သားရသွားပြီး ကျင့်ကြံမှုထဲ နစ်မျောကာ ပြန်တောင် မထွက်ချင်တော့ပါဘူး။
အိပ်မက်အရှည်ကြီး မက်နေသလိုပါပဲ။
ဟန်ကျွယ်ဟာ တခြားလူတွေနဲ့ တွေ့ဆုံပေးဖို့အတွက် ရှန်ဝေါ်ကို အပြင်ခေါ်သွားပါတယ်။ ရှန်ဝေါ်ဟာ တာအိုစက်ကွင်းရဲ့ အခြေအနေကို တွေ့မြင်လိုက်ရတဲ့အခါ ပိုပြီးတော့တောင် အံ့အားသင့်သွားပါတယ်။
ဒါက သူ စိတ်ကူးယဉ်ထားတာထက်တောင် ပိုပြီးတော့ လှပနေပါတယ်။ ပန်းချီကားချပ်ထဲက သုခဘုံလိုပါပဲ။
“ဝိုး... နောက်ထပ် မျိုးဆက်ပါလား၊ ဒီကောင်လေးက တော်တော် ရှက်တတ်တာပဲ” ရှင်းဟုန်ရွှမ်က တအံ့တဩ ပြောလိုက်ပါတယ်။ အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ ရှန်ဝေါ်ရဲ့ ပါးနှစ်ဖက်ကို ဆွဲဖြဲလိုက်တဲ့အတွက် ရှန်ဝေါ်ဟာ ကြောက်လန့်ပြီး နောက်ကို ချက်ချင်း ဆုတ်သွားပါတယ်။
ချင်းလွမ်အာနဲ့ ရွှမ်ချင်းကျွင်းလည်း ရှန်ဝေါ်ကို စိတ်ဝင်တစား အကဲခတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူတို့တွေက မင်းရဲ့ အဘွားတွေပဲ၊ ကြောက်စရာ မလိုဘူး၊ နောက်ကျရင် မင်း သူတို့ကို အမေလို ဆက်ဆံရမယ်၊ မင်း သူတို့ကို ရိုင်းပျရင် ငါမင်းကို ဒဏ်ပေးမယ်”
ရှန်ဝေါ်ရဲ့ ရင်ဖိုမှုဟာ ပျောက်ကွယ်သွားပါတယ်။
ရှန်ဝေါ်ဟာ ဟန်ကျွယ်ဘေးမှာ နှစ်ငါးသန်းကြာအောင် နေထိုင်ခဲ့ပေမဲ့ ဟန်ကျွယ်ရဲ့ စရိုက်ကို ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ အခု ဟန်ကျွယ်ရဲ့ ခြိမ်းခြောက်စကားကြောင့် ဟန်ကျွယ်က လူသားတစ်ယောက်လို့ ရှန်ဝေါ် ခံစားလိုက်ရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို တခြားတပည့်ရင်းတွေနဲ့ တွေ့ပေးဖို့ ဒုတိယ တာအိုစက်ကွင်းဆီ ခေါ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းမှာ ကိုယ်ပွားတစ်ခု ချန်ထားခဲ့တာကြောင့် ဘယ်တပည့်မဆို အပြင်ထွက်ချင်ရင် သူ့ကိုယ်ပွားကို အစီရင်ခံပြီး အချိန်မရွေး ထွက်သွားလို့ ရပါတယ်။ လောလောဆယ် ဒုတိယ တာအိုစက်ကွင်းထဲမှာ တပည့်ထက်ဝက်ကျော် ရှိနေတုန်းပါ။
ငရဲကြက်နက်ဟာ ရှန်ဝေါ်ကို တွေ့တာနဲ့ အော်ပြောလိုက်ပါတယ် “သခင်မှာ နောက်ထပ် သားတစ်ယောက် ရှိလာပြီ”
တခြားလူတွေလည်း စုဝေးလာကြပါတယ်။
ဟန်ကျွယ်က ဒေါသတကြီး ပြောလိုက်ပါတယ် “သားမဟုတ်ဘူးကွ၊ မျိုးဆက်ဟ”
ဟန်ကျွယ်ဟာ ရှန်ဝေါ်ရဲ့နောက်ခံကို အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်ပါတယ်။ တပည့်တွေဟာ ရှန်ဝေါ်ရဲ့ နောက်ခံကို ကြားရတဲ့အခါ သနားသွားကြပါတယ်။
မုရုံချီ “မင်းမိဘတွေကို ဘယ်သူသတ်တာလဲ၊ သူ့အသံနဲ့ ရုပ်ရည်ကိုပြော... ငါ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို အလိုရှိစာရင်းထဲ ထည့်ခိုင်းလိုက်မယ်”
ရှန်ဝေါ်ဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ် “အဲဒီလူက သေသွားပြီ၊ လွန်ခဲ့တဲ့ နှစ်သုံးသန်းက ရှီထျန်ရဲ့ နောက်ထပ်ကမ္ဘာတစ်ခုကို သူ ထပ်ပြီး သတ်ဖြတ်တယ်၊ အဲဒီမှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ တိုက်ခိုက်တာ ခံရပြီး သေသွားတယ်၊ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်ဖို့ အခွင့်အရေးတောင် မရလိုက်ဘူး”
အားလုံး တိတ်ဆိတ်သွားကြပါတယ်။
ရှန်ဝေါ်ဟာ ဒီသတင်းကို ပထမဆုံး ကြားလိုက်ရတာ ဖြစ်တဲ့အတွက် မျက်မှောင်ကြုတ်သွားပါတယ်။
လေးငါးဆယ်ရက်အကြာမှာတော့...
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို တတိယ တာအိုစက်ကွင်းဆီ ပြန်ခေါ်သွားပါတယ်။ ဟန်ကျွယ် ရှန်ဝေါ်ကို တပည့်ရင်းတွေနဲ့ တွေ့ဆုံပေးတာက နောက်ကျလို့ ရှန်ဝေါ်နဲ့ တွေ့ခဲ့ရင် ဂရုစိုက်ပေးလို့ ပြောတာနဲ့ အတူတူပါပဲ။
တပည့်ရင်းတွေက အရင်လို မဟုတ်တော့ပါဘူး။ သူတို့တွေဟာ ဟန်ကျွယ် လှုပ်ရှားမှုတွေရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်လာပါတယ်။
တာအိုဘုံကျောင်းထဲ ပြန်ရောက်ပေမဲ့ ရှန်ဝေါ်ဟာ တိတ်ဆိတ်နေတုန်းပါ။
ဟန်ကျွယ် “ငါ မင်းကို တာအိုစက်ကွင်းထဲ မခေါ်ခင် မင်းနိုးထခဲ့တဲ့ စွမ်းအားက ငါ ပေးခဲ့တာ၊ မင်း တစ်ယောက်တည်း မဟုတ်ဘူး၊ အရင်တုန်းကလည်း ငါ မျိုးဆက်ခြောက်ယောက်ကို ရွေးချယ်ပြီးပြီ၊ သူတို့ထဲက တချို့ဆို မင်းဘဝထက် ဆိုးရွားခဲ့တယ်၊ ဒါပေမဲ့ သူတို့တွေ အမုန်းတရားထဲက ရုန်းထွက်ပြီး သူတို့ဘဝအတွက် သူတို့ နေထိုင်နေကြပြီ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။